တော်လှန်ရေးသမား ဆရာ ဦးလှဖေ || ဌေးဝင်း ||

ဆရာ ဦးလှဖေ ကွယ်လွန်ပြီးတဲ့နောက် တပည့်တွေ မိတ်ဆွေတွေက အမှတ်တရ ရေးပေးခဲ့ကြတဲ့ စာတွေထဲမှာ စွဲငြိမိစေတဲ့ စကားတခုကတော့ သူ့တပည့် အောင်သာငယ်ရဲ့စာသားပါ။
 
“ကျုပ်ရဲ့ ငယ်ဘ၀မယ် ငယ်ဆရာ၊ ဆရာမတွေ ရှိခဲ့ဖူးပါတယ်။ သည်အထဲ မယ် မှတ်မှတ်ရရ သတိတရ ဖြစ်နေခဲ့ရတဲ့ ဆရာ၊ ဆရာမတွေကလည်း လက်ချိုးရေလို့ ရပါတယ်။ သည်အထဲမယ်မှ ကျုပ် လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်လာပြီး ပြန်ဆုံတွေ့ရတဲ့ တဦးတည်းသော ငယ်ဆရာကတော့ ဆရာဦးလှဖေ ဖြစ်ပါတယ်” လို့ ရေးပေးခဲ့တယ်။
 
ဒီဆရာ ဦးလှဖေနဲ့ ပတ်သက်လို့ “တကျွန်းပို့ခံရတဲ့ တက္ကသိုလ် ဆရာတဦး” ဆိုတဲ့ ဆောင်းပါးကို Daily Eleven သတင်းစာမှာ ရေးလိုက်တော့ လူငယ်တွေက တအံ့တသြ နဲ့ ဒီလောက်တောင် ဆိုးရွားလှသလားလို့ မေးကြတယ်။ စာ ကဗျာတွေ ရေးတဲ့ မယ်မဒီက -
 
“ဆောင်းပါး ဖတ်ကြည့်ပြီး တော်တော် စိတ်မကောင်း ဖြစ်ရပါ တယ်။ ကိုယ်ချင်းစာတရား မဲ့လိုက်ကြတာ။ ကျမက နိုင်ငံရေးတော့ သိပ်နားမ လည်ဘူး ဆရာ။ ပြောရရင် စိတ်လည်း သိပ် မဝင်စားဖြစ်ခဲ့ပါဘူး။ ကိုယ့်ဘဝအတွက် ရုန်းကန် လှုပ်ရှားနေခဲ့ရင်း အချိန်တွေ ကုန်ဆုံးခဲ့ရ တာပါပဲ။ ခု ဒီ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် သူတို့ ခံစား ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကို သိလိုက်ရတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်မိပါတယ်” လို့ပြောလာတယ်။
 
“ဒီဖြစ်ရပ်တွေက ခင်ဗျားတို့ ကျနော်တို့ မမွေးခင်လောက်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေပေါ့ ဗျာ။ ဒါတွေဟာ ကျနော်တို့နဲ့ မြန်မာ့ သမိုင်းတွေပေါ့။ သူတွေ့ကြုံခဲ့တာကို သူ ပြန်ရေးထားခဲ့လို့ ကျနော်တို့ သိခွင့်ရခဲ့တာပေါ့”
 
“ဟုတ်ကဲ့ပါ ဆရာ။ ဒီလောက် ကြမ်းတမ်းတဲ့ ဖိနှိပ်မှုအောက်က ဘယ်လိုများ အသက်ရှင်အောင် နေခဲ့ကြသလဲ ဆိုတော့ ကျမဖြင့် မစဉ်းစားတတ်အောင်ပါပဲ။ သိချင်မိတယ်”
 
“ခင်ဗျား ကျွန်းတိုက်ပွဲ ဆိုတာ ကြားဖူးလား”
 
“ကြားတော့ ကြားဖူးတယ် ထင်တာပဲ။ ဒါပေမဲ့ သေချာ မသိပါဘူး”
 
