မြန်မာ့ပညာရေးဘယ်လဲ // ထွန်းအောင်ကျော် (၇၄ မျိုးဆက်) //

မြန်မာနိုင်ငံမှာ တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်တင်ခဲ့ပါတယ်လို့ ကြွေးကြော်ပြီး ဗိုလ်နေဝင်း စစ်အာဏာ သိမ်းပြီး တဲ့နောက် မြန်မာပညာရေးဟာ လက်တဲ့စမ်း ပညာရေး ဖြစ်လာခဲ့ပါတယ်။ ပညာရေးဝန်ကြီး တယောက် ပြောင်းတိုင်း ပညာရေးပေါ်လစီတွေကို လက်တဲ့စမ်းခဲ့တဲ့ အတွက် မြန်မာ့ပညာရေးဟာ အရှေ့တောင် အာရှမှာ ထိပ်တန်း နေရာကနေပြီး တဖြည်းဖြည်း လျော့ကျလာလိုက်တာ နောက်ဆုံး မြန်မာနိုင်ငံကပေးတဲ့ ပီအိပ်ခ်ျဒီဘွဲ့ရတွေကို စစ်အစိုးရ လက် ထက်မှာပဲ မူလတန်းပြဆရာ အဖြစ်ခေါ်တဲ့ အဆင့်ကို ကျရောက် လာခဲ့ရပါ တယ်။ ရိုးရိုးအောင်သူတွေနဲ့ မဟာဝိဇ္ဇာဘွဲ့ရတွေက မူကြိုလောက်မှာပဲ သင်ရတော့မဲ့ကိန်းပါ။
 
အရင်က မြန်မာစာတခုပဲ မြန်မာလိုသင်ပြီး ကျန်ဘာသာရပ်တွေကို အင်္ဂလိပ်လို သင်ကြားတဲ့စနစ်ကို အမျိုးသားစိတ် မျိုးချစ်စိတ်တွေ ကြွေးကြော်ပြီး ဗိုလ်နေဝင်းလက်ထက်မှာ အင်္ဂလိပ်စာတခုပဲ အင်္ဂလိပ် လိုသင်ရမယ် ကျန်ဘာသာရပ် အားလုံးကို ဗမာလိုပဲ သင်ရမယ်ဆိုပြီး ရွှေဥာဏ်တော် စူးရောက်စွာ သင်ရိုးတွေကို ပြောင်းလဲ လိုက်တဲ့အတွက် ရလဒ်က နောက်တက်တဲ့ ကျောင်းသားတွေ အင်္ဂလိပ်စာ ညံ့ကုန်ကြတယ်။ အကျိုးဆက်က အင်္ဂလိပ်စာဟာ ကမ္ဘာ့ဆက်သွယ်ရေးမှာ အများသုံး ဘာသာစကားကြီး ဖြစ်တဲ့အတွက် ကမ္ဘာနဲ့ ဆက်သွယ်နိုင်တဲ့ ဘာသာ စကား မကျွမ်းကျင်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး တွေ အဖက်ဖက်က အများကြီး ဆုံးရှုံးသွားခဲ့ရတယ်။
 
ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မြန်မာ့ပညာရေး အဆင့်အတန်း အရည်အသွေး တိုးတက်လာပြီး ကမ္ဘာ့အဆင့် မီလာစေရန် နေပြည်တော် မှာ ပညာရေးနှီးနှော ဖလှယ်ပွဲကြီး လုပ်ပြီး ဝါရင့်ဆရာ၊ ဆရာမကြီးတွေ၊ တက္ကသိုလ်ကောလိပ်က ပါမောက္ခကြီးတွေကို ဖိတ်ကြားပြီး ခမ်းနားစွာ ပြုလုပ်ခဲ့တဲ့ သတင်း ကြားသိခဲ့ရဖူးပါတယ်။ တက်ရောက်လာသူတွေကို ဟော်တယ်ကြီးတွေမှာ ထားပြီး အစားအသောက် ဝေဝေဆာဆာနဲ့ တည်ခင်းခဲ့ကြပါတယ်။ ဆရာကြီးတွေကလည်း ဆွေးနွေးပွဲမှာ နှစ်တိုနှစ် ရှည် စီမံကိန်းတွေ ဘယ်လိုချမှတ် ဆောင်ရွက်ရင် မြန်မာ့ပညာရေးကို အချိန်တိုတိုအတွင်း ဆွဲတင်နိုင်ကြလိမ့်မယ် ဆိုတာကို အားတက်သရော ဆွေးနွေးချမှတ် ခဲ့ကြပါတယ်။ ဆွေးနွေးမှုတွေကိုလည်း ဗီဒီယို မှတ်တမ်း တွေ တင်ခဲ့ကြတယ်။ ဒါပေမဲ့ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းပြောခဲ့တဲ့ ပညာရေး ဌာနက သက်ဆိုင်ရာပုဂ္ဂိုလ်က အပိတ်မိန့်ခွန်းကို ပြောကြားတဲ့အခါ “ခင်ဗျားတို့ ဒီရက်တွေအတွင်း ဆွေးနွေးခဲ့တဲ့ စီမံကိန်းကြီးကို လေထဲ လွှင့်ပစ်လိုက်ပါ ကျနော်တို့မှာ လုပ်ကိုင်နိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ထောက်ပံ့ပေးမဲ့ ငွေကြေးလဲမရှိဘူး” လို့ တိုတိုတုတ်တုတ်ပဲ ပြောပြီး ဆင်းသွားခဲ့တယ်။ ရက်တော်တော်ကြာ အားတက်သရော မိမိတို့ တိုင်းပြည်ပညာရေး တိုးတက်လာဖို့ အပင်ပန်းခံ ဆွေးနွေးခဲ့ကြတဲ့ ဆရာဆရာမကြီးတွေ အားလုံး အံ့သြသင့် ရှော့တွေရပြီး ပြန်လာခဲ့ရတဲ့ သတင်းကို ကြားခဲ့ရဖူးတယ်။ အစိုးရလုပ်တဲ့ ရည်ရွယ်ချက်က တကယ့် စေတနာနဲ့ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပညာရေးတိုးတက်အောင် ဆွေးနွေး ပွဲကြီး လုပ်နေပါပြီဆိုတဲ့ အမြင်ကို အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာကို ပြချင် တာပဲလို့ ပညာရေးဌာနနဲ့ ဆက်နွယ်နေသူ တယောက်က ပြောတယ်။
 
