အရူးတွေပေါတဲ့ တိုင်းပြည် || သရ၀ဏ်(ပြည်) ||

ဟိုတလောက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အိမ် တက္ကသိုလ်ရိပ်သာလမ်း အိမ်နံပါတ် ၅၄ ကို လူတစ်ယောက်က မီးလောင်စေတဲ့ ဓာတ်ဆီပုလင်းနဲ့ပစ်ပြီး ထွက်ပြေးသွားတယ်။ အဲဒီလူကို ဖမ်းဆီးရမိတဲ့အခါ သူဟာ စိတ်ကျန်းမာရေး ဆေးရုံမှာ တက်ရောက်ကုသဖူးသူဖြစ်ကြောင်း ပြောပါတယ်။ ပြောရရင် အရူးကွက်နင်းသွားတယ် လို့ဆိုနိုင်ပါတယ်။ လုပ်တုန်းကလုပ်ပြီး ခံစရာရှိလာတော့မှ ရူးချင်ယောင်ဆောင်တာပါ။ မြန်မာနိုင်ငံမှာ ကိစ္စတစ်ခုဖြစ်လာရင်တာဝန်ခံမှု တာဝန်ယူမှုဆိုတာမရှိဘူး၊ ဟိုလိုလိုသည်လိုလို နဲ့ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ပြီး ရူးသလိုကြောင်သလို လုပ်သွားတာချည်းပဲ။ ဘယ်သူမှ ဒါငါ့လက်ချက် ငါ့တာဝန်လို့မပြောဘူး။ တာဝန်မခံရဲကြဘူး။
 
အခုပဲကြည့် လာရှိုးမြို့မှာ ဘဏ်နှစ်ခုကြား ဗုံးလာထောင်ပြီးဗုံးကွဲတယ်။ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ် ပျက်စီးသွားတယ်။ ရိုးမဘဏ်ဝန်ထမ်းနှစ်ယောက်သေတယ်၊ မော်တော်ဆိုင်ကယ်နဲ့ဘဏ်ရှေ့ကဖြတ် သွားတဲ့ ပအို့ တိုင်းရင်းသူ တစ်ယောက်သေတယ်။ ပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒီမိုင်းဟာ မတော်တဆပေါက်ကွဲတဲ့မိုင်းမဟုတ်ဘူး။ မိုင်းအကြောင်းနားလည်သူက တမင်တကာ ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်တာပဲ။ ဒါပေမဲ့ သူတို့တိုက်ခိုက်လို့ သေရတာက အပြစ်မဲ့တဲ့ အရပ်သားတွေသေရတာ ဖြစ်နေတယ်။ လူမျိုးရေးအစွဲကြီးလွန်းပြီး ဗမာသေတယ်၊ ဘာသေတယ်ဆိုပြီး ကြံဖန်ဂုဏ်ယူရင်တော့ မပြောတတ်ဘူး။ တကယ်စဉ်းစားဥာဏ်ရှိရင် သေတာတွေအားလုံးက အပြစ်မဲ့အရပ်သားတွေပဲ။ အရပ်သားကိုသတ်တာဟာ အင်မတန်စက်ဆုပ်ဖွယ် ရာဇ၀တ်မှုပဲ။
 
ဒီလိုဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပြီဆို နိုင်ငံခြားမှာတော့ ဘယ်သူ့လက်ချက်ဆိုတာ သက်ဆိုင်ရာ အဖွဲ့တွေက ကြေညာချက်ထုတ်ကြတယ်။ ဥပမာ IRA ခေါ်အိုင်းရစ်လွတ်မြောက်ရေးတပ်ဖွဲ့လက်ချက်၊ အိုစမာဘင်လာဒင်ရဲ့ အယ်လ်ကေဒါအဖွဲ့ ၊ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့  PLO ရဲ့လက်ချက်၊ ဒါမှမဟုတ် အစ္စလာမစ် သွေးစည်းညီညွတ်ရေး ISIS အဖွဲ့လက်ချက် စသည်ဖြင့် မိမိတို့လက်ချက် ဖြစ်ကြောင်း သတ္တိရှိရှိကြေညာကြပါတယ်။ မြန်မာနိုင်ငံကအကြမ်းဖက်အဖွဲ့အစည်းတွေဟာ အဲဒီလောက်သတ္တိမရှိသလို အတွေးအခေါ် အဆင့်အတန်းလည်း မရှိကြဘူး။ လက်နက်ကိုင်ထား တာကလွဲပြီး ဘာနိုင်ငံရေးအတွေးအခေါ်မှမရှိတဲ့ အောက်တန်းခပ်ကျကျ လူတွေဆိုတော့ ကိုယ်လုပ်တာကို ကိုယ်လူသိမခံရဲဘူး။ အဲဒီလိုလူတွေက သူတို့ကိုယ်သူတို့ တော်လှန်ရေးသမား နာမည်ကျခံချင်သေးတယ်။ ဒီလိုလူတွေကိုသောင်းကျန်းသူလို့ခေါ်တာဟာ တကယ်တော့ လူမှန်နာမည်မှန်ပါပဲ။ ကိုယ်လုပ်တဲ့အလုပ်ဟာ ဘယ်ရောက်လို့ရောက်မှန်းမသိ။ ဆက်ကြေး တောင်းမယ်။ မရရင် လက်နက်မဲ့ပြည်သူကို နှိပ်ကွပ်မယ်ဆိုတာမျိုးနဲ့တော့ ဘယ်တော့မှ ပြည်သူလူထုရဲ့ထောက်ခံမှုကိုရမှာမဟုတ်ဘူး။ အဲဒီလိုလူမျိုးကို မိလာခဲ့ရင်လည်း တော်လှန်ရေးအတွက်လုပ်နေသလိုလို၊ ပြည်သူလူထု အကျိုးအတွက် တိုက်ပွဲဝင်နေသလိုလို မျိုးပြောပါလိမ့်ဦးမယ်။ အရူးကွက်တွေ နင်းပြပါလိမ့်မယ်။
 
မြန်မာနိုင်ငံကအရူးပေါတဲ့နိုင်ငံဖြစ်မှန်းမသိဖြစ်လာတယ်။ ပြည်သူလူထုကအားကိုးအားထားပြုနေရတဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ဆေးစစ်ချက်အဖြေက HIV ပိုးမရှိတဲ့ လူနာကို HIV နောက်ဆုံး အဆင့်လို့ အဖြေထုတ်ပေးတာလည်း အံ့သြကုန်နိုင်ဖွယ်ရာပါပဲ။ ကာယကံရှင်က မသင်္ကာလို့ အမျိုးသားဓာတ်ခွဲခန်းမှာ ထပ်သွားစစ်မှာ အဖြေမှန်ထွက်လာပြီး HIV ပိုးမရှိမှန်းသိရလို့တရားစွဲတာ သိန်း ၃၀၀ လျော်ကြေးပေးလိုက်ရသတဲ့။ ဒီနေရာမှာ သိန်း ၃၀၀ နဲ့ သူတို့အမှားတွေဟာ ပြီးရောလား။ တကယ်လို့ HIV မရှိဘဲ ရှိတယ်အဖြေထုတ်ခံရတဲ့သူဟာ စိတ်ဓာတ်ကျပြီးကိုယ့်ကိုယ်ကိုယ် သတ်သေသွားရင် ဘယ်လိုလုပ်မလဲ။ ဘာနဲ့ပြန်လျော်ကြေးပေးကြမှာလဲ။ လူ့အသက်တစ်ချောင်းနဲ့ ဆိုင်နေတဲ့ ဒီလိုကိစ္စမှာ ပေါ့ပေါ့ဆဆလုပ်လို့ ရသလား။ မှားသွားတယ်၊ ဆောရီးနော် ဆိုရုံနဲ့ပြီးသလား။ အဲဒီဆေးရုံအပါအ၀င် များစွာသော ပုဂ္ဂလိကဆေးရုံဆေးခန်းတွေက ရောဂါရှာဖွေရေးအဖြေတွေကို ပြည်သူလူထုကဘယ်လိုယုံကြည်ရတော့မလဲ။ ဖြစ်လာကာမှ လျော်ကြေးပေး အရူးကွက်နင်းကြရင် ဘယ်လိုလုပ်မလဲ။
 
