အစိုးရအစစ်နှင့် ၀န်ထမ်းအတုများ // ဂျေလှသင် //

အစစ်တွေကြားထဲမှာ အတုတွေကို မနည်းရွေးထုတ်နေရတဲ့ လောကကြီး ။ ရွှေအတု စိန်အတု ပိုက်ဆံအတု ဆန်အတု ကြက်ဥအတု ဆေးဝါးအတု ဟန်းဆက်အတု နေရာတကာမှာ အတုတွေကြီး စိုးနေပေမယ့် အတုဟာ အတုပဲ အစစ်လိုမကောင်းဘူး ဆိုတာတော့ အတုကို အစစ်အထင်နဲ့ မှားသုံးမိသူ ဘယ်သူမဆို ခံစားဖူးပြီးသား ဖြစ်ကြမှာပါ ။ အဲဒီလိုပဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရတွေမှာလည်း အတုအစစ်ရှိသလို ပြည်သူ့ဝန်ကို ထမ်းရတဲ့ လခစားဝန် ထမ်းတွေမှာလည်း အတု အစစ်ရှိနေပြန်ပါတယ် ။
 
အစိုးရအတုနဲ့ အစစ်ကတော့ ခွဲရလွယ်ပါတယ် ။ တိုင်းပြည်ရဲ့ စီမံခန့်ခွဲမှု ကိစ္စအ၀၀ကို ပြည်သူလူထု ကိုယ်စား စီမံဆောင်ရွက်ပေးဖို့ ပြည်သူလူထု တစ်ရပ်လုံးက ရွေးချယ်တာဝန်ပေးခြင်း ခံရတဲ့ အစိုးရက အစိုးရအစစ်ပေါ့ ။ အဲဒီလို မဟုတ်ပဲ သူ့သဘောနဲ့သူ အစိုးရနေရာ ၀င်ထိုင်ရင် အဲဒါအစိုးရအတု ။ စာဖတ်သူများမြင်သာအောင် အနီးစပ်ဆုံး ကိုယ့်နိုင်ငံနဲ့ ဥပမာပြရရင် ၁၉၄၈ လွတ်လပ်ရေးရပြီး ပြည်သူ့ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ဖဆပလအစိုးရ ၊ ၀န်ကြီးချုပ်ဦးနုရဲ့အစိုးရက အစိုးရအစစ် ။ ၁၉၆၂ ဘယ်ပြည်သူ တစ်ဦးတစ်ယောက်ကမှ မတောင်းဆိုပါပဲနဲ့ ဦးနု တို့အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ဖမ်းချုပ် ထောင်ထဲထည့် ၊ တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာကွဲမှာစိုးရိမ်လို့ပါဆို တဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ကစိုးရိမ် စစ်တပ်ကပဲ အာဏာသိမ်းတဲ့အစိုးရ တစ်နည်းအားဖြင့် တော်လှန်ရေး ကောင်စီဆိုတဲ့ အာဏာသိမ်းအစိုးရက အစိုးရအတု ။
 
၁၉၆၂ ကတည်းက အစိုးရအတုတွေ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် အုပ်ချုပ်လာလိုက်ကြတာ ။ အစားအစာ အတု ဆေးဝါးအတုတွေနဲ့ အသက်ရှင်လာရသူ လူစဉ်မမီသလိုပဲ အစိုးရအတုတွေအောက်မှာ နှစ်ပေါင်း ငါးဆယ် ကျော်နေခဲ့ရတဲ့ မြန်မာနိုင်ငံနဲ့တကွ မြန်မာနိုင်ငံသားတွေဟာလည်း ကမ္ဘာ့အလယ်မှာ လူစဉ်မမီတဲ့ တိုင်းပြည်ဘ၀ ရောက်ခဲ့ရပါတော့တယ် ။ အခု ၂၀၁၅ ခုနှစ်မှာတော့ ကျွန်မတို့ ပြည်သူတွေ အစိုးရအစစ် ပြန်ရဖို့ အခွင့်အရေး ရလာခဲ့ပါတယ် ။ အစစ်ဆိုပေမယ့် ရာနှုန်းပြည့်အစစ်တော့ မဟုတ်သေးပါဘူး ။ ၅၀%လောက်က အတုနဲ့ရောနေပါ သေးတယ် ။ လက်နှက်ကိုင် အဖွဲ့အစည်းတွေအားလုံးက အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်က လွတ်နေတဲ့အတွက် အစိုးရအစစ်လို အားကိုးလို့ မရသေးပေမယ့် လုံးဝအတုထက်စာရင်တော့ ကောင်းပါသေးတယ်ဆိုကြပါစို့ ။
 