ဒေါ်စုအစိုးရ လက်ထက်မှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဒုတိယတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားတွေကို အုပ်စုဖွဲ့စစ်ဆေး နည်းလမ်းသစ်နဲ့ စာမေးပွဲကို စတင်စစ်ဆေးမယ်လို့ အခြေခံပညာ ဦးစီးဌာနက ဇွန်လ ၂၂ ရက်နေ့မှာ ညွှန်ကြားခဲ့ပေမဲ့ ဆရာတွေကို သင်တန်းပေးတာ မရှိသေးတဲ့အတွက် အရင်စနစ်အတိုင်း အခန်းဆုံး စစ်ဆေးမှု CET (Chapter End Test) ကိုပဲ ပြောင်းလဲ ကျင့်သုံးတော့ မယ်လို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှာ တစ်ခါ ပြောင်းလဲထုတ်ပြန် ခဲ့ပြန်တယ်။
 
မထသကနေ YBS ပြောင်းလိုက်တဲ့အခါ ဘာအစီအစဉ်မှ ဘာစနစ်တကျ ပြင်ဆင်မှုမှ မရှိခဲ့ဘဲ လုပ်ခဲ့ကြတဲ့အတွက် ပြည်သူတွေ အထိနာခဲ့ကြရ တယ်။ ပြည်သူလူထုကြီးက ပြောင်းလဲတာကို အားတက်သရော လိုက်ပါဆောင်ရွက် ပံ့ပိုးပေးကြပေမဲ့ အုပ်ချုပ်သူတွေဖက်က ပေါ့ပေါ့ဆဆ ဂမူးရှူးထိုးလုပ်တာကြောင့် ကမောက်ကမ ဖြစ်ခဲ့ကြရတယ်။ ဒီပြသ၁နာကို ခါးစီးခံခဲ့ကြရသူတွေကတော့ ရန်ကုန်မြို့သူမြို့သားတွေပါပဲ။ ပညာရေးဝန်ကြီးဌာနက ချမှတ်တဲ့ ပညာရေးမူဝါဒ သက်ရောက်မှုကတော့ ရန်ကုန်မြို့တင်မကဘဲ တနိုင်ငံလုံးမှာရှိတဲ့ ကလေးသူငယ်များအပေါ် သက်ရောက်မှာ ဖြစ်တဲ့အတွက် ပိုမိုအရေးကြီးသလို တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးကိုလည်း တိုက်ရိုက်သက်ဆိုင်မှု ရှိနေပါတယ်။
 
ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခန်းဆုံးစစ်ဆေးမှု (Chapter End Test) ကို ဇူလိုင်နဲ့ ဒီဇင်ဘာ လတို့မှာ တကြိမ်စီ ကျင်းပဖို့ ညွှန်ကြားခဲ့တယ်လို့ ခရိုင်ပညာရေးမှူးများနဲ့ မြို့နယ်ပညာရေးမှူးများက ဆိုပါတယ်။
 
