ပလ္လင်ပေါ်တက်ဆော့တဲ့ မျောက်တွေ || ဖြိုးဝေ(မဟာဝိဇ္ဇာ) ||

ကျွန်တော်က ငယ်ငယ်ကတည်းက ကွယ်လွန်သူ စာရေးဆရာ ဆရာဦးအောင်သင်း ရဲ့ စာဖတ်ပရိသတ်နဲ့ ဟောပြောပွဲ ပရိသတ်ဖြစ် သလို ဆရာနဲ့ တစ်လမ်းကျော်မှာနေတော့ မနက်ဈေးသွားရင် ဈေးကို လာတဲ့ ဆရာ့ကို အမြဲတွေ့လို့ အမြဲ နှုတ်ဆက်တဲ့ ကျွန်တော့်ကို ဆရာက မျက်မှန်းတန်းမိနေပါတယ်။
 
ဒီလိုနဲ့ ကျွန်တော် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့ မီဒီယာလောကထဲ ရောက်ပြီး ဆရာနဲ့တွေ့ဆုံရင်းနှီးဖို့ ဖြစ်လာပါတယ်။ ဆရာ့ဆီ စာမူ သွားတောင်းရင်း အင်တာဗျုးသွားရင်းနဲ့ ဆရာ့အိမ် မကြာခဏ ရောက် တတ်သလို အိမ်နဲ့လည်းနီးတော့ ဆရာ့ဆီသွားဖြစ်တယ်။
 
တစ်ခါတော့ ဆရာ့ကို ကျွန်တော်က “ဆရာ... ကျွန်တော့်အတွက် လမ်းညွှန်တဲ့ စကားလေးတစ်ခုလောက် အမှတ်တရ ရေးပေးပါ” ဆိုတော့ ဆရာက အခုလိုရေးပေးပါတယ်။
 
`You must know your own position and try to keep it with pride.'
 
စာကြောင်းက သူ့အတိုင်းလေးကို လှနေပြီး ပေါ်လွင်တဲ့အတွက် ဘာသာပြန်ဖို့ လိုမယ်မထင်ပါ။ အဲဒီစာကြောင်းကို ကျွန်တော့် တစ်သက် ဘယ်တော့မှ မမေ့သလို အမြဲနှလုံးသွင်းဆင်ခြင် လိုက်နာတဲ့ ဆုံးမဩဝါဒ ဆိုလည်း မမှားပါ။
 
ဒါကြောင့် ကိုယ့်နေရာ၊ ကိုယ့်အခြေအနေ၊ ကိုယ့်အနေအထားကို အမြဲအမှန်အတိုင်း မြင်နိုင်အောင် ကြိုးစားသလို ဘယ်နေရာ၊ ဘယ်အခြေအနေ ရောက်ရောက် ကိုယ့်နေရာ၊ ကိုယ့်အခြေအနေကို အမှန်အတိုင်း လက်ခံပြီး ဂုဏ်ယူစွာနဲ့ ထိန်းပါတယ်။
 
ဒါပေမဲ့ တလောက အသိတစ်ယောက်က “အခုနောက်ပိုင်း လူငယ်တွေ ရော လူကြီးတွေပါ ကိုယ့်နေရာကိုယ် မသိတာ များတယ်။ အဲဒီလိုနဲ့ ပလ္လင်ပေါ်တက်ဆော့တဲ့ မျောက်တွေ များလာတယ်” ဆိုပြီး ပြောပါတယ်၊
 
ဒါနဲ့ ကျွန်တော်လည်း ဆရာဆုံးမခဲ့တာကို တန်းသတိရမိသလို မြင်ရ တွေ့ရကြားနေရတာ တွေမှာလည်း ကိုယ့်နေရာကိုယ် မသိတာတွေ များနေတဲ့အတွက် အသိပြောတာကို ဆင်ခြင်မိပါတယ်။ ဒါပေမဲ့ ကိုယ့်နေရာကိုယ် မသိတာမှာ လူနှစ်မျိုးတွေ့ပါတယ်။
 
ကိုယ့်ရဲ့ ပကတိနေရာ၊ ကိုယ့် အခြေအနေမှန်ကို ကိုယ်မသိတဲ့ လူတွေထဲ မှာ အများစုတွေ့တာတော့ ကိုယ့်ပကတိ အခြေအနေထက် ကိုယ့်ကိုယ် ကိုယ် လျှော့တွက်တဲ့သူနဲ့ ပိုတွက်ပြီး သွေးနားထင်ရောက် နေတဲ့သူဆိုပြီး နှစ်မျိုး တွေ့ပါတယ်။ တစ်နည်းပြောရရင် ကိုယ့်အရှိတရား ကိုယ့်ပကတိ အခြေအနေ ကိုယ်လက်မခံနိုင်တဲ့ သူတွေပါ။
 
အဲဒီမှာ အများဆုံးတွေ့ရတဲ့ ပထမတစ်မျိုးဟာ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်လုပ်နိုင်စွမ်း၊ ကိုယ့်အားနည်းချက်၊ အားသာချက်၊ ကိုယ့်ရဲ့ ပကတိအရှိအရားကို လျှော့တွက်ထားတဲ့သူ၊ လက်မခံတဲ့သူ၊ မသိတဲ့သူပါ။
 
အဲဒီတော့ သူ့မှာ သိမ်ငယ်စိတ်၊ ကြောက်ရွံစိတ်က အမြဲကြီးစိုးပြီး ကိုယ့် ကိုယ့်ကိုယ် ယုံကြည်မှု တန်ဖိုးထားမှုမရှိဘဲ ကိုယ့်နေရာ ကိုယ်မရောက်တဲ့၊ ရောက်နေပေမယ့် ကိုယ့်နေရာ ကိုယ်မသိတဲ့၊ ဂုဏ်ယူစွာ ထိန်းရ ကောင်းမှန်း မသိတဲ့သူတွေပါ။
 
