အင်အားနည်းခြင်း၊ များခြင်းနှင့် လုပ်ရည်ကိုင်ရည် // အောင်စည်နေမျိုး //

( ၁ )
 
`စစ်တို့၏သဘောသည် အင်အားနည်းသည်၊ များသည်ဟူ၍ မရှိ၊ လုပ်ရည်ကြံရည် အရဲအစွမ်းသာ အရင်းဖြစ်သည်´ -- (ဦးဘသန်း-ဘီအေ၏ မြန်မာရာဇ၀င်မှ)
 
ဘုရင့်နောင်ကျော်ထင်နော်ရထာက သူ့ရဲ့နာမည်ကျော် နောင်ရိုးတိုက်ပွဲမှာ ပြောခဲ့တဲ့စကားပါ။ ဒီကနေ့ခေတ်မှာ စီးပွားရေး ပြိုင်ဆိုင်မှုတွေဟာ စစ်ပွဲလိုပြင်းထန်လာတော့ အဲဒီစကားကို သတိရမိတာပါ။
 
စစ်ပွဲလိုပြင်းထန်လာတဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေနဲ့အတူ စစ်ရေးဆိုင်ရာ ဝေါဟာရတွေဟာလည်း စီးပွားရေးနယ်ပယ်ထဲကို ခုန်ပေါက်ရောက်လာကြတယ်။ စစ်ရေးဗျူဟာတွေကလည်း ထို့အတူပါပဲ။
 
ဗိုလ်ချုပ်အောင်ဆန်းဟာ ကမ္ဘာ့ထိပ်သီးစစ်ပါရဂူနဲ့ စစ်ဗျူဟာအကြောင်းကို ရေးထားတဲ့ `Roots of Strategy´ စာအုပ်ကို ဂျပန်ပြည်မှာ ဖတ်ခဲ့ပါတယ်။ တရုတ်စစ်သူကြီး ဆွန်ဇူးရဲ့ နည်းပရိယာယ်များကို သူ သိပ်ကြိုက်တယ်လို့ သူ့ရဲ့ `သေနင်္ဂဗျူဟာစစ်ပညာ´ ဆောင်းပါးမှာ ရေးခဲ့ပါတယ်။ တရုတ်စစ်သူကြီး ဆွန်ဇူးဟာ ခရစ်တော်မပေါ်မီ ဘီစီ ၄၀၀ နဲ့ ၃၂၀ ကြားမှာ ပေါ်ထွန်းခဲ့တဲ့ တရုတ်တွေးခေါ်ရှင် တစ်ဦးပါ။ ဆွန်ဇူးရဲ့ `စစ်ရေးဗျူဟာကျန်း´ (Art of War) က အယူအဆတွေကို မျက်မှောက်ခေတ် စီးပွားရေးပညာရှင်တွေ စိတ်ဝင်စားလာကြပါတယ်။ လိုက်နာကျင့်သုံးလာကြပါတယ်။
 
၁၉၈၅ နှစ်က ထုတ်ဝေခဲ့တဲ့ `ပြိုင်ဆိုင်မှုသစ်´ (The New Competition) စာအုပ်မှာ ဖိလစ်ကော့တလာ (Philip Kotler)၊ လီယန်ဖာဟေး (Liam Fahey) နှင့် ဂျာတုစရိပီတ (Jatusripita) တို့က ဂျပန်စီးပွားရေး အောင်မြင်မှုဟာ စီးပွားရေးကို စစ်ပွဲပမာ သဘောထား ကျင့်သုံးခဲ့ကြလို့ဖြစ်ကြောင်းကို ဆရာနန္ဒာသိန်းဇံ ပြန်ဆိုတဲ့ `စီးပွားရေးနှင့် စစ်ရေးဗျူဟာ´ စာအုပ်ကတစ်ဆင့် သိရပါတယ်။
 
( ၂ )
 
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အင်အားကြီးတဲ့ စီးပွားရေးလုပ်ငန်းနဲ့ အင်အားနည်းတဲ့ လုပ်ငန်းငယ်လေးတွေ ရှိကြမှာပါ။ ငွေပင်ငွေရင်း ရင်းနှီးမြှုပ်နှံမှု များသူများက အင်အားကြီး စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ကြမယ်။ သူတို့ဟာ တစ်ခါတစ်ခါ ဈေးကွက်တစ်ခုလုံးကို ကြီးစိုးချယ်လှယ်နိုင်လောက်တဲ့အထိ အင်အားကောင်းကြပါတယ်။ အသေးစား စီးပွားရေး လုပ်ငန်းလေးတွေမှာတော့ အင်အားကြီးလုပ်ငန်းတွေကို မယှဉ်ရဲလောက်အောင်ပါပဲ။
 