“နာမည်ကျော် စာရေးဆရာကြီး မြသန်းတင့်ရဲ့ “ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဆိုတာ ဒီလူတွေရဲ့ဘ၀ကို နောက်ခံကားချပ် နိမိတ်ပုံယူပြီး ရေးထားတဲ့ ၀တ္ထုပါ။ ဒါပေမဲ့ ဒီစာအုပ်ကို မဆလခေတ် အာဏာရှင်လက်အောက်မှာ ရေးခဲ့ရတာဆိုတော့ အခု ဒီဆရာ ဦးလှဖေ ရေးသလို ထောင်ထဲက အနိဋ္ဌာရုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ဘယ်ရေးခွင့်ရပါ့မလဲ”
 
“ဟုတ်။ ဆရာ ဦးလှဖေရဲ့ ‘ကျွန်းအတိတ် အရိပ်ပမာ’ ကို ပြည်တွင်း ထုတ်ဝေနိုင်ရင် သိပ်ကောင်းမှာပဲနော်”
 
“ထုတ်နိုင်ရင် အကောင်းဆုံးပေါ့ ဗျာ”
 
“ဒါနဲ့ ဆရာ အချိန်ရရင် ကျမကို သူတို့ ထောင်ထဲမှာ ဘယ်လို နေထိုင်ခဲ့ကြတယ်ဆိုတာကို ပြောပြပေးပါလား”
 
“ကျနော် တတ်နိုင်သမျှ ဆရာ ရေးထားတာတွေထဲက အကျဉ်းချုံးပြီး ပြောမယ်လေ”
 
အင်းစိန်ထောင်မှာ တွဲဖက်အကျဉ်းထောင်ဆိုတာ ရှိတယ်။ ဆရာ ဦးလှဖေတို့ကို ရိုက်နှက်ညှဉ်းပန်းပြီး အဲဒီ တွဲဖက်ထောင်ကို ပို့လိုက်တယ်။ အဲဒီကိုရောက်တော့ သိပ်ကို စိတ်ဆင်းရဲစရာ ကောင်းတဲ့ မြင်ကွင်းကို မြင်ကြရတော့တာပါပဲ။ ရေချိုးခန်းက တစ်ခန်းတည်းပဲရှိတယ်။ လူ ဆယ့်နှစ်ယောက် လောက် တပြိုင်နက် ချိုးလို့ရတယ်။ မျက်နှာချင်းဆိုင် တန်းစီပြီး ချိုးကြရတာ။ တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက် အပြေးအလွှား ချိုးကြရတာ။ ရေချိုးချိန်က နာရီဝက်တည်း။ လူတွေက အများကြီး။ ဒီမှာ ကျောင်းသား လူငယ် အားလုံးလိုလိုမှာ မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်လုံးတီး ရေချိုးနေကြရတယ်။
 
ဒါကြောင့် ဒီပြသ၁နာကို ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကို သူ စဉ်းစားတယ်။ လတ်တလော လုပ်ရမယ့် အလုပ်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချပြီး ညနေစောင်းမှာ ကျောင်းသားအုပ်စုတစုနဲ့ စကားပြောတယ်။ သူတို့ ဆီမှာ လုံချည် အပိုရှိသူတွေဆီက လုံချည်ကို တောင်းတယ်။ လုံချည် တစ်ထည်ကို ဘောင်းဘီ ချုပ်လိုက်ရင် အနည်းဆုံး သုံးထည်တော့ ရနိုင်မယ်ပေါ့။ ဒါနဲ့ ရလာတဲ့ လုံချည်တွေကို သူနဲ့ ဦးအောင်ငွေက ဘောင်းဘီ ပုံစံဖြတ်ပြီး ချုပ်ကြတော့တာပဲ။
 