ဂျပန်နိုင်ငံက ဂျပန်လူမျိုးတွေဟာ အင်္ဂလိပ်စာကို သင်ကြရပေမယ့် အထူးမကြိုးစားကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဂျပန်ဘာသာနဲ့ ကမ္ဘာ့ဘာသာစကား ပေါင်းစုံက ထုတ်တဲ့ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အကုန်ရှိတယ်။ သူတို့ဘာသာတတ်ရင် ဘာမဆို လေ့လာနိုင် တယ်။ ဘာသာပြန်သူတွေကလည်း အပြည့်အစုံ အလုံအလောက် ရှိတယ်။ သိပ္ပံနဲ့ပတ်သက်တာ ဖတ်မလား၊ ဝိဇ္ဇာနဲ့ပတ်သက်တာ ဖတ်မလား အကုန်ဘာသာပြန် ထားတာ ရှိတယ်။ ဒါကြောင့် ဂျပန်တွေက အင်္ဂလိပ်စာ မတတ်ရင်လည်း ဘာပြသ၁နာမှ မရှိဘူး။ စာရေးသူတို့ မြန်မာနိုင်ငံ မှာတော့ သိပ္ပံနဲ့ ပတ်သက်တာလည်း ဟိုချောက်ချောက် ဒီချောက်ချောက်၊ ဝိဇ္ဇာနဲ့ ပတ်သက်တာလည်း ထိုနည်းလည်းကောင်းပဲ။ ဘာမှ လုံလုံ လောက်လာက် မြန်မာလို ပြန်ထားတာ မရှိဘူး။ သိချင်တတ်ချင်ရင် လေ့လာဖို့က အင်္ဂလိပ်စာပဲ ရှိတယ်။ ဒီအင်္ဂလိပ်စာကလည်း မကျွမ်းကျင်၊ သင်ပေးတဲ့ ဆရာတွေ ကိုယ်တိုင်က မတတ်တတတ် သင်နေကြရတဲ့ အခြေအနေ ဆိုတော့ မခက်ဘူးလား။
 
ပညာရေးနိမ့်ကျခြင်းတခုက ဘီအီဒီ (BEd) ဆရာအတတ်သင် သိပ္ပံကျောင်းဟာ အရင်က ၅ နှစ် သင်ကြားပေးပြီး ၅ နှစ်သင်ကြာ တတ်မြောက်လာတဲ့ ဆရာတွေဟာ ကျောင်းတွေမှာ အလုပ်ဝင်ကြတဲ့အခါ ကလေးတွေကို ကောင်းစွာ သင်ကြားနိုင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံခဲ့တယ်။ နအဖ/နဝတ စစ်အစိုးရလက်ထက်မှာ ဘီအီးဒီကို ၅ နှစ်အစား ၁ နှစ်ပဲသင်စေပြီင်္း တနှစ်ပြည့်တာနဲ့ ကျောင်းဆင်းပြီး ကျောင်းတွေမှာ ပညာသင်ကြားရတဲ့အခါ သင်ကြားမှု မပြည့်ဝဘဲ ဆရာ ဖြစ်လာကြ တာကြောင့် ပညာရေး နိမ့်ကျလာတာလည်း ပါဝင်တယ်။ နောက်ပိုင်း ဘီအီးဒီကို ၂ နှစ် ပြောင်းလိုက်ပေမယ့် အဲဒီ ၂ နှစ်မှာ သင်ကြားချိန်က တနှစ်မှာ နွေရာသီ၂ လလောက်ပဲ ဖြစ်လို့ မတတ်ပါဘူး။ ကျောင်းဆင်း ဆရာတယောက်ဟာ Horizontal line ဆိုတာကိုတောင် ပီအောင် မပြောနိုင်ဘူးလို့ ပြောပါတယ်။
 
အရင်က ဗုဒ္ဓဘာသာဝင် မြန်မာအများစု ခံယူထားတဲ့ အာစရိယဂုဏော အနန္တောဆိုတဲ့ ဆရာသမားတွေကို အနန္တော အနန္တ ငါးပါးထဲမှာ ထည့် သွင်းထားပြီး ဆရာသမားဆိုတာ မိမိတပည့်တွေ ပညာ တတ်မြောက်ရေး အကျင့်စာရိတ္တ ကောင်းမွန်ရေးတို့ကို လုပ်ဆောင်ကြတဲ့ သူတွေမို့လို့ ရိုသေလေးစား ကြပါတယ်။ ဒီလိုဆရာမျိုးတွေ စစ်အစိုးရ လက်ထက်မှာ ရှားပါးလာပြီး စေတနာဆရာတွေထက် အသပြာဆရာတွေက များလာပြီး ကျောင်းပြင်ပ ကျူရှင်ကိုသာ ဇောင်းပေးသင်ကြတဲ့ ဆရာတွေ ဖြစ်လာခဲ့ တာကြောင့် ဆရာတွေကအစ အကျင့်စာရိတ္တ ချို့ယွင်းလာတယ်လို့ ဆိုရမှာပါ။ ရခိုင်ပြည်နယ်မှာ ကျောင်းမလာဘဲ ကျောင်းလခ ထုတ်ယူနေတဲ့ ဆရာတွေ ဆယ်စုနှစ်အထိ ရှိနေကြောင်း ရှောင်တခင် စစ်ဆေးမှုအရ သိရတယ်လို့ ဆိုပါတယ်။ တချို့ဆရာတွေဆိုရင် ၁၄ နှစ်တိုင်တိုင် အလုပ်ဝင်ရောက်မှု မရှိဘဲ လစာထုတ်ယူနေတယ်ဆိုတာ ထိတ်လန့်စွာ သိရှိခဲ့ရပါတယ်။
 
