ရန်သူလား၊ သားကောင်လား || ဖြိုးဝေ(မဟာဝိဇ္ဇာ) ||

“မူးယစ်ဆေးစွဲတယ်ဆိုတာ ကုသနိုင်တဲ့ ဦးနှောက်ရောဂါ တစ်ခုပါ”
-Nora D.Volkow,M.D.
Director
National Institute on Drug Abuse
အထက်ပါစကားဟာ မူးယစ်ဆေးစွဲမှုနဲ့ ပတ်သက်ပြီး အစဉ်အလာ အယူအဆတွေ လက်ခံထားတဲ့ လူ့အဖွဲ့အစည်း တစ်ခုက လူအများစု အတွက် နားစိမ်းနေနိုင်သလို အချို့အတွက် ဘာတွေပြောနေသလဲဆိုပြီး မေးစရာ၊ လှောင်ပြောင် ရယ်မောစရာ၊ မေးငေါ့စရာအထိပါ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုကနေ မူးယစ်ဆေးစွဲမှုအထိ မူးယစ်ဆေးဝါး ပြသ၁နာဟာ လူ့အဖွဲ့အစည်းတွေ အတွက် နှစ်ပေါင်းများစွာ တိုက်နေခဲ့ရပေမယ့် ယခုအချိန်ထိ မအောင်နိုင်သေးတဲ့ စစ်ပွဲတစ်ခုပမာ ဖြစ်နေခဲ့တာကြာပါပြီ။
 
မူးယစ်ဆေးဝါးကြောင့် မူးယစ်ဆေးစွဲမှုကနေ ရာဇဝတ်မှုတွေအထိ ဦးတည်သွားတတ်သလို မူးယစ်ဆေးစွဲမှုကြောင့် နိုင်ငံအတွက် အရေးပါတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ထိခိုက်ဆုံးရှုံးပြီး ကုန်ထုတ်စွမ်းအားတွေ ကျဆင်းတာ၊ စိတ်မကျန်းမာတာ၊ ကူးစက်ရောဂါတွေ ဖြစ်တာ၊ သေဆုံး တာ၊ ထောင်လူဦးရေ တိုးပွားစေတာစတဲ့ မဆုံးနိုင်တော့တဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကို လူ့အဖွဲ့အစည်း တစ်ခုလုံးက အရွယ်မရွေး ဆက်နွှယ်ပြီး ခံရပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပိုင်ရှင်မဲ့ ဘိန်းအမျိုးမျိုးနဲ့ မူးယစ်ဆေး ဝါးတွေ တွေ့ရှိသိမ်းဆည်း ရရှိနေမှုတွေအပါအဝင် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အမှုအခင်းတွေ အရလည်း မူးယစ်ဆေးစွဲမှုတွေဟာ ဒေါ်လာ သန်းပေါင်းများစွာ အထိ ပြောင်းလဲသွားတတ်တာကို ပြနေတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိရှိ ထိထိရောက်ရောက် သုံးနိုင်တဲ့ ငွေပေါင်းများစွာဟာ မူးယစ်ဆေးစွဲမှု အတွက် အလဟသ၁ကုန်ကျနေတဲ့ အဓိပ္ပာယ် ဆောင်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံအများစုဟာ မူးယစ်ဆေးဝါး ပြသ၁နာကို စစ်ပွဲတစ်ခုပမာ ပြစ်မှုအဖြစ် ဥပဒေတွေနဲ့ ကိုင်တွယ်တိုက်ဖျက်နေပြီး ထောင်ထဲရောက်တဲ့သူ အများစုဟာ မူးယစ်ဆေးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်တဲ့ အမှုတွေကြောင့် ရောက်လာတာများပါတယ်။
 
*** အနာဂတ်လား၊ သားကောင်လား
 
ဒါပေမဲ့ အဲဒီစစ်ပွဲမှာ ထောင်ထဲရောက်တဲ့ သူတွေသာ များလာပေမယ့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ကုန်သွယ်မှုကို မလျှော့ ချနိုင်သေးပါဘူး။ အကြောင်းကတော့ သံတိုင်ရဲ့ နောက်ကွယ်မှာ ရောက် နေတဲ့ သူတွေဟာ မူးယစ်ဆေးဝါးကို အဓိကအများဆုံး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေတဲ့နေရာမှာ အဓိကတာဝန်ရှိသူတွေနဲ့ မူးယစ်ရာဇာတွေ မဟုတ်ဘဲ စီးပွားရေး၊ လူမှုရေး၊ ပညာရေး နိမ့်ကျပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ ငွေရလွယ်ဖို့ ဝင်လုပ်တဲ့ ကယ်ရီရာတွေ ပါသလို အများစုက မူးယစ်ဆေးစွဲပြီး သုံးစွဲမှု၊ ကိုယ်သုံးစွဲတဲ့ ဆေးရဖို့အတွက် ရောင်းပေးရမှုနဲ့ လက်ဝယ်တွေ့ရှိမှုကြောင့် ရောက်လာတဲ့ သားကောင် တွေ ဖြစ်နေလို့ပါပဲလို့ ပညာရှင်တွေက ဆိုပါတယ်။ သူတို့အဆိုအရ ထောင်ထဲ ရောက်နေသူ အများစုဟာ မူးယစ်ဆေးစွဲနေလို့ မူးယစ်ဆေးဝါး သုံးစွဲနေရတဲ့ မူးယစ်ဆေးဝါး သားကောင်တွေဖြစ်ပြီး အချို့ဆို နှစ်ဂရမ် ထက် မများတဲ့ ပမာဏ လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ထဲ ရောက်သွား တာပါ။ နောက်ပြီး ရောက်သွားတဲ့ သူတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် လို့ဆိုကြတဲ့ လူငယ်တွေ အများစုဖြစ်နေတဲ့ အတွက် တိုင်းပြည်ရဲ့ အနာဂတ်တွေ ထောင်ထဲရောက်နေသလို ဖြစ်နေပါတယ်။
 
