ဗိုလ်ချုပ်၏ နှလုံးသားအလှ // ရွှေဒါးမောင်လေးရည် //

`သူတစ်ပါးကို ဆုံးမသည့်အတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးမှသာ သူတစ်ပါးကို ဆုံးမရ၏။ မိမိကိုယ်တိုင် ယဉ်ကျေးအောင် ဆုံးမခြင်းသည် ခဲယဉ်းစွတကား´ လို့ ဓမ္မပဒအတ္တ၀ဂ်၌ ဆိုထားပေသည်။ မှန်ပါသည်။ ယနေ့ကာလ၌ ခေါင်းထောင်ထလျက်ရှိသည့် `ငါပြောသလိုလုပ်၊ လုပ်သလိုမလုပ်နဲ့´ ဆိုသည့် အတ္တ၀ါဒီတို့၏ စရိုက်များနှင့်တော့ ဆီနှင့်ရေကဲ့သို့လျှင် သူက တခြား၊ ငါက တစ်တွေ ဆိုဘိသို့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိပေသည်။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ထားတစ်ခုဖြင့် အများသူငါတို့ မျက်ခုံးမွေးပေါ် ဘရိတ်ဒန့်စ်၊ ရက်ပ်ပါကကွက်များဖြင့် သရုပ်ဖော်တင်ဆက်ချင်သူများ အဖို့ကတော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲ။
 
လူသားဆိုသည် တစ်ဦးတစ်ယောက်တည်း ရပ်တည်နေထိုင်ရသည် မဟုတ်ပါ။ သည်အတွက်ကြောင့်ပင် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသည့် စကားပုံများ၊ တစ်ဦးက စေတနာ၊ တစ်ဦးက မေတ္တာ ဆိုသည့် ဆိုထုံးစကားများအရ လူသားတို့ဝန်းကျင်၌ အခွင့်အခါ သင့်နေရသည် မဟုတ်ပါလား။ သည်တော့ လူသားတစ်ယောက်အဖြစ် ရှင်သန်ပေါက်ဖွား လာခဲ့ပြီဆိုလျှင် ပတ်ဝန်းကျင်နှင့် သဟဇာတကျကျ၊ လူသားဆန်ဆန် နေထိုင်ဝင်ဆံ့ကြဖို့ ဆိုသည်မှာလည်း လူသားတစ်ဦးအဖို့ အဓိကလိုအပ်ချက်သာ ဖြစ်ပါသည်။ ငါ့လှေ ငါ့ထိုး ပဲခူးရောက်ရောက် ဆိုသည့် စိတ်ဓာတ်များ၊ လူသားဝန်းကျင်၌ အလုပ်မဖြစ်ကြသည်မှာ ကောင်းစွာ သတိချပ်ကြရမည် ဖြစ်ပေသည်။ လူသားတစ်ယောက်အဖို့ ဆောင်ရန် ရှောင်ရန်တို့ဖြင့် အလိုက်သင့်ရွေ့လျားမှုပြုကြမှသာ မိမိအတွက်ရော ပတ်ဝန်းကျင် အတွက်ပါ ၀န်ထုပ်ဝန်ပိုးမဖြစ်ဘဲ လှပသာယာသည့် အသိုက်အ၀န်းတစ်ခု အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်အလှဆင်ရာ ရောက်ပေမည်။
 
မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် အဆိုအရ လူကြီးလူကောင်းဟူသည် လူအများစု၏ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်ဟူ၍ ဖွင့်ဆိုထားပေသည်။ ကျွန်တော်တို့ သဘောပေါက်နိုင်ပါသည်။ လူကြီးလူကောင်းဖြစ်ဖို့ ဖန်ဆင်းပြုလုပ်၍ ရနိုင်ကောင်းသည် မဟုတ်ပါ။ ရုပ်ဒြပ်ဝတ္ထုအတွက် အသပြာငွေ စသဖြင့် တည်ဆောက်နိုင်မည် ဖြစ်သော်လည်း ရိုးဖြောင့်ခြင်းဟူသည် နာမ်ဝတ္ထုတစ်ခုအတွက် ကိုတော့ဖြင့် ဓနငွေကြေးဖြင့် တည်ဆောက်ယူ၍ မရနိုင်သည်ကို သတိချပ်ကြရပေမည်။ အပေါ်ယံရွှေမှုန်ကြဲပြီး အတွင်းပိုင်း အနှစ်သာရမဲ့ ကျီးအာသီးကဲ့သို့ အကာပြဲ့ပြဲ့ စိတ်ဓာတ်ရှိသူများလည်း လူကြီးလူကောင်းစာရင်း ၀င်နိုင်မည် မဟုတ်ပါ။ လူကြီးလူကောင်းဟူသည် ဟန်ပြရိုက်စားလုပ်ရသည့်နှယ် မလွယ်ကူပါ။ မိမိ၏နှလုံးသား၌ အရင်းတည်ကိန်းဝပ်လျက်ရှိသည့် နှလုံးသားလှပဖို့က အရေးကြီး လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ `သည်းခံခြင်း၊ နိုးကြားခြင်း၊ လုံ့လရှိခြင်း၊ ဝေဖန်နိုင်ခြင်း၊ သနားကြင်နာတတ်ခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း´ ဆိုသည့် နာယကဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသူတို့အား မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းမှ တစ်ညီတစ်ညွတ်တည်း မှတ်ယူလေးစားကြသည့် လူကြီးလူကောင်းများပါပေ။
 