တချို့ကလေးတွေမှာ သူ့ပင်ကိုယ် အရည်အချင်း ဘယ်လောက် ရှိတယ်ဆိုတာကို စာမေးပွဲတခုထဲနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ကျောင်းသားအများစုရဲ့ တတ်သိနားလည်မှုဟာ သူတို့ကိုသင်ကြားပေးတဲ့ ဆရာတွေရဲ့ ဘာသာရပ် အပေါ် ကျွမ်းကျင်မှု၊ ကျောင်းသားတွေအပေါ် စေတနာထားမှု၊ အာစရိယဂုဏ်နဲ့ ပြည့်စုံမှု အပေါ် မူတည်သလို ကျောင်းသားတွေရဲ့ ဉာဏ်ရည်ထက်မြက်မှု၊ ဘာသာရပ်အပေါ် စိတ်ဝင်စားမှု၊ ကြိုးစားအားထုတ်မှုတို့ အပေါ်မှာလည်း မူတည်နေပြီး သင်ကြားတဲ့ ဘာသာရပ်တွေမှာ ထူးချွန်ထက်မြက်သူတွေ ဖြစ်လာကြပါ တယ်။ ဘယ်သူတွေက ဘယ်လောက် ထူးချွန်တယ် သင်ကြားထား တာတွေကို ဘယ်လောက် နားလည်တယ်ဆိုတာ စာမေးပွဲတွေနဲ့ ဆုံးဖြတ်ကြပါတယ်။ စာမေးပွဲမှာ အမှတ်ကောင်းရရင် ဒီကလေးဟာ သူဖြေတဲ့ ဘာသာရပ်အပေါ် နားလည် တတ်ကျွမ်းတယ်လို့ ယေဘုယျ အားဖြင့် ပြောနိုင်ပါတယ်။ ခေတ်အဆက်ဆက် ကလေးတွေရဲ့ ပညာ အရည်အချင်းကို ဘာနဲ့ တိုင်းတာသလဲဆိုတော့ စာမေးပွဲတွေနဲ့ တိုင်းတာ ပါတယ်။ စာမေးပွဲစစ်တဲ့စနစ်ဟာ ကျောင်းသား အားလုံးအတွက် သူတို့အရည်အချင်း ဘယ်လောက် ရှိတယ်ဆိုတာကို လုံးဝအကဲဖြတ်လို့ ရတယ်လို့ မဆိုနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ နီးစပ်စွာ အကဲဖြတ်နိုင်တယ်လို့ ဆိုရမှာပါ။
 
ဒါကြောင့် ကျောင်းသားတွေ တကယ်တတ် မတတ်ဆိုတာမှာ -
 
၁။ သင်ကြားသူဆရာရဲ့ အရည်အချင်းပြည့်ဝ ကျွမ်းကျင်မှု၊ မိမိသင်ကြား ပေးနေတဲ့ တပည့်တွေအပေါ် ကျောသားရင်သား မခွဲခြားဘဲ စေတနာ ထားသင်ကြားပေးမှု။
 
၂။ ကျောင်းသားရဲ့ မိမိသင်ကြားတဲ့ ဘာသာရပ်အပေါ် စိတ်ပါဝင်စားမှု၊ ကြိုးစားအားထုတ်မှု ။
 
၃။ အစိုးရရဲ့ မှန်ကန်တဲ့ ပညာရေးပေါ်လစီ ချမှတ်နိုင်ရေးတို့ဟာ အဓိက ဗဟိုချက် ဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။
 
အစိုးရက ပညာရေးပေါ်လစီကို လက်တွေ့ကွင်းထဲမှာ သင်ကြားနေ သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ၊ နောက် နိုင်ငံခြား တိုင်းပြည်တွေက မိမိတိုင်းပြည် စရိုက်နဲ့ ကိုက်ညီမယ့် ပုံစံတွေကို အသေးစိတ်လေ့လာပြီး လက်ရှိ အနေအထားအပေါ် မူတည်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
 
ဉာဏ်ဘယ်လောက် ကောင်းကောင်း စာမကြိုးစားရင် စာမေးပွဲမှာ ဖြေနိုင်မှာ မဟုတ်တာတော့ ကျိန်းသေပါတယ်။ ဉာဏ် သိပ်မကောင်း ပေမယ့် စာမှန်မှန် ကျက်တဲ့ကလေးဟာ စာကို ကောင်းစွာလိုက်နိုင် တဲ့အပြင် အတန်းတင် စာမေးပွဲတွေမှာလည်း မှန်မှန်အောင်ပါတယ်။ ဉာဏ်ကောင်းပေမယ့် စာမကျက်တဲ့ ကလေးနဲ့ အိမ်စာတွေကို မှန်မှန် မလုပ်တဲ့ ကလေးတွေကတော့ စာလိုက်နိုင်ဖို့ စာမေးပွဲတွေမှာ အမှတ် ကောင်းရနိုင်ဖို့ မဖြစ်နိုင်ပါဘူး။
 
ဉာဏ်လည်း ကောင်းတယ်၊ သင်ကြားလိုစိတ်လည်း ရှိတယ်။ ဒါပေမဲ့ သင်ကြားပေးတဲ့ ဆရာကိုယ်တိုင်က အရည်အသွေး မရှိဘူး၊ ရှိပြန်ရင် လည်း ကျောင်းမှာထက် သူ့အပြင်က ကျူရှင်မှာပဲ သူတတ်တာကို သင်ပေးတဲ့ ဆရာမျိုးဆိုရင်လည်း ကျူရှင်မတက်နိုင်တဲ့ ကလေးတွေ အတွက် တတ်မြောက်နိုင်ဖို့ အခွင့်အလမ်း နည်းတယ်။
 
