အဖြူရောင်မှ ဗွက်ရောင်သို့ // ဌေးဝင်း //

တစ်ခါတစ်ရံတွင် ခေတ်ကြီးကို မိတ်ကပ်လိမ်းထားသည့် မျက်နှာ နှင့်တူသည်ဟု ခံစားမိသည်။ အရောင်ဆိုးထားသည့် ဆံပင်များအလား လည်း ထင်ရ၏။ တတ်နိုင်သူများကဖြင့် ခွဲစိတ်ပြုပြင်ကာ မလှသည်ကို လှအောင်ပင် ပြုပြင်ဖန်တီး ထားတတ်ကြသည် မဟုတ်ပါလော။ သို့သော် ထိုအလှအပများ၏ အောက်ခံအရေပြားနှင့် အတွင်းထဲက အရိုးများ၊ အသားများ၊ အကြောများမှာက လှပခြင်းရသကို ခံစားတတ်ကြသူများ မဟုတ်ကြချေ။ သူတို့၏မျက်နှာပြင်ထက်တွင် အပြင်ကလှနေသော အလှ တရားများအတွက် သေရာပါဒဏ်ရာများကို ရယူထားကြရလေသည်။
 
မြန်ဆန်လွန်းသော အရွေ့၊ မေ့လျော့လွယ်တတ်လွန်းသော အ ပြောင်းအလဲတို့ဖြင့် မည်မျှပင် လျင်မြန်စွာ စီးဆင်းနေသော်ငြားလည်း သုမနကျောမှာရခဲ့သော ဒဏ်ရာများကိုကား သုမနဘယ်တော့မှ မမေ့ နိုင်ချေ။ အလားတူ ကျွန်တော့် မိတ်ဆွေ ကိုဇော်ဝင်းလည်း သူကျော် ဖြတ်ခဲ့ရသော လှိုင်းကြီးလေထန်ကြားက နိုင်ငံရေး သမားတစ်ယောက်၏ ဘဝခရီးကြမ်းကို မေ့ဖျောက်မရနိုင်ပါ။
 
သူသည် မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အလွန်တက်ကြွသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ကော်မတီဝင်ဖြစ်၏။ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိပြီးနောက် နဝတအစိုးရက အာဏာလွှဲပြောင်းလိုခြင်း မရှိသဖြင့် အမိန့်ကြေညာချက်များ အမျိုးမျိုးထုတ်ကာ နိုင်ငံရေး သမားများ တက်ြွကလှုပ်ရှားသူများအား ဖမ်းဆီးနှိပ်စက် ထောင်သွင်း အကျဉ်းချခဲ့လေသည်။ ထို့ကြောင့် သူလည်း ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရလေ၏။ သူသည် နိုင်ငံရေးမှုကြောင့် နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရဖူးသည်။ အကျဉ်းထောင်ထဲတွင် နေစဉ်က သူ့ကို ရေးဇော်ဟုခေါ်ကြသည်။ အကြောင်းမှာ မန္တလေးသား တစ်ယောက်ကလည်း ဇော်ဝင်းဖြစ်သောကြောင့် ရေးမြို့သား သူ့ကို ရေးဇော်ဟု ခေါ်ကြခြင်းဖြစ်၏။ မန္တလေးသားလည်း မန်းဇော်ဟု နာမည် ပေးကင်ပွန်းတပ် လုပ်စရာမလိုဘဲ နိုင်ငံရေးသမားအချင်းချင်း ထောင်ထဲတွင်ပေးသော အမည်သစ်ကို ရရှိခဲ့ကြလေသည်။
 
သူ့ကိုဖမ်းဆီးစဉ်က နိုင်ငံရေးလုပ်သည်ဟု ဖမ်းဆီးခြင်းမဟုတ်ဘဲ ရေးမြို့နယ်ရှိ အာဏာပိုင်လူကြီးများကို အကြမ်းဖက် တိုက်ခိုက်သတ် ဖြတ်ရန် ကြံစည်သူ၊ နယ်စပ်ဒေသအခြေစိုက် ဒေါက်တာစိန်ဝင်းဦး ဆောင်သော ဃြွ့ စင်ပြိုင်အစိုးရက ပြည်တွင်း၌ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ထားသူအဖြစ် စွပ်စွဲကာ အပြစ် ပေး ထောင်ချခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ရေးမြို့နယ်အချုပ် ခန်းမှ မော်လမြိုင်ထောင်၊ မော်လမြိုင်ထောင်မှ ရန်ကုန်အင်းစိန်ထောင်၊ အင်းစိန်ထောင်မှ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ရှိ ရဲဘက်စခန်းများ သို့ အပို့ခံခဲ့ရလေ၏။ ယခုဖော်ပြထားသောဖြစ်စဉ်မှာ အင်းစိန်ထောင်မှ သာစည်ရှိ ရဲဘက်စခန်းသို့အသွားလမ်းတွင် ကြုံတွေ့ခဲ့ရသော ငရဲတမျှ ကြမ်းတမ်းသော ရဲဘက်များ၏ ဘဝတစ်ပိုင်းတစ်စမျှသာ ဖြစ်ပါသည်။
 
