ဆယ်တန်းမအောင်ရင် ဘာမှမဖြစ်ဘူးလား // ရဲခေါင်မဲမောင် //

၁၇-၆-၂၀၁၇ ရက်နေ့ မနက်က ဆယ်တန်းအောင်စာရင်းတွေ ထွက်တယ်။ ကျွန်တော့်အိမ်က ဆက်သွယ်ရေးဝန်ကြီးနဲ့ မျက်နှာချင်းဆိုင်နေတာ ဆိုတော့ လမ်းတစ်ခြမ်းမှာပဲ လူနေအိမ်ခြေရှိတာရယ်၊ အိမ်ရှေ့က လမ်းကလည်း ကွန်ကရစ်ခင်းပြီးတာ မကြာလှသေးပဲ ကားတွေ အသွားအလာ နည်းနေသေးတာကြောင့်ရယ် ဆိုတော့ လူနေမထူထပ်သေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒါတွေကြောင့် ဆယ်တန်းအောင်စာရင်းကြည့်ပြီး အောင်တယ်၊ မအောင်ဘူးနဲ့ ငြင်းခုန်ပြီး ပြန်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို တစ်ယောက်စ နှစ်ယောက်စကလေးတောင် မတွေ့ရပါဘူး။
 
အောင်ဇေယျအိမ်ရာမှာရှိတဲ့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးမှာ ထိုင်မိလိုက်တဲ့ အချိန်ကျတော့မှ အဲဒီနေ့မနက်က ဆယ်တန်းအောင် စာရင်းတွေ ထွက်မှန်း သိလိုက်ရတာပါပဲ။ ဘေးနားက စားပွဲမှာက ဆယ်တန်းဖြေထားခဲ့ကြတဲ့ ကျောင်းသားမိဘတွေ ထိုင်နေကြတာကိုး။ ဒီတော့ သူ့သား အောင်တယ်၊ ငါ့သား အောင်တယ်နဲ့ ကျယ်ကျယ်လောင်လောင် ပြောပြီး ပျော်ရွှင်ဂုဏ်ယူဝမ်းသာ နေကြတာပေါ့။ ကျွန်တော် ကြားနေရ သလောက်တော့ စာမေးပွဲကျတဲ့ ကလေးမိဘပါဟန် မတူပါဘူး။ သူ့ထက်ငါပဲ ပြောဆိုနေလိုက်ကြတာ လက်ပံပင် ဆက်ရက်ကျရုံတင်မကဘူး ကျီးကန်းသားပျောက်ကို ဖြစ်နေကြတော့တာ။
 
သူတို့က အဲဒီလို ပျော်ရွှင်မြူးထူးဖြစ်နေကြတော့ ကျွန်တော်လည်း ကျွန်တော့်ရဲ့ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့ကို ပြန်ပြီးတော့ သတိရသွားတယ်။ ၁၉၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်တဲ့အချိန်က ကျွန်တော်က ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ ညောင်ခြေထောက် စခန်းမှာရှိတဲ့ စက်ရုံတစ်ရုံမှာ ရောက်နေတယ်။ အဲဒီ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ညောင်ခြေထောက် စခန်းလည်း ပါရလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ တစ်ယောက်တည်း ကျွန်တော် ဆန္ဒပြတယ်။ အဲဒီလို တစ်ကိုယ်တော် ဆန္ဒပြတဲ့အတွက် စစ်ထောက်လှမ်းရေးက ကျွန်တော့်ကို တစ်နှစ်နီးပါး စစ်ပါတယ်။ ( တစ်ကိုယ်တော် ဆန္ဒပြပေမယ့် စက်ရုံထဲမှာ ကျွန်တော် ဟောပြောတော့ သူငယ်ချင်းတွေဖြစ်ကြတဲ့ လူငယ်နဲ့ ထိန်ဝင်းတို့က ပါဝင်ပြီး ဟောပြောတာကြောင့် စစ်ထောက်လှမ်းရေးက သူတို့နှစ်ယောက်ကိုပါ စစ်ပါတယ်) စစ်တယ်ဆိုပေမယ့် ရိုက်တာကန်တာ မခံရပါဘူး။ အစာအိမ်သမား ကျွန်တော့်ကို တစ်နေကုန် ဘာမှမကျွေးပဲ ထားတာမျိုး၊ တစ်ညလုံး အိပ်လို့မရအောင် အိပ်မယ် ပျော်မယ်ကြံလိုက် လာနှိုးပြီး စစ်လိုက် လုပ်တာမျိုးတွေနဲ့ နှိပ်စက်တာပါ။ အဲဒီလို စစ်ဆေးမေးမြန်းပြီးတော့ ကျွန်တော်တို့ကို စက်ရုံက ထုတ်လိုက်ပါတယ်။ ထုတ်တော့ စက်ရုံအုပ်ချုပ်မှုအရာရှိ ဦးသန်းရွှေက ကျွန်တော့်ကို
 