ဒါကြောင့်လည်း “ဆေးစွဲတဲ့သူတွေကို ထောင်ထဲ ပို့လိုက်တာဟာ သူတို့ရဲ့ ပြသ၁နာတွေကို မဖြေရှင်းနိုင်ပါဘူး။ များသောအားဖြင့် ပိုပဲဆိုးဝါးသွားစေ ပါတယ်။ ပြသ၁နာက ထောင်သွင်း အကျဉ်းချတာဟာ ကုန်ကျစရိတ် များစေပြီး ထောင်က ပြန်ထွက်လည်း ဆေးပြန်သုံးလိုက် ထောင်ပြန်ကျ လိုက်နဲ့ အဆိုးကျော့သံသရာ လည်နေတာပါ” လို့ နာဗ်ကြောသိပ္ပံ (Neuroscience) နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းပေါင်း များစွာ ရေးသား ဟောပြော ရိုက်ကူးနေတဲ့ နာမည်ကျော် နာဗ်ကြောသိပ္ပံပညာရှင် David Eagleman က ဆိုတာဖြစ်ပါတယ်။ အဓိကကတော့ မူးယစ်စစ်ပွဲမှာ မူးယစ် ဆေးထုတ်လုပ် ရောင်းချနေသူတွေဟာ အန္တရာယ်ရှိတဲ့ ရန်သူ တွေဖြစ်ပေမယ့် မူးယစ်ဆေး စွဲနေသူတွေဟာ ရန်သူမဟုတ်ဘဲ သားကောင်တွေဆိုတာ သိပ္ပံပညာရှင်တွေ သိရှိ လာတာပဲ ဖြစ်ပါတယ်။ တကယ်တော့ မူးယစ်ဆေးစွဲတဲ့သူကို သားကောင်လို့ မမြင်တာ အခုမှ မဟုတ်ပါဘူး။ ၁၉၃၀ ပြည့်နှစ် ဝန်းကျင်လောက် ကတည်းက မူးယစ်ဆေး စွဲတဲ့ အမူအကျင့်ကို သိပ္ပံပညာရှင်တွေ စတင်လေ့လာချိန်မှာ လူတွေ မူးယစ်ဆေးစွဲတာဟာ ကိုယ်ကျင့်တရား ချို့ယွင်းမှုနဲ့ စိတ်စွမ်းအင် လျော့နည်းမှုကြောင့် ယူဆခဲ့ကြပါတယ်။ အဲဒီအမြင်တွေကြောင့်ပဲ လူ့အဖွဲ့အစည်းမှာ မူးယစ်ဆေး စွဲတဲ့သူတွေကို ကျန်းမာရေး ပြသ၁နာ လို့မမြင်ဘဲ ကိုယ်ကျင့်တရား ကျဆင်းမှုလို့ ရှုမြင်ပြီး ကြိုတင်ကာကွယ် တာတွေ၊ ကုသတာတွေထက် အပြစ်ပေး အရေးယူဖို့၊ ထောင်ထဲ ထည့် ထားဖို့ပဲ အလေးသာ ခဲ့ကြပါတယ်။
 
ဒါပေမဲ့ ယနေ့ခေတ်မှာတော့ သိပ္ပံပညာ၊ အထူးသဖြင့် အနောက်နိုင်ငံတွေ မှာ အထူးလေ့လာ လိုက်စားလာတဲ့ ပညာရပ်တစ်ခုဖြစ်တဲ့ လူတွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေနဲ့ အတွေးတွေကို ဦးနှောက်နဲ့ နာဗ်ကြော တွေရဲ့ လုပ်ဆောင်ချက်တွေက တစ်ဆင့် လေ့လာတဲ့ နာဗ်ကြောသိပ္ပံ (Neuroscience) အရ မူးယစ်ဆေးစွဲမှုအပေါ် အမြင်တွေကို လုံးဝပြောင်း လဲ လိုက်ပါတယ်။ နာဗ်ကြောသိပ္ပံအရ ဦးနှောက်ထဲက အကြောင်းကို ရှာဖွေတွေ့ရှိလာတဲ့ အခါမှာတော့ မူးယစ်ဆေး မသုံးမနေရ စွဲလမ်းမှုနဲ့ ပတ်သက်ပြီး အရင်ကတွေ့ရှိ သိရှိထားတာတွေကို လုံးလုံးလျားလျား ပြောင်းလဲလိုက်တဲ့ အတွက် မူးယစ်ဆေးစွဲတဲ့ ပြသ၁နာကို ထိထိရောက် ရောက် တုံ့ပြန်လာနိုင်သလို မူးယစ်ဆေးဝါး စစ်ပွဲမှာ ရန်သူမဟုတ်ဘဲ သားကောင် ဖြစ်နေသူတွေကို ကယ်တင်နိုင်ပြီ ဖြစ်ပါတယ်။
 
