အနာတခြား ဆေးတခြား // လင်းသက်ခိုင် //

ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားကြည့်မိတယ်။ နေ့တိုင်း မဟုတ်တောင် တစ်ရက်ခြား နှစ်ရက်ခြားဆိုသလို လမ်းထိပ်က ဆေးဆိုင်လေးဆီကို သွားနေရတာကို ကျွန်တော် သိလိုက်မိတယ်။ အသက်အရွယ် အရရော လိုအပ်ချက်အရရော ဆေးကတော့ နေ့တိုင်းနီးပါး ၀ယ်နေရသလိုပါပဲ။ အကိုက်အခဲ ပျောက်ဆေး၊ အစာကြေးဆေး၊ အားဆေး လိမ်းဆေး၊ ရှူဆေး အစရှိတာတွေဟာ အမြဲလိုနေတာပါပဲ။ တကယ်တော့ ဆင်းရဲတဲ့ ပြည်သူတွေ အားကိုးစရာဆိုလို့လည်း ရပ်ကွက်ထဲက ဆေးဆိုင်ပဲ ရှိတာလေ။
 
ဒီနေ့လည်း ကျွန်တော် နေ့တိုင်းသောက်နေတဲ့ အစာအိမ်ဆေး ကုန်သွားလို့ လမ်းထိပ်ထွက်ခဲ့ပါတယ်။ ဆေးဆိုင်ရောက်တော့ ဆေးဆိုင်မှာ လာဝယ်သူတွေ များနေလို့ ဘေးမှာ အသာရပ်နေခဲ့ပါတယ်။ ဒီမှာတင် မိန်းမတစ်ယောက်က ဆေးရောင်းတဲ့သူကို ဘာပြောလိုက်လဲ ဆိုတော့ အစ်ကိုကြီး ကျွန်မသားလေး ချော်လဲလို့ ရင်ဘတ်အောင့် သွားတယ်။ အဲဒါ ဘာဆေးသောက်ရမလဲ ဆေးစပ်ပေးပါဦးလို့ ဆိုပါတယ်။ ဆေးရောင်းတဲ့သူက ခေါင်းညိတ်ပြလိုက်တယ်။ ကျွန်တော် ခေါင်းနားပန်း ကြီးသွားတယ်။ ဘုရားရေ၊ ချော်လဲလို့ ရင်ဘတ်အောင့်တာကို ဆေးလာ စပ်ခိုင်းတယ်တဲ့။ ဘာဖြစ်လို့ဖြစ်မှန်း မသိတဲ့ ကိစ္စကို ဆေးရောင်း သူက လည်း ဆေးစပ်ပေးမယ်ဆိုတော့ ကျွန်တော် ဘယ်လိုနားလည်ရမယ် မှန်းတောင် မသိတော့ပါဘူး။
 
နောက်တစ်ယောက် လာပြန်ပါရော၊ ကျွန်တော် အသာနားထောင်နေမိ တယ်။ အစ်ကိုရေ ကလေးက ကိုယ်ပူတယ်၊ ဖျားတယ်၊ ခေါင်းကိုက်တယ်၊ ချောင်းလည်း ဆိုးတယ်၊ ၀မ်းမသွားဘူး။ အဲဒါ ဆေးစပ်ပေးပါဦးတဲ့ဗျာ။ ကျွန်တော် သူတို့ကို ကြည့်လိုက်တော့ အဲဒီအမျိုးသမီးဟာ ခပ်နွမ်းနွမ်း ပါးပါးပါပဲ။
 
