ကောင်းသောစကား // ဒေါက်တာခင်မောင်ညို //

သူများအကြောင်း ကောင်းသောစကားကို ဆိုသူတွေ မရှိဘူးတဲ့။ ဘာထရန်ရပ်ဆယ်က ဒီလိုပြောထားတယ်။ (No one gossips about other people’s secret virtues. – Bertrand Russell)
 
အဓိပ္ပာယ်ပြန်ရင်တော့ လူတွေရဲ့ ကောင်းတဲ့ လျှို့ဝှက်ချက်ဆိုတာ secret virtues ပေါ့လေ။ အဲဒါကို ဘယ်သူမှ အတင်းမပြောပါဘူးတဲ့။
ဟုတ်မှာပါပဲ။
လူနှစ်ယောက်တွေ့ရင် နောက်တစ်ယောက်ရဲ့ မကောင်းတာကို ပြောတတ်ကြတယ်။ နောက် အဲဒီလူထွက်သွားရင် အဲဒီလူရဲ့ မကောင်းတာကို စဉ်းစားမိတော့တာပဲတဲ့။ ကောင်းတဲ့စကားကို ကျွန်တော်တို့ ဆိုပါတယ်။
 
ရှေ့မှာတင် ဆိုကြတယ်။ နောက်ကွယ်မှာ ဘာစကားဆိုမလဲ။
 
တစ်ခုတော့ရှိတယ်။ သေတဲ့သူအကြောင်း မကောင်းပြောတာ မယဉ်ကျေးဘူးတဲ့။ ဒါကြောင့် အဲဒီလူ ကွယ်လွန်ရင်တော့ သူ့ရဲ့ ကောင်းတာတွေကိုပြောတဲ့ ဓလေ့တော့ရှိတယ်။ ဒီလိုဆို သင့်ကို အကောင်းပြောတာခံချင်ရင်တော့ သေသာသေလိုက်ပေတော့။
 
လူတွေမှာ နှစ်ဖက်ရှိတယ်။ ကောင်းတဲ့ အလုပ်တွေ လုပ်တတ်သလို မကောင်းတာတွေကိုလည်း လုပ်တာရှိတယ်။ စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့တယ်လို့ ပြောပါတယ်။
 
ဒီလိုဆို မကောင်းတာပဲလုပ်မှာလား။
ဒီလိုလည်း မဟုတ်ပါဘူး။
 
ကောင်းတာတွေကိုလည်း လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ မကောင်းတာတွေပဲ လုပ်ရင် သူ့ကို လူမှုအသိုင်းဝိုင်းက လက်မခံဘူး။ ဒီတော့ သူ့အနေနဲ့ ရှာကြံပြီး ကောင်းတာကို လုပ်ရပါသတဲ့။ ဟန်ဆောင်ပန်ဆောင် လုပ်တဲ့သူတွေလည်း အများကြီးပါပဲ။ အချို့လည်း ကောင်းတာကို လုပ်တဲ့အခါ လူတွေရဲ့ လေးစားတာကို ခံရလို့ ကောင်းတာပဲ လုပ်ရင်း အလေ့အကျင့်ရသွားတယ်။ လူကောင်းတွေဆိုတာ အဲဒီလိုမျိုး ဖြစ်လာတာပဲလို့ အချို့ကဆိုပါတယ်။
 
အမှန်တော့ ဒီလိုချည်းလည်း မဟုတ်ပါဘူး။
 
ဘုရားဟောမှာလည်း ရှိပါတယ်။ သုဝဏ္ဏသာမရဲ့ မိခင်နဲ့ဖခင် (ဒုကူလနဲ့ ပါလိကာ) တို့ဟာ မကောင်းမှုကို လုပ်ချင်စိတ်မရှိဘူးဆိုတာ တွေ့နိုင်တယ်။
 
ဒီခေတ်မှာလည်း သက်သတ်လွတ်စားသူတွေ ပရဟိတသမားတွေကိုတွေ့နိုင်တာပဲ။ ရှင်ဆန္ဒာဓိကတို့ဆိုရင် တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူး ၆ ခုထွက်ပြီးကာမှ သာသနာ့ဘောင်ဝင်တာမျိုးပေါ့။ ဥပမာတွေ အများကြီးရှိမှာပါ။ ပါရမီရင့်ကျက်တဲ့သူတွေဟာ ကောင်းတာကိုပဲ ရွေးလုပ်တယ်။ ကျွန်တော်က ယေဘုယျတင်ပြတာပါပဲ။
 
