ဖောက်ထွက်သင့်ပြီ NLD || ထွန်းအောင်ကျော် (၇၄ မျိုးဆက်) ||

အမျိုးသားဒီမိုကရေစီ အစိုးရ တက်လာပြီးနောက် စီးပွားရေး နှေးကွေး လာကြောင်း စီးပွားရေးသမားတွေက ပြောလာကြပါပြီ။ ဒေါ်အောင်ဆန်း စုကြည် စီးပွားရေးကို နားမလည်ဘူး၊ မကိုင်တွယ်နိုင်ဘူးလို့လည်း ပြော လာကြသလို ဒေါ်စုကို ၂၀၁၅ ရွေးကောက်ပွဲမှာ အစွမ်းကုန် ထောက်ခံ အားပေးခဲ့သူ စီးပွားရေးသမား တချို့ကလည်း စီးပွားရေးလုပ်ရတာ ဦးသိန်းစိန် အစိုးရလောက် မလွတ်လပ်တဲ့အပြင် အရာရာမှာ မလိုအပ်ဘဲ ပိတ်ပင်မှုတွေကြောင့် စိတ်ပျက်လာကြပြီး သူတို့ပညာတွေနဲ့ ဘယ်လောက် ကြိုးစားကြိုးစား မြန်မာပြည်မှာ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် လုပ် မရနိုင်ဘူး၊ ဒါကြောင့် နိုင်ငံခြားကို ထွက်တော့မယ်လို့ ပြောတဲ့သူတွေ ပြောလာကြပါတယ်။
 
ဒီလို ခရိုနီမဟုတ်ဘဲ ဒီမိုကရေစီလိုလားတဲ့ စီးပွားရေးအုပ်စုကို ဒေါ်အောင် ဆန်းစုကြည်တို့ အစိုးရက အားပေး၊ လမ်းဖွင့်ပေးဖို့ လိုပါတယ်။ ခရိုနီတွေ ကို မိတ်ဖက်စီးပွားရေး သမားတွေအဖြစ် သတ်မှတ်ရင် မိမိကို ထောက်ခံခဲ့ သူတွေကိုလည်း ဆွေမျိုးရင်းချာ စီးပွားရေးသမားတွေ မျိုးချစ်စီးပွားရေး သမားတွေအဖြစ် လေးစားစွာ လမ်းဖွင့်ပြီး ကူထောက်ပေးသင့်ပါတယ်။ ပွင်းပွင့်လင်းလင်း ပြောရရင် ဒီမျိုးချစ်စိတ်ဓာတ်နဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင် ခဲ့တဲ့လူတွေကို ဦးစားပေးသင့်ရင် ပေးရမယ်။ တဖက်သတ် ယှဉ်ပြိုင်သူမရှိဘဲ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ခဲ့တာကြောင့် မတရား ချမ်းသာနေတဲ့ လူတွေနဲ့ ယှဉ်ပြိုင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကို ချိန်ခွင် လျှာထိန်းတဲ့ အနေနဲ့ မျိုးချစ်စိတ်ရှိသူတွေဘက်က လုပ်ခွင့်တွေ ရလာ အောင်၊ လုပ်ငန်းလိုင်စင်တွေကို ထုတ်ပေးတာ၊ အတိုးနည်း ငွေထုတ်ချေး မှုတွေနဲ့ ထောက်ကူမှု ပြုပေးတာမျိုးတွေ ပြုလုပ်ပေးဖို့ အချိန်ရောက်နေ ပါပြီ။ ခရိုနီတွေ လက်ဝါးကြီး အုပ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ ပိုင်ဆိုင်ပြီး ယှဉ်ပြိုင်သူမရှိဘဲ လည်ပတ်နေတဲ့ ဘီယာချက် လုပ်ငန်းမျိုးတွေကို လိုင်စင်ချပေးရင် တစ်ဦးတည်း ထုတ်လုပ်ရောင်းချခွင့်တွေနဲ့ မတရား အမြတ်ရနေမှုတွေကို ယှဉ်ပြိုင်ခွင့် ရလာပြီး ပြည်သူတွေလည်း ရွေးချယ် ခွင့်များလာတဲ့အတွက် တန်ရာတန်ဈေးနဲ့ သုံးစွဲခွင့်ရလာမှာပါ။ ဒါကြောင့် NLD အစိုးရအနေနဲ့ စစ်အစိုးရ ပုံသွင်းထားတဲ့ လမ်းကြောင်းကနေ လမ်း သစ်ထွင်ပြီး ဖောက်ထွက်ဖို့လိုပြီလို့ သုံးသပ်မိတယ်။
 
