စားတော့စားလေ အသံမမြည်စေနဲ့ // မောင်ဟစ် //

တစ်နေ့သ၌ မောင်ဟစ်တို့ တူဝရီးကို နိုင်ထောက ထမင်းစားဖိတ်သည်။ နိုင်ထော၏ ဧည့်ခန်းသည် အတော်လေး ကျယ်သည်။ သူသည် အရင် မှောင်ခိုခေတ် တစ်ခေတ်လုံး စက်လှေလုပ်သည်။ ရွှေဂုံတိုင်တွင် တိုက်ဆောက်သည်ဟု ကြားသည်။ အဲဒီတုန်းက မရောက်ခဲ့။ ခုတော့ သူ့အိမ်ခန်းကျယ်ထဲကို ရောက်နေလေပြီ။ တကယ်တော့ မောင်ဟစ်တို့ သူနှင့် အဆက်ပြတ်နေတာ ကြာပြီဖြစ်သည်။ တစ်ရက်က သူ၏သားများ ပိုင် ကုမ္ပဏီတစ်ခု ဖွင့်ပွဲတွင် မောင်ဟစ်တို့နှင့် ဆုံသည်။ သူ့သားများက သူ့အဖေ နိုင်ထော မောင်ဟစ်တို့နှင့် စကားပြောချင်သည်ဟု ဆိုကာ ထမင်းဖိတ်ကျွေးသည်။
 
ဧည့်ခန်းမှာ ထိုင်နေစဉ် နိုင်ထောက မေးသည်။
 
“လောလောဆယ် မင်းတို့ ဘာလုပ်နေကြတာလဲ”
 
“ကျွန်တော်က သတင်းဆောင်းပါးတွေ ရေးတယ်။ ကျွန်တော့်တူလေး ကွန်ညက်ကတော့ သတင်းထောက် လုပ်နေတယ်။ ဒီခေတ်က သတင်းပိုင်းဆိုင်ရာ အလုပ်လုပ်သူတွေ အားလုံးကို မီဒီယာသမားတွေလို့ ခေါ်တယ်။ ဒါကြောင့် ကျွန်တော်တို့ တူဝရီးတွေကတော့ မီဒီယာသမားတွေပေါ့”
 
“အေး၊ ငါ့သား မင်းထွန်းရွှေမိုး ပြောတယ်။ မင်းတို့နဲ့သူ သူ့ကုမ္ပဏီဖွင့်ပွဲမှာ ဆုံတယ်တဲ့”
 
“ဟုတ်ကဲ့ နိုင်ထော၊ အနိုင်တို့ ဘီလူးကျွန်းက ပြောင်းလာတာ ကြာပြီလား”
 
“ကြာပြီကွ၊ မင်းနဲ့ ကွန်ညက်အကြောင်း ငါကြားကတည်းက တွေ့ချင်နေတာ”
 
“ဘာတွေကြားလဲ”
 
ဤတွင် ဖေ့စ်ဘုတ်ကြည့်နေသော ကွန်ညက်က ထအော်သည်။
 
“YBS ကားတွေ တိုက်ကြပြီတဲ့”
 
“သတင်းက နှစ်ရက်၊ သုံးရက်တောင် ရှိနေပြီ။ ကားတွေပဲ တိုက်ကြတာ ဘာဆန်းလို့လဲ”
 
“လူ ၉ ယောက်သေတယ်။ ဒဏ်ရာရတာက ၃၀ လောက်ရှိသတဲ့”
 
“ကားတွေပဲကွာ သူတို့ဟာသူတို့ တိုက်ချင်တိုက်မယ်၊ မှောက်ချင်မှောက် မှာပဲ။ အဲဒါ လူတွေက ဘာအကျယ်ချဲ့နေတာလဲ”
 
“ဟုတ်၊ ဟုတ်ကဲ့”
 
“အရင်က မထသကားတွေ မှောက်လိုက်တိုက်လိုက် ဖြစ်တာပဲ။ မင်းတို့က ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လား”
 
“ဟုတ်ပါတယ်”
 
“ဒါဆိုရင် သင်္ခါရဆိုတာကို သိရမယ်။ အနတ္တသဘော နားလည်ရမယ်”
 