ရှင်းရှင်းပြောရရင် စာမေးပွဲစနစ်ကသာ ကျောင်းသား အများစုကြီးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ဘာသာရပ်များ အပေါ် ဘယ်လောက် နားလည် တတ်ကျွမ်းတယ် ဆိုတာကို ယေဘုယျ ဆန်းစစ်နိုင်တဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးကို မလုပ်တော့ဘူး၊ ရပ်ဆိုင်းပစ် လိုက်တော့မယ် ဆိုရင် အနာဂတ် မြန်မာ့ပညာရေးဟာ အလွန်ကို ရင်လေးစရာ ကောင်းပြီး နိမ့်ကျသွားတော့မှာ ကျိန်းသေနေပါတယ်။ အဓိက စာမေးပွဲစစ်တဲ့စနစ်က ပြသ၁နာ ဖြစ်နေတာ မဟုတ်ဘဲ တတ်အောင် သင်မပေးနိုင်တဲ့စနစ်ကသာ ပြသ၁နာ ရှိနေတာပါ။ သင်ကြားမှုစနစ် မှန်ကန်မယ်၊ သင်ကြားတဲ့ ဆရာတွေက အရည်အချင်း ပြည့်ဝမယ်ဆိုရင် ကျောင်းသားတွေ စာတတ်မယ် နားလည်မယ်၊ စာမေးပွဲ စစ်တာကို ကြောက်စရာလို့ မမြင်တော့ဘူး။
 
ကျောင်းသားတွေမှာ လက်တွေ့ဒုက္ခရောက်နေတာက သင်ကြားသူ ဆရာတွေက အရည်အချင်း မပြည့်မီတာ၊ သင်ထောက်ကူ ပစ္စည်းတွေ မပြည့်စုံတာ၊ အထူးသဖြင့် အချိန်ကုန်လူပန်းပြီး ဝေးလံခေါင်သီတဲ့ နေရာမှာ ဖွင့်ထားတဲ့ ကောလိပ်ကျောင်းတွေကို သွားကျောင်းတက်ရတဲ့ ဒုက္ခ၊ အဆိုးဆုံးက မဆလ ၊ နအဖ ၊ နဝတ လက်ထက်ကတည်းက ခေါက်ရိုးကျိုးနေတဲ့ အထက်ပိုင်း ပညာရေး ဝန်ထမ်းအရာရှိကြီးတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုထက် အထက်က ကျေနပ်နေအောင် ဘယ်လို သနပ်ခါး လိမ်းပေးရမလဲ မေးလိုက်ရင် အားလုံးကောင်းပါသည် ခင်ဗျား ဆိုတဲ့ ဟန်ဆောင် လိမ်ညာမှုတွေကို အစိုးရသစ်လက်ထက်အထိ ကျင့်သုံးနေတုန်းပါပဲ။ မူဝါဒတွေ ချမှတ်နေတဲ့ ပညာရေးဌာနက လူကြီးတွေဟာ စာမေးပွဲ အကျအရှုံးများရင် သူတို့ခေါင်းပေါ်ကို ကျလာမှာကို ကြောက်ပြီး တတ်တတ်၊ မတတ်တတ် အအောင်ပေးပြီး ဖာထေးနေတာကြောင့် ဘာတွေဖြစ်လာသလဲ ဆိုတော့ ကျောင်းသား တွေက မတတ်လည်းအောင်၊ တတ်လည်း အောင်၊ မကြိုးစားလည်း အောင်၊ ကြိုးစားလည်း အောင် ဆိုတော့ ပေါ့လာတယ်။ ပညာကို တန်ဖိုးမထားတော့ဘူး။ ဒီလိုနဲ့ ၉ တန်း၊ ၁၀ တန်း ယောင်ချာချာနဲ့ ရောက်လာပြီးတဲ့နောက် တဖုန်းဖုန်းကျပြီး ကျောင်းက ထွက်သွားကြရော။ တက္ကသိုလ် ရောက်လာရင်လည်း မလိုက်နိုင်လို့ ဆေးကျောင်းသားဘဝက တခြားဘာသာရပ် ပြောင်းတဲ့သူက ပြောင်း၊ ထွက်တဲ့ သူကထွက်နဲ့ ဖြစ်ကုန်ရော ဒီလိုဖြစ်လာအောင် ပညာရေးဌာနက တာဝန်ရှိသူတွေက လုပ်ပေးနေသလို ဖြစ်နေတယ်။
 
ဒီနေ့ သူငယ်တန်းနဲ့ ပထမတန်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်း သားတွေကို စာမေးပွဲစစ်ဆေးရင် ဆရာ၊ ဆရာမနဲ့ ကျောင်းအုပ်ကြီးများကို အရေးယူမယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ သင်ရိုးအသစ်နဲ့ သင်နေတဲ့အတွက် သူငယ်တန်းနဲ့ ပထမတန်းတွေမှာ ကျောင်းသားတွေရဲ့ တတ်မြောက်မှုကို စာမေးပွဲ စစ်ဆေးရန် မလိုအပ်ကြောင်း၊ ‘‘စနစ်သစ်သင်ရိုးကို အကောင်အထည် ဖော်နေတာ ဖြစ်လို့ သူငယ်တန်းနဲ့ ပထမတန်းက စာမေးပွဲစစ်ဖို့ မလိုပါဘူး’’ လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ဒုတိယ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ဆွေဆွေလဲ့က ပြောတယ်လို့ ဆိုပါတယ်။
 
