ဟောပြောပွဲ \\ မောင်ဟစ် \\

ခုတလော မောင်ဟစ်ကို ဟောပြောပွဲ ဖိတ်ကြားသူ များလာသည်။ စာပေဟောပြောပွဲအတွက် ဆရာကြီး ကိုယ်တိုင် လာရောက် ချီးမြှင့်ပေးဖို့ ဖိတ်ခေါ်သတဲ့။
 
မောင်ဟစ် အတော်ပေါ်ပြူလာ ဖြစ်နေပြီပဲ။
 
မြန်မာပြည်အနှံ့ သွားရသည်။
 
ဒိုင်ယာရီထဲမှာ နေ့တွေရက်တွေ အချိန်တွေ မှတ်ထားရသည်။
 
ဟောပြောပွဲဆိုသည်မှာ ပျော်စရာ ကောင်းပါသည်။ စားလို့သောက် လို့လည်း ကောင်းပါသည်။
 
ဟောပြောသူများသည် ကွယ်လွန်သူ ဆရာအီကြာကွေး ပြောသလို ဖွတ်ကလိဒင်္ဂါး ရလာကြသကိုး။
 
သို့သော် ဟောပြောသူတို့၏ ညကြေးသည် နာမည်ကြီး ဓမ္မကထိကများကို မဆိုထားနှင့် အဆိုကျော်၊ ဖက်ရှင်မော်ဒယ်၊ ဧယဉ်ကျူးသူ၊ ရတုပိုဒ်စုံ ရွတ်သူ များကိုပင် မမီချေ။
 
တစ်ချိန်က ဒီထက်ဆိုးသည်။
 
မကွေးရောက်သည့်အခါ ကတ်ကြေးတစ်လက်နှင့် နှပ်ချေးထွက်အောင် ဟောရသတဲ့။
 
ဝမ်းတွင်းရောက်တော့လည်း ပုဆိုးတစ်ကွင်းနှင့် မိုးအလင်း ဟောရပြန် သကိုး။
 
အချို့က ပြောသေးသည်။ ပဲခူးရောက်သည့်အခါ ငါးချဉ်တစ်တွဲနှင့် ဖင်ပြဲအောင်ဟောခဲ့ရသတဲ့။
 
ယနေ့မှာတော့ ကွယ်လွန်သူ ဆရာအီကြာကွေးက ဟောပြောပွဲကျင်းပ သူများကို မေတ္တာရပ်ခံ သောကြောင့် စာရေးဆရာများကို ဥာဏ်ပူဇော်ခတွေကို ပစ္စည်းနှင့် မဟုတ်ဘဲ ငွေနှင့်ပေးလာကြသည်။
 
အချို့စာရေးဆရာများကတော့ ဆင်းရဲသော ဒေသများ၊ ဘုန်းတော်ကြီး ကျောင်းများကို ပြန်လှူခဲ့သော်လည်း အချို့ကျတော့လည်း ကြိုက်ဈေးရမှ လိုက်တော့သည်။
 
အချို့မှာ နှစ်နေရာကို တစ်ပြိုင်တည်း လက်ခံထားပြီး ညကြေး ပိုရသော နေရာကို ရွေးပြီးလိုက်တော့သည်။
 
“ကျန်တဲ့နေရာ ဘာဖြစ်လဲ၊ စာရေးဆရာ နေမကောင်းဘူးလို့ ပြောလိုက် ရုံပဲပေါ့”
 
မောင်ဟစ်ကတော့ ဟောပြောပွဲတွင် နောက်တန်းစာရေးဆရာဖြစ်၍ နောက်တန်းဈေးသာရ၏။ သို့အတွက် မောင်ဟစ်တို့သည် ရသမျှကို ကောက်သင်းကောက်သလို စုကြကုန်၏။ တစ်ခါတစ်ခါ မောင်ဟစ် စင်ကူးရသည်။ နီးလျှင် ကိစ္စမရှိ။ ရွှေပေါက်ကံနှင့် တာမွေဆို တော်သေး သည်။ ဟင်္သာတနဲ့ လှိုင်သာယာ ပွဲကူး ကြမ်းပါသည်။
 