*** အတွင်းရန်
 
အဲဒီတွေ့ရှိချက်တွေအရ မူးယစ်ဆေး မသုံးမနေရ စွဲလမ်းမှုကို ဖြစ်စေတဲ့ ရန်သူဟာ ဦးနှောက်ထဲမှာ ဖြစ်နေပါတယ်။ နာဗ်ကြောသိပ္ပံအရ မူးယစ်ဆေး စွဲတယ်ဆိုတာ ပြန်ပြန်ဖြစ်တတ်တဲ့ နာတာရှည် ဦးနှောက် ရောဂါဖြစ်ပြီး အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေ ရှိတာတောင် မူးယစ်ဆေးကို အာသာငမ်းငမ်း ရှာဖွေနေတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ရောဂါလို့ ဆိုရတာကတော့ မူးယစ်ဆေးဟာ ဦးနှောက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေတတ်တဲ့ အတွက် ဖြစ်ပါတယ်။
 
အဲဒီဦးနှောက် ပြောင်းလဲမှုတွေဟာ အချိန်ကြာမြင့်စွာ ဖြစ်တည်နေနိုင်ပြီး ဆေးစွဲသူတွေမှာ တွေ့ရတတ်တဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေ လုပ်ဆောင်တဲ့အထိ ဦးတည်သွားစေပါတယ်။ မူးယစ်ဆေးစွဲတာဟာ နှလုံးရောဂါလို အခြားရောဂါတွေနဲ့ အတော်ဆင်ပါတယ်။ အခြားရောဂါ တွေလိုပဲ ပုံမှန် ကျန်းကျန်းမာမာနဲ့ လုပ်ဆောင်နေတဲ့ ကိုယ်အင်္ဂါရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ဖျက်ဆီး တတ်ပြီး ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ အကျိုးဆက်တွေ ရှိပေမယ့် ကြိုတင်ကာကွယ် နိုင်သလို ကုသပျောက်ကင်း နိုင်ပါတယ်။ အဲဒီလိုတိုးတက်တဲ့ လေ့လာတွေ့ရှိမှုတွေ ရှိလာပေမယ့် ယနေ့အထိ လူအများစုဟာ မူးယစ်ဆေး ဘာကြောင့်စွဲမှန်း သေချာနားမလည် ကြသေးသလို မူးယစ်ဆေးဟာ မသုံးမနေရ စွဲလမ်းတဲ့ အထိ ဦးနှောက်ကို ဘယ်လိုပြောင်းလဲ ပစ်သလဲဆိုတာ မသိကြသေးပါ ဘူး။ ဒါ့အပြင် အခြားရောဂါတွေလို ကုသပျောက်ကင်းနိုင်တဲ့ ကျန်းမာရေး ပြသ၁နာတစ်ခုလို မမြင်ဘဲ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့ မကောင်းဆိုးဝါး ရန်သူလိုမြင်ပြီး ထောင်သွင်း အပြစ်ပေးထား လိုက်ပေ မယ့် မူးယစ်သားကောင်နဲ့ သူ့မိသားစု ဆွေမျိုးသားချင်းတွေ ကတော့ ဒုက္ခသုက္ခမျိုးစုံကို ခံစားရတတ်ပါတယ်။ အရင်တုန်းက စိတ်ကျန်းမာရေး မကောင်းသူကို ကျန်းမာရေးကြောင့်လို့ မသိဘဲ မကောင်းဆိုးဝါး ပူးဝင်နေသူ တစ်ယောက်လို သတ်မှတ်တာ၊ သတ်ပစ်တာ၊ ထောင်သွင်း ချုပ်နှောင်ခဲ့တာမျိုးနဲ့ သွားတူနေပါတယ်။ ဒါကြောင့် မူးယစ်ဆေးက ဦးနှောက်ကို ဘယ်လိုပြောင်းလဲပစ်သလဲ ဆိုတဲ့အကြောင်း သိနိုင်ဖို့ လူတိုင်းရဲ့အထက်မှာ တစ်သက်လုံး အတူရှိနေပြီး မူးယစ်ဆေးစွဲမှုမှာ အတွင်းရန်ဖြစ်မှန်း မသိသေးတဲ့ ဦးနှောက်အကြောင်း အရင်ဆုံး အနည်းငယ် ပြောချင်ပါတယ်။
 