“ဟုတ်ကဲ့ နားလည်ပါတယ်။ ဒါနဲ့ နိုင်ထောက တရား အတော်ကျင့်ထား တယ် ထင်တယ်”
 
“ငါ့သားကုမ္ပဏီက ဒီလိုကိစ္စတွေကို ကြီးကြပ်နေတယ်။ ငါက ကုမ္ပဏီ နာယကဆိုတော့ ဖြစ်တဲ့နေ့က လိုက်သွားသေးတယ်”
 
“ဟုတ်ကဲ့၊ ဒါဆိုအတော်ပဲ၊ ကျွန်တော်က သတင်းရေးလို့ ရတာပေါ့။ နိုင်ထောကို မေးလို့ရမလား”
 
“ဒါဆိုလည်း မေးကွာ”
 
“အဲဒီနေရာကို တာဝန်ရှိသူ ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ လာသေးလား”
 
“ဟာကွာ၊ ဒီလိုအသေးအမွှားတွေ အတွက် သူတို့ လာနိုင်ပါ့မလား။ သူတို့မှာ တိုင်းပြည်တာဝန် အများကြီး ထမ်းဆောင်နေရသေးတယ် ဆိုတာ မင်းတို့မသိဘူးလား။ ခုဟာက ခေတ်ပြောင်းကာလ၊ ဒီမိုကရေစီကို ချီတက်နေတဲ့ ကာလကွ”
 
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်တော် မေ့သွားလို့ပါ”
 
ဤတွင် ကွန်ညက်က ၀င်မေးသည်။
 
“ဒါဆိုရင် သူတို့ဟာ ကွယ်လွန်သွားတဲ့ သူတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံပြီး နှစ်သိမ့်စကားတွေ ပြောသေးလား”
 
“မဖြစ်နိုင်တာတွေ မမေးနေနဲ့”
 
“ဟုတ်ကဲ့ခင်ဗျာ၊ ကွယ်လွန်သူတွေရဲ့ အသုဘကိုကော သွားကြလား”
 
“ကျုပ်ပြောပြီးပြီပဲ။ သူတို့ဟာ တိုင်းပြည်တာဝန် ထမ်းဆောင်နေတယ်ဆိုတာ”
 
“ဟုတ်၊ ဟုတ်ကဲ့။ ဒဏ်ရာရသူတွေ ၃၀ ကျော်ရှိတယ်တဲ့။ သူတို့ တက်နေ တဲ့ ဆေးရုံကိုကော သွားကြည့်ပြီး အားပေးသေးလား”
 
“တော်ကွာ၊ မင်းတို့မီဒီယာတွေက မကောင်းတာကိုချည်း မြင်နေတယ်။ ကျုပ်တို့ အစိုးရနဲ့ ပူးပေါင်းတာမရှိဘူး”
 
“ဆောရီးပါဗျာ။ ဆောရီး၊ဆောရီး၊ဆောရီး။ ကျွန်တော်က သူတို့တစ်တွေ တာဝန်ရှိတယ်ဆိုပြီး နုတ်ထွက်ကြမှာကို စိုးရိမ်လို့ပါ”
 
“စိုးရိမ်တယ် ဟုတ်လား”
 
“စိုးရိမ်တာပေါ့ဗျာ။ မကြာသေးမီကပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ယူ၊ တာဝန်ခံမှု ရှိရမယ်ပြောတော့ အဲဒီ YBS လုပ်တဲ့သူတွေ တာဝန်ယူတယ်ဆိုပြီး နုတ်ထွက်သွားမှာ စိုးရိမ်လို့ပါ။ ခင်ဗျား သိတယ်မဟုတ်လား။ ကိုရီးယားမှာ သင်္ဘောမှောက်တာ ကျောင်းသားတွေ သေတယ်။ ဒီတော့ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး နုတ်ထွက်သွားတယ်။ ဒီမှာလည်း ကျွန်တော်သိသလောက် ပဉ္စမနှစ် IT ကျောင်းသူလေး သေသွားတယ်။ မှော်ဘီ နည်းပညာတက္ကသိုလ်က ကျောင်းသားတွေလည်း အတော် ဒဏ်ရာရကြတယ် ပြောတယ်။ ဒီတော့ ၀န်ကြီးချုပ်တို့၊ ဆက်သွယ်ရေး ၀န်ကြီးတို့များ နုတ်ထွက်သွားလေမလားလို့ စိုးရိမ်နေတာ”
 