“နိုင်ငံရေးလုပ်ချင်ရင် အပြင်ထွက်၊ မင်းလို ဆယ်တန်းတောင် မအောင်တဲ့ကောင်၊ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ပြောလိုက်ပါသဗျ။
 
၁၄-၉-၈၉ ရက်နေ့ ညနေမှာတော့ ညောင်ခြေထောက်စခန်းကနေ မိဘတွေရှိတဲ့ တောင်ဥက္ကလာပ၊ ၁၃ ရပ်ကွက်ကို ကျွန်တော် ပြန်ရောက်လာပါတယ်။ လက်ထဲမှာ ပိုက်ဆံကလေး ကျပ် ၁၀၀ ကျော်နဲ့ မိန်းမတစ်ယောက်၊ သားသမီး လေးယောက်ပဲ ပါတယ်။ မိသားစု ၆ ယောက်အတွက် ရန်ကုန်လိုမြို့ကြီးမှာ ဘာတွေလုပ်ကိုင် စားသောက်ရ မလဲဆိုတာကို ကျွန်တော် မသိဘူး၊ မစဉ်းစားဘူး။ ဦးနှောက်နဲ့ နှလုံးသားထဲမှာ “မင်းလို ဆယ်တန်းတောင် မအောင်တဲ့ကောင် ဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူး” ဆိုတဲ့အသံက ဆူညံပေါက်ကွဲနေတယ်။ လူတစ်ယောက်ကို မကျေနပ်လို့ လက်စားချေချင်တယ်ဆိုရင် အဲဒီလူ ကိုယ့်အပေါ်မြင်နေ ထင်နေတဲ့ အတွေးအမြင် သဘောထားတွေဟာ တက်တက်စင် မှားယွင်းနေပါလားဆိုတာကို ပြသလိုက်တဲ့ နည်းက အကောင်းဆုံး လက်စားချေနည်းပဲလို့ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့် -
 
၁၅-၉-၈၉ ရက်နေ့ မနက်မှာ ကျွန်တော် ကျူရှင်လိုက်ရှာတယ်။ တောင်ဥက္ကလာပ၊ သစ္စာလမ်းမကြီးပေါ်က ပုဏ္ဏမီ မှတ်တိုင်နားမှာ “ရွှေပြည်တန်” ဆိုတဲ့ ကျူရှင်ဆိုင်းဘုတ်ကြီး တစ်ခုကို တွေ့ရတာနဲ့ အထဲဝင်သွားလိုက်တော့ ကျူရှင် ပိုင်ရှင် ဆရာ ဦးတင်မောင်မြင့်နဲ့ တွေ့ရပါတယ်။ အင်္ဂလိပ်စာ ကျူရှင်ယူချင်လို့ပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပ်လိုက်တယ် ဆိုပါတော့ဗျာ။ ကျွန်တော်က ၁၉၇၅ ခုနှစ်မှာ ဆယ်တန်းကျပြီး ကပစထဲကို ၀င်သွားတာဆိုတော့ အခု ၁၉၈၉ ခုနှစ်ဆိုရင် ကျောင်းစာနဲ့ဝေးနေ တာ ၁၅ နှစ်ရှိသွားပြီလေ။ ကျွန်တော်က အင်္ဂလိပ်စာ ညံ့တော့ အဲဒီ အင်္ဂလိပ်စာ တစ်ဘာသာကိုပဲ ကျူရှင်ယူတာ။ ကျန်ဘာသာတွေအတွက် ကတော့ ကျွန်တော် ဘာမှစိုးရိမ်စိတ်မရှိဘူး။ စာပေသမားဆိုတော့ စာကလေး ပေကလေးနဲ့ ဘယ်ပြတ်ဘူးမဟုတ်လား။
 
