စိုင်းထွန်းအောင်လွင်

ရွေးကောက်ပွဲမစခင် တစ်လလောက် အလိုကတည်းက တိုက်ပွဲသံတွေ
ကြိုးကြားကြိုးကြား ပြန်ကြားနေရာကနေ ရွေးကောက်ပွဲ အပြီးမှာတော့
လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေနဲ့ လက်နက်ကြီးတွေ နေ့စဉ်လိုလို
အသုံးပြုလာတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကို စတင်မြင်တွေ့လာရပါတယ်. ။
ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ ဒေသတွေကတော့ ရှမ်းပြည်နယ် အလယ်ပိုင်းက
ရှမ်းတပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အစိုးရ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေ
ဖြစ်ပြီး ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား မိုးညှင်းဒေသက တိုက်ပွဲတွေကလည်း
လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေ သုံးပြနေတာကို တွေ့မြင်နေရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပစ်ခတ်ရပ်စဲရေး ဖြစ်စဉ်ကို တောက်လျှောက်လေ့လာ
ရေးသားဖြစ်နေတဲ့ စာရေးသူအနေနဲ့ မူလကတည်းက ရွေးကောက်ပွဲမှာ အတိုက်အခံ
အနိုင်ရမယ်ဆိုရင် ရွေးကောက်ပွဲ အပြီးကာလတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်
ဖြစ်လာနိုင်တာကို ကြိုတွက်ဆမိတဲ့အတွက် သိပ်တော့ မအံ့သြပါဘူး။.ဒါပေမဲ့
တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ အသုံးပြုမှုက
လိုအပ်တာထက် ပိုတယ်လို့ ယူဆစရာ ဖြစ်နေတာကတော့ အနည်းငယ်
မှင်တက်မိပါတယ်။ တစ်ချိန်တည်းမှာလည်း ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီက
ဖွဲ့စည်းမယ့် အစိုးရကို အကျပ်ရိုက်အောင် လုပ်ချင်တာလား ၊  ဒါမှမဟုတ် တိုက်ပွဲတွေ
ပဋိပက္ခတွေကို ပြပြီး တပ်မတော်က သူ့ရဲ့ အခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့်တွေကို
အပြည့်အ၀ ကျင့်သုံးဖို့  သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမြှင့်တင်ဖို့  ပြင်ဆင်နေတာလား ၊
အန်အယ်လ်ဒီက တရားဝင် အာဏာလွှဲပြောင်းယူပြီး နောက်ပိုင်း ဒီမိုကရေစီ
အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ပိုပြီး ဟန်ချက်ညီညီ
လှုပ်ရှားလာမှာကို စိုးရိမ်လို့လား ဆိုတာတွေကတော့ စဉ်းစားစရာတွေ
ဖြစ်နေပါတယ်။