အရင်ကလည်း ရန်ကုန်က ပုဂလိကဆေးရုံတစ်ရုံမှာ ကျောင်းသူလေးတစ်ယောက် မသေသင့်ဘဲ သေခဲ့ရဖူးတယ်။ အဲဒီတုန်းကတော့ တရားစွဲတာတွေဘာတွေမဖြစ်ခဲ့ဘူး။ ဂျာနယ်ထဲမှာ သတင်းပါတာလောက်နဲ့ပဲ ပြီးသွားတယ်။ တာဝန်ယူ ကုသပေးတဲ့ ဆရာဝန်ကြီးနဲ့ ဆေးရုံတာဝန်ရှိသူ တွေက သေသွားတဲ့ ကလေးမလေးမိဘတွေကို တောင်းပန်တာနဲ့ပဲ ကျေနပ်လိုက်ရတယ်။ မြန်မာပြည်မှာတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုကခံဘက်ကပါပဲ။
 
ကျွန်တော့်မိတ်ဆွေကာတွန်းပေါက်ပေါက် ကြုံခဲ့ရတာကိုပြောပြချင်တယ်။ သူဟာ ဦးနှောက်နဲ့ အာရုံကြောရောဂါ ခံစားနေရလို့ ရန်ကုန် ဗိုလ်ချုပ်လမ်းက ဦးနှောက်နဲ့အာရုံကြောဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံရတယ်။ သူခွဲခန်းထဲက ထွက်လာချိန်မှာ သူ့ ပါးစပ်မှာ ရှေ့သွား သုံးချောင်း (ခွဲခန်းမ၀င်ခင်က အကောင်းပကတိ သွားသုံးချောင်း) ပြန်ပါမလာတော့ဘူး။ အကျိုးအကြောင်း မေးကြည့်တော့ မေ့ဆေးပေးပြီးမှ ပါးစပ်ထဲကို ပိုက်ထည့်ဖို့ကိစ္စမှာ ပါးစပ်စေ့နေလို့ သွားသုံးချောင်း ဆွဲနုတ်ပစ်လိုက်ပါသတဲ့။ လူနာရှင်ကိုရော၊ လူနာကိုရော အသိမပေးအကြောင်းမကြား သဘောတူညီမှုမတောင်းဘဲလုပ်ခဲ့ကြတာပါ။ တကယ်ဆို ခွဲစိတ်ခန်းဝင်နေတဲ့ဆရာဝန်တွေပဲ၊ ဘာတွေလိုတယ်ဆိုတာ သူတို့ကြိုသိရမှာပေါ့ ။ ခုတော့ ဘာမမတတ်နိုင်။ ခွဲစိတ်မှုကလည်း မအောင်မြင်တော့ ကာတွန်းပေါက်ပေါက်ခမျာ သေတဲ့အထိ သွားကျိုးနဲ့နေသွားရတဲ့အပြင် အာရုံကြောရောဂါကိုခွဲစိတ်တဲ့ side effect အရ မျက်နှာကြီး ဖောရောင်လာတဲ့ဒဏ်ကို သုံးနှစ်လောက်ခံစားလိုက်ရပါသေးတယ်။ နောက်တော့အရွယ်ငယ်ငယ်မှာပဲ ပေါက်ပေါက် ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံဘက်က၊ ဆရာဝန်တွေဘက်က ဘာမှ တာဝန်ယူမှုတာဝန်ခံမှုမရှိခဲ့ပါ။ အဲဒီအချိန်က မြန်မာပြည်မှာ ဦးနှောက်အာရုံကြောခွဲစိတ်မှု တော်တော်များများဟာ အသက်သေရင်လည်းသေ၊ မသေရင်လည်း မျက်စိကန်းသွားကြတာ များပါတယ်။ ကျွန်တော့်အထင်တော့ နိုင်ငံတကာအဆင့် ဦးနှောက်ခွဲစိတ်တဲ့ကျွမ်းကျင်မှု မရှိဘဲ လက်တည့်စမ်းခွဲစိတ်ကြတဲ့ပုံပါပဲ။ ဘန်ကောက်တို့၊ စင်ကာပူတို့ ဆေးသွားမကုနိုင်တဲ့ သာမန် ပြည်သူတွေကတော့ အစမ်းသပ်ခံတွေပါပဲ။ ပြီးရင် ဆောရီးပေါ့။ ကံမကောင်းဘူးပေါ့။ အရူးကွက် တွေနင်းလို့။ ပေါက်ပေါက်အကြောင်းကိုတွေးမိတိုင်း အဲဒီ ခွဲစိတ်ဆရာဝန်နဲ့အဖွဲ့ကို တရားစွဲချင်တဲ့ စိတ်တွေဟာ ကျွန်တော့်မှာခုထက်ထိရှိနေတုန်းပါပဲ။ ဒါပေမဲ့ အဲဒီခေတ်က စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလမို့ တရားဥပဒေဟာ ဆိတ်သုဉ်းနေတဲ့အပြင် ကာယကံရှင် ပေါက်ပေါက်က ခွင့်လွှတ်လွယ်တဲ့ သူမို့  ဘေးကနေမကျေနပ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။ တရားစွဲရင်လည်း သူတို့မှန်ကြောင်း အရူးကွက်နင်းကြဦး မှာပါပဲ။ အခုခေတ်မို့လို့သာ လူနာရှင်က ပထမဆုံးအကြိမ် အမှုနိုင်တာပါ။
 
