ဒုက္ခအခက်အခဲတွေကြားမှ ရွှေရောင်အနာဂတ်ဆီသို့ လျှောက်လမ်းနေသူ || အောင်သူချမ်းမြေ့(ခေတ္တတောင်အာဖရိက) ||

လွန်ခဲ့တဲ့မတ်လ ၂၃ ရက်နေ့က တောင်အာဖရိနိုင်ငံ ဂျိုဟန်နက်စ်ဘတ်(ဂ်) မြို့ Wits Great Hall မှာ မြန်မာ လူမျိုးဖြစ်သူ ကိုမျိုးနိုင်၏ PhD ဘွဲ့ယူတဲ့ အခမ်းအနားကို တက်ဖြစ်ခဲ့ပါတယ်။ တောင်အာဖရိနိုင်ငံမှာ မြန်မာလူမျိုး ထဲက အခုလို PhD ဘွဲ့မျိုးရတာ ကိုမျိုးနိုင်က ပထမဦးဆုံးလို့ ဆိုနိုင်ပါ တယ်။ ကိုမျိုးနိုင် အခုလို ဘွဲ့မျိုးရအောင် ယူနိုင်တာ တော်ရုံကြိုးစားမှုနဲ့ ဘယ်လိုမှ မရနိုင်ပါဘူး။ ကိုမျိုးနိုင်ဟာ နိုင်ငံရပ်ခြားမှာ ကျောထောက် နောက်ခံ ဆွေးမျိုးမရှိဘဲနဲ့ သူ့ဘဝသူ ထိန်းကျောင်းပြီးတော့ သူ့ဘဝရဲ့ ရွှေရောင်အနာဂတ်ကို သူကိုယ်တိုင် ပုံဖော်ကြိုးစားသူ ဖြစ်ပါတယ်။ တကယ်တော့ ကိုမျိုးနိုင်ဟာ အရင်စစ်အစိုးရ လက်ထက် မြန်မာပြည် ကနေ ထိုင်းဘက်ကို ခေတ္တတိမ်းရှောင်ထွက်လာရင်း ကြုံတွေ့လာတဲ့ ဒုက္ခတွေကို ရဲရင့်စွာ ရင်ဆိုင် ကျော်ဖြတ်ကာ အခုလို PhD ဘွဲ့ကြီးကို ရအောင်ယူခဲ့တာပါ။
 
ကိုမျိုးနိုင်ဟာ မြန်မာပြည်က ထိုင်းဘက်ကို ဘယ်လိုထွက်လာပြီး တောင်အာဖရိကနိုင်ငံသို့ ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာကာ အခုလို ဘွဲ့မျိုးရအောင်ယူခဲ့သလဲ၊ အခုမြန်မာပြည်ကို ပြန်ဖို့အတွက် ဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာ ကျွန်တော်မေးမြန်းထားပါတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် ထိုင်းကို ဘယ်ခုနှစ်က ထွက်ခဲ့တာလဲ။ ထိုင်းကို ဘယ်လို ရောက်တာလဲဗျ။
 
ကိုမျိုးနိုင် ။ ။ ကျွန်တော် ထိုင်းကို မေလ ၂ ရက် ၂၀၀၂ ခုနှစ် နေ့လယ် ၃ နာရီလောက်က ရောက်ခဲ့ပါတယ်။ အိမ်က ထွက်လာတာတော့ မေလ ၁ ရက်နေ့ (အလုပ်သမားနေ့) ညနေ ၅ နာရီခွဲလောက်မှာ အဖေနဲ့ အမေ့ကို ဦးချ ကန်တော့ပြီး ထွက်လာခဲ့တာပါ။ (အဲဒီအချိန်တုန်းကတော့ အဖေနဲ့အမေ့ကို နောက်ဆုံးအကြိမ် ကန်တော့ရခြင်း ဆိုတာ မသိခဲ့ဘူးပေါ့။) အိမ်က ထွက်လာပြီး အဝေးပြေးကားဂိတ်သို့ သွားပါတယ်။ (စော်ဘွားကြီးကုန်း အဝေးပြေး ကားဂိတ်လို့ ထင်တယ်၊ မမှတ်မိတော့ဘူး။) ကားဂိတ်ကနေ ည ၇ ခွဲလောက်မှာ နယ်စပ်မြို့လေးဖြစ်တဲ့ မြဝတီမြို့သို့ သွားတဲ့ ဘတ်စ်ကားကြီးကို တစ်ညလုံးစီးပြီး ခရီးထွက်ပါတယ်။ လမ်းမှာ မနက် လေးနာရီလောက်ကျတော့ စစ်တောင်းတံတားကြီး မဖွင့်သေးလို့ စောင့်နေရတာ မှတ်မိသေးတယ်။ မနက် ၇ နာရီလောက်ကျတော့ ကားပြောင်း စီးရတယ်။ ကားစီးလာတော့ လမ်းဘေးဝဲယာမှာ တောင်ကမ်းပါးတွေ၊ ချောက်ကြီးတွေကိုလည်း မှတ်မိသေးတယ်။ မနက် ၁၀ နာရီလောက်မှာ မြဝတီကို ရောက်တယ်။
 