* တိုက်ပွဲကပြင်း ၊ အကြောင်းပြချင်ရင်တော့ ပြစရာတွေကများ

တစ်လကျော် ကြာလာပြီဖြစ်တဲ့ ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူး ၊ မိုင်းနောင် ၊
ကျေးသီး စတဲ့ ဒေသတွေက တိုက်ပွဲတွေကြောင့် နေရပ်တွေကို စွန့်ခွာထွက်ပြေးတဲ့
ဒေသခံ ပြည်သူတွေ သောင်းဂဏန်းအထိ ရှိလာတာကို ကြည့်ရင်ပဲ တိုက်ပွဲတွေက
ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ တွေ့ရပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီ ရွေးကောက်ပွဲ နိုင်လောက်တဲ့ အခြေနေရောက်မှ တိုက်ပွဲတွေ
ပိုပြင်းထန်လာတာကတော့ စဉ်းစားစရာ ဖြစ်နေတာ အမှန်ပါပဲ။ အလားတူ
ကေအိုင်အိုနဲ့ မိုးညှင်းဒေသက တိုက်ပွဲတွေကလည်း ထိုနည်းလည်းကောင်းပါပဲ။
ဖြစ်ရင်လည်း သာမန်ထိတွေ့မှု လောက်သာ ဖြစ်ရမယ့် အခြေအနေမှာ လေယာဉ်သုံး
ရဟတ်ယာဉ်သုံးတာတွေ အထိ ဖြစ်လာတာပါ။ အန်စီအေ မထိုးထားပေမယ့်
ကေအိုင်အိုနဲ့ ဆိုရင် ပဋိပက္ခ ဖြေရှင်းရေးလို နှစ်ဖက်တာဝန်ရှိသူတွေ ပါဝင်တဲ့
အဖွဲ့ဖွဲ့ထားပြီ ဖြစ်တဲ့အတွက် သိပ်ပြီးယုတ္တိယုတ္တာ မရှိလှပါဘူး။ သျှမ်းပြည်နယ်
အလယ်ပိုင်းက တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင် အကြောင်းပြချက် မျိုးစုံပေးလို့ရတာ
တွေ့ရပါတယ်။ တပ်မတော် တပ်စခန်းတွေကို လာတိုက်လို့ ဒါမှမဟုတ် ဆုတ်ခိုင်းတာ
မဆုတ်လို့ ၊ ရှမ်းတပ်မတော် မြောက်ပိုင်း SSA/SSPP အနေနဲ့ အန်စီအေခေါ်
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ အသင့်မဖြစ်သေးလို့ စသဖြင့်
အကြောင်းပြချက် လျှောက်ပြလို့ ရပါသေးတယ်။ နောက် စည်းကမ်းမလိုက်နာလို့
ဆိုတာကအစပါ။

အခြား ရှုမြင်နိုင်တဲ့ အချက်တွေကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသား
လက်နက်ကိုင် အချင်းချင်း နယ်မြေ ဆက်စပ်မှုကို ဖြတ်တောက်လိုတာ ( အရှေ့ဘက်
တွင် UWSA “၀” ၊မြောက်ဘက်နဲ့ အနောက်ဘက်မှာ  တအာင်းပလောင် TNLA ၊
ကေအိုင်အေ တစ်ဆက်တစ်စပ်တည်းရှိနေမှု ) ၊ အင်အား  အကြီးဆုံးဖြစ်တဲ့ UWSA
“၀” ကို သံလွင်မြစ် အနောက်ကမ်းကနေ ခြိမ်းခြောက်လိုမှု ၊  တိုင်းရင်းသား
လက်နက်ကိုင် တပ်ပေါင်းစု (ကေအိုင်အို ၊ တအာင်းပလောင်၊  SSA/SSPP ၊
ကိုးကန့်) တို့လို ကိစ္စတွေကို အကြောင်းပြကောင်း ပြနိုင်ပါတယ်။  ဒါ့အပြင် တရုတ်ရဲ့
ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုလို
ကိစ္စတွေအထိ လိုအပ်ရင် တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်ပြီး စွပ်စွဲကောင်း
စွပ်စွဲနိုင်ပါတယ်။