ဒီလိုနဲ့ ၁၆-၉-၈၉ ရက်နေ့ကစလို့ မနက် ၆ နာရီကနေ ၈ နာရီအထိ နေ့တိုင်း ကျူရှင်သွားတတ်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက်ကတော့ သံသုမာလမ်းနဲ့ မေတ္တာလမ်းထောင့်က ၃၁ ဘတ်စ်ကားဂိတ်နားမှာ ကျွန်တော်နဲ့ ဇနီးသည်တို့ နှစ်ယောက် မုန့်ကြာခွက် ရောင်းကြတယ်။ ဒီလို လမ်းဘေးဈေးရောင်းတဲ့ အလုပ်ကို ကျွန်တော် တစ်ခါမှ လုပ်ဖူးကြတာ မဟုတ်တဲ့အတွက် ရှက်သလိုလို၊ ကြောက်သလိုလို ခံစားကြရပါတယ်။ အသိမိတ်ဆွေတွေ၊ အထူးသဖြင့် ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ကပစက မိတ်ဆွေတွေနဲ့ တွေ့မှာကို အလွန်ပဲစိုးရိမ်ကြပါတယ်။ မိဘတွေကလည်း အဆင်ပြေကြတာ မဟုတ်တော့ မိသားစု ခြောက်ယောက်ရဲ့ စားဝတ်နေရေး ကို ကိုယ့်ဘာသာ ကိုယ့်အားကိုယ်ကိုး ရမယ်ဆိုတဲ့ အသိနဲ့ ခေါင်းကြီးတွေငုံ့ပြီး လုပ်ကြရတာပဲဗျာ။
 
ကျွန်တော်က မနက် ၃ နာရီလောက်ထပြီး ၃၁ ကားဂိတ်ကို မုန့်ကြော်တဲ လုပ်တဲ့တိုင်တွေ၊ အမိုးတွေ၊ အိုးခွက်၊ မီးသွေးအိတ်တွေ ထမ်းပိုးပြီး သယ်သွားရတယ်။ အဲဒီအချိန်က ကျွန်တော့် ကလေး လေးယောက်မှာ အကြီးဆုံးသားက ၇ နှစ်သာရှိသေးပြီး အငယ်ဆုံး သမီးကလေးက တစ်လအရွယ်ပဲ ရှိသေးတော့ ဇနီးသည်က ကလေးတွေကိစ္စ၀ိစ္စ ပြီးတဲ့ မနက် ငါးနာရီခွဲလောက်မှ အိမ်ကထွက်လာ၊ ကျွန်တော်နဲ့ ဂျူတီချိန်း။ ကျွန်တော်က ကျူရှင်ကို ပြေးရပါတယ်။ ကျူရှင်က ပြန်လာရင် ဇနီးသည်ရဲ့ အကြော်ဆိုင် ၀င်ထိုင် ရောင်း။ ဇနီးသည်က အိမ်ပြန်ပြေး၊ ထမင်းဟင်းချက်ပေါ့လေ။ ၁၀ နာရီ ၁၁ နာရီလောက်မှာ အကြော်တဲဖြုတ်၊ ပစ္စည်းတွေသိမ်းပြီး အိမ်ကို ကျွန်တော် သယ်လာရပါတယ်။ အိမ်ရောက်တော့ ထမင်း ကမန်းကတန်းစား၊ ကာတွန်းကလေး၊ ကဗျာကလေးတွေရေးပြီး မြို့ထဲက မဂ္ဂဇင်းတိုက်တွေဆီ ပြေးရတယ်။ အဲဒီအချိန်က ကြိုးစားဆဲကာလတွေမို့ နာမည်မရသေးဘဲ အပယ်ခံရတာ များပါတယ်။
 