မြဝတီရောက်တော့ တည်းခိုခန်းလေးမှာ သုံးရက်စာ ငှားလိုက်တယ်။ ပြီးတော့ နံနက်စာထွက်စားရင်း ထိုင်းမှာရှိတဲ့ ဆရာဦးဇင်လင်းဆီကို ဖုန်းဆက်တယ်။ ဆရာဦးဇင်လင်းက ကျွန်တော့်ရဲ့ နိုင်ငံရေးလက်ဦးဆရာပါ။ ကျွန်တော့် အပေါ်မှာ ဆရာ့ကျေးဇူးတွေ အများကြီးရှိပါတယ်။ အခုလို ပညာသင်ခွင့်ရတာလည်း ဆရာ့ကျေးဇူးတွေကြောင့်ပါ။ ဆရာဦးဇင်လင်းဆီ ဖုန်းဆက်တော့ ဆရာက ကျွန်တော့်ကို ထိုင်းရောက်ရင် နားမည်အရင်း မသုံးဖို့အတွက် မှာကြားတယ်။ အဲဒီလို မှာကြားပြီး ဆရာကပဲ ကျွန်တော်ထိုင်းမှာ သုံးဖို့အတွက် မင်းစိုးဆိုတဲ့ နာမည်ပေးတယ်။ နောက်ပြီးတော့ ကျွန်တော့်ကို လာကြိုမယ့် သူရဲ့ နာမည်ကို ပြောတယ်။
 
ကျွန်တော် ။ ။ ထိုင်းမှာဘာဖြစ်လို့ နာမည်အရင်း မသုံးခိုင်းတာလဲ။ အဲဒီအချိန်မှာ ကိုမျိုးနိုင်တို့ကို စစ်အစိုးရက ထိန်းသိမ်းထားဖို့ ပြင်ဆင်နေလို့လား။
 
ကိုမျိုးနိုင် ။ ။ နာမည်အရင်း မသုံးတာကတော့ ကျွန်တော့်ကြောင့် ကျွန်တော် အလုပ်လုပ်နေတဲ့ မဂ္ဂဇင်းတိုက်နဲ့ စာအုပ်တိုက်ကို ထိခိုက်မှာစိုးလို့ပါ။ ကျွန်တော် ထိုင်းကို စထွက်လာတုန်းကတော့ အစိုးရက ကျွန်တော်တို့ကို ထိန်းသိမ်းဖို့ မလုပ်ကြသေးပါဘူး။ မျက်မုန်းတော့ ကျိုးနေမှာပေါ့ဗျာ။
 
ကျွန်တော် ။ ။ ဟုတ်ကဲ့ပါ။ အခုနက ထိုင်းကို ဘယ်လိုဝင်ခွင့်ရတယ် ဆိုတာလေးကို ပြန်ပြောပါဦး ခင်ဗျာ။
 
ကိုမျိုးနိုင် ။ ။ နောက်တစ်နေ့ကျတော့ ထိုင်းကိုကူးဖို့ ဖြတ်သန်းခွင်(pass) ယူရတယ်။ အဲဒီအချိန်တုန်းက pass ယူတဲ့ သူတွေက အများကြီးပဲ။ ပျော်စရာတောင် ကောင်းသေးတယ်။ ပြီးတော့ အန္တရာယ်ကလည်း များသလားမမေးနဲ့။ မသင်္ကာလို့ စစ်ဆေးမေးမြန်းရင် ချုပ်နှောင်ခံရမှာလေ။ ကျွန်တော်က ကံကောင်းတော့ ဘာအခက်အခဲမှ မရှိဘဲ ထိုင်းမှာ နေခွင့်တစ်ပတ်စာ pass ရသွားတယ်။
 