၁၉၇၄ ခုနှစ်မှာ လူလူချင်း ကုပ်သွေးစုပ် အမြတ်ထုတ်နေတဲ့ အရင်းရှင် စနစ်ကို တိုက်ဖျက်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့ ချီတက်ကြမယ် ဆိုတုန်းကလည်း စစ်ဗိုလ်တွေ ကြွေးကြော်ခဲ့ကြတဲ့ “အူမ,မတောင့်လို သီလမစောင့်နိုင်တဲ့ ဒုက္ခ”ကို သူတို့တတွေ ကျော်ဖြတ်ပြီး ဆိုရှယ်လစ်တွေ နေ့ချင်းညချင်း ဖြစ်သွားကြပြီး “လစ်”လိုက်ကြ ခိုးလိုက်ကြ လုပ်ခဲ့ကြလို့ တိုင်းပြည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝကို ရောက်လာတဲ့အခါ ၁၉၈၈ ခုနှစ်မှာ တိုင်းပြည်ကို ကယ်တင်မယ်ဆိုပြီး သူတို့ လစ်နေတဲ့လမ်းကြောင်းကိုရပ်ကာ ဈေးကွက် စီးပွားရေးနဲ့ ကယ်တင်လိုက်တာ သူတို့က သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာတဲ့အပြင် သူတို့ရှုတ်ချခဲ့တဲ့ အရင်းရှင်ကြီးတွေ အဖြစ်၊ စက်ရုံအလုပ်ရုံ ရှယ်ယာတွေရဲ့ပိုင်ရှင်ကြီးတွေ အဖြစ် သူတို့ကိုယ်တိုင် အံ့သြစရာ အသွင်ပြောင်းခဲ့ကြပေမယ့် ပြည်သူတွေကတော့ ကျောမွဲဘဝက မတက်တဲ့အပြင် လယ်ယာမြေတွေပါ ဈေးကွက်စီးပွားရေး စနစ်အမည်ခံ လက်ဝါးကြီးအုပ် စနစ်အောက်မှာ ဆုံးရှုံးပြီးကော့ခံခဲ့ ကြရပါတယ်။
 
စစ်အစိုးရ အဆက်ဆက်နဲ့ ဖားတပိုင်းငါးတပိုင်း အစိုးရလက်ထက်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေ လုပ်တဲ့ စီးပွားရေးက လက်သင့်ရာ စားတော်ခေါ်တဲ့ လက်ဝါးကြီးအုပ် စီးပွားရေးစနစ်၊ တနည်းပြောရရင် ခရိုနီစီးပွားရေးစနစ် ဖြစ်တယ်။ ဒီစနစ်မှာ လက်ဝါးကြီးအုပ်ခွင့်ရ အုပ်စုကဈေးကွက် စီးပွားရေးကို ထိန်းချုပ်ထားတဲ့အတွက် သူတို့သာ ဒီစီးပွားရေး လုပ်ကွက်ကို လုပ်ခွင့်ရှိပြီး သူတို့သာ ယှဉ်ပြိုင်သူမရှိ လက်ဝါးကြီးအုပ် အကျိုးအမြတ် ယူနိုင်ခွင့် ရှိခဲ့ပါတယ်။ လက်ဝါးကြီးအုပ် ဈေးကွက်စနစ်ရဲ့ ဆိုးကျိုးက ယှဉ်ပြိုင်သူ မရှိတဲ့အတွက် သူတို့ခေါ်တဲ့ဈေးကို ပြည်သူတွေက ငြင်းဆန်ပိုင်ခွင့်မရှိဘဲ ပေးဝယ်ရတဲ့ အတွက် ပြည်သူတွေကို မတန်တဆ ဈေးတင်ရောင်းထားတာကို သုံးစွဲကြရလို့ ပြည်သူတွေမှာ အများကြီး နစ်နာပြီး သူတို့ကတော့ အရင်းနည်းနည်းနဲ့ အမြတ်များများရရှိပြီး ခေါင်းပုံ မတရားဖြတ်ခွင့်ကို ရရှိခဲ့ပါတယ်။
 
