ပညာတတ်တယ်ဆိုတာ // ဒေါက်တာခင်မောင်ညို //

ကျွန်တော်တို့ လူငယ်တွေ ကျောင်းသွားတယ်။ ပညာသင်တယ်။ တစ်ချိန် ကျရင် ဘွဲ့ရလာကြတယ်။ ခုခေတ် ဘွဲ့ရတွေဟာ ဖောင်းပွလာတယ်လို့ ဆိုနိုင်တယ်။
 
Education Inflation ပေါ့။
 
သဘောပေါက်လားမသိဘူး။
 
ကျွန်တော်တို့ ငယ်ငယ်က ပိုက်ဆံ ပြားသုံးဆယ်ရှိရင် လက်ဖက်ရည်ဆိုင် ထိုင်လို့ရတယ်။ နောက်တော့ တစ်ကျပ်။
 
တဖြည်းဖြည်းနဲ့ လက်ဖက်ရည် ဈေးတက်လာလိုက်တာ ပုံမှန်နေရာတွေ မှာတောင် သုံးရာလောက်တော့ ပေးရတယ်။ ယနေ့ ပိုက်ဆံတစ်ကျပ် မပြောနဲ့ တစ်ရာရှိရင်တောင် လက်ဖက်ရည်ဆိုင် ထိုင်လို့မရဘူး။ ပညာရေးမှာလည်း ဒီလိုပဲ။ အရင်က ၁၀ တန်းအောင်ရင် အလုပ်တွေ တန်းစီနေတယ်။ နောက်တော့ ဘွဲ့ရမှ ဖြစ်တယ်။ ကျွန်တော်တို့ ငယ်ငယ်က ဘွဲ့ရရင် အလုပ်ရှိတာပဲ။ ဘွဲ့ရပြီး အလုပ်မလုပ်ရင်တော့ သူ အလုပ်မလုပ်လိုလို့ပဲ ဖြစ်မယ်။ အလုပ်တွေက ကျွန်တော်တို့ကို စောင့်နေတယ်။
 
၁၉၇၀ ပြည့်နှစ်အလွန်မှာ ကျွန်တော် အင်္ဂလန်မှာ ကျောင်းတက်တယ်။ စာမေးပွဲဖြေတဲ့ အချိန်ရောက်ရင် ကုမ္ပဏီတွေက ကျောင်းရှေ့မှာ ရွက်ဖျင်တဲတွေထိုးပြီး လာစောင့်နေတယ်။ သူတို့ဆီမှာ ဖောင်သွားဖြည့်ရင် အင်တာဗျူးခေါ်တယ်။ အင်တာဗျူး သူတို့စက်ရုံအလုပ်ရုံရှိရာကို သွားရောက်ဖြေရတယ်။ အင်တာဗျူးလာတဲ့လူကို စားစရာနဲ့ ခရီးစရိတ်ပေးသေးတယ်။
 
ခုခေတ်တော့ နည်းနည်းခက်လာတယ်။ ပထမဒီဂရီ (B.A) တို့၊ (B.Sc) တို့ ရထားလို့မဖြစ်တော့ဘူး။ အလုပ်ရဖို့ ဒုတိယဒီဂရီ (M.A)တို့၊ (M.Sc) တို့ လိုလာတယ်။ များမကြာမီက ကြားတာတော့ အလုပ်ရဖို့ Ph.D လိုတယ်လို့ ဆိုတယ်။ ဒါဆိုရင် ပညာရေး Inflation ဖြစ်တာ သေချာတာပေါ့။
 
*** *** ***
 
`ကျောင်းသွားတဲ့အရွယ် ၅ နှစ် ဒါမှမဟုတ် ၆ နှစ်မှာ ကျောင်းသွားရတယ်။ ဘာလို့ ကျောင်းသွားကြတာလဲ။ ဘယ်သူတွေက ကျောင်းကို တီထွင် တာလဲ´
 