ဒီနေရာမှာ နိုင်ငံရေးစကားပြောချင်ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ လူအမျိုးမျိုး လိုပါတယ်။ အဲဒီမှာ နိုင်ငံရေးသမား၊ အုပ်ချုပ်သူ၊ ကာကွယ်ရေး ဆောင်ရွက်သူ ထိပ်ပိုင်းက တာဝန်ယူသူတွေရှိတယ်။ အလယ်ပိုင်းမှာတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တာဝန်ယူသူတွေ ရှိတယ်။ အောက်ခြေမှာတော့ အလုပ်သမား၊ လယ်သမားတွေ ရှိတယ်။
 
အဲဒီလို အလွှာတွေဟာ တကယ်တော့ သိသိသာသာကွဲနေတာ မဟုတ်ပါဘူး။ ကြားထဲမှာ အကူးအပြောင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည် တိုးတက်မှုဟာ ထိပ်ပိုင်းကလူတွေဖြစ်တဲ့ နိုင်ငံရေးသမား၊ အုပ်ချုပ်သူ၊ ကာကွယ်ရေး ဆောင်ရွက်သူတွေက အဓိကကျတယ်။ သူတို့ကောင်းဖို့ လိုတယ်။ တော်ဖို့လိုတယ်။
 
ဦးနေ၀င်းလက်ထက်မှာ လူတော်လူကောင်းဆိုတာကို လူကောင်းလူတော်အဖြစ် ပြင်ခဲ့တယ်။ သူက ကောင်းတဲ့သူကို အဓိကရွေးချယ်လိုတယ်လို့ ဆိုတယ်။ တော်ပြီး မကောင်းတဲ့လူဆိုရင် မရွေးဘူး။ ဒါဟာ အတော်လေး သင့်တော်တယ် ထင်ရပေမယ့် ကောင်းရုံကောင်းပြီး မတော်ရင်တော့ အလုပ်မဖြစ်ဘူးပေါ့။ တိုင်းပြည်တစ်ပြည်အတွက် လူတော်တွေလိုတာ အသေအချာပဲ။
 
သိပ်အရမ်းကြီး မတော်ပေမယ့် အလုပ်ကြိုးစားတဲ့သူဆိုရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ တကယ်တမ်း Rational ဖြစ်တဲ့သူဆိုရင် အလုပ်လုပ်လို့ အဆင်ပြေပါတယ်။ Rational ဆိုတာ အဓိပ္ပာယ်ရှိရှိ၊ ဆင်ခြင်တုံတရားတွေနဲ့ တွေးတော နိုင်တဲ့သူပါပဲ။ မှန်တဲ့လမ်းကြောင်းကို အကြိုးအကြောင်း ဆီလျော်စွာ လက်ခံဆောင်ရွက်သူဖြစ်တယ်။
 
လူတွေဟာအလုပ်ကို ကြိုးစားပြီး လွတ်လပ်စွာ တွေးခေါ်နိုင်ရင် အသုံးဝင်တဲ့လူတစ်ယောက် ဖြစ်လာတာပါပဲ။ ဥပမာ လူတစ်ယောက်ဟာ အတ္တကြီးမယ်။ ကိုယ့်အတွက်ပဲ ကိုယ်လုပ်မယ်ဆိုရင် သူဟာ လူကောင်းမဟုတ်တော့ဘူး။
 
သူ လူတော်လား။
လူတော်ဆိုရင် သူ့မှာ ဆင်ခြင်တုံတရားရှိရမယ်။ အကျိုးအကြောင်း ဆီလျော်စွာ တွေးခေါ်တတ်ရမယ်။ အရှည်ကိုမြင်နိုင်ရမှာပေါ့။ ဒီတော့ သူဟာ အတ္တများနေရင် အဆင်မပြေနိုင်ဘူး ဆိုတာကို သူသိမှာပဲ။ ကိုယ့်အတွက်ပဲ ကိုယ်လုပ်တယ်။ သူများကို မမျှဝေဘူးဆိုရင် လောကမှာ သူ့အတွက် နေရာမရှိဘူးဆိုတာကို သူသိမှာပါပဲ။
ဒီလိုသိနေတော့ သူဟာ လူကောင်းဖြစ်လာမှာပဲ။ ဒါကြောင့် လူတော်တွေဟာ လူကောင်းတွေ ဖြစ်ကြပါတယ်။ (ခြွင်းချက်တော့ ရှိချင်ရှိမယ်။ တကယ်တော့ လူမကောင်းရင် လူတော်မဟုတ်ဘူး။ လူတော်တွေဟာ လူကောင်းတွေ ဖြစ်လေ့ရှိတာပါပဲ) ဒီတော့ လူတော်ဖြစ်ဖို့ အဓိကကျတယ်လို့ ဆိုချင်တယ်။ (ဒါကို ကန့်ကွက်လို့လည်း ရပါတယ်)
 
