တာဝန်ယူစိတ်ရှိရမည် // လင်းသက်ခိုင် //

ကျွန်တော်တို့ ကျင်လည်ရာ လူ့ပတ်ဝန်းကျင်တွင် ကျွန်တော်တို့ ကိုယ်တိုင် နေ့စဉ်နှင့်အမျှ တာဝန်ယူ ဆောင်ရွက်နေသော ကိစ္စရပ်ပေါင်း များစွာ ရှိပါသည်။ တာဝန်ဆိုသော စကားရပ်၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်က ဤသို့ဆိုပါသည်။ တာဝန်ဆောင်ရွက်ရန် အမှုကိစ္စ ၀တ္တရားဟု ဆိုပါသည်။ ထိုစကားရပ်နှင့် ဆက်စပ်သော ကျေပွန်ဆိုသည့် စကားအားလည်း တာဝန်ဝတ္တရား ပြီးမြောက်အောင် လုပ်သည်ဟု ဖွင့်ဆိုပါသည်။
 
လူသားတို့၏ အချို့တာဝန်များကား ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဆောင်ရွက်နေ ရသော သာမန် တာဝန်များသာ ဖြစ်ပေသည်။ ထို့အတူ မိသားစု တာဝန်၊ လူမှုရေးတာဝန်တို့ကို ဆောင်ရွက်ရာ၌ အကောင်းဆုံး ဆောင်ရွက်နိုင် တာမျိုး ရှိသလို တာဝန်မကျေအောင် ဆောင်ရွက်နိုင်တာမျိုးလည်း ရှိနိုင်ပါသည်။ မိသားစုတာဝန် ပျက်ယွင်းလျှင် ခွင့်လွှတ်ပေးနိုင် သော်လည်း လုပ်ငန်းတာဝန် ပျက်ကွက်ခြင်းအပေါ်တွင်မူ ခွင့်လွှတ်ဖို့ ခက်ပေသည်။ လုပ်ငန်းတာဝန်အမှားအတွက် စည်းကမ်းပိုင်းအရ အပြစ်ပေး အရေးယူမည်။ နောက်ထပ် မမှားအောင် သတိပေးမည်။ ထပ်မံ ကြိုးစားခွင့် ပြုသည်။ လုပ်ငန်းခွင်အတွင်းသို့ စတင်ဝင်ရောက်စဉ် ကပင် ပေးအပ်သော တာဝန်နှင့် ၀တ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ပါမည်ဟု ကတိပြုခဲ့သည် မဟုတ်ပါလား။
 
သို့ဆိုလျှင် ကျွန်တော်တို့၏ ကျင်လည်ရာ လုပ်ငန်းတာဝန်များ၌ လုပ်ငန်း ဆောင်ရွက်ရာ၌ တာဝန်ယူမှု တာဝန်သိမှု တာဝန်ခံမှု တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မှုတို့ ရှိရပေမည်။ ဤနေရာ ဤရာထူးနှင့် ဤလုပ်ပိုင်ခွင့်တို့သည် ဤ လူနှင့်ထိုက်တန်သည်ဟု ယူဆ၍ တာဝန်ကို ဆောင်ရွက်ရန် ယုံကြည်စွာ ပေးအပ်ခဲ့လေသည်။
 
ပေးအပ်သော တာဝန်အား ခံယူသူကလည်း တာဝန်ယူမှုအပြည့်နှင့် တာဝန်ကို လေးစားစွာ ကျေပွန်အောင် ထမ်းဆောင်နိုင်မှသာလျှင် တာဝန်တစ်ခု၏ ရုပ်လုံးကား လှပပေါ်လွင်လာပေလိမ့်မည်။ သည့်ထက် ပို၍ဆိုရလျှင် နိုင်ငံတော်၏ ကြီးလေးသော တာဝန်ဝတ္တရားများကား ဆိုဖွယ်ရာမရှိတော့ပေ။ ပြည်သူက အပ်နှင်း၍ ပြည်သူကို ကောင်းမွန်စွာ အုပ်ချုပ်ရသော ပြည်သူ့အစိုးရ (သို့မဟုတ်) သမ္မတတစ်ဦး၏ တာဝန်ကား ကြီးမားလှပေသည်။
 
၁၈၇၀ ပြည့်နှစ်များက သမ္မတများကို သမိုင်းပညာရှင် ဟင်နရီအဒမ် ပြောလေ့ရှိသော စကားက ဤသို့တည်း သမ္မတဟာ သင်္ဘောတစ်စီးရဲ့ ဦးစီးမှူးနဲ့ တူတယ်။ သူ့မှာ ဆုပ်ကိုင်ထားဖို့ တက်မ ရှိရမယ်။ ထိန်းကြောင်းဖို့ လမ်းကြောင်းရှိရမယ်ဟု ပြောခဲ့လေသည်။
 
