အမေပြောတဲ့… အမောပြေဆိုတာ || ဂျေလှသင် ||

မောနေတဲ့လူတွေအတွက် အမောပြေစကားဟာ အင်မတန်အားဖြစ်ပါတယ်။ မောတယ်ဆိုတော့ မေးစရာ ရှိလာပြီပေါ့။ ဘယ်သူတွေ မောနေတာလဲဆိုတော့ ပြည်သူတွေ မောနေတာလေ။ မောတာမှ နှစ်ပေါင်း ၆၀ နီးပါးရှိပြီ ဆိုပါတော့။ ဘာအတွက် မောနေတာလဲဆိုရင်တော့ တို့နိုင်ငံကိုအုပ်ချုပ်မယ့် သမ္မတက ဘယ်သူဖြစ်မှာလဲဆိုတဲ့ အမေးတွေနဲ့ မောနေကြရပါတယ်။ အဲဒီလိုမောနေတဲ့ ကာလမျိုးမှာ အမေပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်  တစ်နိုင်ငံလုံးက ပြည်သူတွေ အမောပြေသွားတယ်လို့ ပြောချင်တာပါ။ မတ်လ ၂၃ ရက်နေ့က ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးက အမေစုလို့ အားကိုးတကြီးခေါ်ဝေါ်ကြတဲ့ လူထုခေါင်းဆောင်ရဲ့ အမောပြေစကားဆိုပါတော့။

“ရုပ်ရှင်အနုပညာ လုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံအတွက် သိမ်မွေ့တဲ့အင်အားပါ။ အဲဒီသိမ်မွေ့တဲ့ အင်အားကို တလွဲမသုံးဘဲ အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် နိုင်ငံအတွက် အင်မတန် အသုံးဝင် ပါတယ်။ ကျွန်မတို့နိုင်ငံဟာ သိပ်ပြီးတော့ မချမ်းသာသေးပါဘူး။ မချမ်းသာသေးဘူးလို့ ကျွန်မပြောတာ နော်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ချမ်းသာရမယ်လို့ ကျွန်မ ဒီလိုပဲ ယုံကြည်ပါတယ်” ကဲ ဘယ်လောက်များ အားတက်စေလိုက်ပါသလဲ။ နောင်အနှစ်၂၀ မှာ စင်ကာပူကို ကျော်တက်မယ် ဆိုတဲ့စကားကို အမေပြောထားပြီးတဲ့နောက် အမေဦးဆောင်တဲ့ ပြည်သူ့အစိုးရခမျာ စီးပွားရေးကို ဇောက်ချ မလုပ်ရရှာပါဘူး။ နိုင်ငံတစ်ဝန်းလုံး တက်လိုက်တဲ့ ပြသ၁နာတွေ တစ်ခုပြီးတစ်ခု။  ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေစပြီဟေ့ဆို ဘယ်သူက ဘယ်လိုစမှန်းမသိ ပစ်ကြခတ်ကြ တိုက်ပွဲတွေစကြ။

ရခိုင်အရေးမလဲ ဒီလိုပဲ၊ နိုင်ငံရေးပါးဝလွန်း ကမ္ဘာ့နိုင်ငံရေးမှာ ဗဟုသုတများလွန်းသူ ဖြစ်တာမို့ တစ်ကမ္ဘာလုံးနဲ့ ပြသ၁နာ တက်နိုင်တဲ့ကိစ္စဆိုတာ ကြိုမြင်ထားတဲ့အတွက် ကိုဖီအာနန်လို ကမ္ဘာ့နိုင်ငံတွေအပေါ် သြဇာကြီးတဲ့ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း တစ်ယောက်ကို စုံစမ်းရေးကော်မရှင်ဖွဲ့ ဥက္ကဋ္ဌခန့်ပြီး တာဝန်ပေးထားမိပေလို့ ကမ္ဘာ့အစ္စလာမ်မစ် နိုင်ငံတွေရဲ့တုံ့ပြန်မှုက ဒီလောက်သက်သာတာ။ ဒါတောင်မှ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက် ရန်ဖြစ်နေရသလို မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က ရေငုံနှုတ်ပိတ် နေပါတယ်ဆိုပြီး အမေ့ကို အပြစ်တွေတင်ကြ၊ စွပ်စွဲစော်ကားကြ၊ သူတို့ဘာသာ ကျေနပ်လို့ပေးထားတဲ့ ဂုဏ်ထူးဆောင် ဆုတံဆိပ်တွေပြန်သိမ်းကြနဲ့ ရှုပ်ယှက်တွေခပ်နေလိုက်ကြတာများ ပြည့်တန်ဆာအိမ် ရဲဝင်ဖမ်းတဲ့ အတိုင်း။ အဲဒီလို အပြောအဆိုခံနေရတာတွေကို ကျွန်မတို့ရဲ့ ချစ်လှစွာသောလူထုခေါင်းဆောင် အမေစုက သူ့ကိုပန်းနဲ့ ပေါက်နေတယ် ထင်လားမသိ၊ ခေါင်းမှာပန်းပန်မပျက် ပန်းပန်လျက်ပဲလေ။

