မြန်မာစကားမဟုတ်သော “သူမ” || မောင်ခင်မင် (ဓနုဖြူ) ||

ဤခေါင်းစဉ်ကို ကြည့်ပြီး ဘဝင်မကျသူများက "ဘာဖြစ်လို့ "သူမ"က မြန်မာစကား မဟုတ်ရမှာလဲ၊ မြန်မာစကားမို့လို့ စာတွေစကားတွေထဲမှာ "သူမ" တွေကို မကြာခဏ ဖတ်နေကြားနေရတာပေါ့"ဟု ပြောချင်ကြမည် ထင်ပါသည်။ ကျွန်တော် နည်းနည်း ရှင်းပြပါရစေ။ ပြန်စဉ်းစားကြည့်ပါ။ စာဖတ်သူတို့ ယခု အသက်အရွယ်အထိ နေ့တိုင်းပုံမှန်ပြောနေသော စကားတွေထဲမှာ "သူမ"ဆိုသောစကားကို ဘယ်နှခါများ ထည့်ပြောခဲ့ကြ ပါသလဲ။ (သဘာဝအတိုင်း ပုံမှန်ပြောသောစကားကို ဆိုလိုပါသည်။ တမင်ပြောသော စကားကို မဆိုလိုပါ။) သာဓကပြပါမည်။ ခင်ခင်ဆိုသော မိန်းကလေးအကြောင်း ပြောကြသည် ဆိုပါစို့။
 
"ခင်ခင်က သူ့မိသားစုမှာ သမီးအကြီးဆုံးလေ၊ သူ့မိသားစုကို သူပဲ လုပ်ကျွေးနေတာ၊ သူ့ခမျာ ခုလို ရုတ်တရက် ဆုံးသွားတော့ သနားစရာ ပါပဲကွယ်"
 
"ဟုတ်တယ်၊ ဟိုနေ့က သူ့မောင်လေးကို ကျောင်းလိုက်ပို့တာ တွေ့လိုက် သေးတယ်။ သူ့မိဘတွေကတော့ ရင်ကွဲမှာပဲ"
 
ဤစကားများကို သဘာဝအတိုင်း ပုံမှန်ပြောသော စကားများအဖြစ် နားလည်ကြပါသည်။
 
ဤသို့မပြောဘဲ......
 
"ဟုတ်တယ်၊ ဟိုနေ့ကပဲ သူမမောင်လေးကို ကျောင်းလိုက်ပို့တာ တွေ့လိုက်သေးတယ်။ သူမ မိဘတွေကတော့ ရင်ကွဲမှာပဲ "ဟု ပြောသည် ဆိုပါစို့။ ဘယ်လို ဖြစ်သွားမည်နည်း။ ကြားရသူအဖို့ ရယ်စရာဖြစ်သွားမှာ သေချာပါသည်။ တစ်ခါမှ ပုံမှန်ထည့်ပြောလေ့ မရှိသော "သူမ"တွေ တမင်ထည့်ပြောသောကြောင့် ဖြစ်ကြောင်း ထင်ရှားပါသည်။ ဤသို့သော မြန်မာစကားမျိုး အပြင်မှာ ဘယ်သူမှ ပြောမည်မဟုတ်ပါ။
 
သို့သော်.........
ဤသို့သော စကားမျိုးကို တီဗီထုတ်လွှင့်ချက်တွေမှာ မကြာခဏ ကြားနေရပါသည်။ မော်ဒယ် မိန်းကလေးတစ်ယောက်အကြောင်း၊ နိုင်ငံခြား ရုပ်ရှင်မင်းသမီး တစ်ယောက်အကြောင်း ပြောပြီဆိုလျှင် "သူမဟာ......။ သူမရဲ့ ဝါသနာကတော့......၊ သူမကို ချီးကျူးကြတာက" စသည်ဖြင့် "သူမ"တွေ အဆက်မပြတ် ပါလာတတ်သည်။ သတင်းကြေညာချက်တွေမှာ အမျိုးသမီးခေါင်ဆောင်တွေအ ကြောင်းပြောလျှင် ရေးလျှင်လည်း "သူမ"တွေ ပါပါလာတတ်သည်။
 