အမေရိကန်နိုင်ငံ၏ ၁၈ ယောက်မြောက် သမ္မတဖြစ်သော အေဗရာ ဟင်လင်ကွန်း ကိုယ်တိုင် ၁၈၆၃ ခုနှစ်က အိမ်ဖြူတော်မှာ ပြောခဲ့သော စကားသည်လည်း တာဝန်နှင့် ပတ်သက်၍ အလွန်မှတ်သားဖွယ်ရာ ကောင်းလေသည်။
 
အခြားအရာတွေအားလုံးထက် ထူးကဲအရေးပါတဲ့ တာဝန်တစ်ရပ်ဟာ ကျွန်တော့်ရှေ့မှာ ရှိနေပါတယ်။ ဒါဟာ ဘာလဲဆိုတော့ အခြေခံဥပဒေနှင့် ဖက်ဒရယ် ရီပတ်ဘလစ် စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် တာဝန်ပါ။
 
ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရန် အတွက် ခန့်အပ်ရာ၌ပင် မာနဖြင့် ခံယူခြင်းမရှိပေ။ ရိုးသားသော၊ နှိမ့်ချသော အရည်အသွေးများဖြင့် မ၀ံ့မရဲ လက်ခံခဲ့သည့် သာဓကကို အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး သမ္မတ ဂျော့ခ်ျဝါရှင်တန်တွင် တွေ့ရပေသည်။
 
( ၂ )
 
ထိုသို့ တာဝန်ကျေအောင် တာဝန်ယူ ဆောင်ရွက်နေသော သာဓကများစွာ ရှိသည့်ကြားမှပင် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်များလည်း ရှိခဲ့ပါသေးသည်။ ၂၀၀၄ ခုနှစ်တွင် ဖြစ်သည်။ ဂျပန်နိုင်ငံ ကိုဘေးမြို့တော်တွင် ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့လေသည်။ ထိုငလျင်ကြီးကြောင့် ဂျပန်နိုင်ငံ ကိုဘေးမြို့သည် ပြိုကျပျက်စီးမှုပေါင်း များစွာအကြား၌ လူပေါင်းများစွာတို့၏ အသက်ပေါင်းများစွာ၊ တိုက်တာ အိမ်ခြေ အဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ စက်ရုံတွေ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးခဲ့ရလေသည်။
 
ကမ္ဘာတစ်ဝန်းလုံးကလည်း ဤဖြစ်ရပ်ဆိုးအား ၀ိုင်းကြည့်နေကြသည်။ ထိုစဉ် ဂျပန်နိုင်ငံ၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော ၀န်ကြီးချုပ်ကား ဂျူနီယိုကိုရီဇူမိ ဖြစ်ပေသည်။ ဂျပန်ဝန်ကြီးချုပ်သည် ဂျပန်နိုင်ငံ၏ ရုပ်မြင်သံကြား ထက်မှာရပ်၍ တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောလေသည်။
 
ဂျပန်တစ်မျိုးသားလုံး ခင်ဗျား- ဂျပန်နိုင်ငံ ကိုဘေးမြို့တော်မှာ ယခု လတ်တလော လှုပ်ခတ်ခဲ့သော ငလျင်အဖြစ်ဆိုးကြီးကြောင့် အားလုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာ ကျွန်တော်ပါ။ ကျွန်တော်ဟာ ဒီဖြစ်ရပ်ဆိုးကြီးအတွက် ပြည်သူပြည်သားတွေကို အချိန်မီ မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ယခုအချိန်ကစပြီး ကျွန်တော် ထမ်းဆောင်နေသော ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်တာဝန်မှနေ၍ နုတ်ထွက်ခွင့်ပြုပါလို့ တောင်းဆိုပါတယ်။
 
လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အပေါ် သူ့တာဝန် မကင်းသလို ခံစားခဲ့ရသည်။ သူ တာဝန်မကျေပွန်ခဲ့သည့် အတွက် ပြည်သူလူထုအား ၀န်ချတောင်းပန်ပြီး လက်ရှိရာထူးမှ နုတ်ထွက်ခဲ့လေသည်။ အင်မတန် သတ္တိရှိသော၊ ယောက်ျားပီသသော လူမျိုးပါလားဟု တွေးရင်း ဂျပန်ဝန်ကြီးချုပ်ကိုရီဇူမိကို တာဝန်သိမှု၊ တာဝန်ခံရဲမှုတို့အတွက် လေးစားအားကျမိရပါသည်။
 
