ဘုရားဖူးများ၊ ကမ္ဘာလှည့်ခရီးသည်များ၊ ရိုးရာဓလေ့ထိန်းသိမ်းခြင်းနှင့် လျော်ညီသောပြုပြင်ပြောင်းလဲမှုများ // ထွန်းအောင်ကျော် (၇၄ မျိုးဆက်) //

မြန်မာနိုင်ငံတွင် ဘုရားဖူးများကို နေရာအနှံ့ တွေ့နိုင်သည် ပြည်တွင်း ဘုရားဖူးများရှိသလို ပြည်ပဘုရားဖူးများလည်း နာမည်ကြီး ဘုရားများသို့ လာရောက်ဖူးမျှော်ကြသည်။ ပွင့်လင်းလာသည့် အခြေအနေတွင် ဗုဒ္ဓဘာသာဝင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဘုရားဖူးများက အများဆုံး လာရောက်ကြလေ့ရှိသည်။ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်များ ကလည်း လာရောက် လေ့လာကြသဖြင့် တိုင်းပြည်နိုင်ငံခြားငွေ ရရှိရေးသည် တိုင်းပြည်တိုးတက်ရေး အတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လာခဲ့သည်။ ထိုအခါ ပြည်တွင်းပြည်ပ ဘုရားဖူးများအတွက် ဘုရားဖူး လာရောက်ရာတွင် အဆင်ပြေ ချောမွေ့စေရေး၊ ကျန်းမာရေးအရ ထိခိုက်မှုမရှိစေရေး၊ ဘုရားကျောင်းကန်များနှင့် ဌာနေဒေသရှိ ရိုးရာ ဓလေ့များ မပျောက်ပျက်ရေးကို ထိန်းသိမ်းရန် လိုသလို ခေတ်နှင့်အညီ ပြုပြင်သင့်သည်ကိုလည်း ပြုပြင်သွားရန် လိုအပ်ပေသည်။
 
ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံဘုရားကြီးသည် မြန်မာနိုင်ငံ၏ အထင်ကရ ဘုရားကြီးဖြစ်သည်။ ပြည်တွင်းပြည်ပ ဘုရားဖူးများ အမှတ်တရ လာရောက်ကြည်ညို ကြသည့်နေရာလည်း ဖြစ်သည်။ ရွှေတိဂုံ ဘုရားကြီးတွင် အရှေ့ဘက် စောင်းတန်း၊ အနောက်ဘက် စောင်းတန်း၊ တောင်ဘက်စောင်းတန်းနှင့် မြောက်ဘက်စောင်းတန်းဟူ၍ စောင်း တန်းကြီး ၄ ခုရှိသည်။ ထိုစောင်းတန်းကြီး လေးခုထဲတွင် အနောက်ဘက် စောင်းတန်းမှလွဲ၍ ကျန်စောင်းတန်းများတွင် ဓါတ်လှေကားများ ရှိသည်။ အနောက်ဘက် စောင်းတန်းတွင်လည်း ဓါတ်လှေကားတိုင် အဆောက် အအုံ ဆောက်ပြီးမှ ဦးနေဝင်းလက်ထက် ယင်းဓါတ်လှေကားစဉ်ပေါ်မှ လူကြီးကားတန်းကြီး ဦးဝိစာရလမ်းအတိုင်း မောင်းလာစဉ် လုပ်ကြံနိုင် သည်ဟူ၍ ယူဆသဖြင့် ဆက်မလုပ်ခိုင်းတော့ကြောင်း သိခဲ့ရသည်။ ထို့ကြောင့် စောင်းတန်း ၄ ခုတွင် ဓါတ်လှေကား မရှိသော စောင်းတန်း သည် အနောက်ဘက် စောင်းတန်းဖြစ်သည်။
 