နှစ်ပေါင်းများစွာ ချို့ယွင်းခဲ့တဲ့ စီမံခန့်ခွဲမှု အမှားတွေကြားမှာ ဒီနေ့ တိုင်းပြည်ဟာ နာလန်မထူနိုင်သေးပါဘူး။ တိုင်းပြည်မှာ ပြည်သူလူထု အတွက် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်မယ့် ဆေးရုံတွေ အားနည်းတယ်။ အားနည်းတာမှ မြို့ကြီးတွေမှာတောင် မကဘူး။ တိုင်းနဲ့ပြည်နယ်အ၀န်းက မြို့ရွာ၊ ကျေးလက်ဒေသတွေမှာပါ ဆေးရုံဆေး ခန်းတို့ ဘာမျှမရှိလောက်အောင် အားနည်းတာပါ။ နယ်တွေမှာ ပိုဆိုးပါ တယ်။ လယ်ကွင်းထဲ မြွေကိုက်ခံရရင်တောင် ရွာနဲ့ အနီးဆုံးက တိုက် နယ်ဆေးရုံကို ရောက်ဖို့ လှည်းတစ်တန်၊ လှေတစ်တန်နဲ့ မနည်းသွားရ တာပါ။ ဒါပေမဲ့ ဟိုရောက်တဲ့အခါ မြွေဆိပ်ဖြေဆေးမရှိလို့ ဆိုပြီး အသက်သေဆုံးသွားရတဲ့ သူတွေ မနည်းပါဘူး။ တောနယ်တွေမှာ ရှိတဲ့ တိုက်နယ်ဆေးရုံလေးတွေဟာ မြို့ပြက ဆေးရုံဆေးခန်းတွေလို ပစ္စည်းကိရိယာတွေ မပြည့်စုံဘူးဆိုတော့ အရေးပေါ် ရောက်လာတဲ့ လူနာတွေရဲ့ အသက်တစ်ချောင်းကို ကယ်ဖို့ဆိုတာ မလွယ်ပါဘူး။ ခုခေတ်မှာတော့ လူနာတွေဟာ ထစ်ခနဲဆို မြို့ပေါ်ကိုသာ ပြေးပြီး အထူးကုဆေးရုံတွေ၊ ဆေးခန်းတွေမှာသာ ပြကြ အားကိုးကြပါတယ်။ အားမကိုးလို့လည်း မရပါဘူး။ အသက်တစ်ချောင်း အလကား အဆုံးမခံနိုင် ဘူးလေ။ ရပ်ကွက်ထဲမှာရှိတဲ့ ဆေးခန်းနဲ့ ပြကြည့်လို့ အဆင်မပြေတော့ဘူး ဆိုရင် ဆေးရုံကို ပြေးရတော့ပါတယ်။
 
ဒီမှာက ရောဂါကြီးမှသာ အထူးကုရှိရာ ပြေးကြတာပါ။ သာမန်လောက်ဆို ရိုးရိုးဆေးခန်းပြေးတယ်။ ကျောပူ၊ ခေါင်းပူ၊ ဖင်နာ၊ ခေါင်းကိုက်လောက် အတွက်တော့ ပြေးပေဦးတော့ ရပ်ကွက်ထဲက ဒေါက်တာရမ်းကု ဆေးဆိုင်လေးတွေ ဆီကို။ သူတို့အတွက်ကတော့ ဒီလိုဆေးဆိုင်တွေဟာ မရှိမဖြစ် အားကိုးနေရတဲ့ အခွင့်အရေးတစ်ခု ပါပဲ။ တစ်နေ့လုပ်မှ တစ်နေ့စား အောက်ခြေပြည်သူတွေ အတွက်တော့ ဒီဆေးဆိုင်တွေမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိပါဘူးလေ။
 
( ၂ )
 
ဒါတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့ နေရတဲ့ အဖြစ်အပျက်လေးတွေ ပါပဲလေ။ အမှုမဲ့ အမှတ်မဲ့ဆိုတော့ ဂရုမပြုမိကြတာပါ။ ဂရုထားပြီးကြည့်မိရင်တော့ ကျွန်တော်တို့ အနားမှာ ကျွန်တော်တို့ ခန္ဓာကိုယ်တွေကို အဆိပ်သင့်စေတဲ့ ရောဂါအမျိုးမျိုး ရစေနိုင်တဲ့ အကြောင်းအချက်တွေကို အများကြီး တွေ့နေရပါတယ်။
 