( ၃ )
 
နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ တောင်ကိုရီးယားမှာ ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် အထပ်ပေါင်းများစွာ ပါဝင်သည့် လူပေါင်း ၄၇၅ ဦး တင်ဆောင်လာသော ကူးတို့သင်္ဘောသည် ကမ်းရိုးတန်းမှ ၁၃ မိုင်အကွာတွင် တိမ်းစောင်းနစ်မြုပ်သွားခဲ့သည်။ ဖြစ်ဖြစ်ချင်း ကမ်းရိုးတန်းစောင့် အဖွဲ့က ကယ်တင်နိုင်သည်က ၁၇၉ ဦးမျှသာ။ အဆိုပါ သင်္ဘောတွင် အထက်တန်းကျောင်းသား ၃၇၅ ဦး လိုက်ပါလာပြီး ဆရာမများနှင့် ဂျေဂျူးအပမ်းဖြေ ကျွန်း လေ့လာရေးခရီး ထွက်ခဲ့ခြင်း ဖြစ်သည်။
 
ထိုစဉ်က သင်္ဘောပေါ်တွင် ပါလာသော ကလေးငယ်များကို ရှာမတွေ့ကြပေ။ သင်္ဘောကပ္ပတိန်နှင့် အဖွဲ့က သင်္ဘောကို စွန့်၍ ကိုယ်လွတ်ရုန်းခဲ့ကြသည်ဟု ဆိုပါသည်။ သင်္ဘောနစ်မြုပ်မှုတွင် နောက်ဆုံးမှ ဆင်းရမည့် ကပ္ပတိန်သည် အရင်ဆုံး ထွက်ပြေးခဲ့သဖြင့် တာဝန်ယူမှုလည်း မရှိ၊ တာဝန်ခံမှုလည်း မရှိ၊ တာဝန်ကျေပွန်မှုလည်း မရှိသော သူ ဖြစ်ပေသည်။
 
သို့သော် သင်္ဘောတွင် ပါလာသော ကျောင်းသားအဖွဲ့မှ တာဝန်ခံ ကျောင်းသူလေး ဘင်ဂူယောင်း အသက် ၂၂ နှစ်နှင့် အထက်တန်းကျောင်းသားလေး တစ်ဦးကတော့ သင်္ဘောနစ်မြုပ်ခါနီး ကမ္ဘာပျက်မတတ် ဖြစ်နေချိန်တွင် အနားတွင်ရှိသော ကျောင်းသားငယ်လေးများအား အသက်ကယ်အင်္ကျီတွေ လိုက်လံဝတ်ဆင်ပေးခဲ့လေသည်။ ကေလးများကိုသာမက လူကြီးအချို့ကိုပါ အသက်ကယ်အင်္ကျီ ၀တ်ဆင်ပေးပြီး ဘေးလွတ်ရာ ကယ်ထုတ်ခဲ့နိုင်လေသည်။ ထိုစဉ်မှာပင် ကလေးတစ်ဦးက ထိုမိန်းကလေးအား မေးလေသည်။ မမရော ဘာလို့ အသက်ကျယ်အင်္ကျီ မ၀တ်တာလဲဟု ဆိုတော့ ထိုမိန်းကလေး ပြန်ဖြေလိုက်သည်မှာ ကျောင်းသားတာဝန်ခံဆိုတာ အသက်ကယ်အင်္ကျီကို နောက်ဆုံးမှ ၀တ်ရမှာဟု ဆိုပါသည်။
 
ကျွန်တော် ထိုစကားကို ကြားသိခဲ့စဉ်မှာပင် ကြက်သီးမွေးညင်းပင် ထလောက်အောင် ဖြစ်မိသည်။ ငယ်ရွယ်လွန်းသော်လည်း တာဝန်သိစိတ် တာဝန်ခံယူရဲသည့် စိတ်စွမ်းအားတွေ ကြီးမားလှချည်လားဟု တွေးမိသည်။ ထိုဖြစ်ရပ်နှင့်အတူ တောင်ကိုရီးယား ၀န်ကြီးချုပ်ကလည်း ထိုဖြစ်ရပ်အတွက် တာဝန်မကင်းသလို ခံစားသဖြင့် ပြည်သူကို ၀န်ချတောင်းပန်၍ ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြန်ပါသည်။ အင်မတန်မှ သတ္တိထူးရှိသော ယောက်ျားများ ဖြစ်ကြလေသည်။
 