တကယ်လို့ စစ်ဆေးမေးမြန်းခံရရင်လည်း ဘယ်လိုဖြေရမလဲဆိုတာ ကြိုတင်ပြင်ဆင်ပြီးသားပါ။ ကျွန်တော်က အဲဒီအချိန်မှာ မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာ လုပ်နေတာလေ။ အယ်ဒီတာ ဖြစ်ခါစပေါ့။ အရင်တော့ လက်ထောက် အယ်ဒီတာ လုပ်နေတာပါ။ ပြီးတော့ စာတွေလည်း ရေးတယ်။ ဒါကြောင့် စစ်ဆေးမေးမြန်းရင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေအကြောင်း ဆောင်းပါးရေးဖို့အတွက် မဲဆောက်ကို လာတာပါလို့ ဖြေလိုက်မှာပါ။ ကျွန်တော်က အနေအထိုင် သိုသိပ်တော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နာမည်မထွက်ခဲ့ဘူးလေ။ ဒါကြောင့် ကျွန်တော်က ထိုင်းဘက်ကိုဝင်ခွင့် pass အဆင်ပြေ ချောမွေ့စွာ ရခဲ့ပါတယ်။ ထိုင်းဘက်ကို ဝင်ခွင့်ကတ်လေး ကိုင်ပြီး Friendship တံတားကြီးပေါ်ကနေ ဖြတ်လျှောက်လာခဲ့တာ တံတားထိပ်ရောက်တော့ အမျိုးသား တစ်ယောက်က ဆိုင်ကယ်နဲ့ အသင့်စောင့်နေတာ တွေ့ရတယ်။ အဲဒီအချိန်တုန်းက တံတားထိပ်မှာလည်း သူတစ်ဦးပဲရှိတာ။ ကျွန်တော်လည်း ဆိုင်ကယ်နဲ့လူအနားကို အေးအေးဆေးဆေး က္ကနြေ္ဒရရနဲ့ ကပ်သွားတော့ သူကပြုံးပြတယ်။ "ကိုမင်းစိုး လားတဲ့"။ ကျွန်တော်ကလည်း "အစ်ကို ဒေါက်တာစန်းအောင်လား"လို့ ပြန်နှုတ်ဆက်ပြီး ဟုတ်တယ်လို့ ပြောတာနဲ့ ဆိုင်ကယ်ပေါ်တက်ထိုင်ပြီး လိုက်သွားလိုက်ပါတယ်။
 
မေး ။ ။ ကိုမျိုးနိုင် အရင်က ဒေါက်တာစန်းအောင်နဲ့ မသိဘူးပေါ့။
 
ဖြေ ။ ။ ဟုတ်ကဲ့ မသိပါဘူး။ အဲဒီနေ့ကမှ ဒေါက်တာစန်းအောင်နဲ့ စပြီးတွေ့ဖူးတာပါ။ သူ့ကိုလည်း ဒေါက်တာစန်းအောင်မှန်း မသိခဲ့သလို မြန်မာနိုင်ငံရဲ့ အဝေးရောက်ဝန်ကြီး၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံ အမတ်တစ်ဦးမှန်းလည်း မသိခဲ့ပါဘူး။ ဒေါက်တာစန်းအောင်ကလည်း ကျွန်တော့်ကို ညီအရင်းတစ်ယောက်လို သဘောထားပြီး စောင့်ရှောက်ခဲ့ပါတယ်။ ဆရာ့ကျေးဇူးတွေလည်း ကျွန်တော့်အပေါ်မှာ အများကြီးရှိပါတယ်။
 
ကျွန်တော် ။ ။ ခုနက ကိုမျိုးနိုင် အယ်ဒီတာလုပ်တယ်လို့ ပြောလိုက်တယ်နော်။ ဘယ်မဂ္ဂဇင်းတိုက်မှာ လုပ်တာလဲဗျ။
 
ကိုမျိုးနိုင် ။ ။ "ဆု" စာအုပ်တိုက်မှာ လုပ်တာပါ။ ကျွန်တော်တို့ စာအုပ်တိုက်နေ လစဉ် သုံးအုပ်ထွက်တယ်။ The Light of English, English for All နဲ့ The International တို့ပါပဲ။ အလွန်ကို အောင်မြင်တဲ့ မဂ္ဂဇင်းတွေပါပဲ။ ကျွန်တော်အဓိက လုပ်ရတာက The light of English နဲ့ The International ပါပဲ။ English for All ကိုတော့ ဆရာဦးဝင်းတင်က တာဝန်ယူပြီး လုပ်ပါတယ်။ ဖြန့်တာလည်း သူပဲ ဖြန့်ပါတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် ထိုင်းကို ဘာကြောင့် ထွက်လာခဲ့တာလဲ ခင်ဗျာ။
 
ကိုမျိုးနိုင် ။ ။ ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လုပ်ရအောင် ခြောက်လဖြစ်ဖြစ် တစ်နှစ်ဖြစ်ဖြစ် ထိုင်းမှာနေမယ်လို့ ရည်ရွယ်ပြီး ထွက်လာခဲ့တာပါ။ အကြာကြီး နေမယ်လို့ စိတ်မကူးခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာပြည်က ကျွန်တော့် လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေက ၂၀၀၂ ဩဂုတ်လထဲမှာ အဖမ်းခံကြရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘန်ကောက်မှာ ကြာသွားတယ်။ မြန်မာပြည် ပြန်လို့ မရတော့တာနဲ့ ထိုင်းမှာနေရင်း ပညာသင်ဆုတွေ လျှောက်တော့ ၂၀၀၃ မှာ မဟာသိပ္ပံ (Master of Management ) တက်ခွင့်ရတယ်။
 
ကျွန်တော် ။ ။ အဲဒီအချိန်တုန်းက ကိုမျိုးနိုင် ဘယ်ရောက်နေသလဲလို့ မြန်မာအစိုးရက ဖမ်းထားတဲ့ ကိုမျိုးနိုင့် သူငယ်ချင်း တွေကို စစ်ဆေးမေးမြန်းမူတွေ မလုပ်ဘူးလား။
 