ဒီနေရာမှာ ဘောင်းဘီ တထည်ဖြစ်လာဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ပြောပြမယ်။ တကယ်တော့ ထောင်ထဲမှာ ဘာအသုံးအဆောင်မှ ရှိတာ မဟုတ်ဘူး။ အာဏာပိုင်တွေ သိသွားမှာလည်း ကြောက်ရသေး။ လုံချည်ချုပ်ရိုးကို အရင် ဖြေရတယ်။ ပြီးတော့ ဘောင်းဘီပုံစံဆွဲဖို့ အတွက် ရေချိုးထွက်တုံးက မီးသွေးခဲလေးတွေ ကောက်လာရတယ်။ ညှပ်ဖို့ ကတ်ကြေးလည်း ရှိတာ မဟုတ်။ ချွန်တာ ထက်တာတွေကို ထားခွင့် မရှိဘူးလေ။ မရှိတော့ ဘယ်လို ညှပ်ကြမလဲ။ နို့ပုလင်း ဖုံးကို သမံတလင်း ကြမ်းပြင်ပေါ်မှာ ထက်လာအောင် သွေးယူတယ်။ အဲဒါနဲ့ညှပ်တယ်။
 
ညှပ်ပြီးရင် ချုပ်စရာ အပ်မရှိပြန်ဘူး။ ကြံရပြန်ရော။ ဒီတော့ ငါးရိုး၊ ကြက်ရိုးတွေကို အပ်ဖြစ်အောင် ဖန်တီးကြတယ်။ ငါးရံ့ခေါင်းက အရိုးနဲ့ ကြက်တောင်ပံ အလယ်ပိုင်းရိုးတွေ၊ ခြေသလုံးရိုးတွေက အဆင်အပြေဆုံး အပ်တွေပဲပေါ့။ သုံး လေး ထည်လောက် ချုပ်ပြီးတဲ့ နောက်မှာတော့ လူတိုင်းက သူတို့ကိုပါ ချုပ်ပေးဖို့ လုံချည်တွေ ပေးလာကြတယ်။ ဒီလိုနဲ့ ရေချိုး ချိန်မှာ အားလုံး လူလိုသူလို ပြန်ဖြစ်လာကြတယ်။ လူသားရဲ့အရှက်နဲ့ ဂုဏ်သိက္ခာအတွက် ကိုယ့်ဖာသာ ကြံဆပြီး တော်လှန် ကြခြင်း တမျိုးပေါ့။
 
“အဆင်မပြေမှုတွေကို အဆင်ပြေအောင် ကြိုးစား လုပ်ကိုင်ခဲ့ပုံတွေ သိရလို့ အံ့သြမိတယ်။ မချီးကျူးဘဲ မနေနိုင်ဘူး။ ဒါလေးတွေ လူငယ်တွေကို ပြောပြရရင် ပိုကောင်းမယ်ဆရာ။ အမှန်တော့ လူ့ဘဝဆိုတာက တိုတိုလေးရယ်။ အခက်အခဲ ပြသ၁နာ ဆိုတာကတော့ လူတိုင်းမှာ ရှိကြတာပဲလေ ဆရာ။ သူတို့တွေမှာ ဘာမှ ပြည့်စုံမှု မရှိတဲ့ အနေအထားကနေ လုပ်ချင်တာကို ရအောင်လုပ်သွားနိုင်တာ တကယ် အတုယူစရာတွေပါ။ အပြင်လောကက လူတွေက အခွင့်အရေးတွေ အများကြီး ရှိနေလျက်နဲ့ မကြိုးစားကြည့်ဘဲ မဖြစ်နိုင်ပါဘူးဆိုပြီး စိတ်ဓာတ်ကျ စိတ်လေနေကြတတ်တယ်။ ဒီဘဝတွေက သူတို့ကို ကောင်းကောင်း အလင်းပြပေးနိုင်သွားလိမ့်မယ် ဆရာ၊ အဲဒီလူတွေထဲ ကျမလည်းပါနေသေးတယ်”
 