အမယ်လေးလေး။
 
ဒီနေ့ မောင်ဟစ်တို့ အညာဟောပြောပွဲက ပြန်ရောက်လာသည်။ ဖင်ပူ အောင်ပင် မထိုင်ရသေး။ ဟောပြောပွဲ ဖိတ်သူက ရောက်လာသည်။
 
“ကျွန်တော် တောလတူကပါ။ ဟောပြောပွဲ လာဖိတ်တာ”
 
“ထိုင်ပါ၊ ထိုင်ပါ၊ ဘယ်သူ လွှတ်လိုက်တာလဲ”
 
ဒါက အရေးကြီးသည်။ ဟောပြောပွဲတွင် ဦးစီးရှိသည်။ သူသည်လည်း ကနားစီးလို ကန်ထရိုက်လို နေရာကိုယူထား၏။ အကယ်၍ သူ့ကိုကျော်လုပ်ပါက တစ်နပ်သာစားရပေမည်။ သို့သော် တစ်ခါတစ်ခါလည်း သူကိုယ်တိုင် လာဖိတ်သူရှိသည်။ သို့လင့်ကစား ကနားစီး၊ အဲလေ ဟောပြောပွဲကန်ထရိုက်ကို လှမ်းအကြောင်းကြား ရသေးသည်။
 
“ကျွန်တော်က ကဗျာဆရာ၊ တော်လတုသန်းဥပါဆရာ။ ကျွန်တော်တို့ ရွာ စာကြည့်တိုက်ဖွင့်ပွဲပါ ဆရာ၊ ကိုယ်တိုင်လာ ဖိတ်တာ”
 
“ဟာ ကောင်းလိုက်တာ၊ ခုခေတ် စာကြည့်တိုက်ဖွင့်ပွဲတွေ ဆရာ ကန်တော့ပွဲတွေမှာ ဒီလို ဟောပြောပွဲတွေ လုပ်လာကြတာပဲ။ ကောင်းလိုက်တာ။ ဘယ်သူတွေ ပါသေးလဲ”
 
“မင်းသမီး ဝေဆာ ပါဆရာ”
 
“ဟေ၊ မင်းတို့ဆီက စာပေဟောပြောပွဲမှာ မင်းသမီး ဖိတ်ရလား။ သူ ဘာစာတွေ ရေးဖူးလို့လဲ”
 
“ဆရာမသိသေးဘူး ထင်တယ်။ ဆရာမဝေဆာဟာ အပြောကောင်း ဆရာရဲ့။ ခုခေတ်မှာ ဟာသ လူရွှင်တော်တွေ၊ သရုပ်ဆောင်တွေတောင် ဟောပြောနေတယ်လေ။ သူတို့ကို လူကြိုက်တယ်။ စစ်မှူးကြီးတို့လည်း ပါတယ်”
 
“အေး၊ ကောင်းတယ်ကွာ။ ဒါနဲ့ ဘာသောက်မလဲ၊ အအေးလား၊ ကော်ဖီလား၊ ဟဲ ဟဲ”
 
“ရပါတယ် ဆရာ”
 
“ဒါနဲ့ ဘယ်နေ့ ဟောရမှာလဲ”
 
“၇ ရက်နေ့ ဆရာအားလားဆရာ”
 
“အင်း”
 
မောင်ဟစ် လက်ကိုင်ဖုန်းကို ဖွင့်ကြည့်လိုက်သည်။
 
“ရတယ်ကွ၊ ဒါပေမဲ့ ၈ ရက်နေ့ကျရင်တော့ ကရင်ပြည်နယ် သွားရမယ်ကွဲ့”
 
“ဆရာပြန်လာရင် မီပါ့မလား”
 
“မင်းတို့ရွာက ညချင်းပြန်မပို့ပေးဘူးလား”
 
“ရပါတယ်ဆရာ၊ ဆရာလိုက်လို့ ဖြစ်ရင်ပြီးတာပဲ”
 
“ဟဲ၊ ဟဲ၊ ဟဲ ရပါတယ်၊ လိုက်ဖြစ်ပါတယ်”
 
“ဆရာ့ဓာတ်ပုံရယ်၊ ကိုယ်ရေးအကျဉ်းလေးရယ်”
 