ကိုမျိုးနိုင် ။ ။ လုပ်တာပေါ့ဗျာ။ ရက်စက်ကြမ်းတမ်းစွာ စစ်ဆေးတော့ ကျွန်တော့် အိမ်လိပ်စာသိသွားတဲ့အခါ ကျွန်တော့်အဖေကို တစ်ပတ်ခေါ်ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ပါတယ်။ ပြီးတော့ ကျွန်တော့်အဖေကို အလုပ်ဖြုတ်လိုက်ပါတယ်။ ကျွန်တော့်အဖေက အစိုးရဝန်ထမ်းကိုးဗျ။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင်အဖေနဲ့ အမေက ဘယ်တုန်းက ဆုံးသွားတာလဲဗျ။
 
ကိုမျိုးနိုင် ။ ။ အဖေလည်း အလုပ်ပြုတ်ပြီးနောက် နှစ်နှစ်မပြည့်ခင် ၂၀၀၄ ခုနှစ်မှာ ဆုံးသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်သိတာကတော့ ၂၀၀၇ ခုနှစ်ရောက်မှ သိရပါတယ်။ ကျွန်တော့် အကိုတွေ အစ်မတွေက ကျွန်တော့်ကို စိတ်ဆင်းရဲမှာစိုးလို့ မပြောတာတဲ့။ အမေလည်း ၂၀၀၇ မှာ ဆုံးသွားပါတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင့်သူငယ်ချင်းတွေ (ရဲဘော်တွေ) ကိုကော စစ်အစိုးရက ထောင်ဘယ်လောက် ချလိုက်သလဲ ကိုမျိုးနိုင် သိလား။
 
ကိုမျိုးနိုင် ။ ။ ဟုတ်ကဲ့။ တချို့ကို လေးနှစ်။ တချို့ကို ရှစ်နှစ်နဲ့ တစ်ဦးနှစ်ဦးကိုတော့ ၁၄ နှစ်လောက် ချလိုက်တယ် လို့ ကြားတယ်။ ဒါပေမဲ့ သူတို့ နှစ်ပြည့်အောင် မနေကြရပါဘူး။ စောစော ပြန်လွတ်လာကြပါတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် ထိုင်းမှာ ဘယ်လောက်ကြာ နေခဲ့တာလဲဗျ။
 
ကိုမျိုးနိုင် ။ ။ သုံးနှစ်လောက် နေခဲ့တယ်။ အတိအကျ ပြောရရင်တော့ ၂ နှစ် ၉ လ နဲ့ ၁ ရက်ပါ။ ၂၀၀၂ ခုနှစ် မေလ ၂ ရက်မှာ ထိုင်းနိုင်ငံ မဲဆောက်ကို ရောက်တယ်။ ဘန်ကောက်ကို နောက်တစ်နေ့ မေလ ၃ ရက်နေ့မှာ ရောက်တယ်။ ပြီးတော့ ဘန်ကောက်ကနေ ၂၀၀၅ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံကို ထွက်လာခဲ့ပါတယ်။
 
ကျွန်တော် ။ ။ တောင်အာဖရိကကို ဘယ်ခုနှစ်က စရောက်ပြီး PhD ရဖို့ ဘယ်နှနှစ် ကြိုစားခဲ့ရသလဲဗျ။
 
ကိုမျိုးနိုင် ။ ။ တောင်အာဖရိကနိုင်ငံကို ၂၀၀၅ ခုနှစ် ဖောဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်မှာ ရောက်တယ်။ ကျွန်တော်တို့ကို ဒေါက်တာသိန်းဝင်းက လေဆိပ်ကနေ ကြိုဖို့အတွက် စောင့်နေပါတယ်။ တောင်အာဖရိက လာတာ ပထမတော့ မဟာသိပ္ပံ(စီမံခန့်ခွဲမှု) (Master of Management) ဘွဲ့အတွက် ကျောင်းတက်ဖို့ပါ။ အဲဒီ မဟာဘွဲ့ ရတဲ့အခါ ကျွန်တော်က အမှတ်ကောင်းတော့ ကျွန်တော့် သုတေသနကို ကြီးကြပ်တဲ့ ပါမောက္ခက(Supervisor ခေါ်တာပေါ့) PhD ဆက်တက်ဖို့ တိုက်တွန်းပါတယ်။ ဒါကြောင့် ၂၀၀၈ မှာ PhD စတက်ဖြစ်ခဲ့ပါတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် PhD ဘွဲ့ရဖို့ နှစ်တွေ အကြာကြီး ကြိုးစားခဲ့ရတာနော်။
 