အရူးတွေပေါချက်ကတော့ ပြောရရင်ကုန်နိုင်ဖွယ်ရာမမြင်ဘူး။ အာဏာရူး၊ လက်နက်ရူး၊ ဒေါသရူး၊ မောဟရူး၊ လောဘရူး၊ ဥစ္စာရူးတွေထဲမှာ ခေါင်းလောင်းရူးကလည်း တမှောင့်။ ဘယ်တုန်းက၊ ဘယ်နေရာမှာ မြုပ်သွားမှန်းမသိတဲ့၊ သမိုင်းမှာရှိမှန်းမရှိမှန်း မသေချာတဲ့ လွန်ခဲ့တဲ့နှစ် ၅၀၀ က တန် ၃၀၀ အလေးချိန်စီးတဲ့ခေါင်းလောင်းကြီးကို သူပဲ ရေအောက်မှာတွေ့ ပြီပြောလိုပြော၊ နတ်နဂါးတွေက ဆီမီးပူဇော်နေလို့  ဆယ်ဖို့ခဏစောင့်နေတယ်ပြောလိုပြော၊ နောက်တော့ ဘာမှမပြနိုင်ဘဲ ခါလီ မောင်မောင်ဖြစ်နေတဲ့ လူတစ်ယောက်က အခုတခါ နိုင်ငံတော်က ငွေ သိန်းငါးထောင်စိုက်ရင် ခေါင်းလောင်းကြီးကိုပြန်ဆယ်ပြမလိုလို နဲ့ ငွေအရင်တောင်းပြီး ခွင်ဖန်ပါတယ်။ သူ့လိုပြောကြစတမ်းဆို သိန်းငါးထောင်တောင်မလိုဘူး။ သိန်းသုံးထောင်ပဲပေး။ မန္တလေးကိုသွားပြီး တမ္ပ၀တီကြေးသွန်းရပ်မှာ တန် ၃၀၀ အရွယ်ခေါင်းလောင်းအသစ်တစ်လုံးသွားသွန်းလိုက်တာက ပိုပြီးသေချာပါလိမ့်မယ်။ တိုင်းပြည်မှာခေါင်းလောင်းတွေကများမှများပါဗျာ။ မင်းကွန်းခေါင်းလောင်း၊ စဥ့်ကူးမင်းခေါင်းလောင်း၊ သာယာဝတီမင်းခေါင်းလောင်း စတာတွေ ရှိနေပြီပဲ။ ဘာလို့ နောက်ထပ် ခေါင်းလောင်းတစ်စင်း ထပ်ရှာနေဦးမှာလဲ။ ရှေးဟောင်းပစ္စည်းမို့လို့ပါဆိုတဲ့ စကားကိုလည်း ပြောမနေပါနဲ့။ ဓမ္မစေတီ ခေါင်းလောင်းထက်ရှေးကျတဲ့ ဗိသ၁နိုး၊ ဟန်လင်း၊ သရေခေတ္တရာ နိုင်ငံတော်မြို့ဟောင်းတွေမှာ ရှေးဟောင်းပစ္စည်းတွေ မရေတွက်နိုင်အောင်ရှိတာတောင် နိုင်ငံတော်က ဘဏ္ဍာငွေ လုံလုံ လောက်လောက် ချမပေးနိုင်လို့ မတူးဖော်ရသေးတဲ့ ပစ္စည်းတွေအများကြီးရှိနေတာပါ။ တိုင်းပြည်မှာလည်း ခေါင်းလောင်းထက် အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ၊ ဘင်္ဂါလီပြသ၁နာတွေ၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွေ၊ တရားဥပဒေစိုးမိုးရေးတွေ၊ သက်ငယ်မုဒိန်းမှုလျော့ကျ ပပျောက်ရေးတွေ၊ မူးယစ်ဆေးဝါးပြသ၁နာတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ တန်းစီပြီး မီးခိုးမဆုံးမိုးမဆုံးအောင် လုပ်စရာတွေ ရှိနေတာ မဟုတ်လား။
 