 
“ကျနော်လည်း ပါမှာပါ။ ဒါက ကျနော်တို့တိုင်းပြည်က လူအများစုရဲ့သဘာဝလို ဖြစ်နေကြတာကိုး။ အရိုးစွဲနေပြီ ထင်ပါရဲ့။ ကိုယ်လုပ်နိုင်တာကို စလုပ်ဖို့ မကြံစည်ဘဲ မဖြစ်နိုင်တဲ့ဟာကို မှန်းဆပြီး ဘ၀ကို မကျေနပ်တာနဲ့ ပတ်ဝန်းကျင်ကို မကျေနပ်တာနဲ့ မရောင်ရာဆီလူးပြီး ပေါက်ကွဲနေကြတာ တွေကလည်း နေရာတကာပါပဲဗျာ။ အခု ပြောပြတာက တကယ်တော့ ထောင်တွင်း ဖြတ်သန်းမှုတွေမှာ သိပ်ပြီး အထူးအဆန်း ကြိုးစား အားထုတ်မှုကြီး မဟုတ်သေးပါဘူး”
 
 
“ဒါထက် ခက်ခဲတာ ဘာတွေများ သူတို့ ထပ်လုပ်ခဲ့ကြသေးလဲ ဆရာ။ကျမ သိချင်လာပြန်ပြီ။ ပြောပြပါဦး”
 
 
“အိုကေ.. နားထောင်ဦး”
 
ကိုကိုးကျွန်းမှာ ညနေ ၆ နာရီ ထိုးရင် လူစစ်တယ်။ ပြီးရင် ဂိတ်တံခါးအားလုံးကို ပိတ်တယ်။ ဘာ ဗဟုသုတမှလည်း ရစရာမရှိ။ ဒါကြောင့် ထောင်ပိုင်ကြီးကို ၀ိုင်းပြောကြတယ်။ ရေဒီယိုတစ်လုံး ပေးထားဖို့။ ထောင်ပိုင်ကြီးက သဘောတူတယ်။ ဒါပေမဲ့ ပေးတဲ့ပုံက။ ည ၆ ထိုးပြီးနောက်မှာ သစ်သားနဲ့လုပ်ထားတဲ့ သေတ္တာလေးတလုံးထဲမှာ သော့ခတ်ထားတဲ့ နေရှင်နယ် ရေဒီယိုကို လာပို့ပေးတယ်။ ပြီးတော့ မြန်မာအသံကို အသေအချာ ချိန်ပြီး ဖမ်းပေးထားတယ်။ ည ၁၀ နာရီ ဆို ပြန်သိမ်းသွားတယ်။ မဆလ အစိုးရဟာ တတ်ပဲတတ်နိုင်လွန်းတယ်။ လူကိုသာမက ရေဒီယိုကိုပါ ထောင်ချထားတယ်လို့ ပြောရမလိုပဲ။
 
ဒါပေမဲ့ သူတို့ဟာ အမြဲတမ်း ကြံစည် တွေးဆနေသူတွေ ဆိုတော့ ဒီရေဒီယိုကိုပဲ အကျိုးရှိအောင် လုပ်ကြပြန်တယ်။ သူတို့ဟာ မြန်မာ့အသံတင်မကဘဲ ပြည်ပ အသံလွှင့်ဌာနတွေကိုပါ နားထောင်ချင် ကြတယ်။ ဒါကြောင့် ပြည်ပ အသံလွှင့်ဌာနတွေကိုပါ နားထောင်ခွင့်ပြုဖို့ ထောင်ပိုင်ကို တခါ အရေးဆိုကြပြန်တယ်။ ထောင်ပိုင်က ခွင့်မပြုနိုင်ဘူးလို့ ဘူးခါတယ်။ ထောင်ပိုင်ဆီမှာ တရားဝင် တောင်းဆိုလို့ အခွင့်အရေးမရနိုင်မှန်း သိကြတဲ့နောက်မှာ သူတို့အကြံထုတ်ကြပြန်တယ်။
 