ထင်ရှားတဲ့ ဥပမာတွေကတော့ မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း Myanmar Post and Telecommunication (MPT) တခုတည်း ဆဲလ်ဖုန်းတွေကို ရောင်းချပိုင်ခွင့်ပြုထားတဲ့ အချိန်မှာ ဆဲလ်ဖုန်း တလုံးမှာသုံးတဲ့ ဆင်းကတ် အပါအဝင်ဖုန်းကို ဒေါ်လာ ၂,၀၀၀ (သိန်း ၂၀ ကျပ်) ပေးဝယ်ကိုင်ကြရပါတယ်။ ဝန်ဆောင်ခကလည်း တလကို ဒေါ်လာ ၈၀-၁၀၀ ကြား ပေးကြရပါတယ်။ နောက်ပိုင်း တယ်လီနော၊ အော်ရီဒူးတို့ ဝင်ခါနီးအချိန်မှာ ဖုန်းတလုံးကို ၃ သိန်းအထိ ဈေးကျလာပြီး စာရေးသူတို့ မြန်မာပြည်ကို၂၀၁၂ ခုနှစ်လာတဲ့အချိန်မှာ တလုံးကို ၂ သိန်းနှုန်း ပေးကိုင်ခဲ့ရပါတယ်။ အဲဒီအချိန်က အမေရိကန်နိုင်ငံမှာ ဖုန်းတလုံးကိုင်ဖို့ ဒေါ်လာ ၄၀ လောက်ပဲ ရှိပါတယ်။ ဆင်းရဲတဲ့ မြန်မာနိုင်ငံကလူတွေက ဖုန်းတလုံးကို ဒေါ်လာ ၂၀၀ (ကျပ် ၂ သိန်း) လောက်နဲ့မှ ကိုင်ခွင့်ရတာကို ကြည့်ရင် ဘယ်လောက် အမြတ်ယူနေသလဲ သိနိုင်ပါတယ်။ နောက်ပိုင်း အော်ရီဒူးနဲ့ တယ်လီနော ဝင်လာတဲ့အခါ အများသိတဲ့အတိုင်း ဆင်းကတ်တခုကို ၁,၅၀၀ ကျပ်ပဲကျတာကို ကြည့်ရင် ဘယ်လောက် အမြတ်တွေ ယူခဲ့ကြသလဲ၊ ဒီအမြတ်တွေက တိုင်းပြည် ဘဏ္ဍာငွေထဲကို ဝင်သွားမယ့် သဘောတော့ မရှိပါဘူး။ နောက်ဥပမာတခုက မန္တလေးဘီယာ ထုတ်လုပ်တဲ့ ဒေါ်ဝင်းဝင်းနု လက်ထဲက ရောင်းကောင်းတာနဲ့ ဗိုလ်ခင်ညွန့်က မတရား သိမ်းယူခဲ့တယ်။ နောက်ပိုင်း သူတို့ ထောက်လှန်းရေးတဖွဲ့လုံး ပြုတ်သွားပြီးတဲ့နောက် မန္တလေးဘီယာကနေ မြန်မာဘီယာ အမည်ပြောင်းပြီး ယှဉ်ပြိုင်သူမရှိဘဲ တွင်တွင်ရောင်းချ အမြတ်ထုတ်ခဲ့ကြတယ်။ ဘယ်သူကမှ ဘီယာ ထုတ်လုပ်ခွင့် လိုင်စင်ကို ယခုအချိန်အထိ ထုတ်မပေးဘူး။
 
နောက်ဥပမာတခုက မြန်မာနိုင်ငံက ကားဈေးတွေက နိုင်ငံတကာ ကားဈေးထက် ၃-၄ ဆကြီးနေခဲ့တယ်။ ကားဟောင်း တစင်းကို သိန်း ၃၀၀- ၄၀၀ အနည်းဆုံး ပေးစီးရတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၃ သောင်း ၄ သောင်းလောက်ရှိတယ်။ ဒီလိုတပတ်ရစ် ကားမျိုးက တကယ်တမ်း တန်တာက သိန်း ၅၀- ၁၀၀ ပဲရှိတယ်။ ၃ ဆလောက် များတယ်။ ကားသွင်းဖို့ ကားပါမစ်လိုတယ်။ အဲဒီလိုကားဈေးတွေ တက်နေအောင် ပါမစ်ချပေးတဲ့ ဈေးကကြီးထားတယ်။ ဒါကြောင့် ကားပါမစ်တွေ ချပေးတဲ့သူတွေနဲ့ ပင်းထားလို့ ပါမစ်ရတဲ့ သူတွေ မတရားချမ်းသာ လာကြတယ်။ ပြည်သူအများစုက ကားဟောင်းတွေကို ကားသစ်ဈေး ပေးပြီးစီးရတဲ့ စနစ်၊ ဘယ်လောက် စုတ်ပဲ့သလဲ။ ဒါတွေအားလုံးဟာ လက်ဝါးကြီးအုပ် အမြတ်ထုတ်ဖို့ လုပ်ထားတဲ့ စနစ်ကြောင့်ပဲ။
 