မြို့ထဲကပြန်ရောက်တဲ့ ည ၆ နာရီ၊ ၇ နာရီလောက်မှာ မနက်ဖြန်မနက် ရောင်းဖို့အတွက် မုန့်ပြေးပြီးကြိတ်ရတယ်။ ထန်းလျက်၊ ဆီ၊ နှမ်း စတဲ့လိုအပ်တဲ့ ပစ္စည်းတွေကို ဈေးကိုပြေးဝယ်ရတယ်။ အားလုံး ပြင်ဆင်ပြီးလို့ ကလေး လေးယောက်စလုံး အိပ်ကုန်ကြတဲ့ ည ၁၀ နာရီလောက်မှာ ကျွန်တော် စာစပြီး ကျက်ရပါတယ်။ ကျွန်တော့်မိဘတွေ အိမ်မှာ လျှပ်စစ်မီးမရှိပါဘူး။ ဒါကြောင့် ကျွန်တော် စာကျက်တဲ့အခါမှာ ဖယောင်းတိုင် မီးအလင်းရောင်နဲ့သာ ကျက်ရပါတယ်။ အိမ်က လေမလုံတော့ ငြိမ်းသွားလိုက်၊ ပြန်ထွန်းလိုက်၊ လက်နဲ့ကာရင်း ကျက်ရတာ ဖြစ်ပါတယ်။ တစ်နေကုန် ပင်ပန်းထားတော့ စာကျက်ရတဲ့ ည ၁၀ နာရီလောက်မှာ ကျွန်တော် အိပ်ချင်နေပါပြီ။ အိပ်ငိုက်တာကို ထိန်းမရတော့ဘဲ နဖူးနဲ့စာပွဲ ဆောင့်မိသွားရင်တော့ နာမည်သုံးခုရေးထားတဲ့ စက္ကူကတ်ပြားကြီး တစ်ခုကိုယူပြီး စာကျက်တဲ့ စားပွဲပေါ်ကို ကျွန်တော် တင်လိုက်တော့တာပါပဲ။
 
နာမည်သုံးခုရေးထားတဲ့ ကတ်ပြားဆိုတာက ဒီလိုပါ။ ကျွန်တော် ဆန္ဒပြတော့ စက်ရုံမှာရှိတဲ့ အရာရှိ တော်တော်များများက ဗျူရိုကရက်တွေပီပီ ရာထူးအားကိုးနဲ့ ကျွန်တော့်အပေါ် မတရားမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီအထဲကမှ ကျွန်တော် မကျေနပ်ဆုံး လူသုံးယောက်ရဲ့ နာမည်တွေကို စက္ကူကတ်ပြားကြီး တစ်ခုအပေါ်မှာ ကျွန်တော် ရေးထားတာကို ပြောတာပါ။ ညဘက် စာကျက်လို့ ကျွန်တော် အိပ်ငိုက်လာရင် အဲဒီကတ်ပြားကြီးကို စားပွဲပေါ် ကောက်တင်ပြီး နာမည်သုံးခုကို စိုက်ကြည့်လိုက်တာနဲ့ အိပ်ချင်စိတ်တွေ ပျောက်ပြီး စာကိုဆက်ကျက် နိုင်သွားတော့တာပါပဲ။
 
ဒီလိုနဲ့ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ဆယ်တန်းစာမေးပွဲ ဖြေရပါတယ်။ ကျွန်တော်ကြောက်တဲ့ အင်္ဂလိပ်စာမှာ Essay သုံးပုဒ်ကို မျက်စိစုံမှိတ်ပြီး အလွတ်ကျက်သွားတယ်။ တစ်ပုဒ်မှ မပါဘူးဗျာ။ “အင်း၊ ငါတော့ ကျမှာပဲ” လို့ သိလိုက်ပြီ။ ထင်တဲ့အတိုင်းပဲ အောင်စာရင်းထွက်တော့ A စာရင်းရော၊ B စာရင်းမှာပါ နာမည်ပါမလာဘူး။ အမှတ်တောင်းကြည့်တော့ ငါးဘာသာအောင်တယ်လေ။ အင်္ဂလိပ်စာမှာ ၃၀ နဲ့ကျနေတယ်။ ဒါပေမဲ့ အတော် အားရှိသွားတယ်ဗျ။ ၁၅ နှစ်လောက် ဝေးနေတဲ့ ကျောင်းစာကို ၄ လလောက်ပဲကြည့်ပြီး ပြန်ဖြေတာ ငါးဘာသာအောင်ပြီး နဂိုညံ့တဲ့ အင်္ဂလိပ်မှာပဲ ကျတယ်ဆိုတော့ “မဆိုးဘူးဟ” လို့ အားရှိသွားတာပါ။
 