“အင်း၊ မင်းတို့က နုတ်ထွက်သွားမှာ စိုးရိမ်လား”
 
“စိုးရိမ်တာပေါ့ဗျာ။ အစိုးရအဖွဲ့မှာ လူကောင်းတွေ ရှားကရှားသနဲ့”
 
“ခုလိုပေါင်းကြည့်တော့မှပဲ မင်းတို့ဟာ သာမန် သတင်းထောက် မဟုတ်မှန်း သိရတော့တာပဲ။ ကျုပ်တို့က မီဒီယာသမားတွေကို သတိထားနေရတယ်ကွ။ အရင်ခေတ်ကလည်း ဒီလိုပဲ။ အရင်အစိုးရ မဟုတ်တာ လုပ်တာတွေကို မီဒီယာတွေက ဖွင့်ချတယ်။ ဒီတော့ အဲဒီအစိုးရ ပြုတ်ကျသွားတယ်။ ငါတို့က ခု အဆင်ပြေစပြုနေတော့ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ကာကွယ်ရမှာပဲ”
 
“ကျွန်တော်က ၀ါရင့်သတင်းထောက်ပါဗျာ။ မဆလ အစိုးရလက်ထက်မှာ သူများတွေ ထောင်ကျတယ်။ ကျွန်တော် ဘယ်တော့မှ ထောင်မကျဘူး”
 
“မင်း ဘာတွေရေးလဲ”
 
“ကျွန်တော် အဓိကကတော့ ဘုန်းတော်ဘွဲ့တွေ ရေးတာပေါ့။ အစိုးရတော်ကြောင်း ကောင်းကြောင်း ရေးတာပဲပေါ့”
 
“ခု အစိုးရကော”
 
“ဒီအစိုးရက အင်မတန် တော်တယ်ဗျ။ နောက်ဖေးလမ်းကြားကို ပန်းခြံတွေလုပ်ပေးတယ်။ တကယ်တော့ အစိုးရ စေတနာကို လေးစား ဖို့ကောင်းတယ်။ ဥပမာ - မြကျွန်းသာလိုပေါ့။ လူတွေ သစ်ပင်တွေကြား ဘယ်လိုအပန်းဖြေလို့ ရမှာလဲ။ စားသောက် ဆိုင်ကြီးတွေကို ပေးဆောက်လိုက်တာပဲ။ သူတို့လည်း အဆင်ပြေ၊ ပြည်သူလည်း အဆင်ပြေ တာပေါ့။ ပန်းခြံတွေသွားချင်ရင် အဲဒီထိမသွားနဲ့၊ နောက်ဖေးလမ်းကြား ၀င်လိုက် ပြီးတာပဲ”
 
“မောင်ဟစ်တို့ ကွန်ညက်တို့ဟာ နာမည်ကြီးသလောက် အတော်အမြင်ကျယ်တာပဲ”
 
“အမြင်ကျယ်တာကတော့ ပြောမနေနဲ့။ လမ်းဘေးဈေးသည်တွေကို ပလက်ဖောင်းဘေးကနေ ဖယ်ပြီး လမ်းတစ်ဝက်လောက် နေရာပေးတဲ့ အစိုးရ၊ ချီးကျူးတယ်။ နောက် ပလက်ဖောင်းပေါ်ကနေ လမ်းပေါ်ကို ပြောင်းပေးလိုက်တာကိုက ထူးခြားတယ်”
 
“ခင်ဗျာ”
 
“ခင်ဗျား သွားကြည့်ပါလား၊ မဟာဗန္ဓုလပန်းခြံလမ်းမှာ ဟန်ကိုကျလို့။ ကမ်းနားလမ်းတစ်လျှောက်လည်း ဆိုင်တွေ ပြည့်နေအောင် လုပ်ပေးတယ်။ လမ်းတစ်စိတ်ကို ပေးလိုက်တယ်။ အရင်က လေဟာပြင်ဈေးတဲ့၊ အဆင့်မြင့်ဈေး ဖြစ်အောင် ပြောင်းလိုက်တယ်။ ကျုပ်တို့က မ၀ယ်နိုင်ပေမယ့် အထဲကိုဝင်လိုက်ရင် အေးနေတာပဲ”
 