ဝါဒါ ရေဒီယို လာပို့ချိန်နဲ့ လာယူချိန်တွေမှာ ပျူပျူငှာငှာကြိုကြတယ်။ ရေဒီယိုသေတ္တာ သော့ဖွင့်တာ သော့ပိတ်တာတွေမှာ စိတ်ပါလက်ပါ ၀ိုင်းကူ ကိုင်တွယ်ပေးကြတယ်။ မလိုအပ်ဘဲ တမင်ကူကြခြင်း ပေါ့။ ၀ါဒါကလည်း သဘောကျတာပေါ့။ ဒီလို ၀င်ကူတဲ့အထဲမှာ ပါတဲ့ ကိုအောင်ငွေဟာ ဒီသော့ကို အသေအချာ မှတ်မိအောင် မှတ်ထားလိုက်ပြီး သော့တူတစ်ချောင်း ပြုလုပ်နိုင်ခဲ့တယ်။ အဲဒီနောက် ရေဒီယို လာပို့တဲ့ ၀ါဒါ ပြန်သွားတာနဲ့ ရေဒီယို သေတ္တာကို သော့တူနဲ့ ဖွင့်ကြတယ်။ လှောင်ချိုင့်ထဲက လွတ်လာတဲ့ ရေဒီယိုဟာ သူတို့တွေကို ကမ္ဘာ အရပ်ရပ်ကို ပို့ပေးတော့တာဘဲ။ ဗွီအိုအေ၊ ဘီဘီစီ၊ ပီကင်းအသံတွေကို နားထောင်ကြတယ်။
 
သူတို့ဟာ နားထောင်ရုံနဲ့ ရပ်မနေကြဘဲ ရေဒီယို သတင်းဆောင်းပါးများ ပြန်ကြားရေး ဖွဲ့ကြတယ်။ ဒီအထဲမှာ သူလည်း ပါတာပေါ့။ ရေဒီယို နားထောင်ရင်း လိုက်ကူးရေးကြတာပေါ့။ ဒီလောက် မြန်တဲ့ ရေဒီယို သတင်းကြေညာသံကို ရေးနိုင်ဖို့ သင်္ကေတတွေ ဖန်တီး မှတ်ကြရတာပေါ့။ သူနဲ့အတူတူ တာဝန်ကျတာက တက္ကသိုလ် ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုတင်မောင်ဝင်းနဲ့ ကိုလေးမွန် တို့ပါပဲ။
 
ည ၁၀ နာရီ နောက်ပိုင်း ရေဒီယို ပြန်သိမ်းသွားချိန်မှာ သူတို့သုံးယောက် ရေးထားတာတွေကို ပြန်ညှိကြ တိုက်ကြည့်ကြတယ်။ အဲဒီနောက် အချော ပြန်ရေးကြတယ်။ မိုးလင်းရင် လက်ရေးဌာနကို ပို့လိုက်တယ်။ လက်ရေးကို အဓိကတာဝန်ယူတဲ့သူက ပျဉ်မနားသား ကိုခင်မောင်ဇော်။ သူက ကဗျာဆရာ။ ဒီလိုနဲ့ တစ်လ နှစ်လလောက် ကြာတော့ သူတို့ဟာ ဘာမှမရှိတဲ့ ပင်လယ်ထဲက ကျွန်းပေါ်မှာ စာကြည့်တိုက်တခု ပြုလုပ်နိုင်ခဲ့ကြတာပေါ့။
 
“ဝေါင်း.. ဆရာ ရယ်။ ကျမဖြင့် အံ့သြပြီးရင်း အံ့သြနေရပါတယ်ရှင်။ တကယ့်လူတွေနော်။ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်နိုင်ကြတဲ့ သူတို့ရဲ့ပြင်းပြတဲ့ စိတ်ဓာတ်တွေကို သိပ်ကို လေးစားမိပါတယ်ရှင်။ တကယ်ပါ”
 