၁၉၉၁ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်ဖြေတော့ အင်္ဂလိပ်ဘာသာ ဖြေရတဲ့နေ့မှာ ထုံးစံအတိုင်း ကျွန်တော် မဖြေနိုင်ပြန်ပါဘူး။ သွားပြန်ပဟဆိုပြီး စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ တစ်ပြိုင်နက် ရွှေပြည်တန် ကျူရှင်က ဆရာဦးတင်မောင်မြင့်ဆီကို တန်းပြီးပြေးသွားတယ်။ ဆရာနဲ့တွေ့တော့ အင်္ဂလိပ်စာမေးခွန်းပေးပြီး ကျွန်တော်ဖြေလာတဲ့ အဖြေတွေကို ပြောပြတယ်။ ဒီတော့ ဆရာက အားရှိစရာပြောပါတယ်။ “မင်းအောင်ဖို့ မလွယ်ဘူးကွ” တဲ့။ ဆရာနေတဲ့ တောင်ဥက္ကလာပကနေ ကျွန်တော့်အိမ်ရှိတဲ့ ဒဂုံမြို့သစ် တောင်ပိုင်းကို ပြန်တဲ့လမ်း တစ်လျှောက် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ဝမ်းနည်း လိုက်တာမှဗျာ။ “မင်းလို ဆယ်တန်းတောင် မအောင်တဲ့ကောင်၊ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူး” ဆိုတဲ့စကားက ကျွန်တော့်နားထဲ၊ ကျွန်တော့်ရင်ထဲ သံရည်ပူတွေ လောင်းချသလို ပူပူလောင်လောင် စီးဆင်းလာတယ်လေ။ မျက်ရည်လည်း ကျပါတယ်။ ဒါပေမဲ့ ကျွန်တော် အားကုန်နေပါပြီ။ သိပ်ပြီးတော့ လည်း ပင်ပန်းနွမ်းနယ်နေပါပြီ။
 
တစ်နေ့တစ်နေ့ မုန့်ကြာခွက်ရောင်းလို့ရတဲ့ ပိုက်ဆံကလေးက မိသားစုခြောက်ယောက် ထမင်းစားဖို့တောင်မှ အနိုင်နိုင်ပါ။ အခု သားနှစ်ယောက်ကလည်း ကျောင်းနေနေပြီ။ ဒီတော့ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ကျွန်တော် ချာချာလည်နေပြီ။ နာကျည်းခံပြင်းစိတ်ကြောင့်သာ ကျွန်တော်ပေပြီး ရွက်လွှင့်နေတာလေ။ အခု အင်္ဂလိပ်စာဖြေပြီးတဲ့ အချိန်မှာတော့ ဒီရွက်ကို ကျွန်တော် ချလိုက်ချင်သွားပြီ။ ဒါကြောင့် အိမ်ကိုပြန်ရောက်တာနဲ့ ဇနီးဖြစ်သူကို “တော်ပြီ၊ အေးရေ၊ ဒီအင်္ဂလိပ်နဲ့ ကိုယ်နဲ့ကတော့ မနက်ဖြန်ကစပြီး သွားမဖြေတော့ဘူး” လို့ မီးစာမကုန် ဆီခန်း ပြောလိုက်မိပါတော့တယ်။ ဒီတော့ ဇနီးသည်က “အားမလျှော့ပါနဲ့ အစ်ကိုရယ်။ အောင်မအောင်က၊ အောင်စာရင်းထွက်မှ သိရမှာပါ။ ဘာသာစုံ ဖြေဖို့က ကိုယ့်တာဝန်ပဲ မဟုတ်လား” လို့ပြောပြီး အားပေးတိုက်တွန်းရှာပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော်လည်း နောက်တစ်နေ့မှာ စာမေးပွဲခန်းထဲ ပြန်ဝင်ဖြစ်ပြီး ၆ ဘာသာစလုံး ဖြေဖြစ်သွားပါတော့တယ်။
 