“လေအေးစက်တွေ တပ်ထားတာကိုးကွ”
 
“ဟုတ်တယ်။ လျှပ်စစ်ဓာတ်မနိုင်တော့ အဆင်မပြေဘူး။ ဒီတော့ ကျောက်မီးသွေး သုံး ဓာတ်အားပေး စက်ရုံဆောက်ရမယ်။ အချို့က လယ်တွေပျက်မယ်။ သီးနှံတွေ ပျက်မယ်၊ ကမ္ဘာကြီး ပူနွေးလာမယ်လို့ ပြောကြတယ်။ ကျန်းမာရေး ထိခိုက်မယ်တဲ့။ ဂျမ်းရှင်းစင်တာထဲကို ၀င်လိုက်၊ ဘာမှ မထိခိုက်ဘူး။ ကမ္ဘာကြီး မပူနွေးဘူး။ အေးစိမ့်နေတာဗျ”
 
“တကယ်တော်တဲ့ သတင်းထောက်တွေပဲ၊ မင်းတို့ အကြောက်ဆုံးက ဘာလဲ”
 
“၆၆ (ဃ)”
 
“သဘောအကျဆုံးဟာ”
 
“ဂျာနယ်မှာပါတဲ့ မိန်းကလေးတွေရဲ့ ပုံတွေလေဗျာ။ ဒါပေမဲ့ ဒီထက်ဖော် တာကို ကြည့်ချင်ရင် ခင်ဗျားကို လူရင်းမို့ သတင်းပေးလိုက်ဦးမယ်၊ Myanmar Girls ဆိုပြီး အင်တာနက်ထဲ ၀င်ကြည့်လိုက်လို့ ရတယ်ဗျ”
 
“ဟုတ်၊ မင်းတို့အားရင် ဘာလုပ်လဲ”
 
“ကျွန်တော်တို့ မာဆတ်တို့၊ ခါရာအိုကေး တို့ သွားတာပေါ့။ ၀မ်းသာစရာ ပြောရဦးမယ်။ အရင်ကလို အဖမ်းအဆီး မကြောက်ရတော့ဘူးဗျ”
 
“စီးပွားရေးက အခြားဘာလုပ်သေးလဲ”
 
“ချဲဒိုင်ကိုင်တာပေါ့။ လက်ခွဲလေးပါ။ ဟဲ၊ ဟဲ။ ဒီခေတ်မှာ အရင်ကလို အဖမ်းအဆီး မရှိဘူး”
 
“ဒါက သမ္မာအာဇီဝအလုပ်မှ မဟုတ်တာပဲ”
 
“ခင်ဗျားကပဲ ပြောရသေးတယ်။ အစိုးရကလည်း ကျပ်သိန်းတစ်သောင်း ဆုပေးတဲ့ ထီတွေဖွင့်နေတာပဲ။ သူလုပ်နေတာ သမ္မာအာဇီဝဗျ။ ကျွန်တော် လုပ်မှပဲ သမ္မာအာဇီဝ မဟုတ်ဘူးဆိုလို့”
 
“ဒီလိုရှိတယ်။ ဒါက အခွန်ဘဏ္ဍာတွေ ရစေတယ်ဗျ”
 
“ကျွန်တော်တို့လည်း စားသောက်ဆိုင်သွားစားရင် အခွန်ဆောင်တာပဲ။ အဲဒီမှာ တံဆိပ်ခေါင်းတွေ ကပ်ထားတာ အများကြီး၊ တစ်ခါတစ်ခါတော့ လည်း ဒီလိုတံဆိပ်ခေါင်းတွေ ရိုက်တာကို နှမြောတယ်”
 
“တန်ရာတန်ဖိုးတော့ သုံးရမယ်ပေါ့”
 