ကိုမျိုးနိုင် ။ ။ ဟုတ်ကဲ့။ ကြာတာက ဒီလိုပါ။ PhD လုပ်နေရင်း မထင်မှတ်ဘဲ အပြောင်းအလဲနှစ်ခု လုပ်လိုက်ရလို့ သုံးနှစ်လောက် နစ်နာသွားတယ်။ ပထမ အပြောင်းအလဲက ကျမ်းခေါင်းစဉ် အကြောင်းအရာ (Topic) ပြောင်းလိုက်ရခြင်းပဲ။ ပထမ ကျွန်တော့် သုတေသနက အာရှနိုင်ငံ ငါးနိုင်ငံဖြစ်သော (တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊) တွေရဲ့ စက်မူတော်လှန်ရေးလို့ ခေါ်ရမယ့် Industrialisation ကို လေ့လာတာပါ။ ပြီးတော့ မြန်မာပြည်အတွက် ယူရမယ့် သင်ခန်းစာကို ထုတ်နုတ်ယူဖို့ပါ။ ကျွန်တော့် မဟာသိပ္ပံအတွက် သုတေသန ကလည်း အဲဒီအကြောင်း အရာပါပဲ။ အဲဒီတုန်းကတော့ သုံးနိုင်ငံ (တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား)ကို လေ့လာတာပါ။ PhD အတွက်ကတော့ နောက်ထပ် နှစ်နိုင်ငံပေါင်းပြီး လုပ်တာပါ။ ပိုပြီး ထဲထဲဝင်ဝင် သုတေသန လုပ်ရမည့် အစီအစဉ်ပါ။ အာရှနိုင်ငံတွေကို လေ့လာတဲ့ အကြောင်းအရင်းကလည်း ကိုယ့်နိုင်ငံအတွက် ပြန်ပြီး အသုံးချချင်လို့ပါ။
ဒါပေမဲ့ အဲဒီအကြောင်းအရာကို သုတေသနလုပ်ရင်းနဲ့ လိုအပ်တဲ့အချက်အလက် (data) အပြည့်အစုံ မရနိုင်တာမို့ (Topic) ပြောင်းရပါတယ်။ နောက်ပြောင်းလိုက်တဲ့ (Topic) ကတော့ တောင်အာဖရိကနိုင်ငံရဲ့ စည်ပင်သာယာအဖွဲ့ (municipalities) တွေကို လေ့လာတာပါ။
 
နောက်ပြီး အချိန်ထပ်ကြာချင်တော့ ကျွန်တော့် supervisor (ကျမ်းစာကြီးကြပ်သူ) ပါမောက္ခက ၂၀၁၀ မှာ ကျောင်းက နေထွက်သွားတယ်။ အဲဒီဆရာက ကျွန်တော့် မဟာသိပ္ပံသုတေသန စာတမ်းကို ကြီးကြပ်သူလည်းဖြစ်၊ ကျွန်တော့်ကို PhD တက်ဖို့ တိုက်တွန်းတဲ့ သူလည်းသူဖြစ်တော့ သူမရှိတဲ့အခါ နောက်ထပ် supervisor ထပ်ရှာရတော့ အချိန်တွေ ထပ်ကြာ သွားတာပေါ့။ ဒါပေမဲ့ အလုပ်ထဲမှာ၊ စာထဲမှာ စိတ်ဝင်စားပြီး ပျော်နေတော့ အချိန်တွေက ကြာတယ် မထင်ခဲ့ပါဘူး။ သုတေသနလုပ်တာနဲ့ ကျမ်းစာရေးတာက အားလုံးပေါင်း ရှစ်နှစ်ကြာပါတယ်။ ၂၀၁၆ မတ်လမှာ ပြီးခဲ့ပါတယ်။ ကျမ်း (Thesis)ကို စစ်ဆေးတာက ၂၀၁၇ ဖေဖော်ဝါရီမှာ ပြီးပြီး မတ်လ ၂၃ ရက်နေ့မှာ ဘွဲ့ရပါတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် စကောလားရှစ် တက်နိုင်ဖို့အတွက် ဘယ်သူတွေက ကူညီခဲ့တာလဲဗျ။ နောက်ပြီးတော့ မဟာသိပ္ပံနဲ့ ပါရဂူဘွဲ့အတွက် ပညာသင်ဆု ဘယ်နှဆုရခဲ့သလဲ ပြောပြာပါဦး။
 
ကိုမျိုးနိုင် ။ ။ မဟာသိပ္ပံနဲ့ ပါရဂူဘွဲ့အတွက် ပညာသင်ဆု ငါးဆု ရခဲ့ပါတယ်။ စကောလားရှစ် တက်နိုင်ဖို့ ကူညီခဲ့တာ ကတော့ ဒီလိုပါ။ ဒေါက်တာဇာနည် ဦးစီးတဲ့ Institute for Community and Institutional Development-Burma (ICID) အဖွဲ့ကနေပေးတဲ့ ပညာသင်ဆု Scholarship ရပါတယ်။ အဲဒီ ပညာသင်ဆုဟာ မဟာသိပ္ပံ (စီမံခန့်ခွဲမူ) Master of Management) ဘွဲ့အတွက် ကျောင်းတက်ဖို့ပါ။
 