စာမေးပွဲဖြေတော့ ၀မ်းနည်းနာကျင်ရတဲ့ အဖြစ်အပျက်ကလေး တစ်ခုပြောရဦးမယ်။ ခုံနံပါတ်အရ ကျွန်တော်က အခန်းရဲ့ ရှေ့ဆုံးနံရံနဲ့ ကပ်နေတဲ့ ခုံမှာထိုင်ရတယ်။ ကျွန်တော့်လိုပဲ နံရံနဲ့ကပ်ပြီး ထိုင်ရတဲ့သူ နှစ်ယောက် ရှိပါတယ်။ ကျွန်တော့်ရဲ့ ဘယ်ဘက် တစ်ယောက် အကျော်မှာ အဲဒီအချိန်က ကျွန်တော့်လိုပဲ အသက် ၃၀ ကျော်လောက်ရှိတဲ့ အမျိုးသမီး တစ်ယောက် ဖြေပါတယ်။ အသက်ကြီးမှ ပြန်ဖြေကြတဲ့ သူ အချင်းချင်းဆိုတော့ ကျွန်တော်တို့နှစ်ယောက် ခဏကလေးနဲ့ ခင်မင်သွားကြတယ် ဆိုပါတော့ဗျာ။ စာမေးပွဲ ဖြေတဲ့ ပထမနေ့၊ ဒုတိယနေ့၊ တတိယနေ့ဆိုသလို သူနဲ့ ကျွန်တော် တစ်ယောက်ကိုတစ်ယောက် လှည့်လှည့်ကြည့်ကြပြီး လက်ဟန်ခြေဟန် မျက်နှာ အမူအရာကလေးတွေနဲ့ ဖြေနိုင်လား၊ ဖြေနိုင်တယ်ဆိုသလို စကားပြောဖြစ်ကြပါတယ်။ အားပေးဖြစ်ကြပါတယ်။ သူ ပျော်နေတဲ့ ပုံကလေးကြည့်ပြီး ကျွန်တော်လည်း စိတ်ချမ်းသာတယ်ပေါ့။ ဒီလိုနဲ့ သမိုင်းဘာသာဖြေမယ့်နေ့ မေးခွန်းစာရွက်တွေ မဝေခင် သူနဲ့ကျွန်တော် မျက်လုံးချင်းဆုံဖြစ်တော့ ကျွန်တော်က “မနေ့က ဖြေနိုင်လား” ပေါ့။ သူက အပြုံးကလေးနဲ့ ခေါင်းညိတ်ပြတယ်။ ကျွန်တော့်ကိုလည်း ပြန်ပြီး မျက်စကလေးပစ်လို့ ဘယ်လိုလဲလို့ မေးပါတယ်။ ကျွန်တော်က မနေ့က အင်္ဂလိပ်မရဘူးဆိုပြီး လက်မကို အောက်စိုက်ပြတော့ သူက စိတ်မကောင်းတဲ့ ပုံစံကလေးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်။ ပြီးတော့ အားပေးတဲ့ သဘောနဲ့ လက်သီးကလေးဆုပ်ပြပြီး လက်မလေးထောင်ပြ ပါတယ်။ ကျွန်တော်လည်း သူ့ကို ပြုံးပြလိုက်ပြီး ဆရာမဝေပေးတဲ့ မေးခွန်းစာရွက်ကို ကောက်ဖတ်နေလိုက်တယ်။
 