ဘာကြောင့်အကောင်းဘက်က လှည့်တွေးရသလဲဆိုတော့ စာဖတ်သူများ တွေ့လိုက်ကြမှာပါ ဧရာဝတီတိုင်းက ၀န်ကြီးချုပ်ကြီး မန်းဂျော်နီ ရာထူးမှ ထုတ်ထွက်သွားတဲ့သတင်း ။ ၀န်ကြီးတွေ နုတ်ထွက်တယ် ၀န်ကြီးချုပ်တွေ နုတ်ထွက်တယ်ဆိုတာ ထူးဆန်းတဲ့ သတင်းမဟုတ်ပါဘူး အာဏာသိမ်းအစိုးရ တစ်နည်းအားဖြင့် အစိုးရအတု တွေ လက်ထက်မှာလည်း မကြာခဏ ဖတ်ဖူးကြားဖူးနေကြတဲ့သတင်းပါ ။ သို့သော် ထွက်ပုံ ထွက်နည်း ကွာခြားပါတယ်။ အရင်ကဆို ဘယ်သူထွက်တယ် ဘယ်သူ့ကို အစားထိုးတယ်ဆိုတာလောက်ပဲ သိကြရပြီး ဘာ့ကြောင့် ထွက်တယ်ဆိုတာ ဘယ်ပြည်သူမှ သိခွင့်မရှိတဲ့သတင်းပါ။ သိအောင်လည်း ဘယ်သူကမှ ပြောမပြပါဘူး။ ပြောပြီးပါပကော အစိုးရအတုပါလို့ ။ တိုင်းပြည်ရဲ့လုပ်ပိုင်ခွင့် အာဏာကြီးတစ်ခုလုံးကိုတောင် ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ငါတို့ကြိုက်လို့ သိမ်းတယ် ဘာဖြစ်လဲဆိုတဲ့အထာနဲ့ နေလာခဲ့သေးတာ ၀န်ကြီးတစ်ဦး တိုင်းနဲ့ပြည်နယ် ၀န်ကြီး ချုပ်တစ်ဦး လူစားလဲတာ လောက်များတော့ ပြည်သူကိုအရေးလုပ်ပြီး ပြောပြစရာလို့ကို ထင်မထားကြဘူး ။ အဲဒါ အတုနဲ့အစစ်ရဲ့ ကွာခြားချက်ပါပဲ ။
 
အစိုးရအစစ်ကျတော့ ဒါမျိုးမလုပ်ဘူး။ ပြည်သူ ရွေးကောက်တင်မြှောက်ထားတာကိုး။ ပြည်သူကို ရှင်းပြရတယ်၊ ဘာကြောင့် လူစားလဲရတာပါဆိုတာမျိုးပေါ့။ ပြည်သူရွေးထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ကိုး၊ သမ္မတကြီးက အမိန့်ပေးရုံနဲ့ မရတော့ဘူး ။ တိုင်းပြည်ရဲ့ အာဏာပိုင်ရှင်အစစ်က ပြည်သူလေ၊ ကာယကံရှင်ကိုယ်တိုင် သော် လည်းကောင်း၊ သူ့ကို ကိုယ်စားလှယ်အဖြစ်ရွေးထားတဲ့ ပါတီက သော်လည်းကောင်း ဘာ့ကြောင့်သူ့ကို လူစားလဲ ရတာပါဆိုတာ ပြည်သူသိအောင်ချပြ ရှင်းပြရတယ်၊ ဖထီးလို့ သူ့တိုင်းကပြည်သူတွေ ချစ်စနိုးခေါ်တဲ့ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးမန်းဂျော်နီကတော့ ရှင်းတယ်၊ သူ့ကျမ်းမာရေးကြောင့် နုတ်ထွက်တယ်ဆိုတာ သတင်းသမားတွေကို ခေါ်ပြီး သတင်းမီဒီယာတွေကတစ်ဆင့် ပြည်သူကို သတင်းပေးတယ်။ အကြိုက်ဆုံးစကားကတော့ ပြည်သူက ပေးထားတဲ့ တာဝန်တွေ ကျေအောင်မလုပ်နိုင်မှာစိုးလို့ နေရာဖယ်ပေးပါတယ်။ ကိုယ့်ထက် စွမ်းဆောင်နိုင်တဲ့သူတွေ အတွက် နေရာဖယ်ပေးပါတယ် ဆိုတာပါပဲ ။
 