အဲဒီကြားထဲမှာ လက်နက်ပဲရှိပြီး ဦးနှောက်မရှိတဲ့ အကြမ်းဖက်သမားတွေ၊ မသေချာမရေရာတဲ့ ခေါင်းလောင်းတစ်ခုကို အရင်းပြုလို့  စီးပွားဖြစ်လုပ်စားချင်တဲ့အရူးတွေ၊ ဘုန်းကြီးရဟန်းဖြစ်ပါလျက် လူသတ်သမားကို အားပေးအားမြှောက် လုပ်နေတဲ့သူတွေ၊ ထမင်းဝအောင်စားထားလို့တိုင်ပေးတဲ့ ရဟန်းဆိုသူတွေ၊ အဲဒီဟာတွေကို အဟုတ်မှတ်နေတဲ့ လူ့အနတွေ၊ ကိုယ့်တာဝန်ကိုယ်မယူရဲတဲ့ ဆေးရုံဆေးခန်းတွေက တမှောင့်လုပ်နေကြရင် တိုင်းပြည် ငါးပါးမှောက်ပါလိမ့်မယ်။ ဒီနိုင်ငံဟာ အရူးတွေများတဲ့ နိုင်ငံဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ဒီအရူးတွေကိုဒီလိုပဲဆက်ပြီး လွှတ်ထားရင်ဖြင့် တစ်နိုင်ငံလုံးရောဂါကူးစက်ပြီး ထိန်းမရသိမ်းမရ ဖြစ်သွားမှာကို စိုးရိမ်မိပါကြောင်း။
 
သရ၀ဏ်(ပြည်)
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.