ကျွန်မတို့ ပြည်သူတွေကတော့ အမေ့အစားမောလိုက်တာ။ ရိုက်တာသတင်းဌာနက အင်းဒင်မှာတွေတဲ့ အလောင်းတွေနဲ့ ပတ်သက်ပြီး ဓာတ်ပုံသက်သေတွေရှိပါတယ်၊ ဒါဟာ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သုတ်သင်ရှင်းလင်းတဲ့ပြစ်မှု ကျူးလွန်နေတာမို့ အရေးယူပေးပါဆိုပြီး ကုလသမဂ္ဂကို ၀ိုင်းတိုင်ကြတော့လည်း အတိုင်ခံရတဲ့ အမေ့အစိုးရကိုယ်စား ကျွန်မတို့ပြည်သူတွေမှာ မောလိုက်တာ၊ အမေ ဘယ်လိုများရှင်းမလဲပေါ့။ တော်သေးတာပေါ့။ ကိုယ့်စေတနာ ကိုယ့်အကျိုး ပေးတယ် ပြောရမလား၊ ဒါမှမဟုတ် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ထားတဲ့ လူထုခေါင်းဆောင်ရဲ့ စစ်မှန်တဲ့ မေတ္တာတရားကပဲ အကျိုးပေးသလား မပြောတတ်ဘူး၊ R2P နဲ့အရေးယူ ပေးပါဆိုတဲ့ တရားခံစာရင်းထဲ အမေစုနာမည်မပါဘူး။ မပါဆို အဲဒီပြဿနာတွေမပေါ်ခင် ရခိုင်ပြသ၁နာကို အဖြေ ရှာရတဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ဥက္ကဋ္ဌက မြန်မာပြည်မှာ၂၀၀၈ ခြေဥအရအစိုးရအဖွဲ့ ၂ ဖွဲ့ရှိနေ ပါတယ်ဆိုတာ အရင် ပြောထားတာကိုး။ အဲဒါကြောင့် အမေခေါင်းဆောင်တဲ့ အစိုးရ အသက်ရှူချောင်သလို ကိုယ်တွေ မဲပေးရွေးကောက်  တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအတွက် ပြည်သူတွေလည်း နည်းနည်း အမောပြေသွားခဲ့ရတယ်လေ။  ပြည်သူကို အမောပြေစေခဲ့တဲ့ အမေ့ရဲ့စွမ်းပကားတွေပါပဲ။

အခုလက်ရှိ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကြီးကြောင့် ပြည်သူလူထု အသက်တောင် ရဲရဲ မရှူရဲတဲ့ အခြေ ထပ်ဆိုက်လာပြန်ပြီ။ စာဖတ်သူများ သိပြီးကြတဲ့အတိုင်း နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲ၊ တစ်နည်းအားဖြင့် ၂၀၀၈ အခြေခံဥပဒေပါ အခြေခံမူများအပိုဒ် ၁၆ အရ နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲလို့ ဆိုထားတဲ့ နိုင်ငံတော်သမ္မတနေရာ လစ်လပ်သွားတဲ့ အနေအထားကြီး။ ဟုတ်ပါတယ်။ သမ္မတကြီး ဦးထင်ကျော်က ဆိုင်းမဆင့် ဗုံမဆင့်နုတ်ထွက်စာ တင်သွားတယ်။ သူ့နေရာ ဘယ်သူ့ကိုရွေးမလဲ၊ ဘယ်သူ့ကိုများ သမ္မတနေရာ ပေးမှာလဲဆိုတဲ့ အမေးတွေ တစ်နိုင်ငံလုံးကို ပွက်လောရိုက်ပါတော့တယ်။ ပြည်သူတွေ သောကဖြစ်မယ်ဆိုလည်း ဖြစ်စရာကိုး။ သမ္မတမရှိရင် ဒုသမ္မတက ယာယီသမ္မတ တာဝန်ယူရမှာလေ။ လက်ရှိအစိုးရအဖွဲ့မှာ ဒုသမ္မတက အရင်လက်ကျန်တွေထဲက တစ်ယောက်။ အဲဒီတော့ပြည်သူတွေ သောကဖြစ်ပြီပေါ့။