* အန်စီအေကိစ္စ သိပ်ယုတ္တိမရှိ

ဒါပေမဲ့ အန်စီအေ မထိုးသေးလို့ဆိုတဲ့ ကိစ္စကလည်း တကယ်တော့ ယုတ္တိယုတ္တာ
မရှိလှပါဘူး။ အစိုးရစစ်တပ်က သဲကြီးမဲကြီးတိုက်နေတဲ့ SSPP/SSA ဆိုရင်
ပြည်ထောင်စု အဆင့်အထိကို အပစ်ခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး
လုံးဝမထိုးဘူးလို့ ငြင်းနေတာ မဟုတ်ပါဘူး။ အလားတူ ကေအိုင်အို ၊
တအာင်းပလောင်တို့လည်း ဒီလိုပါပဲ။ အားလုံးပါဝင်ရေးမူကို လက်ဆုပ်
ကိုင်ထားတဲ့အတွက် မထိုးသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် “၀” နယ်မြေ ပန်ဆန်းမှာ
ကျင်းပခဲ့တဲ့ တိုင်းရင်းသား ညီလာခံကနေ ရွေးကောက်ပွဲအပြီး တက်လာမယ့်
အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း
အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က
ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အန်အယ်လ်ဒီက ရွေးကောက်ပွဲနိုင်တာ
သေချာသလောက် ဖြစ်ဖြစ်ချင်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက
အန်အယ်လ်ဒီက ဖွဲ့မယ့် အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးချင်တဲ့ အကြောင်း
အဖွဲ့အစည်း အသီးသီးက ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ “၀”
ပြသ၁နာကလည်း “၀”  ပြည်နယ်ကိစ္စနဲ့  ထိုင်းနယ်စပ်က “၀” တောင်ပိုင်းလို့ ကိစ္စတွေ
ရှိနေတဲ့အတွက် သီးသန့် ကိစ္စတစ်ရပ်လို ဖြစ်နေပေမယ့် ထိန်းပြီး အပိုင်းလိုက်
ဖြေရှင်းတတ်ရင် ထိန်းလို့ရတဲ့ အနေထားရှိနေဆဲပါ။
 

* တရုတ်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပြသ၁နာ

တရုတ်နဲ့ နယ်မြေအရ ဆက်စပ်မှုနဲ့ ပထ၀ီနိုင်ငံရေးအရ ခြိမ်းခြောက်ခံရမှု
တရုတ်ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား
ကူးလူးဆက်ဆံမှု ကိုလည်း လူပြိန်းကြိုက် အကြောင်းပြ ၊ လော်ဘီတွေက တစ်ဆင့်
ဝါဒတွေဖြန့်ပြီး တိုက်ပွဲဆင်နွှဲကောင်း ဆင်နွှဲပြနိုင်ပါတယ်။ တရုတ်ဆိုရင်
ပြည်သူတွေမှာ အမုန်းခံဓာတ်က ရှိပြီးဖြစ်တဲ့အတွက် သူနဲ့ ဆက်စပ်တယ်ဆိုပြီး
လက်ခုပ်သံတွေကို ချူယူ ၊ အနောက်နိုင်ငံတွေကို လက်ယပ်ခေါ်ဆိုတဲ့
ဦးနေ၀င်းခေတ်က သုံးခဲ့တဲ့ ပုံစံမျိုးတွေနဲ့ပါ။ ဒါပေမဲ့ ဒါဟာ လက်တွေ့ကျတဲ့
ဖြေရှင်းချက်တော့ ဖြစ်မှာ မဟုတ်ပါဘူး.။