“ဒီမှာ” မောင်ဟစ်သည် အသင့်ဆောင်ထားသော ကိုယ်ရေးနှင့် ဓာတ်ပုံကို ပေးလိုက်သည်။
 
“နောက် ဘာလိုသေးလဲ”
 
“ကျွန်တော် စာပေဟောပြောပွဲ အတော် နားထောင်ဖူးတယ် ဆရာ၊ စာရေးဆရာက ပထမဆုံး သူတို့အခမ်းနားမှူး မိန်းကလေးတွေ အကြောင်းပြောတယ် ဆရာ”
 
“ဟေ၊ ဟုတ်တယ်လေ။ ၀ါရင့် စာပေဟောတဲ့ ဆရာကြီးတွေဖြစ်တဲ့ လယ်တွင်းသားစောချစ်တို့၊ နေ၀င်းမြင့်တို့ ဒီလိုပြောတာပဲ ဆရာ”
 
“ဟုတ်ပါတယ် ဆရာ၊ နောက် ဟောတဲ့လူတွေကလည်း ဒီလိုပဲ ပုံတူပြောကြတယ် ဆရာ”
 
“အတုမြင် အတတ်သင်ပေါ့ကွ”
 
“နောက် စာရေးဆရာက သူ ဘယ်လောက်တော်ကြောင်းကို ပြောတယ် ဆရာ”
 
“ဟေ၊ ဒါကတော့ ပုဂ္ဂိုလ်ခင်မှ တရားမင်မှာကိုး ဆရာ”
 
“ဟုတ်ကဲ့ဆရာ၊ နောက် စာရေးဆရာက ကျွန်တော်တို့ အားလုံးသိနေတဲ့ ဟာသပြောတယ်ဆရာ၊ တစ်ခါတစ်ခါလည်း အောက်လုံးတွေ ပါတယ် ဆရာ”
 
“ဟဲဟဲ၊ ပရိသတ်ကို ဖျော်ဖြေတာပါကွာ”
 
မောင်ဟစ်ကို လာရောက်ဖိတ်ကြားသော ကဗျာဆရာ တော်လတုသန်းဥသည် တစ်စုံတစ်ခုပြောရန် ခေါင်းကို ကုတ်နေသည်။
 
“ဆရာဟစ်၊ စင်ပေါ်မှာ သီချင်းဆိုလား”
 
“မဆိုတတ်ဘူး။ ဘာလို့ မေးတာလဲ”
 
“စာရေးဆရာဦးပြုံး-ဓာတု ဆိုရင် ဂီတာကြီးနဲ့ လာတာ”
 
“သူ စင်မှားနေလားမှ မသိတာ”
 
“မဟုတ်ဘူးဆရာ၊ ဗေဒင်ဆရာ ခင်သော်ကြည် ဆိုရင် စီဒီခွေနဲ့လာတာ၊ အဲဒါဖွင့်ပြီး ဆိုတာ”
 
“ဟုတ်လား၊ ကျွန်တော်လည်း သုမော်နဲ့ ဟောပြောပွဲ သွားဖူးပါတယ်။ သူ မကွယ်လွန်ခင်က မိတ္ထီလာမှာလည်း ပြောဖူးတယ်။ ၀မ်းတွင်းမှာလည်း ပြောဖူးတယ်။ မြင်းခြံမှာလည်း ပြောဖူးတယ်”
 
“သူ ဘာသီချင်းတွေ ဆိုလဲ ဆရာ”
 
“ဘာ သီချင်းမှ မဆိုဘူး”
 
“ဟင်၊ သူ ဒီလောက် အဆိုကောင်းတာ”
 
“သူ့ကို စာရေးဆရာအနေနဲ့ပဲ ဖိတ်ထားတာ မဟုတ်လား”
 
“သူ မဆိုဘူးပေါ့”
 
“မဆိုဘူး။ သူ စင်မှမမှားတာပဲ”
 
“ဆရာဟစ် အချို့ စာရေးဆရာတွေဆိုရင် အရင်အစိုးရမှားခဲ့တာတွေ ထောက်ပြတယ်”
 
“အေးကွ”
 