လူတော်တွေဟာ မိမိအရည်အသွေးကို အမြဲမြင့်အောင် ကြိုးစားနေရပါတယ်။ အမှားတွေပြောလို့ မရပါဘူး။ အကျိုးအကြောင်း မဆီလျော်တာတွေကို Rational မဖြစ်တာတွေကို ပြောလို့မရဘူး။ ဒီနေရာမှာ ခေါင်းဆောင်ပိုင်းတဲ့ သူတွေကို ပြောချင်တာပါ။
 
ငါတို့ဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ သူတွေပဲ။ ငါဟာ ကိုယ်ကျိုးစွန့် အနစ်နာခံထားတဲ့သူပဲ။ လူအများ ကောင်းစားရေးအတွက် ငါတို့ လုပ်ချင်တာတွေကို လုပ်မယ်။ ငါတို့ ပြောချင်ရာ ပြောနိုင်တယ်ဆိုတာမျိုးကို လုပ်လို့မရဘူး။ လုပ်တာတွေကိုတော့ လူတွေ ချက်ချင်းမတုံ့ပြန်နိုင်ပေမယ့် ပြောတာကိုတော့ တုံ့ပြန်တာကို တွေ့ရတယ်။ ဒီနေရာမှာ ဗုဒ္ဓရဲ့ အဆုံးအမစကားတွေထဲမှာ အရေးပါတာကို တွေ့ရတယ်။
 
ကျွန်တော်တို့ မြန်မာတွေက စကားခြောက်ခွန်း လူတွင်ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းတည် ဆိုပြီး တွေ့ရမှာဖြစ်တယ်။
 
စကားခြောက်ခွန်းက
၁- ဟုတ်မှန်အကျိုးရှိသူများနာလို
၂- ဟုတ်မှန်အကျိုးရှိသူများမနာလို
၃- ဟုတ်မှန်အကျိုးမရှိသူများနာလို
၎- ဟုတ်မှန်အကျိုးမရှိသူများမနာလို
၅- မဟုတ်မှန်အကျိုးမရှိသူများနာလို
၆- မဟုတ်မှန်အကျိုးရှိသူများမနာလို
 
စကားခြောက်ခွန်းအနက် နှစ်ခွန်းကိုပြန်ပြောလိုသေးတယ်။ အဲဒီနှစ်ခုကတော့ ဟုတ်မှန်အကျိုးရှိသူတစ်ပါးမနာလိုနဲ့ ဟုတ်မှန်အကျိုးရှိသူတစ်ပါး နာလိုတဲ့ စကားတွေပါပဲ။ မှန်လည်းမှန်ရမယ်၊ အကျိုးလည်းရှိရမယ် ဆိုတာကို အဓိကထားတာကို တွေ့ရပေမယ်။ ဒီနှစ်ခွန်းကို သာ ပြောရမယ်လို့ဆိုထားတယ်။
 
ဒါပေမဲ့ တကယ်တမ်း ဒီနှစ်ခွန်းကိုလည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးမှ ပြောရမယ်။
 
မကြာသေးမီက ဗြိတိန်မှာနေနေတဲ့ ရုရှားမှ နှစ်ဖက်ချွန်သူလျှို (Double Agent) ကို အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံတဲ့ ပြသ၁နာ တစ်ခု ဖြစ်တယ်။ သူလျှိုနဲ့သူ့ရဲ့သမီးဟာ မေ့မြောသွားတယ်။ သူတို့ကို ကယ်တဲ့ရဲပါ အဆိပ်သင့်ခဲ့တယ်။ ယခုအခါ ရဲက ပြန်ပြီး သတိရလာပေမယ့် သူလျှိုနဲ့ သူ့ရဲ့သမီးကတော့ မေ့မျောနေဆဲပဲ။
 
ဗြိတိသျှမြေပေါ်မှာ ဖြစ်တဲ့ အဲဒီဖြစ်ရပ် သူတို့ကို စော်ကားသလိုခံစားရတယ်လို့ ဆိုတယ်။ ဒီအတွက် ရုရှားတွေမှာ တာဝန်ရှိတယ်လို့ ယူဆတယ်။ ပြသ၁နာက အကြီးကြီးပဲ။ ဗြိတိသျှက ရုရှားတွေကို ရာဇသံပေးတယ်။ အချိန်အကန့်အသတ် ပေးထားပေမယ့် ရုရာှးက မတုံ့ပြန်ဘူး။ ဒီတော့ ရုရာှးသံအရာရှိ ၂၃ ယောက်ကို ပြည်နှင်ဒဏ် ပေးတယ်။ ကုလသမဂ္ဂကိုတင်ပြီး ပိတ်ဆို့မှုအတွက် တောင်းဆိုတယ်။ အဲဒီလို ဖြစ်ပွားတဲ့အချိန်မှာ ရုရှားသမ္မတပူတင် သမ္မတအဖြစ် ပြန်လည် အရေးကောက်ခံရမယ့်အချိန်ပဲ။ တရုတ်ပြည်မှာ ရှိကျင်းဖျင်လည်း ဒီလိုပဲလေ။ ခုရာသက်ပန် သမ္မတလုပ်ဖို့ အခြေခံဥပဒေကို ပြင်တော့တယ်။ စကားစပြတ်သွားတယ်။
 