*** သတင်းအချက်အလက် စင်တာ
 
တကယ်တော့ ဦးနှောက်ဟာ လူ့ခန္ဓာကိုယ်မှာ အရှုပ်ထွေးဆုံး အလုပ် အများဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပြီး သုံးပေါင်လေးတဲ့ တို့ဖူးပုံစံတစ်ရှုး ဖြစ်ပါတယ်။ အဲဒီလို သေးငယ်ပေမယ့် အသက်ရှူတာ၊ နှလုံးခုန်တာကအစ မနက်အိပ်ရာထ၊ မျက်နှာသစ်၊ ရေချိုး၊ အစာစား၊ လမ်းလျှောက်၊ ကား မောင်း၊ စကားပြော၊ အလုပ်လုပ်စတဲ့ ညအိပ်တဲ့အထိ လူတစ်ယောက် ရဲ့ နေ့စဉ်လှုပ်ရှား ဆောင်ရွက်မှုတွေကို ခံစားလုပ်ဆောင်နိုင်ဖို့ ခန္ဓာကိုယ်ရဲ့ အခြေခံလှုပ်ရှား လည်ပတ်မှုတွေ လည်ပတ်နိုင်အောင် ထိန်းကျောင်းပေး ပါတယ်။ တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ အတွေးတွေ၊ ခံစားချက် တွေနဲ့ အပြုအမူတွေကို ထိန်းချုပ်ပုံသွင်းပေးဖို့၊ ကျန်တဲ့အဖွဲ့ အင်္ဂါအစိတ် အပိုင်းတွေ လည်ပတ်နိုင်ဖို့ ဦးနှောက် စိတ်အပိုင်းတွေ အားလုံးဟာ အတူတကွ ပူးပေါင်း လုပ်ဆောင်နေတဲ့ သတင်းအချက်အလက် စင်တာ တစ်ခုလို လုပ်ဆောင်ပေးနေပြီး သတင်း အချက်အလက်တွေ အပြန် အလှန် ဆက်သွယ် ပို့ဆောင်ပေးဖို့ သတင်းအချက်အလက်တွေ သယ်ယူ ပို့ပေးတဲ့ နျူရွန်(Neuron) လို့ခေါ်တဲ့ နာဗ်ဆဲလ် ဘီလီယံ ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နျူရွန်ရဲ့ ပုံသဏ္ဍာန်က အမျိုးမျိုးဖြစ်ပေမယ့် ယေဘုယျအားဖြင့် သေးသွယ် ရှည်လျားပါတယ်။ အဲဒီနျူရွန်တစ်ခုဟာ အခြားနျူရွန်ပေါင်းများစွာနဲ့ ဆက်သွယ်နိုင်ပြီး သတင်း အချက်အလက် တွေကို လက်ခံတာ၊ အခြားနျူရွန်ဆီ ပို့ပေးတာတွေကို လုပ်ဆောင်ပါ တယ်။ နျူရွန်တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့ နေရာကို နာဗ်ကြောဆက် (Synapse) လို့ခေါ်ပြီး ဆက်သွယ်တဲ့အခါ တိုက်ရိုက်ထိတွေ့မှု မရှိဘဲ အနည်း ငယ်က ကွာဟနေပြီး အရည်တစ်ခု ဖြည့်ထားပါတယ်။ အဲဒီ ကွာဟနေ တဲ့ နေရာကို နာဗ်ကြော ဆက်ဟာကွက် (Synaptic Gap) လို့ ခေါ်ပါတယ်။ အဲဒီနျူရွန်နှစ်ခု ဆက်သွယ်တဲ့နေရာမှာ ရှိနေတဲ့ ဟာကွက် ကိုဖြတ်ပြီး သတင်းအချက်အလက် တွေကို ပို့ပေးတဲ့ သဘာဝဓာတု ပစ္စည်းကို နာဗ်ကြောပို့ပစ္စည်း (Neurotransmitter) လို့ ခေါ်ပါတယ်။ အဲဒီ သတင်းအချက်အလက် တွေက လူအများသိထားကြတဲ့ စိတ်ပဲဖြစ်ပါတယ်။ (စကားချပ်-ဗုဒ္ဓဘာသာ အယူအဆအရ စိတ်ဟာ ဟဒယနှလုံးအိမ်မှာ အစပြုတယ်လို့ ယူပါတယ်။) ဦးနှောက်ထဲမှာ နာဗ်ကြောပို့ပစ္စည်း (Neurotransmitter) လို့ခေါ်တဲ့ သဘာဝ ဓာတုပစ္စည်း အမျိုးအစားတွေ အများကြီး ရှိပါတယ်။ အဲဒီသဘာဝ ဓာတုပစ္စည်းတွေထဲမှာ ဒိုပါမင်း (Dopamine) ဆိုတဲ့ ဓာတုပစ္စည်းဟာ မူးယစ်ဆေးစွဲမှုမှာ အဓိကအရေးပါ တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
 