ဖတ်နေရင်းက သူ့ဘက်ကိုလှည့်ကြည့် မိလိုက်တော့ ကျွန်တော် အတော်လေး စိတ်ထိခိုက်သွားခဲ့ရပါတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ သူဟာ မေးခွန်းစာရွက်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ငေးကြည့်နေရင်းက မျက်ရည်တွေ တစ်ပေါက်ပေါက် ကျနေတာပါပဲ။ ကျွန်တော့်ရင်ထဲမှာလည်း လှုပ်ရှားသွားပြီး ကျက်မှတ်လာတဲ့စာတွေတောင် မေ့ကုန်သလို ခံစားလိုက်ရပါတယ်။ ဒါနဲ့ ကျွန်တော်က ရွှတ်ခနဲ သူ့ကိုလှမ်းခေါ်ပြီး သူလှည့်ကြည့်တာနဲ့ ဘာဖြစ်လို့လဲ အမူအရာနဲ့ မေးလိုက်တော့ ခေါင်းကိုသာ တွင်တွင်ခါပြရှာပါတယ်။ ကျွန်တော် ထင်တာကတော့ သူ spot ရိုက်ပြီး ကျက်မှတ်လာတာတွေ တစ်ပုဒ်မှ ပါမလာတာနဲ့ ၀မ်းနည်းပြီး ငိုတာဖြစ်ပါလိမ့်မယ်။ ဒါနဲ့ ကျွန်တော်လည်း ကြံရာမရဖြစ်ပြီး သူ့ရဲ့စားပွဲပေါ်မှာရှိတဲ့ အခန်းစောင့်ဆရာမရဲ့ ကြိမ်ခြင်း ကလေးကို လက်ညှိုးထိုးပြမိတယ်။ အတန်းထဲက စာမေးပွဲဖြေနေသူတွေ ခိုးချနေကြတဲ့ စာရွက်တိုရှည်တွေကို ဆရာမက သိမ်းသိမ်းလာပြီး အဲဒီ သူ့ရဲ့ခြင်းထဲ လာလာထည့်တာကိုးဗျာ။ ဒါကြောင့် အဲဒီစာရွက်တွေကို ယူပြီး ဖြေဖို့ ကျွန်တော်ပြောတာပါ။ အဲဒီလို အကြံပေးသင့် မပေးသင့် ကျွန်တော် မစဉ်းစားတော့ဘူးလေ။
 
မိန်းကလေးတစ်ယောက် အသံမထွက်ဘဲ ကြေကြေကွဲကွဲ ငိုနေတာကိုမြင် ရတာ အတော် ၀မ်းနည်းဖို့ကောင်းတယ် မဟုတ်လား။ သူက ကျွန်တော့်ကို ပုခုံးကလေးတွန့်ပြပြီး ကြောက်တယ်လို့ ပြောတာနဲ့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ ကျွန်တော့်စိတ်ထဲ မကောင်းလိုက်တာမှလေ။ ဒီအသက်အရွယ်မှာ ရှက်စိတ်၊ ကြောက်စိတ်တွေကို မျိုသိပ်ပြီး စာမေးပွဲလာပြန်ဖြေတယ် ဆိုကတည်းက သူလည်းနာကျည်းချက် တစ်ခုခုကြောင့် ဖြစ်မှာပါလေဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့် စိတ်ထဲ တော်တော်ထိခိုက်ရပါတယ်။
 
ဒီလိုနဲ့ စာမေးပွဲအောင်စာရင်း ထွက်ရောဆိုပါတော့။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အောင်မယ်လို့ကို မထင်တာပါဗျာ။ ဒါပေမဲ့ ငါးဘာသာအောင်ပြီး ကျချင်းကျရင် အင်္ဂလိပ်ဘာသာပဲ ကျမှာကို ယုံကြည်ထားတာကြောင့် B လေးနဲ့ပါလိုငါငြား ဆိုပြီး အောင်စာရင်း သွားကြည့်ပါတယ်။ ကျွန်တော်တို့တုန်းက ဆယ်တန်းအောင်စာရင်းက A စာရင်းနဲ့ B စာရင်းဆိုပြီး ထွက်ပါတယ်။ A နဲ့အောင်ရင် တက္ကသိုလ် ဆက်တက်ရပေမယ့် B နဲ့အောင်ရင်တော့ တက္ကသိုလ် ဆက်တက်လို့ မရပါဘူး။ ဗိုလ်သင်တန်း လျှောက်လို့တော့ ရပါတယ်။ အောင်စာရင်းက အောင်ချက် တော်တော်နည်းပါတယ်။ A စာရင်း စာရွက်ကလေး တစ်ရွက်သာကပ်ထားပြီး B စာရင်းအတွက် စာရွက်သုံးလေးရွက် ကပ်ထားတယ် ထင်ပါတယ်။ သိပ်မမှတ်မိတော့ပါဘူး။ B စာရင်းသွားကြည့်တော့ ကျွန်တော့်နာမည် မတွေ့ရပါဘူး။ နဂိုကတည်းက အောင်မယ်လို့ ထင်မထားတဲ့အတွက် ၀မ်းမနည်းပဲ “ထင်သားပဲ” ဆိုပြီး စက်ဘီးကလေးတွန်းလို့ ပြန်လာပါတယ်။
 