“မှန်ပါတယ်။ ကျွန်တော်တို့က နိုင်ငံခြားက မင်၊ နိုင်ငံခြားက စက္ကူတွေ၊ နိုင်ငံခြားစက်တွေနဲ့ ရိုက်တယ်။ ပြည်သူတွေဆီက အခွန်ကောက်တယ်။ ကျွန်တော်တို့ တံဆိပ်ခေါင်းတစ်လုံး ရိုက်တိုင်း နိုင်ငံခြားကလူတွေ ဘယ်လောက်ရသွားလဲ တွက်ကြည့်ဖို့ ကောင်းတယ်။ ဒါမပါဘဲလုပ်ရင် မကောင်းဘူးလား”
 
“ဒါတော့ မဖြစ်နိုင်ဘူး မောင်ဟစ်ရာ”
 
“ဘာဖြစ်လို့လဲ”
 
“တို့နိုင်ငံမှာ ဘာဒေတာမှ အတိအကျမရှိတာပဲ။ ဇူလိုင် ၁၁ ရက်ဆိုရင် ကမ္ဘာ့လူဦးရေနေ့တဲ့၊ တို့နိုင်ငံလူ ဘယ်နှယောက် ရှိလို့ရှိမှန်း တို့တစ်တွေ မသိကြဘူး”
 
“ဒါကိုက ကျွန်တော်တို့အစိုးရ တော်တယ်လို့ ပြောနိုင်တာပေါ့။ ဘာလူမျိုးတွေ၊ ဘယ်လောက်နေကြတယ်၊ ဘာလုပ်စားတယ်၊ ဘာတွေ မြတ်တယ်၊ ဘာတွေရှုံးတယ်၊ အဲဒီဒေတာတွေ မသိဘဲ တိုင်းပြည်တစ်ပြည် ကို အုပ်ချုပ်နိုင်တယ်ဆိုတာ အင်မတန် ချီးကျူးဖို့ ကောင်းတာ”
 
“မောင်ဟစ်၊ မင်းက သတင်းထောက်ပီပီ ရွဲ့နေတာလား”
 
“မရွဲ့ရပါဘူးခင်ဗျာ။ တော်လို့တော်တယ် ပြောတာပါ။ အချို့ တကယ်တော် တဲ့လူတွေကျတော့ တော်တယ် ပြောတာ မကြိုက်ဘူး။ ခင်ဗျားလည်း ဒီလိုနေမှာ ခင်ဗျားတော်လို့ တော်တယ် ပြောတာ၊ ခင်ဗျားမကြိုက်ဘူးပေါ့ ဟုတ်လား”
 
“ဟဲ၊ ဟဲ၊ ဟဲ”
 
“ကျွန်တော်တို့ အစိုးရဟာ အရမ်းသတ္တိရှိတယ်”
 
“ဟေ၊ ဘယ်လိုလဲ”
 
“ခင်ဗျားသိပါတယ်။ သင်္ကြန် ၁၀ ရက်ပိတ်မယ်၊ နောက် ၁၀ ရက် မဟုတ်တော့ဘူး။ ၅ ရက်၊ နောက် ၁၀ ရက်၊ ဒီလိုဘယ်သူလုပ်ရဲလို့လဲ၊ သတ္တိရှိတယ်”
 
“ဟဲ၊ ဟဲ၊ ဟဲ”
 
“အထပ်မြင့်တွေ မဆောက်ရဘူး၊ ရပ်တယ်။ နောက် ဆောက်စေတဲ့”
 
“ဟဲ၊ ဟဲ၊ ဟဲ”
 
“ခု ကျောင်းသားသမဂ္ဂ ဆောက်မယ်၊ အထပ်မြင့်တွေ ဆောက်မယ်တဲ့၊ ပြည်သူတွေက ကန့်ကွက်တယ်။ ဂရုမစိုက်ပါဘူး။ ဆောက်မယ်ဗျ”
 
“ဟဲ၊ ဟဲ၊ ဟဲ”
 
“ကဲ၊ စကားပြောကောင်းနေလိုက်တာ ထမင်းပွဲပြင်ပြီးပါပြီ။ စားလိုက်ရအောင်”
 
“ကောင်းလိုက်တာ၊ ကြက်ကင်၊ ဘဲကင်၊ ၀က်စတူး စုံနေတာပါပဲလား”
 
“ဟုတ်တယ်၊ စားကြရအောင်၊ တစ်ခုပဲရှိတယ်၊ စားတော့စား အသံမမြည်စေနဲ့ ကွ” တဲ့။
 
မောင်ဟစ်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.