အဲဒါအတုနဲ့အစစ် ကွာခြားချက်ပဲ ။ အစိုးရဆိုတာ ပြည်သူကို အလုပ်အကျွေးပြုဖို့ ပြည်သူက တာဝန်ပေးထားတာ ၊ မလုပ်နိုင်ရင် တာဝန်မယူနဲ့ဖယ် ။ လုပ်နိုင်တဲ့သူကို နေရာပေး တွယ်ကပ်မနေနဲ့ ။ အဲဒါအစိုးရအစစ် ။ အတုကျ တော့ ဒီလိုမဟုတ်ဘူး။ အစကတည်းက အစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး သူ့အတွက် သူလုပ်မှာ။ ဒါကြောင့် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဘယ်သူဆင်းခိုင်းလို့မှ မဆင်းဘူး။ ဘယ်လောက်တော်နေသူတွေ ရှိနေပါစေ နေရာဖယ်မပေးဘူး ။ သန်း ၆၀ နီးပါး ပြည်သူတွေ ကြားထဲမှာ သမ္မတနေရာ အတွက် လျာထားစရာလူမရှိလို့ သူသမ္မတ ဆက်လုပ်ချင်ပါတယ် ဆိုတာမျိုး မကြားဖူးတာတွေလည်း ကြားရပါရဲ့ ။ အံ့သြကုန်နိုင်ဖွယ် အတုတွေပါပဲ ။ အစိုးရအတုနဲ့ အစစ် ဆီနဲ့ရေလိုကွာပါတယ် ။
 
အဲဒီလိုပြည်သူတွေက ယုံလို့ပုံအပ် ရွေးချယ်လိုက်တဲ့ အစိုးရအစစ်ကို ၀န်ထမ်းအတုတွေက ဒုက္ခပေးနေပြန်ပါ တယ်။ အဲဒီပြသ၁နာဟာ ဒီနေ့မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအတွက် ကြီးစွာသော အန္တရာယ်ပါ ။ ကျွန်မတို့ ပေါ့ပေါ့လေး တွေးလို့ မရပါဘူး ။ ဘယ်လိုလူတွေကို ဘာ့ကြောင့်ဝန်ထမ်း အတုလို့ ခေါ်ပါသလဲမေးရင် ပြည်သူ့ဘဏ္ဍာ ငွေနဲ့လခယူ ပြည်သူကို မျက်နှာမမူ ပြည်သူ့အစိုးရကို သစ္စာဖောက်နေသူတွေ အားလုံးကို ၀န်ထမ်းအတုတွေလို့ သတ်မှတ်ပါတယ်။ လောလောလတ်လတ် ၀န်ထမ်းအတုတွေရဲ့ လုပ်ရပ်တစ်ခုကို ထောက်ပြပါ့မယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ အစိုးရအတွင်း အပြောင်းအလဲတွေ လုပ်မယ်ဆိုတာ သတင်းတွေထွက်နေတာကြာပါပြီ။ ဒါပေမယ့် အစိုးရက ဘယ်ဝန်ကြီးချုပ်တွေ ဘယ်ဝန်ကြီးတွေကိုတော့ဖြင့် တာဝန်က အနားပေးတယ်ဆိုတဲ့ သတင်းဟာ အစိုးရက တရားဝင် မထုတ်ပြန်မီမှာ နိုင်ငံတော်သမ္မတရုံး Page အတုတစ်ခုကနေ အင်တာနက်ပေါ် တက်လာပါတယ် ။
 
ပြည်သူတွေမှာ အံ့သြကုန်ပါတယ်။ အထူးသဖြင့်ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟာ နာမည်ပျက် တစ်စုံတရာမရှိတဲ့ အပြင် အင်မတန်ဖြောင့်မတ်ပြီး ရိုးသားတယ်ဆိုတာ အားလုံးသိထားပါတယ် ။ အခု Page အတုမှာပါတဲ့ စာရင်းထဲမှာ ဖထီးနာမည်ပါလာတော့ သို့လော သို့လောပေါ့ ။ အဲဒီ Page ဟာအတုပါဆိုပြီး အတိုင်ပင်ခံရုံးက ဦးဇော်ဌေးက ရှင်းပါတယ် ။ ဦးဇော်ဌေး ရှင်းပြီးမှ ပိုရှုပ်သွားတာကတော့ သတင်းစာထဲက အမိန့်ကြော်ငြာစာတွေပါပဲ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်သမ္မတ အမိန့်နဲ့ထုတ်ပြန်တဲ့ နိုင်ငံတော်ပြန်တမ်းမှာပါတဲ့ အနားပေးတဲ့ ၀န်ကြီးချုပ်နဲ့ဝန်ကြီး တွေ စာရင်းဟာ အင်တာနက်ပေါ်ပျံ့နေတဲ့ Page အတုထဲက စာရင်းတွေနဲ့ အတူတူ ဖြစ်နေတာကြောင့် ဆိုပါတော့။ ဘာကြောင့် ဒီလိုဖြစ်တာလဲ ။ ရှင်းပါတယ် ၀န်ထမ်းအတုတွေကြောင့် ဒီလိုပြသ၁နာ ဖြစ်ရတယ်ဆိုတာ ရှင်းနေတာပဲ။
 
ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး ။ မိုင်ထောင်ချီခရီး နာရီပေါင်းများစွာ လေယာဉ်စီးရတဲ့ခရီးက အပြန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အသက်အရွယ်အရ ခရီးပမ်းလွန်းတဲ့အတွက် မြန်မာပြည် အရောက် မင်္ဂလာဒုံလေဆိပ်ကအဆင်းမှာ လမ်းမလျှောက်နိုင်တော့လို့ ၀ှီးချဲနဲ့ ဆင်းလာပါတယ်။ အဲဒီဓာတ်ပုံကို မရမက ရိုက်ယူပြီး အင်တာနက်ပေါ်ဖွပါတယ် ။ ဘယ်သတင်းမီဒီယာကိုမှ ၀င်ခွင့်မပေးထားတဲ့ လေဆိပ် VIP နေရာက ပုံကို ဘယ်လိုလူတွေ ရနိုင်သလဲမေး၊ အဲဒီနေရာမှာ တာဝန်ယူရတဲ့ ၀န်ထမ်းပဲပေါ့ ။ အစိုးရကို သစ္စာဖောက်လိုက်တဲ့ ၀န်ထမ်း၊ ပြည်သူ့ဘဏ္ဍာစားပြီး ပြည်သူ့အစိုးရကို သစ္စာမခံတဲ့ ၀န်ထမ်းအတုတွေ။ ဒီထက်ပိုပြီး ကြောက်စရာကောင်း တဲ့ သစ္စာဖောက်မှုတစ်ခု ရှိသေးတယ် ။
 
၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြသ၁နာမဖြစ်ခင် နိုင်ငံတကာက မေးလာသမျှသော ရခိုင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလားဆိုတဲ့ မေးခွန်းကို ပြည်သူ့အစိုးရက မရှိဘူးလို့ ငြင်းနေတဲ့အချိန် အဲဒီအချိန်မှာ ရခိုင်ပြည်နယ်ထဲက ရွာတစ်ရွာမှာ ဘင်္ဂလီတွေကို ရဲတွေက နှိပ်စက်ညှဉ်းပမ်းနေတဲ့ပုံကို အဲဒီကို ရောက်နေတဲ့ ယူနီဖောင်း ၀တ်တစ်ယောက်က သူ့လက်ကိုင်ဖုန်းနဲ့ ဗွီဒီယိုရိုက်တယ် ။ အဲဒီဗွီဒီယိုကို ပြည်ပအသံလွှင့် ဌာနတစ်ခုဆီ ပို့လိုက်တယ်။ ကြည့်စမ်း အသားထဲက လောက်ထွက် ပက်စက်တဲ့လုပ်ရပ် ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်အစိုးရ အပေါ် သစ္စာဖောက်တဲ့ ၀န်ထမ်းအတု ။ တိုင်းပြည်အနာဂတ်အတွက် ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ငြိမ်းချမ်းသော စည်းလုံးညီညွတ်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး အတွက် ၀န်ထမ်းအတုတွေရဲ့အန္တရာယ်ကို လျှော့မတွက်ကြဖို့တော့ အရေးကြီးပါတယ် ။ နေရာစုံထောင့်စုံကနေ ပြည်သူ့အစိုးရကို လုပ်ကြံနေကြတယ် ဆိုတာသတိ ထားရမယ့် အခြေအနေပါ ။ ၀န်ထမ်းအစစ်နဲ့အတု ခွဲခြားဖို့ အချိန်တန်ပါပြီ ။
 
တိုင်းပြည်အပေါ်မှာ တကယ့်ကို စေတနာမေတ္တာ အပြည့်နဲ့ အလုပ်လုပ်နေတဲ့ အစိုးရအစစ် အတွက် အရေးတကြီး လိုအပ်နေတာလည်း ပြည်သူကို စေတနာထား ပြည်သူ့အစိုးရကို သစ္စာခံတဲ့ ၀န်ထမ်းအစစ် တွေပါပဲ ။ ၀န်ထမ်း အတုတွေ နေရာတိုင်းမှာရှိနေတာကို အစိုးရသစ်အနေနဲ့ လွှတ်မထားပါနဲ့ ပြည်သူ့ဘဏ္ဍာနဲ့ လခယူစား နေတဲ့ ၀န်ထမ်းတိုင်း နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေကို လိုက်နာရပါတယ်။ မလိုက်နာတဲ့ ၀န်ထမ်းအတုတွေကို ထိရောက်စွာ ရှင်းလင်းဖယ်ရှားဖို့ အချိန်တန်ပြီ ဖြစ်တဲ့အကြောင်း အစိုးရအစစ်ကို အကြံပြုလိုက်ပါရစေ ။
 
ဂျေလှသင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.