အဲဒီတော့ နျူရွန်တစ်ခုရဲ့ အဖျားတစ်ဖက်ကနေ နာဗ်ကြောပို့ ပစ္စည်းတွေ ကို ထုတ်ပေးပါတယ်။ အဲဒီပစ္စည်းတွေကို နောက်နျူရွန်တစ်ခုရဲ့ လက်ခံ အစိတ်အပိုင်း (Receptor)က လက်ခံရယူပါတယ်။ (ဥပမာ- လူနှစ်ယောက် စကားပြောတဲ့အခါ တစ်ယောက်ပါးစပ်က စကားတွေကို ပို့လွှတ်ပြီး နားထောင်တဲ့ သူရဲ့နားက လက်ခံနားထောင် သလိုပါပဲ။) နျူရွန်တစ်ခုဟာ လုံလောက်တဲ့ လှုံ့ဆော်မှုကို ဖြစ်စေတဲ့ နာဗ်ကြောပို့ ပစ္စည်းတွေကို အခြား နျူရွန်တစ်ခုကနေ ရရှိတာနဲ့ မီးကြိုးတွေမှာ မီးခလုပ်နှိပ်တာနဲ့ လျှပ်စစ်စီးသွားသလိုပဲ လျှပ်စစ်တွေဟာ နျူရွန်တစ် လျှောက် တောက်လျှောက် စီးသွားပါတယ်။ ကြားမှာမစီးဘဲ ရပ်တာမျိုး မရှိပါဘူး။ ဆိုလိုတာက လုံလောက်တဲ့ လှုံ့ဆော်မှု (သတင်းအချက်အလက် ဆိုတဲ့ နာဗ်ကြောပို့ ပစ္စည်း) မရရင် မလောင်ကျွမ်းဘဲ နျူရွန်တစ်လျှောက် လျှပ်စစ်ဓာတ် မစီးပါဘူး။ အဲဒီလျှပ်စစ်ဓာတ်ကြောင့် နျူရွန်ရဲ့ တစ်ဖက်စွန်း ရှိ နာဗ်ကြောဆက်မှာ သဘာဝဓာတု ပစ္စည်းဖြစ်တဲ့ နာဗ်ကြောပို့ ပစ္စည်းတွေ ထုတ်လွှင့်မှု ဖြစ်ပေါ်ပါတယ်။ အဲဒီပစ္စည်းတွေကို အခြား နျူရွန်တစ်ခုရဲ့ လက်ခံ အစိတ်အပိုင်းကနေ လက်ခံရယူပါတယ်။ လက်ခံရရှိတဲ့ ဓာတုပစ္စည်းတွေက နောက် နျူရွန်တစ်ခုကို လှုံ့ဆော်မှုပေး ပါတယ်။ လုံလောက်တဲ့ လှုံ့ဆော်မှု ပမာဏရရင် နောက်နျူရွန် တစ်ခုမှာ လည်း လျှပ်စစ်စီးမှု ဖြစ်ပေါ်ပါတယ်။ ဘာနဲ့တူသလဲဆိုတော့ ဝါယာကြိုး တွေ၊ ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး သတင်း အချက်အလက်တွေ အပြန် အလှန် ပို့ဆောင် လုပ်ကိုင်နေတဲ့ သတင်းအချက်အလက် စင်တာကြီး တစ်ခုနဲ့ တူပါတယ်။
 
*** မူးယစ်ဦးနှောက်
 
အဲဒီတော့ ရှုပ်ထွေးနက်နဲစွာနဲ့ အလုပ်အများကြီး လုပ်နေရတဲ့ ဦးနှောက်ရဲ့ ဆက်သွယ်မှုစနစ်ကို ဓာတုပစ္စည်းတွေ ဖြစ်တဲ့ မူးယစ်ဆေးက ဟန့် တားနှောင့်ယှက် နိုင်ပါတယ်။ သတင်းအချက်တွေကို လက်ခံတာ၊ ပို့ဆောင် တာတွေ လုပ်ဆောင်နေတဲ့ နျူရွန်တွေကို ကြားဝင်နှောင့် ယှက်နိုင် ပါတယ်။ မူးယစ်ဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေက နာဗ်ကြောပို့ ပစ္စည်း(Neurotransmitter) ပုံစံကိုတုပပြီး နျူရွန်တွေကို လှုံ့ဆော်နိုင်ပါ တယ်။ အဲဒီလို နာဗ်ကြောပို့ပစ္စည်း ပုံစံတုပထားပေမယ့် နာဗ်ကြောပို့ ပစ္စည်းတွေက နျူရွန်တွေကို လှုံ့ဆော်သလိုမျိုး တစ်ပုံစံတည်း တူအောင် မလှုံ့ဆော်နိုင်သလို မူမမှန်တဲ့ သတင်းအချက် အလက် အမှားတွေကိုပဲ ထုတ်လွှတ်ပါတယ်။ အဲဒီလိုနဲ့ နျူရွန်တွေဟာ မူမမှန်တဲ့ နာဗ်ကြောပို့ ပစ္စည်း အမြောက်အမြားကို ထုတ်လွှတ်ပြီး တစ်ခုနဲ့တစ်ခု ပို့ရာကနေ ပုံမှန်လည်ပတ်နေတဲ့ ယန္တရားကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ပါ တော့တယ်။
 