ကျွန်တော်တို့ မြန်မာစကားမှာ ယောက်ျားကို ဖြစ်စေ၊ မိန်းမကို ဖြစ်စေ "သူ"ဟူ၍သာ မြန်မာစကား စပေါ်ကတည်းက အစဉ်တစိုက် ရည်ညွှန်းခဲ့ပါသည်။ မြန်မာစာ အရေးအသား ပေါ်ပြီးတော့လည်း ရှေးစာပေ အစဉ်အဆက် ဤသို့ပင် သုံးခဲ့ကြပါသည်။ သာဓက ပြပါဦးမည်။ ကုန်းဘောင်ခေတ်စာဆို ဦးတိုးက "ရာမရကန်" တွင် မိန်းကလေးတစ်ယောက်၏ အမူအရာကို ဤသို့ဖွဲ့ထားပါသည်။ "အပျိုပျံသင်၊ ရွှေရင်သိမ်းသစ်ကယ်၊ သူ့ချစ်သူ သူ့မောင်ပါးမှာ၊ စကားရပ်ဖွဲ့၊ ချစ်စဖွယ်နွဲ့တဲ့လို့"ဟူ၍ ဖြစ်သည်။ အပျံသင်စမိန်းကလေးကို "သူ"ဟုပင် ရည်ညွှန်းပါသည်။ "သူမချစ်သည့်၊ သူမမောင်ပါးမှာ" ဟု မဖွဲ့ခဲ့ပါ။ ဆယ်တန်းကျောင်းသားများနှင့် ရင်းနှီးသော ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် သောနုတ္တရမုဆိုးက ဆင်မင်းကို လျှောက်ထားသောစကားကို ကြည့်ပါဦး။
 
စူဠသုဘဒ္ဒါက"ဆဒ္ဒန်ဘုန်းမော်၊ ဆင်မင်းကျော်၏၊ စွယ်တော်ကို မရလျှင်၊ စိတ်ချပေရော့ သူသေပါတော့မည်ဟု ရွှေးနန်းကြော့ရှင်၊ သူ့ချစ်လင်၏ ရင်ခွင်ကြားမှာ ခေါင်းထား၍အသော့၊ ငိုပါတော့သည် ဘုရား" တဲ့။ စူဠသုဘဒ္ဒါမိဖုရားကို "သူ"ဟုပင် ရည်ညွှန်းပါသည်။ ပြီးတော့ "သူ့မယား ငိုတည့်လျှင်၊ ဟိုလူကြီးက ပျာယီးပျာယာ" ဟူ၍ ဆက်ဖွဲ့သည်။ ထို “သူ” ကတော့ ဗာရာဏသီမင်းကြီးကို ဆိုလိုပါသည်။ မုဆိုးက ဆဒ္ဒန်ဆင်မင်း၏ အစွယ်ကို သွားဖြတ်ပါတော့မည်ဟု လျှောက်ထားတော့ မိဖုရားကြီး သဘောကျသွားပြီး "ကျေးဇူးရှင်မ သူကိုယ်တိုင် လမ်းပြ၍ ညွှန်လိုက်ကြောင်း" ဖွဲ့သည်။ ထို “သူ” ကတော့ စူဠသုဘဒ္ဒါပါ။ ယောက်ျားရော မိန်းမပါ "သူ” ဟုပင် ရည်ညွှန်းကြောင်း သက်သေများ ဖြစ်ပါသည်။
 
သို့ဆိုလျှင် "သူမ” က ဘယ်လိုပေါ်လာပါသလဲ။ သမိုင်းကြောင်း ရှိပါသည်။ ကိုလိုနီခေတ်က ထင်ရှားသော ဂျေစီနက်စဖီး(J.C.Nesfield)၏ အင်္ဂလိပ်သဒ္ဒါကျမ်းကို မြန်မာဘာသာပြန်သော ပညာရှင်ဆရာကြီးက နာမ်စားအခန်းတွင် “He” ကို “သူ” ဟု မြန်မာပြန်ပါသည်။ “She” ကိုလည်း "သူ" ဟုပင် မြန်မာပြန်ပါသည်။ သို့သော် “She” မှာ မိန်းမကို ရည်ညွှန်းကြောင်း သိသာစေရန် "သူ(မ)"ဟု နောက်က ကွင်းနှင့်ပြခဲ့သည်။ ထိုသဘောကို သတိမမူမိသူများက "သူမ"ဟု သုံးရာ၌ ထိုအသုံးပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။
 
မြန်မာစကား၏ သဘာဝအရကြည့်လျှင် နာမ်စားများသုံးရာတွင် ပြောသူကို ရည်ညွှန်းလျှင် "သူ"ဟူ၍ သုံးကြောင်းတွေ့ရသည်။ ငါ၊ နင်၊ သူ ဟူသော နာမ်စားများသည် အရင်းခံအကျဆုံး နာမ်စားများ ဖြစ်သည်။ မြန်မာစာ အစကတည်းက တွေ့ရသော နာမ်စားများဖြစ်သည်။"ကျွန်တော်၊ ကျွန်မတပည်တော်" စသည့် နာမ်စားများသည် နောက်မှပေါ်လာသော နာမ်စားများဖြစ်သည်။"ငါ၊ နင်၊ သူ" ဟူသော အရင်းခံနာမ်စားအားလုံး ယောက်ျားရော မိန်းမပါ ရည်ညွှန်းပါလျက် "သူ" ကျမှ ယောက်ျား၊ မိန်းမခွဲပြီး "သူမ"ဟု သုံးစရာ ဘာအကြောင်းမှ မရှိပါ။ "ခင်ခင်က သူ့မိသားစုမှာ အကြီးဆုံး" ဟု "သူ" သုံး၍ပြောရုံနှင့် ခင်ခင်သည် ယောက်ျားကြီး ဖြစ်မသွားပါ။ မိန်းမမှန်း သိပြီးသား ဖြစ်ပါသည်။
 