“သူတို့ လက်ခုပ်သံတွေ အများကြီးပဲ”
 
“သူတို့က မဟုတ်တာလည်းပြော စုတ်တာလည်း ပြောပဲ”
 
“အချို့က နိုင်ငံခြားက လူတွေ အရမ်းတော်တယ်ဆိုတာကို ပြောတာပဲ”
 
“တို့ မြန်မာတွေ ညံ့တယ်လို့ ဆိုလိုတာကိုး”
 
“အချို့ စာရေးဆရာတွေက နိုင်ငံခြားမှာ ပိုက်ဆံအိတ် ချထားတောင် မခိုးဘူး။ မေ့သွားရင်လည်း ပြန်ပေးတယ်တဲ့”
 
“သူတို့ ခဏရောက်ပြီး အထင်ကြီးနေကြတယ်။ တို့ မြန်မာတွေ သူခိုးတွေပဲလို့ ပြောချင်တာကိုး”
 
“အင်း၊ အဲဒါ ခက်တာပဲ” ကဗျာဆရာ တော်လတုသန်းဥသည် ခေါင်းကိုကုတ်ကာ ညည်းနေလေသည်။
 
“ဘာ ခက်တာလဲ”
 
“ဆရာဟစ်က အခမ်းအနားမှူး ကောင်မလေးတွေအကြောင်းလည်း မပြောတတ်ဘူး”
 
“အေးလေ၊ မင်းဘယ်လို သိလဲ”
 
“ဆရာ့အခွေတွေ နားထောင်လို့ပါ။ ဆရာက ကိုယ်ရည်လည်း မသွေးတတ်ဘူး”
 
“အေးလေ၊ ငါက စာပေလာဟောတာပဲ”
 
“ဒါပေမဲ့ ဆရာက သီချင်းလည်း မဆိုတတ်ဘူး”
 
“နိုင်ငံခြားမှာ ခြင်ကိုက်ဘူး၊ အင်မတန်ကောင်းတယ် ဆိုတာလည်း မပြောတတ်ဘူး။ ပြီးတော့ သူခိုးမရှိဘူးဆိုတာလည်း မပြောဘူး”
 
“အင်းလေ၊ ဒါဆိုရင် ဆရာဟစ် ဘာပြောမလဲ”
 
“သူတို့က အဲဒါကို ၉၀ ရာခိုင်နှုန်းပြောတာ ဒီအကြောင်းတွေပဲ”
 
“ဟုတ်မှာပေါ့”
 
“ဆရာဟစ်က ဘာပြောမလဲ”
 
“စာပေအကြောင်း ၊ စာဖတ်တဲ့အကြောင်း၊ စိတ်ကောင်းထားတဲ့ အကြောင်း”
 
“ခက်တာပဲ ဆရာဟစ်၊ ဆရာဟစ်ကိုခေါ်လို့ မဖြစ်ဘူးထင်တယ်”
 
“ဘာဖြစ်လို့လဲ”
 
“စာပေဟောပြောပွဲမှာ အနည်းဆုံး တစ်နာရီ၊ တစ်နာရီခွဲ ပြောတာလေ။ ဆရာဟစ် ဒီအကြောင်းကို ပြောမယ်ဆိုတော့ ၁၀ မိနစ်စာပဲရှိတယ်။ ဒီ ၁၀ မိနစ်စာအတွက် ဆရာဟစ်ကို ဘယ်လို ဥာဏ်ပူဇော်ခ ပေးရမှာလဲ။ ဆရာဟစ် သွားလာစရိတ်၊ စားစရိတ်၊ သောက်စရိတ်”
 
“ဟေ၊ ဒါဆိုရင် ငါ ဘာလုပ်ရမလဲ”
 
“ဆရာဟစ်၊ ဂီတာနဲ့ သီချင်းတစ်ပုဒ်လောက် ကျင့်လိုက်ပါလား”
 
“ဟစ်ဟော့လား၊ ရက်ပ်လား”
 
“မဟုတ်ဘူးဆရာဟစ်၊ ငါက ဗိုလ်အောင်ဒင်၊ နင်က ဒါကိုမမြင်”
 
“ဗြဲ”
 
မောင်ဟစ်
The Ladies News

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.