“တကယ်တော့ဗျာ။ တော်လှန်တယ်ဆိုတာ အစိုးရကို တိုက်ခိုက်တာ ဆန့်ကျင်တာ တခုတည်း မဟုတ်ဘူး ထင်ပါရဲ့မယ်မဒီရေ။ လူများစုကြီးကတော့ အစိုးရ ဆန့်ကျင်မှုကိုပဲ တော်လှန်တယ် ထင်ကြတယ် မဟုတ်လား။ အခုလို ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာကို မရရအောင် ကြိုးစား လုပ်ဆောင်ခြင်းကလည်း တော်လှန်ရေးပါပဲ။ ခက်ခဲတဲ့ ပြသ၁နာကို အနိုင်ယူဖို့ ကြံစည် ကြိုးစား လုပ်ဆောင်တာလည်း တော်လှန်ရေးပါပဲလေ။ ခင်ဗျားရေးထားတဲ့ ‘မုန်တိုင်းမှ အလွန်’ ဆိုတဲ့ ၀တ္ထုတိုကလေးထဲက ခင်မရဲ့ဘ၀ ဖြစ်စဉ်ကလည်း တော်လှန်ရေးပဲလေ။ ခင်မရဲ့ဘ၀ တိုက်ပွဲ တော်လှန်ရေးပဲမဟုတ်လား”
 
“အယ်.. ဆရာကတော့ စာရေးဆရာလို့ မပြောရဘူး။ လုပ်ချ လိုက်ပြန်ပြီ။ ကျမက ဘာမှ ရေးတတ်တာ မဟုတ်ပါဘူး။ ဆရာ မြှောက်ပေးလို့ ရေးကြည့်တာပါ။ ဆရာပြောသလို ခင်မရဲ့တော်လှန်ရေးတွေ ဘာတွေ တောင် ဖြစ်သွားပြီလား။ ဒါနဲ့ စကားမစပ် ဆရာနဲ့ ဦးလှဖေနဲ့ကော ဆုံဖူးလိုက်သေးလား”
 
“ဟုတ်.. လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ချင်းမိုင်မှာ နှစ်ခါ သုံးခါလောက် ဆုံဖူးတယ်”
 
“ကျောင်းဆရာ သူပုန်တွေ အချင်းချင်း ဆိုတော့ တော်တော် ချစ်ကြမှာပဲနော်”
 
“ကြံကြံဖန်ဖန် ခင်ဗျားမို့ တွေးတတ်တယ်နော်။ ဟုတ်ကဲ့၊ အတော်လေးတော့ ခင်ခင်မင်မင် ရှိကြပါတယ်။ ပိုပြီး ခင်မင်ဖို့ ဖြစ်သွားစေတာကတော့ အချင်းချင်း မိတ်ဆက်ကြတဲ့အခါ ကိုယ့် မွေးရာ ဇာတိကိုပါ ထည့်ပြောကြတယ် မဟုတ်လား။ ကျနော့ဇာတိကိုလည်းပြောရော သူက ဟေ..ငါလည်း ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် စနဲသားပဲကွ.. လို့ အားရပါးရ ပြောခဲ့တယ်။ အဲဒီမှာ သူနဲ့ကျနော် တနယ်တည်းသား ဖြစ်နေတာ သိခဲ့ရတယ်။ ပြောလက်စနဲ့ သူ့အကြောင်း နည်းနည်း ဆက်ပြောသေးတာပေါ့”
 