‘‘အခု သင်ရိုးသစ်မှာက ကလေးကိုယ်တိုင် လက်တွေ့လုပ်တာကို ဦးစားပေးထားတယ်။ တကယ်တတ်ဖို့ကို ဦးတည်တာပါ။ အလွတ် ကျက်မှတ်ပြီး ဖြေတာကို ဦးမတည်ပါဘူး။ သင်ရိုးတစ်ခု ပြောင်းလဲ တယ်ဆိုရင် သင်ရိုးမှာပါတဲ့ အကြောင်းအရာတင် ပြောင်းလဲတာ မဟုတ်ဘူး။ ချဉ်းကပ်နည်းလည်း ပြောင်းလဲတယ်။ သင်နည်းလည်း ပြောင်းလဲတယ်။ စစ်ဆေးခြင်းလည်း ပြောင်းလဲတယ်’’ လို့ မူလတန်း သိပ္ပံသင်ရိုး ရေးဆွဲရေးအဖွဲ့မှ ဒေါက်တာကေသီမော်က ပြောတယ်လို့ သတင်းမှာ ပါပါတယ်။
 
သင်ရိုးသစ်အရ သီးခြား စာမေးပွဲထပ်မံကျင်းပရန် မလိုဘဲ သင်ကြားနေ စဉ် စာသင်ခန်းအတွင်း အမေး၊ အဖြေလုပ်ကာ စစ်ဆေးမှုမျိုးဖြင့် တတ်မြောက်မှုကို တိုင်းတာခြင်းဟာ လုံလောက်တယ်လို့ ပညာရေး ဌာနက ဆိုထားပါတယ်။
 
ဒါပေမဲ့ သူတို့ပြောဆို လုပ်ကိုင်နေတာတွေကို ခြေပပြောချင်တာက လက်ရှိသင်ရိုးအသစ်ဟာ တကယ်တတ်ဖို့ ဦးတည် လုပ်ထားတာမှန်ရင် ကလေးတွေ တကယ်တတ်မတတ်ကို ဘယ်လိုတိုင်းတာမလဲ။ အလွတ်ကျက်စရာ မလိုဘဲ တတ်သိနားလည် နေတယ်ဆိုရင် စာမေးပွဲစစ်ဆေးခြင်းနဲ့ သက်သေပြခွင့် ရှိရပါမယ်။ ဒီလိုမဟုတ်ဘဲ ကျွန်မတို့၊ ကျွန်တော်တို့က အလွတ်ကျက်စရာမလိုဘဲ တကယ်တတ်အောင် သင်ထားပါတယ် ဆိုတာကို ဘယ်လိုတိုင်းတာ ကြမှာလဲ။ အဓိက စာသင်တာ နားလည်တတ်ကျွမ်းဖို့ပဲ မဟုတ်ပါလား။ မိမိတို့ သင်ကြားသမျှ ကလေးတွေက တတ်မြောက်နေပါတယ်၊ သင်သမျှကို နားလည်နေပါတယ် ဆိုရင် ဘာလို့စာမေးပွဲစစ်ပြီင်္း တကယ် နားလည်မလည် တကယ် တတ်၊မတတ်ကို မှတ်ကျောက် အတင်မခံရဲတာလဲလို့ မေးရမှာပါ။
 
စာရေးသူအနေနဲ့ ဘယ် ပညာရေးဦးစီးက အထက်အရာရှိတွေနဲ့ ရန်စမရှိပါဘူး။ သိလည်းမသိပါဘူး။ ဒါပေမဲ့ စာမေးပွဲဆိုတာ မပယ်ဖျက်သင့်တဲ့ ကျောင်းသားတွေရဲ့ အရည်အသွေးကို စမ်းသပ် မှတ်ကျောက်တင်တဲ့ စနစ်တခုဖြစ်ပြီး နိုင်ငံတကာမှာ အများဆုံး ကျင့်သုံးနေတဲ့ စနစ်တခုဖြစ်ပါတယ်။ သူငယ်တန်းနဲ့ ပထမတန်းတွင် စာမေးပွဲ မစစ်တာတကယ်တော့ အဓိက ပြသ၁နာ မဟုတ်ပေမယ့် ဆက်တိုက် အတန်းကြီးတွေအထိ အကျင့်ပါသွားတာ မျိုးကို မမြင်ချင်လို့ပါ။
 