အချိန်ကား ၁၉၉၁ ခုနှစ် ဩဂုတ်လအတွင်းကဖြစ်၏။ ကျွန်တော် တို့ရောက်ရှိနေသော နေရာကား ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက ရဲဘက်စခန်းတစ်ခု။ ထိုစခန်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) သို့သွားရာ လမ်းပေါ်တွင်တည်ရှိသည်။ ဤဒေသတွင် ဂဝံကျောက်ထုတ် လုပ်ရေးစခန်း ခုနစ်ခုရှိရာ ကျွန်တော်တို့စခန်းမှာ အမှတ် ၄ သပြေပင် စခန်းဖြစ်၏။ ဤနေရာကား ယခင်မဆလအစိုးရလက်ထက်က ရန်ကုန် မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရန် စီမံကိန်းချခဲ့သည့်နေရာ။ သို့ သော်လည်း ထိုစီမံကိန်းကား အကောင်အထည်မပေါ်ဘဲ ရပ်ဆိုင်း ခဲ့သည်ဟုဆိုကြ၏။ သပြေပင်စခန်းတွင် အကျဉ်းသား ၁၅၀ ခန့်ရှိပြီး ကျွန်တော်တို့အိပ်ဆောင်တွင် အကျဉ်းသား ၇၅ ယောက်ရှိကြောင်း တာဝန်ကျများ၏ သတင်းပို့ချက်အရသိရ၏။
 
`အိပ်ဆောင်(၁) သတင်းပို့´
 
`ရဲဘက် ရှိရင်း ...၇၅၊ သုံးယောက်မှာ ဖိုကြီး၊ နှစ်ယောက်မှာ ဆေးရုံ၊ ရှိရင်း ...၇၀၊ အားလုံးကောင်းပါတယ် ဆရာကြီး´
 
ထိုအသံများကား ထောင်ဖွင့်ချိန်နှင့်ပိတ်ချိန်တို့တွင် အိပ်ဆောင်မှူး အကျဉ်းသား(ဘာယာ)နှင့် ဂျူတီကျသော ဝါဒါ(အကျဉ်းဦးစီးဝန်ထမ်း)တို့ အပြန်အလှန် သတင်းပို့နေကြသောအသံဖြစ်၏။
 
အကျဉ်းသားများမှာ နံနက် ၄ နာရီကတည်းက အိပ်ရာမှ ထကြ ရ၏။ အိပ်ရာသိမ်းပြီးနောက် တင်ပျဉ်ခွေပုံစံထိုင်နေရပြီး အဆောင်မှူး က လိုက်၍လူစစ်၏။ ထို့နောက် အိပ်ဆောင်သော့ဖွင့်သည့် နံနက် ၆ နာရီထိ ပုံစံထိုင်မပျက် ရှိကြရ၏။ နံနက်ပိုင်း ဘုရားရှိခိုး၊ မနက်စာ အဖြစ် ပုံစံဆန်ပြုတ်ရည်ကျဲ၊ နို့ဆီဘူးတစ်ခွက်စီသောက်ပြီး အကျဉ်း သားများသည် အလုပ်စခန်းဆီသို့ သွားကြရ၏။ နံနက်ပိုင်း ထောင်ဖွင့် ချိန်မှစ၍ ညနေ ၄ နာရီထိ တစ်နေကုန်တစ်နေခန်း ပင်ပန်းကြီးစွာ နှင့် လုပ်ကြရ၏။ ကျွန်တော်တို့ လုပ်ရသည့်အချိန်ကား မိုးတွင်းဖြစ်ရာ မိုးထဲရေထဲ ဗွက်တောထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းအေးနေမှုကို အန်တုရင်း လုပ်ကြရသည်။
 
