လားရာနိမ့်သော // အရိုး //

မနက်ခင်းတစ်ခုတွင် ယင်ကောင်တစ်ကောင်သည် ဖွင့်ထားသော တံခါးပေါက် တစ်ပေါက်မှ တစ်ဆင့် ခမ်းနားကြီးကျယ်လှသော အိမ်ကြီးတစ်လုံး၏ ဧည့်ခန်းအတွင်းသို့ လမ်းမှား ၀င်ရောက်မိလေ၏။ ဧည့်ခန်းထဲတွင်ကား ဧည့်သည် မိသားစု တစ်စုနှင့် အိမ်ရှင်မိသားစုတို့ သည် သားရေးသမီးရေး ဆွေးနွေးလျက် ရှိကြကုန်၏။ ယင်ကောင်သည် မီးအုပ်ဆောင်း တစ်ခုပေါ်တွင် နားလိုက်ပြီး ပြောစကားများကို နားထောင် နေလေသည်။ မိန်းမကြီးတစ်ဦးမှ ပြော၏။
 
“သားသားတို့ ဖေဖေ ကျွန်မယောက်ျားကတော့ ကုန်သည်ရူးစစ်စစ်ပါရှင်။ ဥစ္စာရူး မျိုးရိုးပေါ့။ အမြတ်ရမယ်ဆို ဘာမဆို အရောင်းအ၀ယ် လုပ်တယ်။ မြတ်နေရင် ပျော်နေတာပဲ။ ဟင်း ဟင်း”
 
ဘေးမှ ယောက်ျားကြီးမှာ ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြုံးကြီး ရှိ၏။ မျက်နှာ ချင်းဆိုင် ထိုင်နေသော အခြားမိန်းမကြီးတစ်ဦးက -
 
“အိမ်ကလူနဲ့ သိပ်မထူးပါဘူးလေ။ သူလည်း ဥစ္စာရူး မျိုး စစ်စစ်ပေါ့။ သူကတော့ ငွေရူး မမရဲ့။ ငွေရရင် ဘာလုပ်ရလုပ်ရ ငွေရှိတဲ့လူပဲ ပေါင်းတယ်။ သူ့ထက် ငွေရှိတဲ့လူဆို အောက်ကျခံပြီး ဖားပေါင်းတယ်။ သူ့လောက်မှ ငွေမရှိရင် လှည့်ကိုမကြည့်ဘူး”
 
အမျိုးသမီးကြီးဘေးမှ ယောက်ျားကြီးမှာ အားရပါးရ ပြုံး၏။ ပထမ မိန်းမကြီးက -
 
“ဒါကြောင့်လည်း မိတ်ဆွေတွေ ဖြစ်ကြပြီး သားရေး သမီးရေး ဆွေးနွေး လို့ရကြတာပေါ့။ ဟင်း၊ ဟင်း ကျွန်မကတော့လေ သိလား”
 
ဒုတိယမိန်းမကြီးက ၀င်ထောက်ပေး၏။
 
“ပြောပါဦး မမရဲ့”
 
ပထမမိန်းမကြီးက ပြုံးပြုံးကြီးနှင့် မျက်နှာထားကို ချီလိုက်ကာ -
 
“ပြောရမှာ မရှက်ပါဘူး။ ကိုယ့်ချင်း ခပ်ရှင်းရှင်းပေါ့။ ကျွန်မလည်း ဥစ္စာရူးမျိုးရိုးပဲ။ ဒါပေမဲ့ ကျွန်မက စိန်ရူး ရွှေရူးရှင့်။ စိန်တွေ ရွှေတွေ ရတနာတွေဆို ယူထားတဲ့ ယောက်ျား၊ မွေးထားတဲ့ သားထက် မပြောနဲ့ ကိုယ့်ကိုယ်ကိုယ် ထက်တောင် ပိုမက်သေးတယ်။ စိန်တွေ ရွှေတွေ မရှိတဲ့လူဆို စကားတောင် အဖက်လုပ်မပြောဘူး”
 
ဒုတိယ မိန်းမကြီးက -
 
“မှန်လိုက်လေ မမရယ်၊ ကျွန်မလည်း ဒီအတိုင်းပဲ။ စိန်တွေ ရွှေတွေကသာ လောကကြီးမှ အရေးအကြီးဆုံးပဲဟာ။ ကျွန်မလည်း မက်တာပဲ။ ဒါပေမဲ့ ကျွန်မကျ တစ်မျိုးရှင့်”
 
“ပြောပါဦး”
 
“ပြောရရင် ကျွန်မကျ ခြံရူး မြေရူး အိမ်ရူးရှင့်။ မျိုးရိုးလိုက်တာပေါ့ရှင်။ ခြံတွေ တိုက်တွေဆို သိပ်ရူးတာပဲ။ ရရင် ရသလောက်ကို လိုချင်တာ။ ဘယ်နှစ်ခြံ ဘယ်နှတိုက်ရရ ကျွန်မဖြင့် တင်းတိမ်တယ်လို့ မရှိဘူး။ ထပ်လိုချင်နေတာပဲ။ ခြံတွေ မြေတွေ တိုက်တွေသာ ပေးမယ်ဆို ကျွန်မလေ ဘာလုပ်ရလုပ်ရ ၀န်မလေးဘူး”
 