ပါရဂူဘွဲ့ (PhD) အတွက်ကတော့ ကျွန်တော်တက်နေတဲ့ ဗစ်တာဝါရမ်တက္ကသိုလ် (University of the Witwatersrand) က ထူးချွန်ကျောင်းသားတွေကို ပေးတဲ့ Post Graduate Merit Award ကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ အတွက် သုံးနှစ်ပေးတယ်။ ကျွန်တော်က မဟာသိပ္ပံမှာ အမှတ်ကောင်းလို့ (ဘာသာတိုင်းမှာ ပျမ်းမျှအမှတ် ၇၀ ရတဲ့အတွက်) အဲဒီ ပညာသင်ဆုရတာပါ။ အဲဒီ သုံးနှစ်အတွက် ကျောင်းလခမပေးရတဲ့ အပြင် လစဉ် ထောက်ပံ့ငွေတောင် ရပါတယ်။
 
နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုရတဲ့ ငွေထဲကနေပေးတဲ့ Prospect Burma ပညာသင်ဆု (Grant) ကို ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ရှစ်နှစ်ကြာအောင် ရပါတယ်။ ပြီးတော့ Open Society Institute's (OSI) Supplementary Grant Program - Burma ကို ၂၀၀၈ ကနေ ၂၀၁၃ အထိ ၆ နှစ်ရပါတယ်။ ဒါ့အပြင် Open Society Foundation's (OFS) Network Scholarship Alumni Grant Programs က ကျွန်တော့်ကို ၂၀၀၉ ခုနှစ်မှာ ပညာသင် ထောက်ပံ့ကြေးတစ်ခု ထပ်ပေးသေးတယ်။
 
တကယ်တော့ဗျာ ကျွန်တော့်နာမည်နဲ့ မဟာသိပ္ပံနဲ့ ပါရဂူဘွဲ့ ရခဲ့တာမှန်ပေမယ့် ဒါတွေရဖို့အတွက် အဖွဲ့အစည်း တွေများစွာနဲ့ လူပေါင်းများစွာက ကူညီပေးခဲ့တာမို့ ဒီဘွဲ့တွေကို ကျွန်တော် မပိုင်ပါဘူး။ ဒီဘွဲ့တွေဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ်လူမျိုးအတွက် စွမ်းစွမ်းတမံ အလုပ်လုပ်ဖို့ အတွက်သာ ရခဲ့တာလို့ ခံယူပါတယ်။
 
ကျွန်တော် ။ ။ အခု ကိုမျိုးနိုင်ကို စကောလားရှစ်ရအောင် ကူညီပေးခဲ့တဲ့သူတွေကော ရှိသေးလား။
 
ကိုမျိုးနိုင် ။ ။ ဟုတ်ကဲ့ ရှိပါသေးတယ်။ တစ်ယောက်ကတော့ ကျွန်တော့်ကို စိတ်ဆိုးပြီး သူငယ်ချင်းအဖြစ်ကနေ ထုတ်လိုက်ပါတယ်။ နောက်နှစ်ယောက်တော့ ဒေါက်တာ (ကို) မင်းဇော်ဦး နဲ့ ဒေါက်တာ (မ) စန္ဒီပါ။ သူတို့ကတော့ အခုထိ ကျွန်တော့် ဖေ့စ်ဘွတ်ခ်မှာ ရှိကြပါသေးတယ်။ သူတို့ကျေးဇူးတွေ ကျွန်တော့်မှာ ရှိပါတယ်။ သူတို့ကို ကျွန်တော်က အစ်ကိုကြီး၊ အစ်မကြီးတွေလို သဘောထားပါတယ်။ သူတို့ကို ခင်မင်လေးစားတဲ့ အပြင် အားလည်း ကျပါတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင်ကို ကျွန်တော် လူငယ်သဘာဝ မေးခွန်းလေး မေးခွင့်ပြုပါ။ ကိုမျိုးနိုင် တောင်အာဖရိက နိုင်ငံကို ရောက်နေတာဟာ အတော့်ကို ကြာနေပြီနော်။ ကိုမျိုးနိုင်က အခုချိန်ထိ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ဘာသံမှ မကြားရပါလားဗျ။ ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ လူဖြူ၊ လူမည်း မိန်းကလေးတွေအများစုက ကျွန်တော်တို့လို အာရှရုပ်တွေဆို ကြိုက်ကြတယ်လေဗျာ။ ကျွန်တော်တောင် ကိုမျိုးနိုင် ဘွဲ့ယူတဲ့အချိန်လေးမှာ တက္ကသိုလ် ကျောင်းထဲကို ရောက်ဖူးတာတောင် မိန်းမချောလေးတွေ အများကြီး တွေ့ခဲ့ရတယ်။ ကိုမျိုးနိုင်အနေနဲ့ ဒီလို က္ကတ္ထိယလေးတွေနဲ့ ဘာကြောင့်၊ ဘယ်လိုကင်းအောင် နေနိုင်သလဲဆိုတာ ပြောပြပါလားဗျ။
 