ရဲဘက်များကိုထုတ်ပေးသော ထောင်ပုံစံဝတ်စုံကား မူလက အဖြူ ရောင်ဖြစ်၏။ ထိုအဖြူရောင်ဝတ်စုံသည် နေပူမရှောင် မိုးရွာမရှောင် ဗွက်တောရွှံ့တောထဲတွင် နေ့စဉ်အလုပ်လုပ်နေကြရသောကြောင့် ရဲ ဘက်များ၏ဝတ်စုံကား အဖြူရောင်ကာလာမှ ဗွက်ရောင်ထနေသော အရောင်သို့ ပြောင်းလဲနေကြသည်။ အနားစုတ်သူက စုတ်၊ ပေါက်ပြဲသူ က ပေါက်ပြဲ။ ဖာရာတွေ ပွစာလန်ကြဲနေသော ဝတ်လဲတော်များကို ဆင်မြန်းထားသော ရဲဘက်များကား ဂျပန်ခေတ်က ကန်ချနဘူရီနှင့် သံဖြူဇရပ်ကို ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်း ဖောက် လုပ်စဉ်က ချွေးတပ်သားများနှင့် ထူးခြားမည်မထင်ပါ။
 
ရဲဘက်များသည် လူနာတင် ကပ်ပုံစံပြုလုပ်ထားသည့် ဝါးကပ် ပေါ်တွင် ဂဝံကျောက်များကိုထည့်ကာ ထမ်းကြရ၏။ ထမ်းပုံကား ဝါး ကပ်ထိပ်နှစ်ဖက်တွင် အဝတ်စကို မုံ့ကြိုးလိမ်ပမာကျစ်ထားသည့် နှစ် ကျပ်လုံးခန့်ကြိုးကို အနားနှစ်ဖက်၌ လျှော့ကွင်းသဏ္ဌာန်ပြုလုပ်ကာ တပ် ထားသည်။ ထိုကြိုးကို မိမိပခုံးနှင့်သိုင်းပြီး လက်နှစ်ဖက်နှင့် ဟန်ချက် ညီညီထိန်းကာ ရှေ့တစ်ယောက် နောက်တစ်ယောက် သွားကြရ၏။ ခြေတွင်လည်း သံခြေချင်းခတ်ခံထားရသေးသည်။ ရာနှင့်ချီသော ရဲဘက် များထံမှ ထွက်ပေါ်လာသော သံခြေချင်းသံတချွင်ချွင်ကား လမ်း တစ်လျှောက် ဆူညံလျက်။
 
ဤသို့ ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း ပင်ပန်းဆင်းရဲစွာ ဂဝံ ကျောက်များကို ထမ်းပိုးနေကြသော အကျဉ်းသားများထံမှ အား၊ အင်း၊ အမလေးဗျ ဟု အော်ဟစ်ညည်းညုကြသည့် အသံမျိုးစုံကိုလည်း ကြား နေရတတ်သည်။ ထိုအသံများထွက်ပေါ်နေရခြင်းမှာ အကျဉ်းသားများ၏ ခြေလှမ်းနှေးသွားသည့်အခါတိုင်း တန်းစီးများက ကျွဲနွား တိရစ္ဆာန်များကို ရိုက်နှက်သည့်အလား ဝါးရင်းတုတ်များဖြင့် တဘုန်းဘုန်းနှင့် ရိုက်နှက် သောကြောင့်ဖြစ်၏။
 
ကျောပေါ်ကိုကျလာသည့်တုတ်ချက်က နာရသည့်အထဲ ခြေချင်း ဝတ်နှင့် သံခြေချင်းကွင်းကြားတွင် မိုးရေနှင့်အတူ ပါလာသော သဲများ ကပ်ကာ ပွန်းပဲ့တိုက်စားသည့်ဒဏ်ကိုလည်း ခံရပြန်သည်။ သဲဝဲစားသည့် အနာများမှ သွေးစိမ်းရှင်ရှင်ထွက်နေသဖြင့် အသည်းခိုက်မတတ် နာကျင် မှုကိုလည်း ခံစားရသည်။
ပြီးလျှင် ထောင်မှထုတ်ပေးထားသည့် ဝတ်စုံက နှစ်စုံတည်းဖြစ်ရာ ယခုလိုမိုးရာသီမှာ မည်သို့မှအလျဉ်မီ ခြောက်သွေ့အောင် လျှော်ဖွတ်နိုင် ခြင်း၊ လှမ်းနိုင်ခြင်းမရှိသောကြောင့် အစိုအတိုင်း ဖြစ်သလိုဝတ်ကြရ သည်။ တစ်လလျှင်တစ်ကြိမ်သာ ထုတ်ပေးသော ဆင်ချီးတုံး (ဆပ်ပြာ အမည်း)ဆပ်ပြာကို ချွေတာသုံးကြရသည့်အတွက် လူတိုင်းလိုလို ဝဲစွဲ ကြ၏။ ဝဲထူကြရသည့်အထဲ ကြမ်းပိုးနှိပ်စက်သည့်ဒဏ်ကိုလည်း အလူး အလဲ ခံကြရပြန်သည်။
 