နယ်မြေအရ တရုတ်နယ်စပ်က အဖွဲ့အစည်းတွေအနေနဲ့ သူတို့ ရပ်တည်ရေးအတွက်
မဆက်စပ်လို့ မရပါဘူး။ ထိုင်းနယ်စပ်က အဖွဲ့စည်းတွေလည်း ထိုင်းနဲ့
အနည်းအများဆိုသလို ဆက်ဆံရမှာပါပဲ။ ဒါပေမဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရမှာ
တရုတ်ကို ပါစေချင်တဲ့ အဖွဲ့တွေရှိနေတာက တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံ
တိုင်းရင်းသားရေးရာ မူဝါဒကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စာရေးသူရဲ့   ပြီးခဲ့တဲ့လ
တရုတ်ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေနဲ့ မတွေ့ခဲ့ရပေမယ့် အတန်အသင့်
အရေးပါတဲ့ သူတွေနဲ့ တွေ့ဆုံ တီးခေါက်မိသလောက်ကတော့ တရုတ်အနေနဲ့
နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ရေးအတွက် မြန်မာဘက်က
တိုင်းရင်းသားတွေကို အနည်းဆုံး သူတို့ဆီက ဆစ်ဆောင်ပဏ္ဏားတို့ တယ်ဟုန်တိုင်း
ပြည်နယ်ခွဲတို့လို ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရစေချင်တယ်ဆိုတဲ့ မူဝါဒကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ ယူနန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စု ၂၆ မျိုးမှာ
အတော်များများက မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့
တူတာတွေရှိပါတယ်။ ရှမ်း ( တိုင်း ) ( ဆစ်ဆောင်ပဏ္ဏားနဲ့ တယ်ဟုန်ဒေသမှာ
သန်းနဲ့ချီရှိ ) ၊ ဂျင်းဖော ( ကချင် ) ၊ ယီ ( အခါ ) ၊ တအာင်း ၊ ကိုးကန့် ၊ “၀” စသဖြင့်ပါ။
တရုတ်မြန်မာ ချစ်ကြည်ရေးအသင်းက တာဝန်ရှိသူ တစ်ဦးကတော့ မြန်မာဘက်က
တိုင်းရင်းသား အတော်များများဟာ သူတို့နဲ့ မျိုးနွယ်စုတူတွေ ဖြစ်တဲ့အတွက်
သမက်ကို သမီးပေးထားရတယ်လို့ ယူဆတဲ့အကြောင်း ၊ သမက်က
သမီးကိုရိုက်ရင်တော့ မိဘဖြစ်သူက သည်းခံမှာ မဟုတ်ဆိုတဲ့ သဘောမျိုးကိုလည်း
စာရေးသူကို ပြောပြခဲ့ပါတယ်။ သတိထားရမယ့် အချက်ပါပဲ။ စာရေးသူအနေနဲ့
တရုတ်ကို သဘောမကျတာတွေ ရှိပေမယ့် သူနဲ့ အမြဲတမ်းရန်ဖြစ်လို့
မဖြစ်ဘူးဆိုတာလည်း နားလည်ထားပါတယ်။

စာရေးသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အန်အယ်လ်ဒီက ကျင့်သုံးမယ့်
လွတ်လပ်ရေးရပြီးစ ခေတ်က နိုင်ငံခြားရေးမူဝါဒဆိုတာကို အမှန်ပဲ
သဘောကျပါတယ်။ အဲဒီခေတ်တွေတုန်းက မြန်မာအနေနဲ့ အနောက်အုပ်စုနဲ့လည်း
ပြသ၁နာမရှိသလို တရုတ်နဲ့လည်း ပြသ၁နာမရှိပါဘူး။ တန်းတူရည်တူနဲ့
အေးအေးချမ်းချမ်း ဆက်ဆံနိုင်တဲ့ အဆင့်မျိုးပါ။ အဲဒီခေတ်ကာလမှာ ဗမာပြည်
ကွန်မြူနစ်ပါတီလည်း ပန်ဆန်း တရုတ်နယ်စပ်ကို မရောက်သေးပါဘူး။