မူးယစ်ဆေးအများစုဟာ ဦးနှောက်ထဲက (ရှေ့မှာပြောခဲ့တဲ့) ဒိုပါမင်း (Dopamine) ဆိုတဲ့ သဘာဝဓာတု ပစ္စည်းတွေ ပြည့်နေတဲ့ ဆုလာဘ် (အသိအမှတ်ပြု ချီးမြှောက်ခံရမှု ဆိုတဲ့ ဝမ်းမြောက်မှု) နဲ့ဆိုင်တဲ့ အစိတ် အပိုင်းကို အဓိက ပစ်မှတ်ထား နှောင့်ယှက် ပါတယ်။ ဒိုပါမင်း (Dopamine) ဟာ လှုပ်ရှားမှု၊ စိတ်ခံစားမှု၊ တက်ကြွမှု၊ ပျော်ရွှင် ဝမ်းမြောက်မှုနဲ့ ဆိုင်တဲ့ ဦးနှောက်ရဲ့ အပိုင်းတော်တော်များများမှာ ရှိနေတဲ့ နာဗ်ကြောပို့ပစ္စည်း ဖြစ်ပါတယ်။ ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်အစိတ် အပိုင်းဟာ ဝမ်းမြောက် ပျော်ရွှင်မှုဆိုတဲ့ ဆုလာဘ်နဲ့ ဆိုင်တဲ့အရာတွေကို စွဲလမ်းပြီး ထပ်တလဲလဲ လုပ်အောင် လုပ်ဆောင်ပေးပါတယ်။ အပြင်မှာ ပျော်ရွှင်ဝမ်းမြောက်စရာ (ဆုလာဘ်) တစ်ခုခုကြုံတာနဲ့ ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းဟာ လှုပ်ရှားလာပြီး ဒိုပါမင်းတွေ ထုတ်လွှတ်သလို မှတ်သားရမယ့် အရေးကြီးတဲ့ အရာတစ်ခုတော့ ဖြစ်နေပြီ ဆိုပြီး ဦးနှောက် က မှတ်ထားလိုက်ပါတယ်။ မှတ်ရုံမက အဲဒီအရာကို ဘာမှမစဉ်းစားဘဲ နောက်ထပ် အကြိမ်ကြိမ်အခါခါ လုပ်ဖို့ သင်ပေးပါတယ်။ မူးယစ်ဆေး သုံးလိုက်တာနဲ့ စွဲသွားအောင် လုပ်တာ အဲဒီဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းမှာ ဖြစ်တာဖြစ်ပါတယ်။
 
မူးယစ်ဆေးသုံးတဲ့အခါ ဒိုပါမင်းကို အခြားဆုလာဘ်နဲ့ ဆိုင်တဲ့အခါ ထုတ်လွှတ်တဲ့ ပမာဏထက် နှစ်ဆကနေ ဆယ်ဆအထိ ပိုထုတ်လွှတ်ပြီး ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းမှာ ဒိုပါမင်းတွေ များလာပြီး မူးယစ်ဆေးကို ထပ်ကာတလဲလဲ သုံးဖို့ ပိုပြီးလှုံ့ဆော်လိုက်ပါတယ်။ အဲဒီလိုနဲ့ ပြင်ပက ဝမ်းမြောက်စရာ တစ်ခုခုကြောင့် ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက်ပတ်လမ်းမှာ ဒိုပါမင်းထွက်တာဟာ မူးယစ်ဆေးကြောင့် ထွက်တာနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်တဲ့ အတွက် မူးယစ်ဆေးကို ထပ်ကာတလဲလဲ ထပ်သုံးချင်လောက်အောင် စွဲလမ်းမှုကို ဖြစ်စေတာ ဖြစ်ပါတယ်။ အဲဒီတော့ ပုံမှန်ပြင်ပက ဝမ်းမြောက်စရာ တစ်ခုခုကြောင့်ဖြစ် တဲ့ ဆုလာဘ်ရတာနဲ့ မူးယစ်ဆေးကြောင့် ဖြစ်တဲ့ ဆုလာဘ်ရတာ ဘာကွာသလဲ ဆိုတော့ နားနားကပ်ပြီး တိုးတိုးဖွင့်တဲ့အသံနဲ့ ဆောင်းဘောက်စ်နဲ့ အနီးကပ် အကျယ်ကြီးဖွင့်တဲ့ အသံကွာသလိုမျိုး ကွာခြားပါတယ်။ အသံကျယ်ရင် အသံကိုလျှော့ချ ညှိသလိုပဲ ဦးနှောက် ကလည်း ဒိုပါမင်း အထွက်များလာရင် ညှိဖို့အတွက် ဒိုပါမင်းကို လျှော့ လွှတ်တာ ဖြစ်ဖြစ် နျူရွန်ကလက်ခံတဲ့ အရေအတွက်ကို လျှော့ချတာဖြစ်ဖြစ် လုပ်ပါတယ်။ အဲဒီလိုနဲ့ ဆေးစွဲသူရဲ့ ဆုလာဘ်နဲ့ဆိုင်တဲ့ ဦးနှောက် အစိတ်အပိုင်းမှာ ဒိုပါမင်းရဲ့ သက်ရောက်မှု အစွမ်းအာနိသင်ဟာ လျော့ကျလာပြီး အခြားပျော်ရွှင် ဝမ်းမြောက်စရာ (ဆုလာဘ်) နဲ့ ဆိုင်တဲ့ အရာတွေကို ခံစားနိုင်စွမ်း ကျဆင်းလာပါတယ်။
 