မြန်မာဘာသာစကားကို စနစ်တကျလေ့လာသော အမေရိကန်သာသနာပြုဆရာ ဂျပ်ဆင်(ဆရာယုဒသန်)၏ မြန်မာသဒ္ဒါတွင် "He"ကိုလည်း "သူ"၊ “She” ကိုလည်း "သူ" ဟုပင် ဖော်ပြထားပါသည်။ နိုင်ငံခြားသား ပညာရှင်ကပင် “She” ကို "သူ" ဟု မှန်မှန်ကန်ကန် ဖော်ပြပါလျက် ကျွန်တော်တို့ မြန်မာတွေက "သူမ သူမ" နှင့် တမ,တည်းမနေခြင်းမှာ သင့်မသင့်စဉ်းစားကြည့်နိုင်ပါသည်။
 
သူမကို မြန်မာစကားမဟုတ်ဟု ကျွန်တော်ဆိုခဲ့ပါသည်။ မြန်မာစကားမှန်လျှင် မြန်မာသတ်ပုံကျမ်း၊ မြန်မာအဘိဓာန်ကျမ်း၊ မြန်မာသဒ္ဒါကျမ်းတွေမှာ "သူမ" ပါကို ပါရပါမည်။ မြန်မာစကား စစ်စစ်မဟုတ်စေကာမူ ဘာသာခြားမှ မွေးစားယူသော စကားလုံးများကိုလည်း မြန်မာအဘိဓာန်မှာ ထည့်ပါသည်။ ဒါန၊ သီလ၊ ကော်ဖီ၊ ကွန်ပျူတာတို့အထိ ပါပါသည်။ "သူမ" တော့ မပါပါ။ သို့ဆိုလျှင် သူမသည် လက်ခံ အသုံးပြုသော မွေးစားစကားလည်း မဟုတ်သည်မှာ သေချာပါသည်။ မြန်မာစကား၏ သဘာဝနှင့်ဆန့်ကျင် နေသော၊ ခွဲခြားသုံးဖို့ မလိုအပ်သော စကားသာ ဖြစ်ပါသည်။
 
၁၉၆၀ ဝန်းကျင်က ဆရာကြီးဦးရန်အောင်နှင့် အခြားစာရေးဆရာတစ်ဦးတို့ ငွေတာရီမဂ္ဂဇင်းတွင် "သူမပြသ၁နာ” ကို အချီအချဆွေးနွေးကြသည်။ "သူမ"ကိုကြိုက်သော ထိုစာရေးဆရာက မိမိကိုယ်မိမိ တီထွင်ဆန်းသစ်မှုကို လက်ခံသူအဖြစ် ကြေညာပြီး ဦးရန်အောင်ကို တရားသေဝါဒ ရှေးရိုးသမားအဖြစ် ရည်ညွှန်းသည်။ "သူမ"မကြိုက်သူများတွင် "ကျောင်းဆရာတစ်ပိုင်း စာရေးဆရာများ" အထူးသဖြင့် ပါဝင်ကြောင်း ထိုစာရေးဆရာက ဆိုလိုက်သေးသည်။ ဆရာကြီးဦးရန်အောင်က မိန်းမမှန်းသိအောင် "သူမ" ဟု ခွဲပြောစတမ်းသာဆိုလျှင် ယောက်ျားမှန်းသိအောင် "သူထီး" ဟု ခွဲပြောရမလို ဖြစ်နေကြောင်း၊ "ငါထီး-ငါမ ၊ သူထီး-သူမ" ဟုလည်း ခွဲပြောရမလိုဖြစ်နေကြောင်း ဟာသနှောပြီး ထိထိမိမိ ရေးထားသည်ကို တွေ့ရပါသည်။
 
တကယ်ဖြစ်သော ဖြစ်ရပ်တစ်ခုနှင့် အဆုံးသတ်ပါရစေ။ စာတမ်းဖတ်ပွဲတစ်ခုတွင် သဘာပတိပါမောက္ခကြီးတစ်ယောက်က "လွင်မော်စိုး” ဆိုသော စာတမ်းရှင်နာမည်ကိုကြည့်ပြီး အမျိုးသမီးဟုထင်ကာ "သူမရဲ့ စာတမ်းက" ဟု မိတ်ဆက်ပေးပြီး စာတမ်းဖတ်ဖို့ ဖိတ်ခေါ်လိုက်သောအခါ ထိုစာတမ်းရှင်သည် "သူမ" မဟုတ်သော "သူထီး” ကြီး ဖြစ်နေသည့်အတွက် ပရိသတ်ပြုံးစရာ ဖြစ်သွားရသည့် အကြောင်းပါ။
 
မောင်ခင်မင်(ဓနုဖြူ)
The Ladies News
မြန်မာစာ မြန်မာစကားဝိုင်း
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.