အကြောင်းတိုက်ဆိုင်လာသဖြင့် မြတ်စွာဘုရားလောင်း မျောက်မင်း၏ ခေါင်းဆောင်ကောင်း ဂုဏ်ရည်များကို သတိရလိုက်မိပေသည်။ တစ်ခါသော် တောအုပ်တစ်ခု၌ ဘုရားလောင်း မျောက်မင်း ဦးဆောင်သည့် မျောက်အုပ်တစ်အုပ်တို့ နေထိုင်ကြပါသည်။ ထိုတောအုပ်ရှိ မြစ်ကမ်းပါး၌ ထူးကဲသောအရသာရှိသည့် သရက်ပင်တစ်ပင် ရှိခဲ့ပေသည်။ ဘုရားလောင်း မျောက်မင်းက အဆိုပါသရက်ပင်မှ သရက်သီးကြောင့် မျောက်အပေါင်းတို့ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း တွေးမိခဲ့ပေသည်။ သို့အတွက်ကြောင့် သရက်သီးစားသုံးပြီးလျှင် လက်ကျန်အသီး၊ အစေ့ကို မြစ်အတွင်းသို့ မကျရောက်စေရန် သတိပေးစကား ပြောကြားခဲ့ပေသည်။ သို့သော်လည်း အသိတရားနည်းပါးလှသော မျောက်အချို့၏ သတိမထားခဲ့မှုကြောင့် ဘေးဒုက္ခနှင့် ရင်ဆိုင်ခဲ့ကြရပေသည်။
 
ထိုအခါ ခေါင်းဆောင် ဘုရားလောင်း မျောက်မင်းက ကြီးမားခိုင်ခံ့လှသည့် နွယ်ကြိုးတစ်ချောင်းဖြင့် မြစ်တစ်ဖက်ကမ်းရှိ သစ်ပင်တွင် ချည်နှောင်လျက် မမီမကမ်းဖြစ်လျက်ရှိသော နွယ်ကြီး၏ အခြားတစ်ဖက်ကို ကိုင်တွယ်ကာ မျောက်အပေါင်းအား ထိုနွယ်ကြိုးဖြင့် မြစ်တစ်ဖက်ကမ်းသို့ ကူးသန်းစေခဲ့သည်။ ထိုမျောက်များအနက်မှ ဒေ၀ဒက်လောင်း မျောက်သည် ကောင်းမွန်စွာ ကူးသန်းခြင်းမပြုဘဲ ဘုရားလောင်း၏ ကျောကုန်းပေါ်သို့ ခုပေါက်ပြေးလွှားကာ နှိပ်စက်ကလူပြုခဲ့သေးသည်ဖြစ်ရာ ဘုရားလောင်းမျောက်မင်းက သည်းခံခွင့်လွှတ်ခဲ့ဖူးပေသည်။
 
ခေါင်းဆောင်ကောင်းတို့၏ နှလုံးသည်းပွတ်မည်သည် အခြားသောသူတို့ထက် ကောင်းမွန်စွာ ထူးခြားသည်မှာ ဤပုံဝတ္ထုမှ သာဓကဆောင်လျက်ရှိပေသည်။
 