ဆရာ ဦးလှဖေဟာ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက ဆရာတဦးပါ။ ၁၉၆၃ ခုနှစ်မှာ ဖမ်းဆီး ထောင်ချခံခဲ့ရတယ်။ ပြစ်မှု မည်မည်ရရ မရှိဘဲ အဖမ်းခံရတာပါ။ အကြောင်းပြချက်ကတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းစဉ်က ကျောင်းသား သမဂ္ဂရဲ့ထိပ်သီးခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုဗဆွေလေးတို့ အားလုံးဟာ သူ့သူငယ်ချင်းတွေ ဖြစ်နေတာရယ်။ သူ့ကို မနာလိုတဲ့ အခြားဆရာ တယောက်က ထောက်လှမ်းရေးကို လီဆယ် တိုင်တန်းတာရယ်ကြောင့်ပါ။ ဒီလိုနဲ့ ထောင်ချ ခံရပြီး နောက် ၁၉၆၉ ခုနှစ်မှာ ကိုကိုးကျွန်းကို အပို့ခံခဲ့ရတယ်။ ဒီလို ပို့ခံရတာကလည်း ထောင်အာဏာပိုင် တွေက မဆလအစိုးရကို အမှားခံ ၀န်ချ တောင်းပန် ခံဝန်ချက် ရေးခိုင်းတာကို မရေးလို့ပါပဲ။ ဒါတွေ အားလုံးကို သူကိုယ်တိုင်ရေးခဲ့တဲ့ ‘ကျွန်းအတိတ် အရိပ်ပမာ’ စာအုပ်မှာ အသေးစိတ် ရေးသားထား ခဲ့တယ်။
 
ကျွန်းက ပြန်လွတ်လာပြီးနောက် သူဟာ ရန်ကုန်မြို့ တာမွေမြို့နယ်ထဲက ဓမ္မ၀ိဟာရလမ်းမှာ သင်္ချာ ကျူရှင် ဖွင့်ခဲ့တယ်။ ရှစ်လေးလုံးနောက်ပိုင်းမှာ တောခိုခဲ့တယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ ဗိုလ်မှူးကြီးဟောင်း စိန်မြ ဦးဆောင်ဖွဲ့ စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဦး (People's Defense Force - PDF) မှာ နိုင်ငံရေးမှူး၊ DAB စစ်ကြောင်းအမှတ် ၈ ရဲ့ နိုင်ငံရေး တာဝန်ခံ၊ ABSDF နဲ့  KNU တို့ ရဲ့ နိုင်ငံရေးအကြံပေး၊ RFA နဲ့ BBC မြန်မာပိုင်းဌာန သတင်းထောက် လုပ်ခဲ့တယ်။ ၂၀၁၇ သြဂုတ် လထဲမှာ သြစတြေးလျ နိုင်ငံမှာ ကွယ်လွန်သွားခဲ့တယ်။
 
“အင်း.. သူ့ဘ၀ တခုလုံးက တောက်လျှောက် တော်လှန်ရေးသမားဘ၀နဲ့ နေသွားခဲ့ရတယ်လို့ ပြောရမှာပေါ့နော် ဆရာ။ ကျမ သိချင်တဲ့ နောက်တခုက ကျွန်းတိုက်ပွဲ ဆိုတာတော့ ကြားဖူးတယ်။ ဘယ်လိုတိုက်ခဲ့ကြလဲ”
 
“ကြားဖူးသလောက်တော့ ပြောပြရသေးတာပေါ့”
 
ထောင်တွေမှာဆိုရင် ဖိုကြီးမှာ တာဝန်ကျတဲ့ အကျဉ်းသားတွေက ချက်ကျွေးကြတယ်။ ကိုကိုးကျွန်း အကျဉ်းထောင်မှာကျ တော့ အဲဒါတွေ မရှိဘူး။ ကိုယ့်ဘာသာ ကိုယ်ထူကိုယ်ထ အကုန်လုပ်ရတယ်။ တောထဲဝင် ထင်းခုတ်။ ထမင်းချက်။ ရေခပ်။ စိုက်ပျိုးရေး ဆိုပြီး လုပ်ကြရတယ်။ တာဝန်ခွဲဝေ လုပ်ကြတာပေါ့။ အသားက လုံးဝ မစားရဘူး။ ရတာက နို့ဆီဘူး၊ ကော်ဖီ မှုန့်၊ လက်ဖက်ရည် အချိုခြောက်ထုပ်၊ ဆေးပေါ့လိပ်တစ်နေ့ သုံးလိပ်နှုန်း၊ ငါးပိစိမ်းစား၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ အသားဘူး အမဲသား စည်သွတ်ဘူးတွေကို ပေးတယ်။
 