အဲဒီလိုနဲ့ သူတို့နဲ့ထိုက်တန်တဲ့ နေရာရဖို့ အခွင့်အလမ်း ပေါ်လာတောင်မှ၊ အားပေးအားမြောက် ပံ့ပိုးပေး မယ့်သူ ရှိတောင်မှ သိမ်ငယ်စိတ်၊ ကြောက် စိတ်၊ ယုံကြည်မှုမရှိတဲ့ စိတ်တို့ကြောင့် အခွင့်အလမ်းကို မယူရဲဘဲ လက်ခံမမိ ဖြစ်သွားပါတယ်။ အဲဒီလိုနဲ့သူတို့ဟာ သူတို့ ရောက်သင့် တဲ့နေရာ၊ ထိုက်တန်တဲ့ နေရာကို မရောက်တော့တာ များပါတယ်။
 
နောက်တစ်မျိုးက ကိုယ့်ပကိ အရှိတရား ကိုယ်နဲ့ထိုက်တန်တဲ့ နေရာကိုမသိ၊ တန်ဖိုးမထားရုံမက ကိုယ့်ကိုယ်ကိုယ် ပိုတွက်ပြီး သွေးနားထင်ရောက်နေတဲ့ သူပါ။ အဲဒီလိုလူမျိုးက အားပေးအားမြှောက် မြှောက်ပေး၊ အခုခေတ်စကားနဲ့ ပြောရင် ဝန်းရံပေးမယ့်သူရှိရင် ပိုပြီး သွေးနားထင်ရောက်ပြီး ဆိုးဝါး သွားတတ်ပါတယ်။
 
အဲဒီလို ကိုယ့်နေရာ၊ ကိုယ့်အနေအထား ကိုယ် အမှန်အတိုင်းမသိ၊ သိလည်း လက်မခံနိုင်တဲ့အတွက် အဲဒီ အလိုမပြည့်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုလည်း မရတော့ဘဲ ရှိတတ်ပါတယ်။
 
ပိုဆိုးတာကတော့ ကိုယ့်နေရာ ကိုယ်မသိ၊ လက်မခံနိုင်တဲ့အတွက် ကိုယ့်ထက် အများကြီးပညာရော အရည်အချင်း ရော စိတ်ဓာတ်ပိုင်းပါ သာလွန်တဲ့သူတွေနဲ့ပါ ခြေရာတိုင်းပြီး စော်ကားတဲ့ အပြုအမူ တွေကို သိသိနဲ့ဖြစ်စေ၊ မသိဘဲနဲ့ ဖြစ်စေ ပြုမူပြောဆို မိတတ်သလို အများအမြင်မှာ အထင်အမြင် သေးစရာ၊ အရှက်ရစရာ ဖြစ်တတ်ပါတယ်။
 
တကယ်တော့ အဲဒီလူနှစ်မျိုးလုံးဟာ ကိုယ့်ကိုယ်ကိုယ် လှည့်စားထားသူတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်တဲ့ သူတွေဖြစ်တဲ့ သူတို့ဟာ သူတို့ရဲ့ ပကတိအရှိတရား၊ ပကတိပင်ကိုသဘာဝ၊ ပကတိ အရည်အချင်းနဲ့ ထိုက်တန်တဲ့ နေရာကို ဘယ်တော့မှ မရသလို ဂုဏ်ယူရကောင်းမှန်း၊ ထိန်းသိမ်းရ ကောင်းမှန်းလည်း မသိတဲ့အတွက် သူတို့ရောက်နေတဲ့ နေရာဟာ သူတို့နဲ့ ထိုက်တန် သင့်လျော်တဲ့ နေရာ မဟုတ်မှန်း ဘယ်လိုမှ မသိနိုင်ပါဘူး။
 
သူတို့ဟာ အများအမြင်ဟာ ပလ္လင်ပေါ် မျောက်တက်သလို ဖြစ်နေပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့၊ လူမှန်နေရာမှန် မရောက်တဲ့သူတွေ ဖြစ်နေပါတော့တယ်။
 
တကယ်တော့ လူတွေဟာ ကိုယ့်နေရာကိုယ် အမှန်အတိုင်းသိ၊ လက်ခံပြီး ဂုဏ်ယူစွာနဲ့ ထိန်းတတ်ရင် ကိုယ့်အတွက် လည်း ကောင်းသလို အများအမြင်မှာလည်း ကျေနပ်လက်ခံဖွယ် ဖြစ်တဲ့အတွက် ကိုယ့်နေရာအလျောက် ထိုက်တန်တဲ့ အသိအမှတ်ပြုမူ၊ အောင်မြင်မှု ကျော်ကြားမှု အစစ်အမှန်ကို ရရှိမှာ အမှန်ပဲဖြစ်ပါတယ်။
 
ဒါကြောင့် ကိုယ့်နေရာ ကိုယ်မသိတဲ့၊ လက်မခံတဲ့သူတွေ ဘယ်လိုပဲတွေ့တွေ့ ကိုယ်တိုင်တော့ ပလ္လင်ပေါ် တက်ဆော့တဲ့မျောက်မဖြစ်ဘဲ ကိုယ့်နေရာ ကိုယ်သိကာ ဂုဏ်ယူစွာနဲ့ ထိန်းနိုင်တဲ့သူဖြစ်ရင် တကယ်စစ်မှန်တဲ့ စိတ်ကျေနပ်မှုရရှိပြီး ထိုက်တန်တဲ့ နေရာကိုရရှိနိုင်မှာ မလွဲပါဘူး။
 
ဖြိုးဝေ (မဟာဝိဇ္ဇာ)
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.