သည်ကနေ့ မီဒီယာ စာမျက်နှာများပေါ်မှ နိုင်ငံတကာ အဖြစ်အပျက်များကို တွေ့မြင်ကြားသိနေရပေသည်။ ဘယ်နိုင်ငံက ဘယ်တာဝန်ရှိ လူကြီး၊ အကြီးအကဲဖြစ်သူ မိမိ၏တာဝန်ပျက်ယွင်းမှုကြောင့် ရာထူးမှ အနားယူသွားခြင်း စသည့် ဖြစ်ရပ်များ မကြာခဏ တွေ့မြင်နေကြရပေသည်။ ပူပူနွေးနွေး ကိစ္စတစ်ခုဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှ ကူးတို့သင်္ဘောနစ်မြုပ်ခဲ့မှုကြောင့် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး ၀န်ကြီးချုပ်ကိုယ်တိုင် ရာထူးမှနုတ်ထွက်သွားခဲ့သည့် ဖြစ်စဉ်မှာ ကိုယ့်တာဝန်အပေါ် ပြတ်သားစွာ တာဝန်ခံမှု၏ ပြယုဂ်ပင်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အသွေးတစ်ခုပင် ဖြစ်ပေသည်။
 
လေးစားဂုဏ်ယူဖွယ် ကောင်းလှပေသည်။
 
ခေါင်းဆောင်ဟူသည် အခွင့်အရေးရယူခံစားဖို့မဟုတ်ဘဲ ကိုယ်ကျိုးစွန့်၊ အနစ်နာခံမှုတို့ဖြင့် ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ကြဖို့သာ ဖြစ်ပေသည်။ အများသူငါတို့ထက် အနစ်နာခံနိုင်ကြသူများလည်း ဖြစ်ပေသည်။ စင်စစ်အားဖြင့် ခေါင်းဆောင်တစ်ဦး၏ ဂုဏ်ရည်မှာ အခြားသူများထက် တည်ကြည်ရင့်ကျက်သူများ ဖြစ်ပေသည်။ အခြေအနေ အချန်အခါလိုက်၍ ချင့်ချိန်ဆုံးဖြတ်နိုင်သူများလည်း ဖြစ်ပေသည်။ အများတကားထက် အနစ်နာခံနိုင်ခြင်း၊ အနာခံစရာရှိလျှင် ရှေ့မှနေ၍ တွန်းလှန်ကာကွယ်တတ်ပြီး အသာစံစရာရှိပါက ငယ်သားတို့အား ခံစားစေပြီးမှ မိမိအလှည့် ကျရောက်စေခြင်း၊ အားနည်းသူတို့အပေါ် အနိုင်မယူတတ်ခြင်း၊ ညှာတာထောက်ထားတတ်ခြင်း၊ ဆင်ခြင်တိုင်းဆမှုဖြင့် အမှန်တရားဘက်မှ အမြဲရပ်တည်တတ်ခြင်း၊ ထိန်းချုပ်သည်းခံလျက်ဖြင့် သဘောထားကြီးစွာ ထားတတ်ခြင်း စသဖြင့် လေးစားဖွယ် စိတ်ဓာတ်ရှိသူများ ဖြစ်ကြပေသည်။
 
`သေသူကို ရှင်သူက တ,ရပါလိမ့်ဟူသော ခေတ်သည် ယနေ့အထိ မရိုးသေးချေ။ ဗိုလ်ချုပ်အောင်ဆန်းသည် အများထက်ပို၍ ထူးခြားအောင်လုပ်နိုင်သော အချက်များရှိသည်။ ထိုအချက်များမှာကား သတ္တိရှိခြင်း၊ စွန့်ခြင်း၊ သန့်ရှင်းခြင်း၊ အလုပ်ပိုလုပ်ခြင်း၊ အကျိုးကို လျှော့ခံစားခြင်း ဟူသော ဂုဏ်နှင့်သာ ပြည့်စုံရုံမျှမက သူနှင့်အပေါင်းပါတို့သည် သူကဲ့သို့ပင် ထိုဂုဏ်တို့နှင့် ပြည့်စုံလာအောင် ဆောင်ကြဉ်းနိုင်သော အစွမ်းပင် ဖြစ်၏။
 
အကယ်၍ နောင်တစ်ခေတ်၌ တက်မည့် ခေါင်းဆောင်ကောင်းတို့သည် ကျွန်တော် ဖော်ပြခဲ့သော ဗိုလ်ချုပ်စွမ်းရည် သတ္တိကို ကောင်းစွာ အမွေခံနိုင်ကြပါမူ နိုင်ငံရေး၌ မိတ်ဆွေမရှိဟူသော အစဉ်အလာဆိုးကြီးသည် ပပျောက်၍ နိုင်ငံအကျိုး ဆောင်ရွက်သူတိုင်းကို လူထုက မိတ်ဆွေဟု အားကိုးနိုင်မည့်ဘ၀သို့ ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်´ ဟူ၍ ဆရာကြီးမောင်ထင်မှ ဗိုလ်ချုပ်၏ ခေါင်းဆောင်အင်္ဂါဆောင်းပါးတွင် ခေါင်းဆောင်ကောင်းတစ်ဦး၏ ပုံရိပ်ကို ညွှန်းဖွဲ့ခဲ့ပေသည်။
တလောဆီက ဆောင်းပါးတစ်ပုဒ်၌ နိုင်ငံတော် အကြီးအကဲဟောင်းများ၏ ပင်စင်လစာများ၊ စရိတ်ငွေများကို တွေ့ရှိလိုက်ရသည်။
 