ပြောရရင် မြန်မာပြည်က တက္ကသိုလ်ဘွဲ့ရတွေဟာ ပညာရည် နိမ့်ကျလာတယ် ဆိုတာပါဘဲ။ ဘွဲ့ရတွေ ပညာရေး နိမ့်ကျလာတာ အလယ်တန်း၊ အထက်တန်းတွေကစပြီး အောက်သက်မကြေခဲ့ ကြလို့ပါ။ လက်ရှိ အထက်တန်း ကျောင်းဆရာ တယောက်ရဲ့ ရင်ဖွင့်သံကို နားထောင်ပြီး ဒီဆောင်းပါးကိုရေးဖို့ ဆုံးဖြတ် လိုက်တာပဲ ဖြစ်ပါတယ်။ စာရေးသူတွေ့ခဲ့တဲ့ အထက်တန်းပြ ဆရာလေးက ဘယ်လိုရင်ဖွင့်သလဲ ဆိုတော့-
 
“ဒီနှစ် ၈ တန်းကို အစိုးရစစ် နိုင်ငံတော်အဆင့်နဲ့ စာမေးပွဲစစ်လိုက်တယ်။ မြို့နယ် ပညာရေးမှူးကကျတဲ့ အဖြေလွှာတွေကို လက်ရေးနဲ့ ပြင်ပြီး အကျမရှိအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အအောင်ပေးရမယ်တဲ့ အဲဒီလောက် အောင်စေချင်နေရင်လည်း အစိုးရစစ် လုပ်မနေနဲ့တော့ ကျောင်းတွေကို အကြောင်းကြားပြီး အားလုံး အအောင်ပေးလိုက်ဆို ပြီးတာပဲ။ ဒီလိုမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အအောင်ပေးဆိုတာက မသမာတဲ့နည်းလို့ ခံစားရတယ်ဗျ။ သူတို့ ပေါ်လစီအရတော့ မဟုတ်ဘူး၊ ကိုယ်နည်းကိုယ်ဟန်နဲ့ ဆရာတွေကို လုပ်ခိုင်းတာ။ ဟိုးအဆင့်ဆင့်က ညွှန်ကြားတာဆိုပြီး ၈ တန်းနဲ့ ၄တန်းကို အအောင် ပေးခိုင်းတယ်။ နောက်ကျောင်းစစ် ၉ တန်းကိုလည်း အဲဒီလိုလုပ်ခိုင်းတယ်။ အားလုံး အတန်းတင် အအောင်ပေးလိုက် ဆိုပြီး မူဝါဒချ အမိန့်ထုတ်ပေါ့။ ဒါလည်း မဟုတ်ဘူး၊ အဆင့်ဆင့် Instruction (ညွှန်ကြားချက်) တွေ ရောက်လာပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အအောင် ပေးရမယ်တဲ့။ ဒီလူက အခြေခံပညာမှာ ကြီးတဲ့လူဖြစ်တော့ သူအမိန့်ပေးရင် ဆရာတွေက လိုက်လုပ်ရတယ်။ ကျွန်တော်တို့က ၉၅ ရာခိုင်နှုန်း ဘာသာစုံပေါင်းရင် ရအောင်လုပ်ပြီး အအောင်ပေးရတယ်။ ဆရာ ဆရာမတွေ မြို့နယ်ပညာရေးမှူးတွေက အစ “ကျ” နေတာကိုပြင်ပြီး “အအောင်ပေးရမယ်” ဆိုတာကို မလုပ်ချင်ကြ ဘူး။ ဆရာ၊ ဆရာမတွေက ညွှန်ကြားချက်အတိုင်း လုပ်ပေးရလို့ စိတ်နာကြ တယ်။ ငါတို့တင်တဲ့ အစိုးရလက်ထက်မှ ဒီလိုခိုင်းတယ်ပေါ့” ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ လက်ထက်နဲ့ ပတ်သက်လို့သူက -
 
“ဦးသန်းရွှေတုန်းက သူက အောင်ချက်မြင့်ရင် ပညာရေးတက်တယ်၊ အောင်ချက်နိမ့်ရင် ပညာရေးကျတယ်။ ဒီလိုတွေးတယ်။ ကျောင်းသားတွေ စာကို လိုက်နိုင်လို့ အောင်ချက်ကောင်းကောင်းနဲ့ အောင်တယ် ဆိုတာကို ကမ္ဘာကို ပြချင်တယ်။ ဒါကြောင့် အောင်ချက်မြင့်အောင် ကျောင်းအုပ်ကြီး တွေက လိုက်လုပ်ရတယ်။ အောင်ချက်နည်းရင် ကျောင်းပြောင်းရမယ်၊ အလုပ်ပြုတ်မယ်ပေါ့။ အဲဒီခေတ်ကလည်း အတော်ဆိုးပါတယ်။
 