ကိုမျိုးနိုင် ။ ။ ဒါက ဒီလိုပါ။ ကျွန်တော် မြန်မာပြည်ကနေပြီး ထိုင်းကိုသွားတုန်းက Friendship တံတားကြီးပေါ်မှာ ဖြတ်လျှောက်စဉ်က သန္နိဋ္ဌာန်သုံးရပ် ချခဲ့ပါတယ်။ နံပါတ် (၁)။ ငါ့ကိုယ်ကျင့်တရားကို စောင့်ထိန်းမယ်၊ မိန်းမကိစ္စနဲ့ ငွေရေးကြေးရေးကိစ္စတွေမှာ လုံးဝ အရှုပ်အရှင်း မရှိစေရဘူး။
 
နံပါတ် (၂)။ တိုင်းပြည်၊ လူမျိုးနဲ့ ဘာသာတရားကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အကြောင်းတစ်ခုခုကြောင့် ဘာမှမလုပ်ပေးနိုင်ရင်တောင် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ငတ်ပြတ်နေတဲ့ အချိန်မှာ သစ္စာဖောက်ရင် ချမ်းသားကြီးပွားမယ် ဆိုရင်တောင် အငတ်သာခံမယ်၊ အသေသာခံမယ် သစ္စာမဖောက်ဘူး။
 
နံပါတ်(၃) ။ တော်လှန်ရေးနဲ့ တော်လှန်ရေးအဖွဲ့ အဖွဲ့များအားလုံး၊ အဖွဲ့ဝင်များအားလုံးအပေါ် သစ္စာမဖောက်ဘူး။ အကြောင်းတစ်ခုခုကြောင့် ဘာမှ လုပ်မပေးနိုင်ရင်တော် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ငတ်ပြတ်နေတဲ့အချိန်မှာ သစ္စာဖောက်ရင် ချမ်းသာကြီးပွားမယ် ဆိုရင်တောင် အငတ်သာခံမယ်၊ အသေသာခံမယ် သစ္စာမဖောက်ဘူးလို့ အဲဒီ သန္နိဋ္ဌာန်သုံးရပ်ကို ချမှတ်ခဲ့လို့ပါ။ အဲဒါကြောင့် မိန်းမတွေကို မရှုပ်ခဲ့တာပါ။ မျက်စိကျတာလေးတွေတော့ တွေ့တာပေါ့ဗျာ။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် အခု မြန်မာပြည်ပြန်ချင်လို့ မြန်မာပြည်မှာ အလုပ်လျှောက်တာ ရတယ်လို့ ကြားရတယ်။ နောက်ပြီး ပြန်ဖို့အတွက် Passport မရှိလို့ passport လျှောက်တာမရသေးလို့ မပြန်နိုင်သေးဘူးလို့လည်း သိရတယ်။ ဒီတော့ ကိုမျိုးနိုင် မြန်မာပြည်မှာ ဘယ်တုန်းက အလုပ်စလျှောက်ပြီး ဘယ်သူတွေက အလုပ်ပေးခဲ့လဲ၊ နောက်ပြီးတော့ ပတ်စ်ပို့ကိုလည်း ဘယ်အချိန်က စပြီးလျှောက်ခဲ့သလဲ ဆိုတာ ပြောပြပေးပါဦးဗျ။
 
ကိုမျိုးနိုင် ။ ။ မနှစ်က ၂၀၁၆ မှာ ကျွန်တော့် PhD ကျမ်းစာတင်ပြီးသွားတော့ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်ချင်တာမို့ အလုပ်တွေ စပြီးလျှောက်ပါတယ်။ ၂၀၁၆ စက်တင်ဘာလမှာ အောက်စဖို့တက္ကသိုလ်ရဲ့ သုတေသနလုပ်ငန်းတခုမှာ Assistant Researcher အလုပ်ရပါတယ်။ အလုပ်ရတာနဲ့ ဒီမှာရှိတဲ့ မြန်မာသံရုံးမှာ ယာယီ Passport လျှောက်ပါတယ်။ ကျွန်တော် မြန်မာပြည်က ထွက်လာတုန်းက နယ်စပ်ကိုဖြတ်ပြီး တစ်ပတ်ကြာနေခွင့်ရတဲ့ pass လေးနဲ့ ထွက်လာခဲ့တာလေ။ အခုဆိုရင် ၁၄ နှစ်ကြာခဲ့မှ ပြန်မယ်ဆိုလုပ်တော့ ကျွန်တော့်မှာ ပတ်စ်ပို့ မရှိဘူးလေ။ ဒါကြောင့် ယာယီ Passport ရဖို့ လျှောက်တာပါ။ အစိုးရကလည်း ကိုယ့်အစိုးရမို့ ရမှာပဲလို့ တထစ်ချ ယုံကြည် စိတ်ချထားတာပါ။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် passport လျှောက်တာ ဘာလို့ ကြာနေသလဲ ဆိုတာကိုလည်း ကိုမျိုးနိုင်သိရလောက် ပြောပြပေးပါဦး။
 
ကိုမျိုးနိုင် ။ ။ ကြာရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အကြောင်းကြားတာကတော့ (၁) ကျွန်တော်က မြန်မာပြည် ကနေ တရားမဝင် ထွက်လာလို့တဲ့။ ( တကယ်တော့ တစ်ပတ်နေခွင့်ရတဲ့ လက်မှတ် passport နဲ့ တရားဝင် ထွက်လာတာပါ။ ကျွန်တော့်အပြစ်က ပြန်ဝင်သွားတဲ့ ကိစ္စပါ။)
 