ရဲဘက်အိပ်ဆောင်တွင် ကြမ်းပိုးမည်မျှများသနည်းဆိုလျှင် ဝါးကြမ်း ခင်းကို လက်နှင့်တစ်ချက်ပုတ်ချလိုက်ပါက အနည်းဆုံး ဆယ်ကောင် လောက် အသာလေးပြုတ်ကျတတ်သည်။ ကျသွားသော ကြမ်းပိုးများကို အောက်တွင် ဝန်ထမ်းများ မွေးမြူထားသော ကြက်များက စားသောက်ရန် အဆင်သင့် စောင့်နေကြလေ၏။ ထို့ပြင် သန်းကြီးမ(အဝတ်သန်း)တို့ ကိုက်သည့်ဒဏ်ကလည်း အလွန်ဆိုးလှသည်။ နောက်ဖေးသွားသည့်အခါ မစင်အိုးပေါ်တွင်တက်ထိုင်ပြီး မစင်စွန့်ကြရသောကြောင့် ဝမ်းကိုက်ပိုး များ ကူးစက်ခြင်းနှင့် အခြားကူးစက်ရောဂါများက အလွယ်တကူ ကူး စက်တတ်ကြလေသည်။
 
အချို့ရဲဘက်များကား တစ်ကိုယ်လုံးတွင် ဝဲစွဲနေတတ်၏။ ထိုရဲ ဘက်များသည် မစင်အိုးပေါ်တွင် တက်ထိုင်ကာ မစင်စွန့်ရသောကြောင့် ချီးငွေ့ရိုက်ပြီး ဖင်မှာဂျွတ်စွဲပြန်လေသည်။ ထိုဖြစ်ရပ်ကို မထီတရီ ရီမော စရာအဖြစ် ပြောတတ်ကြသူ ရဲဘက်များက ဤသို့ ပြောလိုက်ကြသေး ၏။ `သူဌေးစည်းစိမ်ဆိုတာ ငါတို့ဝဲကုတ်လို့ ခံစားရတဲ့အရသာကို ဘယ်လိုမှ မီနိုင်မည်မထင်ဘူး´ ဟူသတတ်။
 
ဝဲကုတ်သည့် အရသာကိုကား ဝဲစွဲဖူးမှသိနိုင်သော လောက စည်းစိမ်ပင် မဟုတ်ပါလား။
 
အဆောင်မှူး၊ တန်းစီး၊ ဘာယာ၊ ထမင်းချက်နှင့် အပ်ထည် (ငွေ ပေးထားသူ)များမှာမူကား ထောင်၏ အာဏာပါကွက်သား လက်မရွံ့ တပ်သားများဖြစ်ကြသည်။ သူတို့သည် ဝန်ထမ်းများကိုယ်စား အလုပ် ပိုမိုမြန်ဆန်အောင် ပြီးစီးနိုင်ရေးအတွက် မျက်နှာလို မျက်နှာရခံကာ လို အပ်သည်ထက်ပို၍ လက်စွမ်းပြကြသည်။ ထိုအာဏာပါးကွက်သားများ ၏နှုတ်က ရုန့်ရင်းကြမ်းတမ်းစွာ ဖရုဿဝါစာများကို ပေါက်ပေါက်ဖောက် သကဲ့သို့ မနားတမ်းဆဲတတ်သကဲ့သို့ နည်းနည်းမမှားလိုက်နှင့် လက်က ပါပြီးသား ဆိုသူများပင်။
 