* အန်အယ်လ်ဒီ အစိုးရကြောင့်တော့ သေချာပေါက်ဖြစ်နိုင်

အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာ အနိုင်ရထားတာကြောင့်  အန်အယ်လ်ဒီ
အစိုးရလက်ထက်မှာ တပ်မတော်ရဲ့ ရှိရင်းစွဲ ပါဝါကို ဆက်မြှင့်ထားချင်တာကြောင့်
ဆိုတာမျိုး၊ အန်အယ်လ်ဒီ အစိုးရ ဖြစ်လာပြီး နောက်ပိုင်း  အတိုက်အခံ အင်အားစုနဲ့
တိုင်းရင်းသားတွေဘက်က ပိုအားကောင်းသွားမှာ စိုးရိမ်တာကြောင့် တိုက်ပွဲတွေ
ထိုးစစ်တွေ စဆင်နေတာ ဆိုတာတွေကတော့ ဖြစ်နိုင်ခြေများတဲ့ ကိစ္စရပ်တွေလို့
ဆိုနိုင်ပါတယ်။ ဒီလို တွက်ဆမိတာကလည်း သဘာဝအရက ပေးထားတဲ့
အတိုက်အခံတွေ ဖြစ်တဲ့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ တိုင်းရင်းသား
အင်အားစုတွေ ပေါင်းဆုံမိရင် ဆိုတဲ့ တွက်ဆချက်ကြောင့်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပြသ၁နာ နှစ်ရပ်ဖြစ်တဲ့ တိုင်းရင်းသား
တန်းတူအခွင့်ရေး ပြသ၁နာနဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းမှု ပြသ၁နာ နှစ်ရပ်ကို
ပြန်ကြည့်မယ်ဆိုရင် လက်ရှိ အာဏာ ရယူထားသူတွေက တစ်ဖက်ဖြစ်ပြီး
အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ နဲ့ တိုင်းရင်းသား အင်အားစုတွေက သူတို့ရဲ့
တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်ရေးတွေအတွက်
အကြွေးသွားတောင်းရမယ့် သူတွေအဖြစ် ရှိနေတာ ငြင်းမရနိုင်တဲ့ ကိစ္စပါ။
အန်အယ်လ်ဒီအနေနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တိုင်းရင်းသားအရေးနဲ့
ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား လုပ်သွားမယ်၊ တန်းတူရည်တူရှိတဲ့
ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ကတိပေးပြီး
ဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများက
အန်အယ်လ်ဒီ အစိုးရ တက်လာခဲ့ရင်ဆိုတဲ့ အတွေးတွေနဲ့ သူတက်လာတဲ့
အချိန်အထိ စောင့်နေတာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီနိုင်မယ့်
ရွေးကောက်ပွဲကိုလည်း အနှောင့်အယှက် မဖြစ်စေဖို့ တိုင်းရင်းသား
လက်နက်ကိုင်တွေဘက်က ထိန်းထိန်းသိမ်းသိမ်း နေပေးခဲ့တာတွေလည်း တွေ့ရပြီး
နိုင်တဲ့အခါမှာလည်း ကြိုဆိုကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာလည်း
တွေ့ရပါတယ်။ တချို့အဖွဲ့တွေကဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
အစိုးရအဖွဲ့နဲ့ အတူ ပြည်တွင်းစစ်မီး ငြှိမ်းနိုင်လိမ့်မယ်ဆိုပြီး ကြေညာချက်တွေ
ထုတ်ပြန်တာတောင် တွေ့ရပါတယ်။

တစ်ချိန်တည်းမှာလည်း ခုလို ပြင်းထန်တဲ့ တိုက်ပွဲတွေက တိုင်းရင်းသားတွေနဲ့
အန်အယ်လ်ဒီအစိုးရတို့ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ ချိတ်ဆက် မလာနိုင်ခင်စပ်ကြား
အပြုတ်တိုက်ထားရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်နေတာလား ဆိုတာကလည်း
စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါ့အပြင် နောက်ဆက်ပြီး အတွေးနယ်ချဲ့မယ် ဆိုရင်
ချဲ့နိုင်စရာ ကိစ္စရပ်တွေလည်း မကောင်းတဲ့ ဘက်မှာ အများပြား ရှိနေပါသေးတယ်။
သေချာတာကတော့ လူထုအားကိုးတဲ့ အန်အယ်လ်ဒီလို ဒီမိုကရက်တစ်
အင်အားစုတွေရဲ့  လှုပ်ရှားမှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ချိတ်ဆက်မိပြီး
တောင့်တင်းခိုင်မာတဲ့ တပ်ပေါင်းစုမျိုး တည်ဆောက်သွားနိုင်မှာကို အာဏာကို
တတ်နိုင်သမျှ ဆက်ထိန်းထားလိုသူတွေ ၊ နောက်ပြန်သွားချင်သူတွေနဲ့
ဖြည်းဖြည်းချင်း ဒါမှမဟုတ် အနည်းအကျဉ်း ဟန်ပြလောက်သာ လုပ်ပြချင်သူတွေက
မလိုလားတာကတော့ အသေချာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ လတ်တလော
ဖြစ်နေတဲ့ တိုက်ပွဲတွေက  ပုံမှန်အနေထား မဟုတ်ဘူး ဆိုတာပါပဲ။

စိုင်းထွန်းအောင်လွင်
The Ladies News Journal
 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.