လူထုမှာ သမ္မတသောကတွေနဲ့ ပူလောင်နေရတဲ့အထဲ ပြည်သူရွေးကောက်ထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးဦးဝင်းမြင့်က ရာထူးက နုတ်ထွက်သွားတယ်။ သူ့နေရာ အစားထိုးဖို့ ပြည်သူ့လွှတ်တော်က အမည်စာရင်း တင်သွင်းသူ နှစ်ဦးလုံးကလည်း အနိုင်ရပါတီ NLD ကအမတ်မဟုတ်ပြန်ဘူး။ လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် မဲစနစ်နဲ့ ရွေးချယ်ကြတော့လည်း မဲအများဆုံးနဲ့ လွှတ်တော်ဥက္ကဋ္ဌနေရာရသွားတဲ့ ကွတ်ခိုင်အမတ် ဦးတီခွန်မြတ်ဟာ NLD ပါတီကမဟုတ်။ သေချာစဉ်းစားရင်တော့ သိနိုင်ပါတယ်။ ဦးတီခွန်မြတ်ကို NLD အမတ်တွေကပဲ ရွေးတာ၊ တစ်နည်းအားဖြင့် အမေစုရွေးတဲ့ လွှတ်တော်ဥက္ကဋ္ဌဆိုတာ သဘော ပေါက်ပါတယ်။ သူဟာ ပြည်သူလူထုအတွက် အသုံးတဲ့သူ၊ လွှတ်တော်ဥက္ကဋ္ဌ တာဝန်နဲ့ သင့်တော်သူ၊ ရှင်းရှင်းပြောရရင် ပြည်သူမကြိုက်တဲ့ ပါတီဝင်ဟောင်း ဖြစ်နေပေမယ့် လွှတ်တော်ဥက္ကဋ္ဌတာဝန် ယူပြီးချိန်ကစလို့ ပြည်သူလူထုကို မျက်နှာမူ ပြည်သူကို အကျိုးရှိစေမယ့် ကိစ္စရပ်တွေကိုပဲ ပြည်သူ့လွှတ်တော်ထဲကနေ ဆောင်ရွက်ပေးမယ့်သူမို့ လူထုခေါင်းဆောင်က ရွေးတာလို့ နားလည်မိပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုလား၊ လွှတ်တော်နံရံမှာ ကပ်ထားတဲ့ ဆောင်ပုဒ်ကို အကောင်အထည် ဖော်မယ့်သူလို့ထင်ပါတယ်။

သို့သော်လည်း ကျွန်မတို့ ပြည်သူတွေဘ၀ကလည်း သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုတာလိုပေါ့၊ စိမ်းစိမ်းမြင် လန့်နေတတ်တာ မွေးရာပါ ဖြစ်နေပြီဆိုတော့ ဒုက္ခပါပဲ၊ သမ္မတနေရာတော့ ပြည်သူကို ခပ်စိမ်းစိမ်း လုပ်မယ့်သူတွေ မရပါစေနဲ့၊ အမေစုက ဘယ်လိုလူတွေကို သမ္မတနေရာ လျာထားလေ သလဲနဲ့ သောကပွားနေချိန်မှာ အမေလုပ်လိုက်တဲ့ လှည့်ကွက်က ကျွန်မတို့ကို ရင်အေးစေလိုက်တယ်။ ပြောပြီးပါပကော၊ အမေပြောတဲ့ အမောပြေပါဆို။ ကြည့်လေ နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးအတွက် ပြည်သူတွေက ပူနေချိန် အမေကအေးဆေးပဲ။ သမ္မတကိစ္စ အမေ့ပါးစပ်က တစ်ခွန်းမှမပြောတဲ့အပြင် ပေါကားတွေကို စိတ်ပျက်နေတဲ့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု ကျဆင်းနေတဲ့ မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ပေးပွဲကို အမေစုတက်မယ်ဆိုတဲ့ သတင်းဟာ ပြည်သူတွေရဲ့စိတ်တွေကို အကယ်ဒမီပေးပွဲဆီ ပို့ပေး လိုက်ပါတော့တယ်။ အမေစုဘာများပြောမှာလဲ ဆိုပြီး အကယ်ဒမီပွဲကို စောင့်ကြည့် ဖြစ်ပါတော့တယ်။