ဒီမေးခွန်းကို ကိုဘသစ်ကို မေးဖူးပါတယ်။
 
သူကတော့ `ကျောင်းဆိုတာ ဘုန်းတော်ကြီးကျောင်းတွေက ပေါ်လာတာ လို့ ပြောတယ်´
 
`အနောက်တိုင်းမှာကော ဒီလိုပဲလား´
 
`သူတို့ဆီမှာ တက္ကသိုလ်တွေ၊ ကောလိပ်တွေကအစ ဘုန်းတော်ကြီး ကျောင်း တွေပဲ၊ အောက်စဖို့ဒ်တို့၊ ကင်းဘရသ်ခ်ျတို့ဆို ဘုန်းကြီးကျောင်းတွေပါပဲ´
 
`အဓိကက ဘယ်သူတွေ ပညာလာသင်ကြတာလဲ´
 
`မင်းညီမင်းသားတွေပေါ့။ မြန်မာပြည်မှာလည်း မင်းညီမင်းသားတွေဟာ ဘုန်းတော်ကြီးကျောင်းမှာ ပညာသွားသင်ရတာပဲ။ ကျစွာမင်းဆို စာတတ် ပေတတ်ပဲ။ ဓမ္မစေတီဆိုလည်း ပညာတတ်တွေပေါ့။ မင်းတုန်းမင်းကြီး လည်း ဘုန်းကြီးကျောင်းထွက်ပဲ´
 
`ဒါတော့ သိတယ်၊ ကျက်သရေခန်းထဲက ငါးခြောက်ပြားပျောက်တော့ ဘုန်းကြီးဆော်ပလော်တီးတာပဲ´
 
`ငါးခြောက်ပြားကိုတောင် မထိန်းနိုင်ရင် မင်းဘုရင်ဖြစ်လာရင် ဘယ်လို လုပ်မလဲဆိုပြီး မောင်လွင်ကို နာနာရိုက်တယ်´
 
`ဟုတ်ကဲ့၊ မင်းတုန်းမင်းကြီးကတော့ ဒါဟာ ကောင်းတဲ့ဆုံးမခြင်းလို့ ယူဆတယ်´
 
`ဒါပေါ့။ ခုလိုအချိန်မှာ အနောက်တံခါးမပွင့်အောင်လို့ စောင့်ရှောက်တာမျိုး လိုနေတယ် မဟုတ်လား´
 
`အင်း၊ ပြသ၁နာက နက်နဲပါတယ်။ တို့ ဆွေးနွေးနေတာ ဘာအကြောင်းလဲ´
 
`ကျောင်းနေတာကို ပြောတာပါ´
 
`ဒါပေမဲ့ နောက်ပိုင်းမှာ ဘုရင်စနစ်တွေလည်း မရှိတော့ဘူး။ ဒီတော့ ကျောင်းနေတဲ့ သူတွေထဲမှာ အလုပ်ရုံ စက်ရုံမှာ အလုပ်လုပ်ဖို့ ကျောင်းနေကြတယ်´
 
`ဘယ်လို´
 
`ဒီလိုလေကွာ၊ ကျောင်းနေဖူးမှ အလုပ်ပေးတယ်။ တို့ဆီမှာလိုပေါ့။ အလုပ်ခေါ်ရင် ၁၀ တန်းအောင်ရမည်၊ ဘွဲ့ရဖြစ်ရမည် စတဲ့ လိုအပ်ချက် တွေ ပါလာတယ်။ ဘယ်လောက် တော်တော် ကျောင်းကအောင်လက်မှတ် မရှိရင် အလုပ်မရဘူး´
 