ထိုလက်မရွံ့တပ်သားများသည် ထောင်ဝင်စာလာနိုင်သူ (ရုပ် ပေါက်သူ)ကို ရွေးချယ်ကာ ပုံစံပေး(ဖိအားပေး)ပြီး အနေချောင်၊ အစား ချောင်အောင် ဖန်တီးပေးကြသည်။ ထောင်အာဏာပိုင်များ လာဘ်လာဘ ရွှင်အောင် လုပ်ပေးသည့် အလိုတော်ရိလည်းဖြစ်၏။ သူတို့သည် ယင်း လုပ်ပိုင်ခွင့်များကို အာဏာကုန်ရထားကြလေ၏။ ထို့ကြောင့် အဆင့်တက် ကာ သူတို့သည် အခွင့်အရေးကို ရသမျှလက်ကုန်နှိုက်ယူပြီး အရက် ခိုးသောက်ခြင်း၊ ယောကျာ်းအချင်းချင်း ကာမဆက်ဆံခြင်း စသည်တို့ပြင် ထောင်စည်းကမ်း ထောင်ဥပဒေများကို ရနိုင်သလောက် ဖောက်ဖျက် ကျူးလွန်တတ်ကြသည်။
 
ထို့ကြောင့် တစ်ခါတစ်ရံတွင် ゞင်းတို့ကိုယ်တိုင် လက်သံပြောင် သော ထောင်မှူးများ၏ ဆော်ပလော်တီးခြင်းကို ခံရကြရ၏။ သံခြေချင်း (ဒေါက်ခတ်) ခံရတတ်ကြ၏။ သူတို့က ထောင်ထဲမှာရော ရဲဘက်မှာပါ ဆေးမင်ကြောင် (အရုပ်မျိုးစုံကာလာစုံ) ထိုးပေးခြင်းဖြင့်လည်း ဝင်ငွေရှာ တတ်ကြသေးရာ လက်ဖျားငွေသီးသူတွေများပင် မဟုတ်ပါလား။
 
သူတို့ကား အာဏာရှင်များ၏ ဖိနှိပ်မှုယန္တရားထဲတွင် ပင်နီယမ် များ၊ မူလီများအဖြစ်ဝင်ပါပြီး ဘဝတူ အကျဉ်းသား အချင်းချင်းကို သခင် အားရ ကျွန်ပါးဝဆိုသကဲ့သို့ အားရပါးရ နှိပ်စက်တတ်သည့် အာဏာ ပါးကွက်သားများပင် မဟုတ်ပါလား။
 
ယခုအခါ ကိုဇော်ဝင်းကား နော်ဝေနိုင်ငံတွင် အခြေချနေထိုင်လျက် ရှိသည်။ သူ၏ ပထမအကြိမ်အကျဉ်းချခံရစဉ်က ရဲဘက်စခန်း အတွေ့ အကြုံများကို ကိုယ်တွေ့မှတ်တမ်း ဝတ္ထုတစ်ပုဒ်ထုတ်ဝေရန် စိတ်ကူး ထား၏။ ဤဖြစ်စဉ်ကား သူဖြတ်သန်းခဲ့ရသော ရဲဘက်စခန်း အကျဉ်း သားဘဝ၏ နိဒါန်းမျှသာဖြစ်ချေသေးသည်။ တစ်ချိန်ချိန်တွင် သူ့ကိုယ်တွေ့ ရဲဘက်စခန်းမှတ်တမ်းဝတ္ထုရှည်ကို ထုတ်ဝေနိုင်ပါက မြန်မာ့နိုင်ငံရေးသမိုင်း ခရီးကြမ်းထဲမှ မမေ့ဖျောက်အပ်သော မှတ်တမ်းတစ်ခုအဖြစ် တင်ကျန်ရစ် မှာ သေချာ၏။
 
ရဲဘက်တို့သည် အကျဉ်းဦးစီးဌာနက ချမှတ်သော စီမံကိန်းများ ဖြစ်သည့် ကျောက်ထုတ်ခြင်း၊ လမ်းဖောက်ခြင်း စသည်တို့ကို ပင်ပန်း ဆင်းရဲစွာ လုပ်ဆောင်ခဲ့ကြရသည်။ ထိုအကျဉ်းသားများ၏ ချွေးများ၊ သွေးများ၊ မျက်ရည်များဖြင့် တည်ဆောက် ထားခဲ့သော ရထားလမ်းများ၊ ကားလမ်းများလည်း မြန်မာနိုင်ငံ၏ မြေပုံကားချပ်ပေါ်တွင် ထင်ထင်ရှားရှား ရှိနေကြသည်သာ။
 
ဌေးဝင်း
The Ladies News
 

 

Vote: 
Average: 1 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.