ကျွန်တော်တို့ စားသောက်နေတဲ့ အစာတွေထဲမှာ အစာအဆိပ်သင့်စေတဲ့ ရောဂါ အမျိုးမျိုး ပါဝင်နေပါပြီ။ ကျွန်တော်တို့ ရှူနေတဲ့ လေထုထဲမှာ မသန့်စင်တဲ့ အဆိပ်ငွေ့တွေ ပါနေပါပြီ။ ၀ိသမ လောဘသမားတွေရဲ့ မသမာတဲ့စိတ်နဲ့ ဖန်တီးပြုလုပ် ရောင်းချတဲ့ အစားအစာတွေကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင် ရောဂါရနေပါပြီ။ အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်းခရိယပ်ကင်ဆာ၊ အဆုတ်ကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါတွေ ကျွန်တော်တို့ ခန္ဓာထဲ အမြစ်တွယ်နေကြပါပြီ။
 
ခန္ဓာကိုယ် ရှင်သန်ရေးအတွက် နေ့စဉ် အစာအာဟာရ ဖြည့်တင်းရပါတယ်။ သို့သော်လည်း မိမိတို့ ဖြည့်တင်းတဲ့ အစာအာဟာရတွေ မသန့်ရှင်းတော့လည်း ရောဂါတွေ ရကြပါတယ်။ ရောဂါတွေ ရလာပြီဆိုရင် ဒီအတိုင်းနေလို့ မရတော့ဘူးလေ။ နားလည်တတ်ကျွမ်းတဲ့ သမားတော်တွေဆီ ပြေးရပြီပေါ့။
 
ကျန်းမာရေး အသိပညာ ဗဟုသုတ နည်းနည်းပါးပါးရှိသူတချို့ ကတော့ ဆိုင်တကာက အစားအစာတွေကို အလျွန်အကျွံ မစားဘူး။ ဆိုင်ရွေးတယ်။ သန့်ရှင်းမှုကို ကြည့်တယ်။ စားမယ့်အစာကို ရွေးချယ်တယ်။ ယုတ်စွအဆုံး သူတို့ဟာ ဆိုင်တွေက သောက်ရေခွက်တွေကိုတောင် မသောက်မိအောင် သတိထားတယ်။ စားသောက်ဆိုင်တိုင်း သန့်ရှင်းဖို့ ဆိုတာကလည်း မလွယ်လှပါဘူး။ တချို့ဆိုင်ကြီးတွေ ကိုယ်က မသန့်ရှင်းတာပါ။ လမ်းဘေးဆိုင်ကတော့ ပြောစရာ မလိုတော့ပါဘူး။ လမ်းဘေးဆိုင်က ရေအခက်အခဲကြောင့် ဆေးကြောမှု မသန့်စင်တော အဓိကကျပါတယ်။ တတ်နိုင်သူတွေ အတွက်တော့ ရွေးချယ်ခွင့် ရှိပေမယ့် အောက်ခြေ ပြည်သူတွေ အတွက်ကတော့ ရွေးချယ်စရာ မရှိပါဘူး။
 
နိစ္စဓူဝဖြေရှင်းနေရတဲ့ ၀မ်းရေးကလည်း ရတစ်လှည့် ပြတ်တစ်လှည့် ဖြစ်နေတော့ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ရယ်၊ ဒီတော့ ဘာမျှ ရွေးချယ်ခွင့် မရှိပါဘူး။ အသက်ရှင်ဖို့ ရရာကို စားသောက်နေရတဲ့ ဘ၀တွေဆိုတော့ ကိုယ်နဲ့ တည့်မှန်းမသိ၊ မတည့်မှန်းမသိ စစ်ဆေးဖို့လည်း အချိန်မရှိ၊ ရွေးနေရင်လည်း ငတ်တော့မယ်။ ဒီတော့ ရွေးမနေနဲ့ စားစရာရှိတာ စားဖြစ်လာရင် ခံ၊ ဒါပဲပေါ့။
 
စားသောက်ဆိုင် တစ်ဆိုင်ဆိုတာ နေ့စဉ် လူပေါင်းရာချီအောင် ၀င်ရောက်နေတာမို့ စားသောက်ဆိုင် မသန့်ရှင်းတော့ဘူး ဆိုတာနဲ့ စားသုံးသူပေါင်းများစွာ ရောဂါကူးစက်ခံရပါတော့တယ်။
 
( ၃ )
 