`ဒါဆိုရင် ကျောင်းနေတာဟာ စက်ရုံအလုပ်ရုံတွေရဲ့ လိုအပ်ချက်ကြောင့် ပဲပေါ့´
 
`ဟုတ်ပါတယ်´
 
`ဘယ်လိုလူမျိုးတွေက ဦးစားပေးခံရလဲ´
 
`ကျောင်းမှာ စာတော်တဲ့သူတွေပေါ့´
 
`ဒါပေမဲ့ စာတော်တဲ့သူတွေက တက္ကသိုလ်မှာ ဘွဲ့လွန်တွေတက်မယ်။ ဒေါက်တာ ဘွဲ့တွေရပြီး ပါမောက္ခတွေ ဖြစ်လာကြတယ် မဟုတ်လား´
 
`ဟုတ်ပါတယ်။ တက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေကို အဓိကထား မွေးထုတ်ပေးတာပါပဲ။ `မြန်မာပြည်တစ်ပြည်လုံးမှာ ဆရာ၊ ဆရာမ မရှိတဲ့ အိမ်ထောင်တွေ အတော်နည်းတယ်။ ဆွေမျိုးနီးစပ်ထဲမှာ တစ်ယောက် ယောက်တော့ ဆရာ၊ ဆရာမ လုပ်နေတာရှိမှာပါပဲ´
 
`ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ ဘီလူးကျွန်းက မြန်မာပြည် မှာ ဆရာ၊ ဆရာမ အများဆုံးပါပဲ´
 
`ခင်ဗျား ရမ်းမပြောနဲ့´
 
`အနီးစပ်ဆုံး ပြောတာပါ။ မှားသွားလည်း ဘာမှမဖြစ်ဘူး။ မြန်မာပြည်မှာ ဘယ်ဟာမှ ဒေတာအတိအကျ ရှိမှမရှိတာပဲ´
 
`ခင်ဗျားက အစိုးရကို သရော်တာပဲ´
 
`မဟုတ်ရပါဘူး။ ဒီအစိုးရဟာ အင်မတန်တော်တယ်။ ဘာဒေတာမှ ပြည့်ပြည့်စုံစုံ မရှိဘဲ အုပ်ချုပ်နိုင်တာကို ချီးကျူးရမယ်´
 
`တော်ပါတော့ဗျာ။ ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့က အရင်က လူတွေဟာ စက်ရုံအလုပ်ရုံတွေမှာ လိုအပ်တဲ့အတွက် အလုပ်ရရေးအတွက် ပညာသင်တာကို သဘောပေါက်တယ်။ ခုကော ဒီသဘောမျိုး ရှိလား´
 
`နိုင်ငံခြားမှာတော့ ကျောင်းပြီးခါနီးတွေ ဒါမှမဟုတ် ကျောင်းပြီးတဲ့ အခါတွေမှာ အလုပ်သင် (intern) တွေ လုပ်ရတယ်။ ဆရာဝန်တွေ house ဆင်းတယ်။ ရှေ့နေတွေ chamber ဆင်းတာမျိုးပေါ့´
 
`သူတို့တစ်တွေ ခင်ဗျားပြောတဲ့ အဲဒီအလုပ်သင် (itern) ပြီးသွားရင် အလုပ်ရရောလား´
 
`ခင်ဗျားက အလုပ်ရမရပဲ မေးနေတာ ဘာကြောင့်လဲ´
 
`ဟာ၊ ကျွန်တော်တို့ ကျောင်းနေတယ်ဆိုတာ သင့်တော်တဲ့ အလုပ်ရဖို့ မဟုတ်လား။ ဖဆပလ အစိုးရလက်ထက်မှာ ဘီအေဆိပ်သားကင်ရောင်း ရလို့ သတင်းစာထဲကနေ အကြီးအကျယ် ဖော်ပြတယ်´
 