ဗြိတိန်မှာ အဆိပ်ဓာတ်ငွေ့နဲ့ပတ်သက်ပြီး ပြသ၁နာဖြစ်နေတဲ့အချိန်မှာ ပူတင်လည်း ရွေးကောက်ပွဲဝင်ဖို့ ရက်ပိုင်းလိုတဲ့ အချိန်နဲ့ သွားတိုက်ဆိုင်နေတယ်။ ဒီတော့ ရုရှားမှာရှိတဲ့ ဘီဘီစီသတင်းထောက်က ပူတင်ရှိရာကို သွားမေးတယ်။ အဲဒီအချိန်မှာ သမ္မတပူတင်ဟာ မြောက်ပိုင်းမှာရှိတဲ့ စိုက်ပျိုးရေး သုတေသနခြံကို ရောက်နေတယ်။ သတင်းထောက်က ပူတင်ကို မေးခွင့်ရတယ်။
 
“သမ္မတကြီးခင်ဗျား၊ ကျွန်တော် ဘီဘီစီ သတင်းထောက်ပါ။ ဗြိတိန်မှာ အဆိပ်ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး ပြသ၁နာဖြစ်နေတာကို ကြားမှာပါ။ လူနှစ်ယောက်ဟာ အခုထိ သတိမရသေးဘူး။ သမ္မတကြီး အနေနဲ့ ဒီကိစ္စကို ထင်မြင်ချက် ပေးနိုင်မလား”
 
“သတင်းထောက်ကြီးခင်ဗျား၊ ကျွန်တော်တို့ဟာ ဒီမှာ လူသားတွေအကျိုးပြု စိုက်ပျိုးရေး သုတေသနလုပ်ငန်းကို ဆွေးနွေးနေကြတယ်။ ဒီသုတေသနဟာ ရိက္ခာတွေ လုံလုံလောက်လောက် ရစေပြီး ကမ္ဘာသူ ကမ္ဘာသားတွေ ပျော်ရွှင်ရမယ့် အချိန်ကို ရောက်တော့မှာပေါ့ဗျာ။ ဒီလိုပျော်နေတဲ့အချိန်မှာ ခင်ဗျားက ၀မ်းနည်းကြေကွဲစရာတွေကို လာမေးမြန်းတာကိုး။ စိတ်မရှိပါနဲ့ဗျာ။ ဒီကိစ္စကို နောက်မှပဲ ပြောကြရင် မကောင်းဘူးလားခင်ဗျ။ ကျွန်တော် ကရင်မလင် ပြန်ရောက်ရင် လာခဲ့ပါ””
 
သတင်းထောက် ဘာမှမတတ်နိုင်ပါဘူး။
 
ယနေ့ ရုရှားကို ဗြိတိသျှက သံတမန်ကိစ္စတွေနဲ့ အရေးယူနေတယ်။ တစ်ချိန်က စစ်အေးတိုက်ပွဲကို သတိရတယ်။ ယနေ့ ဗြိတိသျှဝန်ကြီးချုပ်ဟာ ထရီစာမေဖြစ်တယ်။ အဲဒီတုန်းကလည်း အမျိုးသမီးဝန်ကြီးချုပ် မာဂရက်သက်ချာဟာ အင်မတန် ခေါင်းမာလို့ သူ့ကို iron lady လို့ ခေါ်ခဲ့ကြတယ်။
 
နိဂုံးချုပ်အနေနဲ့ မိမိအနေနဲ့ တာဝန်ရှိသူဖြစ်လာရင် စကားတွေကို လက်လွတ်စပယ်မပြောပါနဲ့။ မပြောဘဲနဲ့လည်း မနေပါနဲ့။ ဟုတ်မှန်အကျိုးရှိတဲ့စကားကို အချိန်အခါလေး အခြေအနေလေး သုံးသပ်ကာ ပြောဆိုကြဖို့ တင်ပြပါတယ်။
 
ဒေါက်တာခင်မောင်ညို
The Ladies News
 
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.