( ၄ )
 
ကမ္ဘာပေါ်တွင် တာဝန်ခံမှု၊ တာဝန်ယူမှု အရှိဆုံးအဖြစ် ကမ္ဘာကြီး၏ ရှေ့တန်းတွင် ဂုဏ်သိက္ခာ မြင့်မားစွာ ရှိနေသည့် လူမျိုးမှာ ဂျပန်လူမျိုးသာ ဖြစ်ပေသည်ဟု ဆိုကြလေသည်။ ယခုလည်း တွေ့ရပြန်ပြီ။ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ထုတ် သတင်းစာတစ်စောင်တွင် သတင်းတစ်ပုဒ်ကို ဖတ်မိပြီး အံ့သြရပြန်သည်။ ဂျပန်နိုင်ငံ၏ ကပ်ဘေး ပြန်လည်တည်ဆောက်ရေး ၀န်ကြီး မာဆာဟီရိုအီမူရာသည် အခမ်းအနား တစ်ခု၌ စကားတစ်ခွန်း လွှတ်ခနဲ ပြောမိလေသည်။ ၂၀၁၁ ခုနှစ် ဆူနာမီကပ်ဘေးသည် တိုကျိုမြို့မှာထက် ကျေးလက်ဒေသကို ထိခိုက်မှုက ကံကောင်းခဲ့သည်ဟု မှတ်ချက်ပြုမိသည်။
 
သဘာဝဘေးအန္တရာယ်ဟာ တိုကူမှာဖြစ်ခဲ့တာ ကောင်းတယ်။ မြို့တော်ဇုန်အနီးမှာ ဖြစ်ခဲ့ရင် ကြီးမားတဲ့ ပျက်စီးမှုတွေ ရှိလာနိုင်တယ်ဟု ပြောဆိုမိခဲ့လေသည်။ ထိုဝန်ကြီး၏ မှတ်ချက်ကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် ဒေသခံများကို ပြန်တောင်းပန်ခဲ့ရလေသည်။ စကားတစ်ခွန်း အပြောမှား၊ အပြုမှားခဲ့လေသော ကြောင့် ဂျပန်နိုင်ငံ ကပ်ဘေး ပြန်လည်တည်ဆောက်ရေး ၀န်ကြီးလည်း နောက်ရက်မှာပင် ရာထူးတာဝန်မှ နုတ်ထွက်ခဲ့လေတော့သည်။
 
သတ္တိရှိ၍ ရဲရင့်သော ယောက်ျားကောင်းတို့ မည်သည် ကြီးမားသော ကိစ္စရပ်ကို သာမက သေးငယ်သော ကိစ္စမျိုးကိုပင် တာဝန်ယူရဲ တာဝန်ခံရဲသောစိတ် အပြည့်ရှိလေသည်။ ယခုလည်း ကြီးမားသည့် အပြစ်မဟုတ်သော်လည်း သေးငယ်သော စကားတစ်ခွန်း၌ပင် တာဝန်ယူရဲခြင်းကို ပြသခဲ့လေသည်မှာ သင်ခန်းစာ ယူဖွယ် ဖြစ်ပေသည်။ ထို့ပြင် ဂျပန်နိုင်ငံသည် တာဝန်သိမှု၊ တာဝန်ခံမှုအရာတွင် ကမ္ဘာကပင် လေးစားအသိအမှတ်ပြုခံရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။
 
ကျွန်တော် လေးစားအားကျမိပါသည်။ ထို့အတူ ကျွန်တော်တို့ဆီတွင်လည်း နိုင်ငံကောင်းရန်အတွက် ဦးဆောင်ကြိုးပမ်း တာဝန်ထမ်းနေသူများသည်လည်း အထက်က ဖော်ပြခဲ့သော ဂျပန်လူမျိုးတို့၏ စိတ်ဓာတ်ကဲ့သို့ တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓာတ်တို့ဖြင့် နိုင်ငံအတွင်းရှိ ဆောင်ရွက်ရန် ကိစ္စအ၀၀ကို သတ္တိရှိရှိဖြင့် ဆောင်ရွက်ခဲ့မည်ဆိုပါလျှင် နိုင်ငံအတွက် အကောင်းဆုံး တာဝန်ကျေပွန်မှုတို့ ဖြစ်လာနိုင်ပေမည်ဟု တိုက်တွန်းအားပေးလိုက်ရပါတော့သည်။
 
လင်းသက်ခိုင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.