ရွှေတိဂုံစေတီတော်ကြီးတွင် နွေအခါ တပေါင်းပွဲတော် ကျင်းပသည့်အခါ ထိုအနောက်ဘက် စောင်းတန်းတွင်ရှိ ကွက်လပ်ကြီးတွင် ကျင်းပလေ့ရှိ သည်။ ရှေးအခါက နယ်များမှ နွားလှည်းများဖြင့် လာရောက်ကြရာ စတည်းချရာ နေရာဖြစ်သည်။ စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘဝ ၁၉၇၀ ဝန်းကျင်တွင် ရွှေတိဂုံတပေါင်းပွဲတွင် မြန်မာ့လက်ဝှေ့ ပြိုင်ပွဲများ၊ ဆားကပ်ပွဲများ၊ မျက်လှည့်ပွဲများ၊ ဈေးဆိုင်တန်းများဖြင့် စည်ကားလှသည်။ လူအုပ်လိုက် ထိုအနောက်ဘက် စောင်းတန်းမှ ဆင်းလိုက်တက်လိုက်နှင့် ကြိတ်ကြိတ်တိုးလှသည်။ ထိုအနောက်ဘက် စောင်းတန်းကြီးကို နှစ်ပြားတန်ဆောင်း ဟုလည်း အမည်တွင်သေးသည်။ သိမ်ကြီးဈေးကြီးရှိ ဈေးသူဈေးသားများ တယောက် ၂ ပြား အလှူထည့်ဝင်သည့် ငွေဖြင့် ဆောက်လုပ်ထားသည့် စောင်းတန်းကြီးဖြစ်၍ ထိုအမည်တွင်ခြင်း ဖြစ်သည်။ ထိုခေတ်က ၂ ပြားသည် အလွန်တန်ဖိုးရှိကြောင်း ထိုကြီးမားခံ့ညားသော မှန်စီရွှေချ ကနုတ်များနှင့် တိုင်လုံးကြီးများ အပြင် ဘုရားဖူးများလျှောက်သည့် ကျောက်ပြားခင်း လမ်းများ၊ ရှည်လျားသည့် လှေကားကြီးများနှင့် ခန့်ငြားလှသည်။ ထိုခေတ်က တပြားဆိုလျှင် မုန့်ဟင်းခါးကို အကြော်နှင့် ၂ ပွဲခန့် စား၍ရသည်ဟု ပြောဖူးသည်။ ထို့ကြောင့်တပြားသည် ယနေ့ခေတ် ၅၀၀၀ ကျပ်ခန့် တန်သည်ဟု ဆိုရမည်ဖြစ်သည်။
 
ထိုစောင်းတန်းကြီးတွင် ဘုရားလူကြီးများနှင့် လုပ်ငန်းရှင်တို့ သဘောတူညီမှုယူ၍ စက်လှေကား (Esclator) ကို တပ်လိုက်ကြသည်။ ထိုအခါ ထိုစောင်းတန်းကြီး အလယ်တွင် လူများ တစ်ဖက် ၆ ယောက်ခန့် တန်းစီအဆင်း အတက် လုပ်သည့်နေရာကို ထိုစက်လှေကားက နေရာယူလိုက်သဖြင့် လူ ၂ ယောက်သာ အတက်အဆင်း လုပ်နိုင်သည့် အနေထားအဖြစ် ပြောင်းသွားခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့် တပေါင်းပွဲတော် လုပ်သည့်အခါ အနောက်မုဒ် စောင်းတန်းမှ လူအတက်အဆင်းကို များစွာကျပ်တည်း သွားစေသည့်အပြင် မူရင်းစောင်းတန်းကြီး၏ အလှအပကိုလည်း ပျက်ပြားစေသည်။
 