မကြာသေးမီနှစ်များအတွင်းမှာ ကမ္ဘာ့နိုင်ငံ အတော်များများက အလုပ်လက်မဲ့တွေ၊ လစာနဲ့ မလောက်ငှတဲ့ အလုပ်သမားတွေဟာ အသေးစားလုပ်ငန်းသေးများစွာကို ထူထောင်လာကြတယ်လို့ သိရပါတယ်။
 
၁၉၅၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ရဲ့ အငယ်စား စီးပွားရေးလုပ်ငန်း အက်ဥပဒေမှာ `အငယ်စား စီးပွားရေးလုပ်ငန်း ဆိုသည်မှာ လွတ်လပ်စွာ ပိုင်ဆိုင်လုပ်ကိုင်နိုင်ပြီး လုပ်ငန်းနယ်ပယ်ကို လွှမ်းမိုးနိုင်စွမ်းမရှိသော လုပ်ငန်းကို ဆိုလိုသည်´ လို့ ဖော်ပြထားကြောင်း သိရှိရပါတယ်။ ဒီတော့ အငယ်စားလုပ်ငန်းတွေက လုပ်ငန်းနယ်ပယ်ကို မလွှမ်းမိုးနိုင်ဘူး၊ အကြီးစားလုပ်ငန်းက လွှမ်းမိုးနိုင်တယ်။ ဒီတော့ ထိပ်တိုက်ရင်ဆိုင်လာကြပြီ ဆိုပါတော့။ အငယ်စားလုပ်ငန်းလေးတွေက အရှုံးပေးရတော့မှာလား။
 
အငယ်စား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ၀ီလ်ဆင်ဟာရဲနဲ့ ဧရာမကုမ္ပဏီကြီးဖြစ်တဲ့ `ပီအန်ဂျီ´ ကုမ္ပဏီတို့ရဲ့ ထိပ်တိုက် ရင်ဆိုင်တိုးကြတဲ့ဖြစ်ရပ်ဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ အချိန်က ၁၉၆၇ ခုနှစ်ဆိုတော့ ၃၆ နှစ်ကျော်တောင် ကြာညောင်းခဲ့ပြီပေါ့။ အဖြစ်အပျက်က ဟောင်းခဲ့ပေမဲ့ အတွေးအခေါ် အယူအဆတွေက လုပ်ငန်းရှင် အသေးလေးတွေ အတုယူစရာ ကောင်းလောက်အောင်၊ လုပ်ငန်းကြီးသမားတွေ သတိထားရလောက်အောင် ကောင်းနေဆဲပါ။
 
ဟာရဲထုတ်လုပ်လိုက်တာက ကြေးချွတ်သန့်စင်တဲ့ ဓာတုဆေးရည်တစ်မျိုးပါ။ `ကြေးချွတ်ဆေး´ပဲ ဆိုပါတော့။ ဈေးကွက်ထဲ ၀င်တာမှာ ဟာရဲက လက်ဦးပါတယ်။ အမြတ်အစွန်းလည်း ခပ်မြက်မြက်လေး ရပြီးပါပြီ။ ဒါပေမဲ့ တစ်နေ့မှာ ၀ီလ်ဆင်ဟာရဲဟာ သတင်းတစ်ခုကို ကြိုတင်သိလိုက်ရပါတယ်။ `ပီအန်ဂျီ´ ကုမ္ပဏီရဲ့ ကြေးချွတ်ဆေးသစ်ဟာ ဈေးကွက်ထဲကို ၀င်တော့မယ်ဆိုတာပါပဲ။ ပထမဆုံး စမ်းသပ် ရောင်းချမယ့် ဈေးကွက်က အမေရိကန်နိုင်ငံ `ဒင်ဘာမြို့´ ဆိုတာကိုလည်း သတင်းရရှိပါတယ်။
 
ဒါနဲ့ ဟာရဲဟာ သူ့အစီအစဉ်ကို မြန်မြန်လုပ်ပါတော့တယ်။ ပစ္စည်းတွေ များများထုတ်တယ်။ များများထုတ်တော့ ဈေးသက်သာတယ်။ သက်သာတဲ့ ဈေးနှုန်းနဲ့ စတိုးဆိုင်အားလုံးလိုလိုကို တင်လိုက်တယ်။ ဟာကွက်မရှိအောင်ပေါ့။ သူ့ကုန်ပစ္စည်းဟာ ဈေးကွက်မှာ ပိုသွက်လာတယ်။
 