နောက်ဆုံးချပြချင်တဲ့ ဥပမာကတော့ မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေ Myanmar Airways International (MAI-MNA), Air KBZ, APEX, Golden Myanmar Airline, Air Mandaly, Air Pagan, Yangon Airways တို့ရှိကြပါတယ်။ ဒီလေကြောင်းလိုင်းတွေကို တည်ထောင် ထားသူတွေဟာ ပြည်သူတွေက ပြောနေတဲ့ ခရိုနီတွေ များကြပါတယ်။ ဒီလေကြောင်းလိုင်းတွေကို စီးရင် နိုင်ငံသားနဲ့ နိုင်ငံခြားသားနဲ့ ဈေးမတူပါဘူး နိုင်ငံခြားသားဆိုရင် ဈေးက တဆခွဲလောက် ပေးရပါတယ်။ နိုင်ငံသားတွေ ကိုတော့ မူလဈေး နိုင်ငံခြားသားတွေဆိုရင်တော့ ရိတ်ပစ်လိုက်ဆိုတာ မျိုးပါ။ တခြားနိုင်ငံတွေမှာ ဒီလိုမဟုတ်ပါဘူး၊ အားလုံး ဈေးအတူတူပါပဲ။ ဟိုတယ်တွေမှာလည်း နိုင်ငံသားဆိုရင် ဈေးတမျိုး၊ နိုင်ငံခြားသားဆိုရင် ဈေးတမျိုး သတ်မှတ်ပေးထားပြန်တာ အလွန်အရုပ်ဆိုးပါတယ်။ တန်းတူသတ်မှတ် ပေးသင့်ပါတယ်။
 
တလောက သတင်းဖတ်လိုက်ရတဲ့ အထဲမှာ လေကြောင်းပျံသန်းရေး လိုင်စင် (AOC) လျှောက်ထားမှုကို မြန်မာ အာဏာပိုင်တွေက ပယ်ချခဲ့ပြီး မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်ငန်း တခုထူထောင်ဖို့ အစီအစဉ်ကို ပျက်ပြားစေခဲ့တယ်လို့ ဂျပန်နိုင်ငံမှ ANA လေကြောင်းကုမ္ပဏီက ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့တာကို ဖတ်လိုက်ရပါတယ်။ ANA ကုမ္ပဏီဟာ တိုကျို-ရန်ကုန် တိုက်ရိုက် ပြေးဆွဲနေတဲ့လိုင်းဖြစ်ပြီး မနှစ်က မြန်မာနိုင်ငံမှ ရွှေသံလွင် ကုမ္ပဏီပိုင် Golden Sky World ကုမ္ပဏီနဲ့ Asian Blue ဖက်စပ် ကုမ္ပဏီ ထူထောင်ခဲ့တယ် လို့လည်း သိရပါတယ်။
 
ဘာကြောင့် မြန်မာအစိုးရက သူတို့ကို လိုင်စင်ထုတ်မပေးသလဲဆိုတာကို အကြောင်းပြချက် မပေးခဲ့ဘူးလို့ ANA မြန်မာ ကိုယ်စားလှယ် ဆမ်မီအာ ရာမာကီက ပြောခဲ့ပါတယ်။ သူတို့အနေနှင့် လိုင်စင်ရရှိဖို့ ပြီးခဲ့တဲ့မေလက စတင် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ အရပ်ဘက် လကြောင်းဌာန ပြောရေး ဆိုခွင့်ရှိသူက ANA ရဲ့ AOC လျှောက်ထားမှုကို ပယ်ချခဲ့တယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောခဲ့ဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။ နိုင်ငံခြား ဖက်စပ်လေကြောင်းလိုင်းတခု မြန်မာနိုင်ငံမှာ ပေါ်လာရင် ဈေးကွက်ပြိုင်ဆိုင်မှုအရ ပြည်သူတွေက ဈေးနှုန်း သက်သာပြီး ကောင်းမွန်အချိန်မှန်တဲ့ လေကြောင်းလိုင်းတွေကို စီးကြမှာဖြစ်တဲ့အတွက် ဘယ်လေကြောင်းလိုင်းကမှ လက်ဝါးကြီးအုပ် ဈေးတင် မတောင်းနိုင်ပါဘူး။ တဦးထက်တဦး ကောင်းသထက် ကောင်းအောင် ပြိုင်ဆိုင် ကြရတဲ့အတွက် ပြည်သူတွေအတွက် အထူးအကျိုးရှိမှာ ဖြစ်ပါတယ်။ ယခင်ကလို လက်ဝါးကြီးအုပ်ထားတဲ့ သူတွေကို ဆက်လက် လက်ဝါးကြီး အုပ်ခွင့်ပေးပြီး ဈေးကစားခွင့် အမြတ်ယူခွင့်ကို NLD အစိုးရက ပြောင်းလဲပစ်ရဲဖို့ လိုနေပါပြီ။
 