အမောတွေပြေလိုက်တာ အမေရယ်။ ဘယ်လို စိန်ခေါ်မှုတွေကမှ အမေ့ပါးက သနပ်ခါးကို မပျက်စေနိုင်သလို အမေ့ခေါင်းက ပန်းတွေကိုလည်း ဖြုတ်မချနိုင်ခဲ့ဘူး။ ဘယ်သူတွေ ဘယ်လောက် တိုက်ခိုက် နေပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပန်းပန်လျက်ပဲဆိုတဲ့ အမေ့သတ္တိမျိုး ကျွန်မတို့ အတုခိုးရ မယ်။ လျှပ်ပေါ်လော်လည် လွန်းတဲ့ တချို့ရုပ်ရှင်သရုပ်ဆောင် တွေကိုလည်း ခေတ်ကို မျက်ခြည် မပြတ်တာ လက်ခံတယ်၊ ခေတ်ဟောင်းပုံစံ ရှေးရိုးကြီးအတိုင်း သွားရမယ် မဆိုလိုဘူး။ သို့သော် အဆင့်အတန်းရှိစွာ ဂုဏ်သိက္ခာရှိစွာ ခေတ်ဆန်ပါ လို့ ဆုံးမသွားသေးတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးးထားပါ၊ ကိုယ့်ပညာကို တန်ဖိုးထားပါ ဆိုတဲ့စကားကလည်း အနုပညာရှင်တွေ ယူတတ်ရင်အင်မတန် တန်ဖိုးကြီးပါတယ်။

ကျွန်မတို့ ပြည်သူတွေအတွက် အားအရှိဆုံးစကားကတော့ “ကျွန်မတို့ နိုင်ငံဟာ သိပ်ပြီးတော့ မချမ်းသာသေးပါဘူး။ မချမ်းသာသေးပါဘူးလို့ ကျွန်မပြောတာနော်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ချမ်းသာရမယ်လို့ ကျွန်မဒီလိုပဲ ယုံကြည်ပါတယ်” တဲ့။ ၀မ်းသာလိုက်တာ အမေရယ်၊ စိတ်ချမ်းသာ လိုက်တာ။ ကျွန်မတို့ရဲ့ လူထုခေါင်းဆောင်ဟာ ခဏ ခဏပြောလေ့ ရှိပါတယ်။ “လူထုအပေါ်မှာ လုပ်မပေးနိုင်ဘဲနဲ့ မတည်နိုင်တဲ့ကတိမျိုး ဘယ်တော့မှ ကျွန်မ မပေးဘူး”  ဆိုတဲ့စကားပါ။ ကိုယ့်တိုင်းပြည်အတွက် အမေယုံကြည်ရင် ကျွန်မတို့လည်း ယုံကြည်တယ်။ တစ်နေ့၊ များမကြာ ခင်တစ်နေ့ အမေပြောသလို ကျွန်မတို့နိုင်ငံ ချမ်းသာရမယ်၊ ကျွန်မတို့ ပြည်သူတွေဟာ တစ်နေ့မုချမသွေ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိတဲ့ လူမျိုးအဖြစ် ရပ်တည်နိုင်ရမယ်ဆိုတာ ယုံကြည်တယ်။ အမေရယ် အမေ့ အပြောတွေနဲ့တင် အားအင်တွေအသစ်ဖြစ် အမောတွေ ပြေလိုက်တာ အမေရယ်။

ဂျေလှသင်
The Ladies News
 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.