ဦးသိန်းစိန် လက်ထက်ကျတော့ on paper ဖြစ်လာတယ်။ သူတို့ကျတော့ မူချပေးတယ်။ ၂ ဘာသာကို ၁၅ မှတ်ဆိုရင် အအောင် ပေးရတယ်။ moderation ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ရတယ်။ မူ ၃ ခုတို့ ဘာတို့ ချပေးတယ်။ မူဘောင်ထဲ ဝင်ရင် အအောင်ပေးရတယ်။ အခု ကျွန်တော်တို့ တင်တဲ့ အစိုးရ လက်ထက်ကျမှ မသမာတဲ့နည်းနဲ့ အအောင် ပေးခိုင်း တယ်။ အဲဒီတာဝန်ရှိပုဂ္ဂိုလ်က ဘယ်လို ဆင်ခြေပေးသလဲဆိုတော့ “ဆင်းရဲတဲ့ ကလေးတွေ များနေတော့ မိဘတွေကို ဝန်ပိမှာစိုးလို့ အအောင် ပေး တာပါ” လို့ ပြောတယ်။ “ကျောင်းသားတွေကို စာမေးပွဲချချင်လို့ ပြောနေတာ မဟုတ်ဘူး၊ မတတ်ဘဲနဲ့ အောင်သွားရင် ရှေ့ဆက် ဒုက္ခရောက်ဖို့ပဲ ရှိလို့ပါ။ ဒီအစိုးရ လက်ထက်ကျမှ မသမာမှုတွေကို ကိုယ် တိုင်ကျူးလွန် အားပေးရမယ် ဖြစ်လာတော့ ပညာရေးမှာ မလုပ်ချင်တော့ ဘူး စိတ်လည်း မပါတော့ဘူး။ ကျွန်တော် ကျူရှင်မပေးခဲ့ဘူး၊ ခံယူချက်နဲ့ လုပ်ခဲ့တာ မေးခွန်းတွေ မအောက်ခဲ့ဘူး။ တတ်ပါစေဆိုပြီး သင်ခဲ့တယ်” လို့ ရင်ဖွင့်ခဲ့ပါတယ်။
 
နိဂုံးအားဖြင့် ပညာရေး ပြန်လည်ဦးမော့လာအောင် -
 
၁။ ဘီအီးဒီ ဆရာအတတ်သင်သိပ္ပံ ကော်လိပ်ကို အရင်ကလို ၅ နှစ် သင်ကြားစေရမယ်။
 
၂။ လက်ရှိကျောင်းတွေက အရည်အချင်း မပြည့်မီတဲ့ ဆရာတွေ ကိုနွေရာသီ မွန်းမံသင်တန်းတွေ ပေးရပါ့မယ်။ ဒီသင်တန်းတွေကို အတွေ့အကြုံရှိတဲ့ ဆရာတွေက ကြီးကြပ်ပြီး ဆရာတွေရဲ့သင်ကြားမှုကို စစ်ဆေး အမှတ်ပေးရပါ့မယ်။
 
၃။ ဒီလို တကယ်တတ်ကျွမ်းတဲ့ ဆရာတွေ မွေးထုတ်တဲ့နေရာမှာ အချိန်က အနည်းဆုံး ပထမအသုတ် ထွက်လာဖို့ ၅ နှစ်လောက် ယူရဦးမှာ ဖြစ်တယ်။ အဲဒီကြားကာလမှာ ပညာသင်ကြားနေတဲ့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကလေးတွေ အတွက် ပညာရေး လစ်ဟမသွားအောင် ပညာရေး စီမံကိန်းတခု လိုအပ်ပါတယ်။ အဲဒီစီမံကိန်းကတော့ တကယ့်ဝါရင့် အသင်အပြကောင်းတဲ့ ဆရာကြီးတွေကို ဖိတ်ခေါ်ပြီး ဘာသာရပ် တခုချင်းစီအတွက် သင်ရိုးအစအဆုံးကို အပိုင်းလိုက် သင်ကြားပေးတာကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခြင်းပဲ ဖြစ်ပါတယ်။ ဒီဗီဒီယို မှတ်တမ်းကို ဘာသာရပ်အလိုက် တီဗီကနေ ထုတ်လွှင့်ပေးခြင်းနဲ့ ရုပ်မြင်သံကြား မကြည့်နိုင်တဲ့ ပြည်နယ်တိုင်းတွေမှာ ပရိုဂျက်တာတလုံး၊ ကွန်ပျူတာ တလုံးစီအတွဲလိုက် ပြသပေးတဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းက နယ်က ဆရာကောင်း မရှိတဲ့ ကျောင်းသားတွေအနေနဲ့ တတ်ကျွမ်းတဲ့ ဆရာကြီး တွေရဲ့သင်ပြမှုကို ပိတ်ကားပြင်ပေါ်မှာ လေ့လာသင်ကြားနိုင်မှာ ဖြစ်သလို အရည်အချင်း မပြည့်မီတဲ့ ဆရာတွေကလည်း သူတို့ကိုယ်တိုင် ကြည့်ရှု လေ့လာခြင်းဖြင့် အရည်အသွေးတွေ ရှိနိုင်မှာ ဖြစ်ပါတယ်။ ကျူရှင် ဇောင်းပေးနေတဲ့ ပညာရေးပရောဂကိုလည်း ကာကွယ်နိုင်ပါလိမ့်မယ်။ ဒီအလုပ်ကို ပညာရေးဌာနက နိုင်ငံခြားက အထောက်အပံ့ရတဲ့ငွေနဲ့ လုပ်ရင် ၃ လအတွင်း အကောင်အထည် ဖော်နိုင်ပါတယ်။ လုံလောက်တဲ့ ဘတ်ဂျက်ရှိရင် အစိုးရအကူအညီနဲ့ စေတနာဆရာတွေစုပြီး ဒီပရောဂျက် ကို စာရေးသူ လုပ်ပေးနိုင်ပါတယ်။
 
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.