ဒီနေ့ လူနည်းစုက လက်ဝါးကြီးအုပ်ထားတဲ့ ဘီယာထုတ်လုပ်မှု လုပ်ငန်း၊ တယ်လီဖုန်း မိုဘိုင်းဖုန်းလုပ်ငန်း၊ ဖားကန့်၊ မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ခွင့်လုပ်ငန်း၊ သတ္တုတူးဖော်ခွင့် လုပ်ငန်း၊ သစ်ထုတ်လုပ်မှု လုပ်ငန်းနဲ့ လေကြောင်းလိုင်း ပျံသန်းမှုလုပ်ငန်းတွေကို ပြည်သူ့အကျိုးအတွက် မျှတတဲ့ကြေးနဲ့ အများပိုင်၊ ပုဂ္ဂလိကပိုင်လိုင်စင်တွေ ထုတ်ပေးသင့်ပါတယ်။ ဒါကို လက်ရှိလက်ဝါးကြီးအုပ် အမြတ်မတရား ရယူနေတဲ့ အုပ်စုကလည်း အကြောင်းအမျိုးမျိုးပြပြီး လိုင်စင်ထုတ်မပေးဖို့ တာဆီးကာ သူတို့ အကျိုးအမြတ်ကို ကာကွယ်ကြမှာ ဖြစ်ပါတယ်။ အဓိက လုပ်ဆောင်ရမှာက လိုင်စင်လျှောက်တဲ့သူတွေကို လုပ်ငန်းနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေ၊ နည်းဥပဒေတွေကို သတ်မှတ်ပေးထားရေးပဲဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်ကို ပြည့်မီရင် မျက်နှာကြီးငယ် မလိုက်ဘဲ လိုင်စင်ထုတ်ပေးဖို့လိုပါတယ်။ လုပ်ငန်းလိုင်စင် ရပြီးသူတွေကိုလည်း ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA) တို့ကို နှစ်တိုင်းစစ်ဆေးတာ၊ မလိုက်နာသူတွေကို လိုင်စင်ပိတ်သိမ်းတာ၊ ဒါမဟုတ် ဒဏ်ငွေ ဆောင်ခိုင်းတာတို့နဲ့ ထိန်းသိမ်းဖို့သာ လိုပါတယ်။ လက်ရှိ အစိုးရအနေနဲ့ လိုင်စင်ထုတ်မပေးရင်လည်း ဘာကြောင့် ထုတ်မပေးသလဲ၊ အရင်လူတွေကို ဘာကြောင့် ထုတ်ပေးခဲ့သလဲ၊ ဘယ်လို သဘောမျိုးနဲ့ ထုတ်ပေးခဲ့သလဲဆိုတာကို လေ့လာပြီး တရားမျှတမှုရှိအောင် တကယ်စစ်မှန်တဲ့ ဈေးကွက်စီးပွားရေး ပုံစံကို ရဲရဲဝံ့ဝံ့ ဖော်ဆောင်ရပါမယ်။ အရင် လက်ဝါးကြီးအုပ်ထားတဲ့ လူနည်းစုနဲ့ နောက်လုပ်မယ့်လူတွေ ယှဉ်ပြိုင်နိုင်အောင် လမ်းဖွင့်ပေးခြင်းဖြင့် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ဆန့်ကျင်ပြီး ပြည်သူတွေ အကျိုးအတွက် ဆောင်ရွက်ဖို့ ဖောက်ထွက်သင့်ပြီလို့ နှိုးဆော်လိုက်ပါတယ်။
 
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.