(၂) passport အတုသုံးပြီး ထိုင်းကနေ တောင်အာဖရိကို ထွက်လာတယ်တဲ့ ( အဲဒီတုန်းက အစိုးရကို ကလန်ကဆန် လုပ်နေ၊ ဆန့်ကျင်နေတဲ့ ကျွန်တော်တို့ဟာ ဘယ်လို့လုပ်ပြီး passport အစစ်ကို ရမှာလဲ။ မဖြစ်ဖြစ်တဲ့နည်းနဲ့၊ မရ ရတဲ့နည်းနဲ့ passport ယူပြီး ထွက်လာခဲ့တာပါ။ ဘယ်သူက passport အတုနဲ့ ထွက်ချင်ပါ့မလဲ။ အန္တရာယ်ကလည်း များမှများနဲ့။)
 
(၃) တောင်အာဖရိက နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ယူထားလို့တဲ့။ ကျွန်တော် တောင်အာဖရိကကို ရောက်ရောက်ချင်းပဲ ဒီက ပြည်ထဲရေးဝန်ကြီးဌာနမှာ ကျွန်တော့် passport ဟာ အတုဖြစ်ကြောင်း။ တော်လှန်ရေးလုပ်နေတဲ့ ကျောင်းသား ဖြစ်တာမို့ အတုဝယ်ပြီး ထွက်လာခဲ့တာဖြစ်ကြောင်း တင်ပြတော့ ဒီကနာလည်းကြပါတယ်။ နေခွင့်လည်း ပေးခဲ့ပါတယ်။ လူပဲဗျာ၊ နားလည်တာပေါ့။ သူတို့လည်း ဒီလိုပဲ တော်လှန်ရေးလုပ်ပြီး နိုင်ငံကို ပြောင်းလဲခဲ့တာ ဘာကြာသေးလို့လဲ။ ဒါကြောင့် ကျွန်တော်တို့ကို နိုင်ငံရေး ခိုလုံခွင့် (Asylum Status) ပေးပါတယ်။
 
ကျွန်တော် ။ ။ ပြီးခဲ့နှစ် အောက်တို့ဘာလတုန်းက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် တောင်အာဖရိကနိုင်ငံကို လေ့လာရေးခရီး လားတုန်းက ကိုမျိုးနိုင် ဝန်ကြီး ဦးကျော်တင့်ဆွေကို စကားသွားပြောတာ တွေ့ရပါတယ်။ အဲဒါ ကိုမျိုးနိုင် မြန်မာနိုင်ငံပြန်ဖို့အတွက် အကူအညီတောင်းတဲ့ စကားသွားပြောတာလားဗျ။
 
ကိုမျိုးနိုင် ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးက လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ပြောဆိုလို့ ဦးနိုင်ငံလင်းနဲ့ ပြောခဲ့ရပါတယ်။ ဦးနိုင်ငံလင်းလည်း သူတတ်နိုင်သလောက် ကူညီပါတယ်။ ဦးနိုင်ငံလင်း မြန်မာနိုင်ငံ ပြန်ရောက်တော့လည်း ကျွန်တော်တို့တွေ စစ်ဘေးဒုက္ခသည် အတွက် လှူလိုက်တဲ့ အလှူငွေ မှတ်တမ်းတွေကိုတောင် ကျွန်တော့်ဆီ အီးမေးလ်နဲ့ လှမ်းပို့ပါသေးတယ်။
 
ကျွန်တော် ။ ။ ကိုမျိုးနိုင် ပြောချင်တာရှိသေးရင် တစ်ခုခုလောက် ပြောပေးပါလား။
ကိုမျိုးနိုင် ။ ။ အမိမြန်မာပြည်ကြီး သာယာဝပြောပါစေ။ တိုင်းရင်းသား ပြည်သူအပေါင်း နှလုံးစိတ်ဝမ်း ချမ်းမြေ့ စေချင်ပါတယ်။ အဲဒီလိုဖြစ်ဖို့လည်း အမြဲတမ်း ဆုတောင်းမေတ္တာ ပို့သနေပါတယ်။
 
ကျွန်တော် ။ ။ ဟုတ်ကဲ့ပါ၊ ကိုမျိုးနိုင်လည်း passport မြန်မြန်ရပြီး ကိုမျိုးနိုင်ချစ်တဲ့ အမိမြန်မာပြည်ကြီးဆီသို့ အမြန်ပြန်နိုင်ပြီး ကိုမျိုးနိုင်ကို စောင့်မျှော်နေကြတဲ့ မိသားစုနဲ့ ချစ်ရသော သူငယ်ချင်းများနဲ့လည်း အမြန်ဆုံး တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
 
ကိုမျိုးနိုင် ။ ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ။
 
အောင်သူချမ်းမြေ့(ခေတ္တတောင်အာဖရိက)
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.