အဲဒီအချန်မှာ `ပီအန်ဂျီ´ ကုမ္ပဏီဟာ ဈေးကွက်ကို ၀င်လာပါတော့တယ်။ စတိုးဆိုင်တွေမှာ ဟာရဲရဲ့ ပစ္စည်းတွေက ရှိပြီးသား။ ပီအန်ဂျီပစ္စည်းကို စတိုးဆိုင်တွေက လှည့်မကြည့်တော့ပါဘူး။ လက်ရှိပစ္စည်းက အရောက်သွက်ပြီး အရှိန်ရနေတာကိုး။ `ပီအန်ဂျီ´ ဟာ အရှုံးကြီးရှုံးပါတယ်။ ဒေါ်လာ ၂၅ သန်း အရှုံးပြပါတယ်။ ၀ီလ်ဆင်ဟာရဲကတော့ အပြုံးမပျက် ပန်းပန်လျက်ပါပဲ။
 
ဝီလ်ဆင်ဟာရဲ ဘာကြောင့် အောင်မြင်ရပါသလဲ။ မြင်သာတဲ့အချက်ကတော့ သတင်းဦး၊ သတင်းထူး ကြိုတင်ရခြင်းနဲ့ လှုပ်ရှားမှု မြန်ဆန်ခြင်း၊ အတွေးအခေါ် ကောင်းခြင်းဆိုတာတွေကို ကျွန်တော်တို့ တွေ့ရမှာပါ။
 
ဆွန်ဇူးရဲ့ စစ်ရေးဗျူဟာကျမ်းမှာပါတဲ့ `လှုပ်ရှားရာတွင် လေကဲ့သို့ မြန်ဆန်သွက်လက်ပါစေ။ ခိုင်လုံသော သတင်းများ ရရှိအောင် ကြိုးပမ်းပါ´ ဆိုတဲ့ ပုံစံမျိုးပါပဲ။
 
ကနေ့ခေတ် စီးပွားရေးမဟာဗျူဟာတွေ ရေးဆွဲတဲ့အခါမှာ ရေပန်းစားတဲ့ SWOT ဆိုတာလည်း စစ်ရေးဆိုင်ရာ ဝေါဟာရပဲ မဟုတ်ဘူးလား။ မိမိရဲ့ ရန်သူတို့ရဲ့ အားသာချက် (Strength)၊ အားနည်းချက် (Weakness)၊ အခွင့်အလမ်း (Opportunities)၊ ခြိမ်းခြောက်မှုအန္တရာယ် (Threats) ကို ဂရုပြုရမယ်ဆိုတာလေ။ ကုမ္ပဏီရဲ့ ဈေးကွက်ထိုးဖောက်ရေး မဟာဗျူဟာမှာ အဲဒါဟာ သိပ်အရေးကြီးပါတယ်တဲ့။
 
လုပ်ငန်းကြီးနဲ့ လုပ်ငန်းသေးမှာ လုပ်ငန်းကြီးဟာ အရင်းအနှီး များမယ်။ နည်းပညာ မြင့်မားမယ်။ ၀န်ထမ်း အင်အားများမယ် စသဖြင့် မြင်သာတဲ့ အားသာချက်တွေ ရှိပါတယ်။ လုပ်ငန်းသေးတွေမှာလည်း ငယ်ပေမဲ့ လုပ်ငန်းကြီးထက် သာတာတွေ ရှိပါတယ်။
 
အရွယ်ပမာဏသေးငယ်လို့ တာဝန်တွေကို လုပ်ငန်းကြီးထက် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်တယ်။ လုပ်ငန်းသေး ထူထောင်သူ တစ်ယောက်အဖို့ အောင်မြင်မှုဟာ သေရေးရှင်ရေးတမျှ အရေးကြီးလို့ ဇွဲသတ္တိနေရာမှာ လုပ်ငန်းကြီးသမားဟာ သူတို့နဲ့ ယှဉ်လို့မရဘူး။ ဖောက်သည်တွေနဲ့ ရင်းနှီးအောင် လုပ်ဆောင်နိုင်တာနဲ့ လိမ္မာပါးနပ်မှုမှာ လုပ်ငန်းကြီးသမားထက် သာတယ်။ ဒါက အမေရိကန်ပညာရှင် Stevens Solomon နှိုင်းယှဉ်ပြထားတာပါ။
 
ဒီနေ့ခေတ်ကတော့ နည်းပညာတွေ ပေါက်ကွဲပြည့်လျှံနေတဲ့ ခေတ်ဆိုတော့ စီးပွားရေး လုပ်ငန်း အကြီးနဲ့အသေး ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ပိုပြီး မြန်မြန်ဆန်ဆန်ဖြစ်လာမှာ သေချာပါတယ်။ လုပ်ငန်းရှင်အငယ်လေးတွေဟာ စိတ်ဓာတ်ကျစရာတော့ မလိုပါဘူး။ လုပ်ရည်၊ ကြံရည် အရဲအစွမ်းသာ အရင်းဖြစ်ပါတယ်။
 
ဘုရင့်နောင်ဟာ ဒီစိတ်ဓာတ်နဲ့ပဲ ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တာပဲ မဟုတ်လား။
 
အောင်စည်နေမျိုး
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.