ဒီနေ့ ကျွန်တော်တို့ ၀န်းကျင်မှာ အစာအဆိပ်သင့် ရောဂါတွေ ရနေတဲ့သူတွေ များလာတယ်။ ကင်ဆာရောဂါအဖြစ် များလာပါတယ်။ လူကြီးတွေတင် မဟုတ်ပါဘူး။ ခုဆို ကလေးတွေတောင် ကင်ဆာ အဖြစ်များလာတာ ကြားသိနေရပါတယ်။ ကဲ ရောဂါ ဖြစ်ပြီဆိုမှတော့ ဒီအတိုင်းထားလို့မှ မရတော့တာ။ ရှိရှိမရှိရှိ ရှာဖွေပြီး ကုကိုကုရတော့မှာလေ။ မကုနိုင်ရင် သေရမှာပဲလေ။ ဒီတော့ ကိုယ့်ရောဂါကို ကုပေးနိုင်မယ့် သမားတော်တွေ၊ အထူးကုတွေဆီ ပြေးရပြီပေါ့။
 
ယနေ့ခေတ် အထူးကု ဆေးရုံတွေမှာ ကုသမှုခံယူဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ငွေကုန်ကြေးကျ များပါတယ်။ ပိုက်ဆံရှိမှ ကုလို့ရပါတယ်။ ဆေးဖိုးဝါးခဆိုတာလည်း တစ်ခါဆိုတစ်ခါပါပဲ။ ၀ီခေါ်နေတာပါပဲ။ ပြည်သူတွေမှာတော့ အစားအစာတွေ ၀ယ်ယူစားသုံးရတုန်းကလည်း မသန့်ရှင်းတဲ့ အစာအတုတွေ စားရ။ အဲဒါတွေ စားမိပြီး ရောဂါရလာလို့ ဆေးကုသတော့လည်း ကုန်လိုက်တဲ့ ပိုက်ဆံဆိုတာ နည်းမှတ်လို့။ သောက်ရတဲ့ ဆေးကလည်း မနည်းမနော။ ဒီကြားထဲ ၀ိသမလောဘသား ဆေးရောင်းတဲ့ သူတွေနဲ့ တွေ့လို့ ဆေးဝါးအတုတွေ မိရင်တော့ ရောဂါမပျောက်ဘဲ သေဖို့သာ ပြင်ထားပေတော့၊ ဆေးကုတိုင်းလည်း ရောဂါက ပျောက်ချင်မှ ပျောက်တာလေ။
 
ဆင်းရဲတဲ့ အောက်ခြေပြည်သူတွေမှာတော့ ပြောစရာစကား မရှိတော့ပါဘူး။ ဆေးရုံဆေးခန်းအထိ မပြေးနိုင်တဲ့ သူတိုပဘ၀မျိုးတွေကျတော့ ရပ်ကွက်ထဲက ဒေါက်တာရမ်းကု ဆေးဆိုင်လေးတွေဟာ သူတို့အားကိုးရတဲ့ ဆရာတစ်ပါးပါပဲ။ ဆေးရုံသွားပြရင် ဈေးကြီးပေး ၀ယ်ရမယ့် ဆေးဝါးတွေ၊ အစား ရပ်ကွက်ထဲက ဈေးပေါပေါရတဲ့ ဆေးလောက်နဲ့ ပဲ ရောဂါသက်သာသွားသလိုလို၊ နေကောင်းသွားသလိုပါပဲ။ ဒီကြားထဲ ၀ိသမလောဘသမားတွေရဲ့ ဆေးဝါးအတု မိလိုက်ရင်တော့ ရောဂါပျောက်ဖို့ နေနေသာသာ ရှိထားတဲ့ ရောဂါတောင် ပိုကျွမ်းသွားမှာပါ။ ဒီတော့ အနာတခြား ဆေးတခြား ဖြစ်ခံနေရတဲ့ ပြည်သူတွေရဲ့ ဘ၀ကို ကူညီဖို့ တာဝန်ရှိသူတွေမှာ တာဝန်တွေရှိနေကြပါတယ်လို့ စေတနာစကားနဲ့ အမှာပါးလိုက်ရပါတော့တယ် ခင်ဗျာ။
 
လင်းသက်ခိုင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.