ဒါကြောင့်လည်း မူးယစ်ဆေးစွဲသူတွေမှာ မတက်ကြွထိုင်းမှိုင်းတာ၊ အသက်မဲ့သလို ဖြစ်တာ၊ ဝမ်းနည်းညှိုးငယ်တာ၊ အရင်က ပျော်ရွှင်စရာဖြစ် ခဲ့တဲ့ အရာတွေကို မခံစားနိုင်တော့တာ စတဲ့လက္ခဏာတွေ တွေ့ရတာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ မူးယစ်ဆေးစွဲသူဟာ အရင်က ပုံမှန်အခြေအနေမှာ ရှိခဲ့တဲ့ ဒိုပါမင်းပမာဏ ပြန်ရောက်ဖို့အတွက် ဆေးကို ထပ်တလဲလဲသုံးဖို့ လိုလာတာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ဆေးသုံးလိုက် ဒိုပါမင်းတွေ အလွန် အကျွံထွက်လိုက် ဦးနှောက်က ညှိလိုက်လို့ ဒိုပါမင်း အာနိသင်ကျသွားလိုက် ဒိုပါမင်း အာနိသင် ပုံမှန်အတိုင်းဖြစ်ဖို့ ဆေးပြန်သုံးလိုက်နဲ့ အဆိုးကျော့ သံသရာလည်ရင်း ဆေးစွဲတယ်ဆိုတာ ဖြစ်တာဖြစ်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးကြောင့် မူလက လူကောင်းတစ်ယောက်ရဲ့ ဦးနှောက်ဟာ ပြောင်းလဲသွားရာကနေ ဆေးစွဲတဲ့သူ တစ်ယောက်အဖြစ် ရောက်ပြီး ပြဿနာတွေ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မူးယစ် ဆေးကြောင့် အရင်က မိတ်ဆွေလို အကျိုးပြုတဲ့ ဦးနှောက်ဟာ ရန်သူ ဦးနှောက်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့်လည်း မူးယစ်ဆေး စွဲလမ်းမှုကို ဖြစ်စေတဲ့ ဝယ်လိုအားက ဦးနှောက်ထဲမှာ ရှိတဲ့အတွက် ဦးနှောက်ကို ကိုင်တွယ်ဖို့ David Eagleman က ဆိုတာဖြစ်ပါတယ်။
 
*** အပြင်ရန်
 
အဲဒီလိုဦးနှောက်ကို အတွန်းရန်သူ တစ်ယောက်လို ဖြစ်အောင် တစ်နည်း ဦးနှောက် မူးယစ်ဆေးစွဲအောင် သုံးစွဲတတ်ဖို့ ဆိုတာလည်း မူးယစ်ဆေးကို စသုံးဖြစ်မှ ဖြစ်တာဖြစ်တဲ့အတွက် လူတစ်ယောက်ကို မူးယစ်ဆေး သုံးဖြစ် အောင် လုပ်တဲ့အရာတွေကိုလည်း မေးစရာရှိလာပါတယ်။ လူတစ် ယောက် ကို မူးယစ်ဆေး သုံးဖြစ်အောင်လုပ်တဲ့ အရာတွေ အများကြီးရှိတဲ့ အထဲမှာ ကလေးဘဝကတည်းက ရန်လိုတဲ့ အပြုအမူရှိတာ၊ အုပ်ထိန်းသူ က သေချာမထိန်းကျောင်း မပျိုးထောင်နိုင်တာ၊ လူမှုဆက်ဆံရေး အား နည်းတာ၊ အသစ်အဆန်းကို စမ်းချင်တာ၊ ကျောင်းပတ်ဝန်းကျင်မှာ မူးယစ် ဆေး အလွယ်တကူ ရနိုင်တာ စတာတွေ ပါဝင်ပေမယ့် အဓိကကျတာ တော့ ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ လူတစ်ယောက် ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဟာ မူးယစ်ဆေး မသုံးအောင် မှန်ကန်တဲ့ အတွေးအခေါ် အသိပညာ မပေးနိုင်တာ၊ မူးယစ်ဆေး အလွယ်တကူရနိုင်ပြီး သုံးစွဲဖြစ် အောင် လည်း ဖိအားပေးတာတွေက မူးယစ်ဆေးကို စမ်းသပ်သုံးစွဲမိပြီး စွဲသွားစေတာ ဖြစ်ပါတယ်။
 