ထိုစက်လှေကား တပ်သူများက မတက်နိုင်သော သူများအတွက် တပ်ပေးတာပါဟု ဆင်ခြေပေးကောင်း ပေးမည် ဖြစ်သော်လည်း အခြားမုဒ် ၃ မုဒ်တွင် ဓါတ်လှေကားဖြင့် သွားတက်နိုင်သည့်အတွက် မလိုအပ်ဟု မြင်သည်။ မိမိခြေထောက်ဖြင့် သဘာဝအတိုင်း ကုသိုလ်ယူတက်ချင်သူများအတွက် စဉ်းစားပေးခြင်း၊ ဘုရားဖူးများ စုပြုံ တက်ရောက်နိုင်သည့် အခြေအနေမှ ၂ ယောက်ချင်းသာ တက်ရောက်စေသည့် အဖြစ်သို့ ရွှေဥာဏ်တော် စူးရောက်စွာ ခွင့်ပြုခဲ့သော ဂေါပက၏ တွေးခေါ်မျှော်မြင်မှုကိုလည်း အံ့သြမိသည်။ မိမိသာ လုပ်ပိုင်ခွင့်ရလျှင် ယခင်အတိုင်း ပြန်လည် လုပ်ဆောင်ပေးမည်ဟု တွေးဆထားခဲ့သည့် အချက်တခု ဖြစ်သည်။ ထိုစက်လှေကား တပ်ဆင်လိုက်သူများ ကတော့ ငွေရွှင်သွားမည် သေချာသော်လည်း ရှေးလက်ရာ အလှအပတို့ ပျက်စီးသွားခြင်းမှာ နှမြောစရာ ကောင်းသည်။
 
နောက်တခုမှာ တိုးတက်သော နိုင်ငံများတွင် စက်ကိုသုံးခြင်းထက် မိမိခွန်အားကိုသုံး၍ တောင်တက်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ဦးစားပေးကြသည်။ ထိုကြောင့် ရွှေတိဂုံဘုရားကြီးကို တက်ရောက်ဖူးမျှော်ရာ၌ ကျန်းမာရေးကို ရှေးရှူသောအားဖြင့် လမ်းလျှောက်တက်ချင်သူများအတွက် ဦးစားပေး စဉ်းစားသင့်သည်။ လမ်းမလျှောက်နိုင်သူများ ကျန်မုဒ် ၃ မုဒ်ရှိ ဓါတ်လှေကားဖြင့် တက်ရောက်နိုင်ပေသည်။
 
ယခင်က ကျိုက်ထီးရိုးဘုရားကြီးကို ဖူးမျှော်ဖို့ရန်အတွက် တနေကုန် လမ်းလျှောက်တက်ကြရသည်၊ မလျှောက်နိုင်သူ များ၊ အဖိုးအိုအဖွားအိုများသာ အထမ်းနှင့် တက်ကြရသည်။ ထို့ကြောင့် ကျိုက်ထီးရိုးဘုရား ဖူးနိုင်ခြင်းသည် ကံထူးသူ၊ ဇွဲကောင်းသူများ အတွက် ဖြစ်ခဲ့ဂုဏ်ယူခဲ့ကြရသည်။ စာရေးသူတို့ ဘွဲ့ရပြီး ကျိုက်ထီးရိုးကို တက်ကြစဉ်က ရေမြောင်ကြီး ရေမြောင်လေး၊ စိုင်တမော့၊ စသည့် နေရာများသို့ နေကုန်လမ်းလျှောက်ရင်း လမ်းခရီးတွင် ပြန်လာသူများကို ရောက်ခါနီး ပလားမေးတိုင်း ရှေ့တကွေ့ဆိုရောက်ပြီနှင့် တကွေ့ပြီးတကွေ့ မဆုံးနိုင်တော့။ လျှောက်ရင်း တောတောင် အလှအပများ၊ အနားယူသည့် ဝါးတဲလေးများ၊ စမ်းချောင်းရေကိုခပ်ပြီး မျက်နှသစ်ကြ အားမွေးကြ တောင်ဝှေးကိုယ်စီကိုင် လမ်းလျှေက် လိုက်ကြနှင့် ပျော်စရာအတိ ဖြစ်ခဲ့ရသည်။ လမ်းတွင် ဝါးသေနတ်လေးများ၊ ဝါးဆစ်ဖြင့်ပုလုပ်ထားသည့် မြွေရုပ်လေးများကို အပြန်တွင် လက်ဆောင်ဝယ်ကြနှင့် ဒေသခံများလည်း အရောင်းအဝယ် ဖြစ်ကြသည်။ တည်းခိုခန်းများလည်းမရှိ ဇရပ်များတွင် ချောင်ချောင်ချိချိ တည်းကြ တောင်ပေါ်တွင် အေးချမ်းစွာ ညအိပ်ကြနှင့် ပျော်စရာကောင်းခဲ့ကြသည်။ ရေမြောင်ကြီးတွင် တောင်ကျစမ်းရေကို ခပ်ယူရင်း ကျောက်ပုဇွန်တကောင်ကို တွေ့မိသေးသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိ ခြင်မရှိ ယင်မရှိနေ၍ ကောင်းလှသည်။
 