ကျောင်းအပေါက်ဝရောက်တော့မှ ကိုယ်နဲ့အတူဖြေခဲ့တဲ့သူတွေထဲ ဘယ်သူတွေ A နဲ့များ အောင်ကြသလဲဆိုတာကို သိချင်စိတ် ဖြစ်လာပါတယ်။ ဒါနဲ့ပဲ ကျောင်းထဲကို ပြန်ဝင်လာလိုက်ပြီး A စာရင်းကပ်ထားတဲ့ ကျောက်သင် ပုန်းရှေ့ကို သွားရပ်ပြီး ကြည့်လိုက်မိပါတယ်ဗျာ။ ဘာပြောကောင်းမလဲ အရပ်ကတို့ရေဆိုသလို အဲဒီ့မှာ ကျွန်တော့်နာမည် သွားတွေ့တာကိုး။ ကျွန်တော့်မှာဗျာ ရင်တွေတုန်၊ ဒူးတွေတုန်ရုံတင် မဟုတ်ဘူးဗျာ။ ညအမှောင်ကြီးထဲ တစ်ယောက်တည်း လမ်းလျှောက်လာနေတုန်း ဖြုန်းခနဲ သရဲ အခြောက်ခံလိုက်ရတဲ့ အတိုင်းပါပဲ။ ဆံပင်တွေ ထောင်၊ ဦးရေပြားတွေ တဖျဉ်းဖျဉ်းဖြစ်ပြီး တကယ့်ကို ကတုန်ကရင်ကြီးပါပဲ။ ကျွန်တော့်နာမည် ကလေးကိုလည်း ဘယ်လိုကြည့်ကြည့် ကြည့်လို့မ၀နိုင်ပါဘူး။ ကျွန်တော့် နာမည် ကြည့်လိုက်၊ အဖေနာမည်ကြည့်လိုက်နဲ့ပေါ့။
 
အဲဒီအောင်စာရင်းမှာ ကျွန်တော့်နာမည် တွေ့တဲ့အချိန်က ကျွန်တော့်အသက် ၃၆ နှစ်ရှိပြီး ကလေး လေးယောက်အဖေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ်တန်းကို ပထမဦးဆုံး စဖြေပြီး အောင်တဲ့ ၁၆ နှစ်သား ကလေးတစ်ယောက်လို ကျွန်တော်ပျော်ပါတယ်။ ကျွန်တော် ဆယ်တန်းအောင်တာကို သိပ်ပြီးကြွား ချင်လိုက်တာမှဗျာ၊ ပါးစပ်အမြှုပ်တောင် ထွက်ပါတယ်။ အနီးအနားမှာ ဘယ်သူများ ရှိလေမလဲလို့ ဟိုဒီလှည့်ကြည့်တာ အသိဆိုလို့ တစ်ယောက် တလေမှ မတွေ့ရတာနဲ့ အဖေ၊ အမေတို့အိမ်ကို စက်ဘီးတရမန်းကြမ်း နင်းချသွားတော့တာပါပဲ။ အိမ်ရောက်တော့ စက်ဘီးတောင် ကောင်းကောင်း မထောင်နိုင်ပါဘူး။ ဒီအတိုင်း ကမန်းကတန်း ပစ်လှဲထားခဲ့ပြီး အိမ်ပေါ်ကို ၀ရုန်းသုန်းကား ပြေးတက်သွားခဲ့ပါတယ်။
 
ရဲခေါင်မဲမောင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.