`အစိုးရကို မီဒီယာက တိုက်တာပေါ့ ဟုတ်လား´
 
`ဒီလိုလည်း မဟုတ်ပါဘူး။ ပညာရေးဖောင်းပွနေတာကို သတိပေး တာပါပဲ´
 
*** *** ***
 
ကိုဘသစ်နဲ့ ကျွန်တော်တို့ ဆွေးနွေးပွဲဟာ အတော်လေး ထိရောက်လာ တယ်လို့ ထင်ပါတယ်။
 
`မီဒီယာတွေဟာ impact တစ်စုံတစ်ခုဖြစ်ရင် လူထုကိုယ်စား ပြောပေးရ တာပါပဲ။ ဒါပေမဲ့ ပညာရေးဆိုတာ မူလ ရည်ရွယ်ချက်ကနေ သွေဖည်လာတာကို သတိပြုသင့်တယ်´
 
`ဘယ်လိုမျိုးကို ပြောတာလဲ´
 
`ကျောင်းတွေမှာ အမှတ်တွေပြိုင်ပြီး လူတော်တွေရွေးတယ်။ လူတော်တွေ ဟာ ပိုက်ဆံအရဆုံးနဲ့ သိက္ခာအမြင့်ဆုံး ဖြစ်နိုင်တဲ့ professional လိုင်းတွေကို ရွေးချယ်ကြမယ်´
 
`အင်း၊ မူလကတော့ ပညာသင်တာ ထမင်းစားလက်မှတ်အတွက်လို့ ယူဆနိုင်တာပေါ့ ဟုတ်လား´
 
`ဒီလိုပြောရင်လည်း ရတော့ရတယ်။ ဒါပေမဲ့ ပညာရေးဆိုတာ လူငယ်တွေအတွက် အထောက်အကူပြုတဲ့ အရာတစ်ခု ဖြစ်သင့်ပါတယ်။ လူငယ်တွေကို သူတို့လိုချင်တဲ့ အလုပ်အတွက် အထောက်အကူပြုစေတဲ့ ပညာတွေကို သင်ပြပေးတဲ့ ဌာနဖြစ်သင့်တယ်´
 
`သူတို့ ဘာလုပ်ချင်တာလဲဆိုတာကိုကော သိဖို့လွယ်ပါ့မလား´
 
`လွယ်တော့ မလွယ်ဘူးပေါ့။ လူငယ်တွေကို သူတို့ ၀ါသနာထုံတဲ့ ပညာရပ် တွေမှာ အောင်မြင်စေဖို့ကို မြေတောင်မြှောက်ပေးတဲ့ ဌာနဖြစ်ရင်တော့ ပိုကောင်းပါတယ်´
 
`ဒါဟာ အတော်ခက်ခဲတဲ့ ပြသ၁နာပါပဲ´
 
`ဟုတ်ပါတယ်။ ကလေးတစ်ယောက်ကို မိဘတွေ၊ ဆရာတွေက ဘယ်နေရာမှာ ပါရမီအထုံပါလာတယ် ဆိုတာကို ဘယ်လိုလုပ်သိမလဲ´
 
`မှန်ပါတယ်။ ကလေးတစ်ယောက် ၀ါသနာပါတာကို မိဘက အသိအမှတ် မပြုကြဘူး။ တကယ်တမ်း ပါရမီရှိတဲ့သူတွေကို လိုချင်ရင်တော့ စိတ်ရှည်သည်းခံရတယ်´
 