သည်အခါ ခရီးရှည်ကြီး ထွက်ခွာသွားခဲ့ပြီဖြစ်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ချို့တဲ့ပင်ပန်းစွာဖြင့် နိုင်ငံတော်အပေါ်၊ တိုင်းပြည်ပြည်သားတို့အပေါ် အလုပ်အကျွေးပြုသွားခဲ့ပုံတို့ကို ပြန်လည်မြင်ယောင်ကာ စိတ်မကောင်းခြင်းကြီးစွာ ခံစားမိခဲ့ရသည်။
 
`ဗိုလ်ချုပ် ထမင်းစားနေတာကို အနီးကပ်မြင်နိုင်လေတော့ သူလည်း မသိမသာ နေရာကထရပ်ပြီး ဧည့်ခန်းကနေ ဗိုလ်ချုပ်ပခုံးအပေါ်ကိုကျော်ပြီး ဟင်းခွက်တွေကို လှမ်းကြည့်လိုက်မိပါတယ်။ အဲဒီအခါမှာ ဆရာဟာ ရုတ်တရက် မှင်တက်မိသွားပါသတဲ့။ နိုင်ငံတော်ရဲ့ အကြီးအကဲ စစ်ဝန်ကြီးရာထူးယူထားတဲ့ ဗိုလ်ချုပ် ဘာတွေနဲ့များ စားနေမယ်လို့ထင်ပါသလဲ။ ပဲဟင်းအချို့ရည်ကျဲနဲ့ ခရမ်းချဉ်သီးသုတ်ပါတဲ့ ခင်ဗျာ။ ကျန်တဲ့ ရဲဘော်တွေလည်း အဲဒီဟင်းနဲ့ပါပဲ။ အဲဒီအချိန်က ပြည်သူတွေ ဆင်းရဲတယ် ဆိုပေမယ့် အနည်းဆုံး ငါးဟင်းနဲ့တော့ လူတိုင်းစားနိုင်တဲ့ အချိန်မှာ ဗိုလ်ချုပ်က သူ့ရဲဘော်တွေနဲ့အတူ စားနေတဲ့ဟင်းကတော့ ဘယ်ပြည်သူမှ အဲဒီအချိန်က မစားတဲ့ဟင်းပါ။ နောက် သူတွေးကြည့်တော့ အပိုလာဘ်လာဘကိုလည်း လက်မခံ၊ ရတဲ့လစာကို ရဲဘော်တွေနဲ့ ဝေစားနေတဲ့အချိန်မှာ ဒေါ်ခင်ကြည်လည်း ဒီဟင်းမျိုးပဲ တတ်နိုင်လိမ့်မယ်ပေါ့။ သူ့ခမျာ မျက်ရည်မကျမိအောင်တောင်မှ မနည်းထိန်းခဲ့ရပါတယ်´ ဆိုသည့် စာကြောင်းလေးများဖြင့် နိဂုံးချုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွမ်းမောရင်နင့်ဖွယ် ဖြစ်ရပ်တစ်ခုကို မျှဝေခဲ့သည့် `ဘစံကောက်´ ၏ ဆောင်းပါးတစ်ပုဒ် ဖတ်ရှုလိုက်ရခိုက် …
 
ခုံဖိနပ်သံ တခွပ်ခွပ်နဲ့
တော်လှန်ရေး၊ လွတ်လပ်ရေး၊ နိုင်ငံရေး၊ ဘာသာဗေဒအပေါ် ရူးသွပ်မဆုံး
စကားလုံးများ ထုဆစ်ခြင်းနဲ့ စိုက်ခင်းအနုပညာ … ဒီလိုနဲ့ သူ့ရဲ့ပြည်တော်ဝင် ဇာတ်သိမ်းခန်းက လွမ်းအားဖွဲ့ … ဟုတ်ကဲ့ သူ ဘယ်သူလဲ ခင်ဗျားသိပါတယ် ။
 
ရွှေဒါးမောင်လေးရည်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.