ထိုအခြေအနေမှ ကျိုက်ထီးရိုးကို နေ့ချင်းပြန် လမ်းဖောက်လိုက်သည့်အခါ ယခင်က တန်ဖိုးများ၊ ခရီးသွား အနှစ်သာရများ ပျောက်ကွယ်ကုန်တော့သည်။ ကျိုက်ထီးရိုးဘုရားဖူးရခြင်း၏ တန်ဖိုးသည်လည်း နိမ့်ကျသွားခဲ့ရ သည်မှာ ဝမ်းနည်းစရာ ဖြစ်သည်။ နေ့ချင်းပေါက်လူများ သွားလာနိုင်သဖြင့် ဂေါပကအဖွဲ့တွင် ဝင်ငွေအဆများစွာ တိုးလာသည် မှန်သော်လည်း ထိုသို့လွယ်ကူစွာ လာရောက်နိုင်သည့်အတွက် ဘုရားဖူးများသည်လည်း အဆများစွာ ဖြစ်လာခဲ့ပြီး ဘုရားဖူးကာလ မိုးအကုန်မှစ၍ လူနေ့စဉ် သိန်းနှင့်ချီ လာရောက်ရာ နေရာကြီး ဖြစ်လာခဲ့သည်။ ထိုလူများနှင့်အတူ ပြဿနာများလည်း ပါလာခဲ့သည်။ အဓိကပြဿနာမှာ အမှိုက်စွန့်ပြစ်ခြင်းဖြစ်သည်။ မြန်မာလူမျိုးများတွင် မြို့နေလူတန်းစားများကစ၍ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်လေ့ရှိသဖြင့် ခြုံထဲတွင် ကိစ္စပြီးလိုက်ကြသည့် တောနေလူတန်းစားများနှင့် ပေါင်းလိုက်သည့်အခါ အမှိုက်များ ဘုရားအောက်ခြေတွင် မြင်မကောင်းအောင် ဖြစ်လာတော့သည်။ စားကျွင်းစားကျန် များကလည်း များသဖြင့် ယင်ကောင်ပေါက်ဖွားမှု သည်လည်း တိုးလာခဲ့သည်။ ထိုအခြေအနေကို မဖြေရှင်းနိုင်ပါက မကြာမီကာလတွင် ရောဂါ ပေါက်ဖွားရာ နေရာကြီး ဖြစ်လာနိုင်ပေသည်။
 