`မကြာသေးမီက ကျွန်တော် နားထောင်လိုက်ရတဲ့ Ted Talk မှာ ပါမောက္ခကြီး တစ်ယောက် ပြောတာကို သတိရတယ်။ သူဟာ တော်ဝင် အနုပညာ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့တယ်တဲ့။ အဲဒီမှာ အကသင်တဲ့ ဆရာမကို တွေ့တယ်။ ဒီကလေးမဟာ အင်မတန် တော်တယ်။ သူက ရိုးရာမပျက် တီထွင်ဆန်းသစ်တဲ့ ကကွက်တွေနဲ့ လူတွေကို ဖမ်းစားနိုင် သတဲ့။ တစ်ရက် နေ့လယ်စာစာရင်း ပါမောက္ခကြီးဟာ အကဆရာမနဲ့ ဆုံတယ်။ ဆရာမ ဘယ်လိုဒီကို ရောက်လာလဲမေးတော့ သူမအဖြစ်ကို ပြောပြတာ အံ့သြစရာ ဖြစ်ခဲ့တယ်တဲ့။ ဒီဆရာမ သုံးတန်းလောက်မှာ သူ့ဆရာမက ဒီကလေးဟာ စာထဲစိတ်မ၀င်စားဘူး။ မှတ်ဥာဏ်ထုံထိုင်းတဲ့ ရောဂါရှိနိုင်တယ်လို့ မှတ်ချက် ရေးပေးတယ်။ သူ့အမေက ဆရာဝန်ကို သွားပြတယ်။ သူတို့ အကြာကြီး ဆွေးနွေးနေတော့ ကလေးမဟာ ကက်ဆက်ဖွင့်ပြီး ကတော့တာပဲ။ ဆွေးနွေးပြီး ထွက်လာတဲ့ အမေနဲ့ ဆရာဝန်ကြီးက ဒါကိုမြင်လိုက်တယ်။ သူ့အမေကို ဆရာဝန်ကြီးက ပြောတယ်။ ကလေးမမှာ ရောဂါမရှိပါဘူး။ သူ့ကို အကသင်တန်းကျောင်း ကိုသာ ပို့လိုက်ပါလို့ ပြောခဲ့တာပါပဲ´
 
`ယနေ့ အနုပညာတက္ကသိုလ်မှာ ဆရာဓီရာမိုရ်ဆိုရင်လည်း ပါမောက္ခ ဖြစ်နေ တယ်။ သူ့ရဲ့ ပါရမီအတိုင်း သူဆောင်ရွက်ခွင့် ရလို့ သူဟာ အကယ်ဒမီ သုံးထပ်ကွမ်းတောင် ရရှိပြီဖြစ်တယ်´
 
*** *** ***
 
ပညာရေးနဲ့ အလုပ်နဲ့ဆိုတာကို တွဲပြီးပြောတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပညာရေးဟာ လူတွေအတွက် အလုပ်မပေးနိုင် ဘူးဆိုရင် ကလေးတွေကို ကျောင်းမသွားစေတော့ဘူးလား။ ဒီမေးခွန်းကို မေးဖူးကြမှာပါပဲ။
 
တကယ်တော့ ပညာတတ်မှ လူမှုအသိုင်းအ၀ိုင်းထဲမှာ အဆင်ပြေ တာဖြစ် တယ်။ ပညာမတတ်ရင် အရှည်မကြည့်တတ်ဘူး။ သူတို့ဟာ စည်းကမ်း လိုက်နာမှု နည်းလာတယ်။ ဘာတွေ ဆက်လုပ်ရမလဲလို့ ညွှန်ပြတာတွေကို မလုပ်တတ် မကိုင်တတ် ဖြစ်တတ်ကြတယ်။
 
ဒါကြောင့် ကျောင်းနေဖို့လိုတယ်။
 
ပညာသင်ဖို့ လိုတယ်။
 
ပညာသင်တာဟာ အလုပ်အတွက် မဟုတ်ဘူးဆိုတာကို လက်ခံတဲ့သူတွေ အများကြီးပါပဲ။ စောစောက ပြောတာလို ဘုရင်ဖြစ်မယ့်လူလည်း ပညာသင်ရတယ်။ ကုန်သည်ဖြစ်မယ့်လူလည်း ပညာသင်ရပါတယ်။ ဒီပညာဟာ အလဟသ၁မဖြစ်ပါဘူး။
 
ပညာတတ်သူတွေဟာ စာတော့ဖတ်ရမယ်။ ဒီတော့မှ သူများထက် ခေါင်းတစ်လုံး ပိုသာမှာဖြစ်တယ်။ နိုင်ငံ့ဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ သားကောင်းရတနာတွေ ဖြစ်လာပါမယ်။
 
ဒေါက်တာခင်မောင်ညို
The Ladies News
 
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.