*** ရေသောက်မြစ်သုံးခု
 
ဒါကြောင့် ပြန်ချုပ်ရရင် မူးယစ်ဆေးစွဲမှု ပြသ၁နာမှာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းသူဆိုတဲ့ ပင်မရေသောက်မြစ်၊ မူးယစ်ဆေး သုံးစွဲဖြစ်အောင် ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်ဆိုတဲ့ ရေသောက်မြစ် နဲ့ မူးယစ်ဆေး မသုံးမနေရ စွဲလမ်းအောင် လုပ်ဆောင်တဲ့ ဦးနှောက်ဆိုတဲ့ ရေသောက် မြစ်ဆိုပြီး ရေသောက်မြစ် သုံးခုဆိုတဲ့ ရန်သူသုံးဦး ရှိနေတာ သိရပါတယ်။ ဒါပေမဲ့ ရေသောက်မြစ်သုံးခုမှာ အဓိကကျနေတဲ့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သူတွေဆိုတဲ့ ရေသောက်မြစ်ကြီးကို အမြစ်မဖြတ်နိုင်ရင် အကောင်းဆုံး ဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အမြစ်မဖြတ် နိုင်သေးတောင် ကျန်တဲ့ ရေသောက်နှစ်ခုကို အမြစ်မပြတ်တောင် ရှင်သန်ကြီးထွား မလာအောင် လုပ်လို့ရပါတယ်။ ဦးနှောက်ကြောင့် စွဲလမ်းမှုဖြစ်နေတာကို ကုသလို့ရသလို အဲဒီစွဲလမ်းမှုကို ဖြစ်စေတဲ့ ပတ်ဝန်းကျင် အကြောင်းတွေ မဖြစ်အောင် ကြိုတင် ကာကွယ်လို့ ရပါတယ်။
 
ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသနည်းလို့လည်း ဆိုတဲ့ အတွက် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးတာ၊ အသိပညာ ပေးတာတွေ ဟာ အကောင်းဆုံး ကာကွယ်နည်း ဖြစ်သလို မကာကွယ်နိုင်လို့ သုံးမိပြီး စွဲသွားရင်လည်း ကုသလို့ရပါတယ်။ အနောက် နိုင်ငံတွေမှာတော့ မူး ယစ်ဆေး စွဲသူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူကောင်း ပကတိ ပြန်ဖြစ်အောင် လုပ်ဆောင်ပေးနေကြပါပြီ။ သူတို့အဆိုအရ မူးယစ်သားကောင်တွေ အတွက် ထောင်က အဖြေမဟုတ်ဘဲ အဆိုးကျော့ သံသရာ လည်စေတဲ့အတွက် ပြန်လည်ထူထောင်ရေး စင်တာတွေနဲ့ ကျန်းမာရေး တစ်ခုလို ကုသပေးတာသာ မူလအခြေအနေ အတိုင်း ပြန်ကောင်းနိုင်ဖို့ အကောင်းဆုံးပဲလို့ ဆိုပါတယ်။ တစ်နည်းဆိုရရင် မူးယစ်ဆေးစွဲသူကို ရန်သူလို့ မသတ်မှတ်ဘဲ သားကောင်အဖြစ် ပြန်လည် ထူထောင်ရေးတွေနဲ့ လူကောင်း ပြန်ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအမြင် ဟာ အစဉ်အလာ အယူအဆတွေကို သွေးတိုးစမ်း စိန်ခေါ်နေတဲ့အ မြင်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ သိပ္ပံပညာဟာ အကြောင်း ရှာတဲ့ ပညာဖြစ်တဲ့အတွက် မူးယစ်ဆေး စွဲတဲ့ တကယ့် အကြောင်းရင်းကို ရှာတွေ့လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ သိပ္ပံပညာရပ် တစ်ခုဖြစ်ပြီး ခေတ်စားလာတဲ့ နာဗ်ကြောသိပ္ပံအရ တွေ့ရှိထားတာတွေကို တင်ပြပေးတာ ဖြစ်တဲ့အတွက် အဲဒီပညာရပ်နဲ့ စိမ်းနေတဲ့သူတွေ အတွက်တော့ သို့လောသို့လော ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီး တစ်နေရာမှာ ထွန်းကားတဲ့အရာဟာ နောက်တစ်နေရာကို ချက်ချင်းဆိုသလို ရောက်လာတတ်တဲ့ အတွက် အခု မထွန်းကား သေးပေမယ့် တစ်ချိန်ထွန်းကား ခေတ်စားလာနိုင်တဲ့ ပညာရပ်တစ်ခုအရ တွေ့ရှိထားတာကို လူအများအတွက် အသုံးတည့်မယ် ထင်လို့ ပြန်လည်ဝေမျှရတာ ဖြစ်ပါတယ်။
 
ဖြိုးဝေ(မဟာဝိဇ္ဇာ)
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.