လူများလာသဖြင့် တည်းခိုရန်နေရာ မလုံလောက်မှု ဖြစ်လာခဲ့ပြီး ထိုမှတဆင့် တည်းခိုခန်းများ ပေါ်ပေါက်လာခဲ့ရသည်။ ထိုတည်းခိုခန်း များဖြင့် စီးပွားရှာသူများနှင့် ဂေါပကအဖွဲ့တို့ပူးပေါင်း၍ အမှိုက်ပြဿနာနှင့် ချမ်းသားသည့် လူများသာမက ဘုရားဖူးများအားလုံး တည်ခိုးနိုင်သည့်နေရာများကို ဖြေရှင်းသင့်သည်။ သာမန်အရပ်သားများ တည်းခိုနိုင်သည့် အခမဲ့ ဇရပ်များလည်း တိုးချဲ့တည်ဆောက်သင့်သလို လမ်းခရီးကို ယခင်အတိုင်း လမ်းလျှောက် တက်လိုသူများအတွက် trekking ခရီးသွား လမ်းကြောင်းများကို ဖောက်လုပ်ပေးပြီး လမ်းခရီးတွင် တည်းခိုရန် ဇရပ်များနှင့် တည်းခိုခန်းများအား နားနေစခန်းတိုင်းတွင် ထားပေးခြင်းဖြင့် လူထုကျန်းမာရေးကို မြှင့်တင်ပေးနိုင်သလို နေရာအခက်အခဲကိုလည်း ဖြေရှင်းပေးနိုင်ပြီး ဒေသခံများအတွက်လည်း ထိုခြေကျင်ခရီးသွားလမ်းကြောင်းမှ ဈေးရောင်းချရင်း တဖက်တလမ်း ဝင်ငွေရရှိနိုင်သည်။ ထိုခရီးသွားလမ်းကြောင်းကို မြေပုံနှင့် တကွပြသထားပြီး မိုင်မည်မျှတွင် မည်သည့်နေရာရှိသည်။ တည်းရန်ရှိသည်၊ စားသောက်ဆိုင်ရှိသည်စသည်ဖြင့် လမ်းညွှန်မြေပုံများကို ပုံနှိပ်ဖြန့်ချီခြင်းဖြင့် ဘုရားဖူးများကို ရှေးမူအတိုင်း ဘုရားဖူးခွင့်ကို ဖန်တီးပေးသင့်သည်။ ကားများဖြင့် တိုက်ရိုက်သွားသူများ သွားကြသလို ရှေးမူမပျက်စေဘဲ ဘုရားဖူးများကိုလည်း လုံခြုံသောလမ်းကြောင်းကို ရေရှည်အမြင်ဖြင့် ပြုလုပ်အားပေးသင့်သည်။
 
အမှိုက်နှင့် ယင်ကောင်ပေါများလာခြင်းကို ဖြေရှင်းရန်မှာ တောင်ပေါ်မှ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ပစ်ချခြင်းထက် ထိုအမှိုက်နှင့် စားကြွင်းစားကျန်များကို Slot ပြွန်ပိုက်များမှတဆင့် ပစ်ချခြင်းနှင့် တောင်ခြေရောက်လာသည့် အမှိုက်များကို အမှိုက်ကားများဖြင့် သယ်ယူပြီး အမှိုက်မီးရှို့စက်ရုံတခု တည်ထောင်မီးရှို့ပစ်ရန် ဖြစ်သည်။ ၂ တန်မှ ၅ တန်အထိ မီးရှို့နိုင်သော မီးရှို့စက်တလုံးကို ဂေါပကမှ နှစ်စဉ်ရရှိသော ကောက်ခံငွေဖြင့် ဝယ်ယူနိုင်စွမ်းရှိသည်။ တနှစ်ဝင်ငွေ ကျပ် ၅ ဘီလီယံ (ဒေါ်လာ ၅သန်း) ကျော်ရရှိနေသော ဂေါပကအနေနှင့် မဝယ်နိုင်စရာ အကြောင်းမရှိဟု မြင်သည်။ လူအများ ကျန်းမာရေးနှင့်သန့်ရှင်းစွာ တည်းခိုနေနိုင်ရေးသည် ကျိုက်ထီးရိုးဂေါပက၏ တာဝန်သာဖြစ်သဖြင့် အမြန်ဆုံးအကောင် အထည်ဖော်သင့်လှပေသည်။
 
ထိုအခါ နေ့ချင်းသွားလိုသူများက ကားများဖြင့် တောင်ခြေအထိ သွားကြသလို ခြေလျင်သွားလိုသူများကလည်း ခြေလျင်ခရီးဖြင့် တောင်တက်ကြခြင်းဖြင့် ရွေးချယ်စရာ လမ်းနှစ်သွယ်ဖြင့် ဘုရားဖူးခွင့် ရကြမည်ဆိုလျှင် ကျိုက်ထီးရိုး ဘုရားဖူးခြင်းသည် ရှေးမူမပျက် တည်ရှိနေမည်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအတွက်လည်း ခြေလျင်ခရီးသည် ဆွဲဆောင်စရာတခု အဖြစ်ပေါ်ထွက်လာပြီး ခြင်ယင်ကင်းရှင်းသည့် ဘုရားဖူးဒေသအဖြစ် ကမ္ဘာကျော်လာနိုင်ပါသည်။
 
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.