ဒုတိယမိန်းမကြီး၏ ယောက်ျား လူကြီးက ၀င်ပြော၏။
 
“ကဲ၊ ကဲ။ ကျုပ်တို့အကြောင်းတွေ တော်ကြဦးစို့။ အကြောင်းသိချင်း သန္ဓေတူ စရိုက်တူတွေမို့ ပေါင်းသင်းမိကြပြီး သားရေး သမီးရေး ဆွေးနွေးတဲ့ အခြေထိ ရောက်ကြတာပေါ့။ သားတို့ သမီးတို့ အကြောင်း ပြောကြရအောင်”
 
ထိုအခါ ပထမ မိန်းမကြီးက -
 
“ကျွန်မတို့ သားသားကတော့ တစ်မျိုးရူးတယ် ညီမရေ၊ သူရူးတာ ငယ်ငယ်က သိပ်မသိသာဘူး။ ကြီးမှ အရူးထလာတာ။ သားသားက နိုင်ငံခြား ရူး ညီမရဲ့။ နိုင်ငံခြားသာ သွားရမယ်ဆို ဘာလုပ်ရလုပ်ရ။ နိုင်ငံခြားရောက်ရင် အိမ်သာပဲ ဆေးရဆေးရဆိုတဲ့ အရူးမျိုး။ ရူးတဲ့နေရာမှာလည်း ဖအေမအေကျော်ရင်သာ နေမယ်၊ တစ်စက်လေးမှတော့ မလျှော့ဘူး”
 
ဒုတိယမိန်းမကြီးက -
 
“ကောင်းပါတယ် မမရယ်။ ဘာပဲရူးရူးပေါ့။ လူဆိုတာ တစ်ခုခုတော့ ရူးကို ရူးနေမှဖြစ်မှာ”
 
ထိုစဉ် ပထမမိန်းမကြီး၏ ယောက်ျားက -
 
“သမီးကလေးအကြောင်းလည်း ကြားပါရစေဦးဗျာ”
 
ဒုတိယမိန်းမကြီးမှာ သူ့သမီးလေးအကြောင်း ကောင်းကောင်း ကြွားရမည်ဖြစ်၍ ဂုဏ်ယူလှစွာသော မျက်နှာမျိုးဖြင့် -
 
“မီးမီး ရူးပုံရူးနည်းကတော့ ဆန်းကိုဆန်းပါတယ်ရှင်။ ကျွန်မတို့ဖြင့် လိုက်ကိုမမီဘူး။ မီးမီးက နောက်ဆုံးပေါ်ရူး အကောင်းစားရူးရှင့်။ အဆင့်အတန်း ခွဲတဲ့နေရာမှာလည်း ဘာရူးသလဲ မမေးနဲ့။ ငယ်ငယ်ကတည်းက အခုထိ ခေတ်အမီဆုံး ဈေးအကြီးဆုံး ဆိုတဲ့ဟာတွေမှာ သုံးတာ။ အဆင့်အတန်း အမြင့်ဆုံး နေရမယ်ဆို ဘာလုပ်ရလုပ်ရ၊ အဲဒီလောက်ထိ ရူးတာ။ အဆင့်အတန်း ခွဲတဲ့နေရာမှာလည်း သူ့ထက် နည်းနည်းလေး နိမ့်တယ်ထင်ရင်တောင် အဲဒီလူ မျက်နှာ ကြည့်ကိုမကြည့်တော့ဘူး”
 
ပထမမိန်းမကြီး၏ ယောက်ျားက ၀င်ပြော၏။
 
“သမီးကလေးက တော်လိုက်တာဗျာ။ အဲဒီလိုမျိုးမှ နေရာကျတာ။ သားသားနဲ့ မီးမီး သူတို့ချင်းကော ကြိုက်ကြလား”
 
ဒုတိယမိန်းမကြီး၏ ယောက်ျား သမီးရှင်က -
 
“အိုဗျာ၊ သူတို့ချင်း ချစ်တာကြိုက်တာတွေ အရေးမကြီးပါဘူး။ နောက်မှ မကြိုက်ကြလည်း ကွာကြပေါ့ဗျာ၊ ဘာအရေးလဲ”
 
ပထမယောက်ျားကြီးက -
 
“ဒါဆိုလည်း မင်္ဂလာဆောင် ပေးလိုက်ကြရုံပေါ့ဗျာ”
 
ဒုတိယမိန်းမကြီးက ၀င်၍ -
 
“ကဲ မမရေ၊ ဒါဆိုရင်ဖြင့်”
 
ယင်ကောင်သည် ကြားရသည်များကို နားကလော လာ၏။ သူသည် အညှီအဟောက်ကြားတွင်သာ နေသော ရွံစရာ သတ္တ၀ါဖြစ်ကြောင်း သူ့ကိုယ်သူသိ၏။ ယခုမူ သူ့ထက် ရွံစရာကောင်း၍ သူ ကြိုက်သော အညှီအဟောက်များထက် ပိုဆိုးသော အညှီအဟောက်များကို ကြိုက်နေကြသော သတ္တ၀ါများကို သူ တွေ့နေလေပြီ။
 
ယင်ကောင်သည် သူ နားနေသော မီးအုပ်ဆောင်းမှ ထပျံကာ လာရာလမ်းအတိုင်း ပြန်ထွက်သွားလေသည်။
 
ကျန်ရစ်ခဲ့သော အိမ်ကြီးထဲတွင်ကား လူရူးတစ်သိုက်သည် သားရူး သမီးရူးနှစ်ယောက်ကို ပေးစားရန် တိုင်ပင်ရင်း ကျန်ခဲ့ကြလေ၏။
 
အရိုး
The Ladies News
 
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.