ဒီလိုပေးတဲ့အထဲမှာ ပါတဲ့ စိမ်းစားငါးပိတွေက ပုပ်နေတယ်။ ငါးပိပဲ ပုပ်မှာပေါ့လို့တော့ မပြောနဲ့။ လောက်တွေ စွဲနေတာ။ အနံ့ကလည်း ငါးပိနံ့ မဟုတ်ဘူး။ အကောင်ပုပ်နံ့ ဟောင်နေတယ်။ ဒါကြောင့် ငါးပိပုပ် တိုက်ပွဲနဲ့ ပထမဦးဆုံး တိုက်ပွဲ ဖော်လိုက်ကြတယ်။ ဒီပွဲက ခုနစ်ရက် ကြာတယ်။ ငါးပိပုပ်တိုက်ပွဲပြီးတော့ နောက်တပွဲက ရက်လေးဆယ် အစာငတ်ခံ တိုက်ပွဲကို တိုက်ကြတယ်။
 
ရက်လေးဆယ် အစာငတ်ခံ တိုက်ပွဲပြီးသွားတော့ အသားစိမ်းလေး ဘာလေး စားလာရတယ်။ ဒါလည်း သိပ်တော့ မခံပါဘူး၊ ရက်ပိုင်းလောက်ပဲ။ အကြောင်းကတော့ ပြည်မက ကိုကိုးကျွန်းကို လာတဲ့ သင်္ဘောပတ်နဲ့ကြုံမှ ထည့်ပေးရတာကိုး။ အာဏာပိုင်တွေက ၀က်ကို အရှင်ထည့်ပေးလိုက်တာ လမ်းမှာ ပူလွန်းလို့ သေကုန်ပါလေရော။ မစားလိုက်ရဘူး။ ဒါကြောင့် ကျွန်းစောင့်ရဲတွေ မွေးထားတဲ့ ဆိတ်တွေကို ၀ယ်ပြီး ချက်ကျွေးပါသေးတယ်။ နောက်တော့ ဒုံရင်း ဒုံရင်းပဲ ပြန်ရောက်သွားတယ်။
 
ဒီလိုနဲ့ ရက်ကို လစားပြီး အချိန်တွေသာ ကြာလာခဲ့တယ်။ လွတ်လမ်းက မမြင်။ သူတို့ အုပ်ချုပ်ရေး ခိုင်မြဲလာမှ ကျွန်းက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ချင်လွှတ်မယ်။ လွှတ်ချင်မှလည်း လွှတ်ပေးမယ်လို့ မြင်လာကြတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရဟာ ကိုကိုးကျွန်းမှာ နောက်ထပ် အဆောင်သစ် နှစ်ဆောင် ထပ်ဆောက်လာတယ်။ သဘောကတော့ နောက်ထပ် အကျဉ်းသားတွေ ထပ်ပို့မယ်ပေါ့။
 
ဒါကြောင့်မို့လို့ အားလုံးဟာ တညီတညွတ်တည်း စွန့်လွှတ်ကာ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ “ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးရေး၊ နိုင်ငံရေးသမားတွေကို ကျွန်းကိုပို့တဲ့စနစ် ဖျက်သိမ်း ပေးရေး” အတွက် ငါးဆယ့်သုံးရက်ကြာ အစာငတ်ခံ တိုက်ပွဲကြီးကို နွှဲခဲ့ကြတာတဲ့။ ဒီလို တိုက်ပွဲဝင်ခဲ့ကြလို့ သူတို့လည်း ပြန်လည်လွတ်မြောက်လာသလို ကျွန်းစနစ်လည်း တခါတည်း ဖျက်သိမ်းပစ်လိုက်တယ်လို့ ကြားဖူးတယ် မယ်မဒီရေ။
 
ဌေးဝင်း
The Ladies News

 

Vote: 
Average: 4 (2 votes)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.