ဂျီနီဘီလူးပုံပြင် // မောင်ဟစ် //

မောင်ဟစ်တို့ မြန်မာလူမျိုးတွေက စာတတ်ကြတယ်။ သို့သော် ပညာမတတ်ဘူးလို့ လူတွေ ပြောနေကြတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံဟာ စာတတ်သူ အရေအတွက်ဟာ ကမ္ဘာမှာ ထိပ်နားမှာရှိတယ်။ ဆင်းရဲတဲ့ နိုင်ငံစာရင်းမှာလည်း ထိပ်နားက ရှိနေတယ်။

ဖွံ့ဖြိုးဆဲအဆင့်မှာ ၁၉၀ နိုင်ငံအနက် ၁၇၂ အထိ ရောက်နေတယ်လို့ သိရတယ်။ အောက်မှာကျန်တဲ့သူတွေ ရှိတယ်ဆိုပြီး အချို့က ၀မ်းသာနေကြပါတယ်။ ကျွန်တော်တို့ဟာ ဘာလို့ နံပါတ် ၁ အဆင့် မရောက်နိုင်ရတာလဲ။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က မြန်မာနိုင်ငံ (ဂျပန်ကျ) ကားတွေ စီးနေတယ်။ တရုတ်က မြန်မာနိုင်ငံ ကားတွေကို မှောင်ခိုသွင်းကာ စီးရတယ်။ မြန်မာက ထိုင်းနယ်စပ်က ကားတွေကိုယူပြီး တရုတ်ကိုပို့ကာ စီးပွားဖြစ်ကြတာတွေ ရှိတယ်။ နာရီတွေ၊ ကက်ဆက်တွေကို တရုတ်က မြန်မာပြည်နယ်စပ်က မှောင်ခိုဝယ်ယူတယ်။ ယူနန်နယ်စပ်က လူတွေ မြန်မာပြည်ကနေ ဈေးဝယ်တယ်။ ယနေ့ တရုတ်တွေ ချမ်းသာသွားပြီ။ ကမ္ဘာမှာ နံပါတ် ၁ နားကပ်နေပါပြီ။ မြန်မာကတော့ ဒုံရင်းဒုံရင်းပဲ။

ဒါကို အချို့က ပညာရေးကြောင့်လို့ ပြောကြတယ်။ စာတတ်တဲ့ မြန်မာတွေဟာ ပညာ ဘာကြောင့်မတတ်တာလဲ။ ဆင်ခြင်မှုတွေ နည်းလို့ပဲတဲ့။ ဆင်ခြင်စဉ်းစားတာတွေကို စာအုပ်စာပေတွေကနေပဲ ရပါတယ်။ စာအုပ်တွေက စာတွေဖတ်ရတယ်။ ကျောင်းတွေကနေ သင်ပေးရပါတယ်။ မြန်မာတွေ အတော်ကြိုးစားတယ်။

စာမေးပွဲနီးရင် Camp သွင်းကာစာကျက်တာပါပဲ။ ဆရာ၊ ဆရာမတွေ အုပ်ချုပ်ရေးမှူးတွေ မိဘတွေ၊ လူမှုအသိုင်းအ၀ိုင်းတွေကပါ စာကျက်ဖို့ ကြိုးစားတယ်။ Camp တွေဟာ အင်မတန် ထူးခြားတဲ့ ရလဒ်တွေကို ရစေပါတယ်။ အဲဒါကတော့ ကျောင်းသားတွေ ဂုဏ်ထူးတစ်ဘာသာ၊ နှစ်ဘာသာကနေ ခြောက်ဘာသာအထိ ဂုဏ်ထူးတွေ ရကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဆင်းရဲမြဲ ဆင်းရဲနေတာပဲ။

ဘာကြောင့်လဲ။

ကျွန်တော်တို့ဟာ Camp တွေဝင်ပြီး စာကျက်တာပဲကိုး။ ဘယ်သူမှ ဆင်ခြင်တွေးတောတာတွေ သင်မပေးဘူး။ သင်လို့မရတဲ့ အကြောင်းတစ်ခုကတော့ ကျွန်တော်တို့ဟာ ယဉ်ပါးခြင်းမရှိတဲ့ ဘာသာစကားတွေနဲ့ သင်ယူကြတာကိုး။ တိတိကျကျပြောရရင် ကျွန်တော်တို့က အင်္ဂလိပ်လိုသင်တယ်။ အင်္ဂလိပ်စာကို ကျွန်တော်တို့က အထင်ကြီးတယ်။ အင်္ဂလိပ်စာတတ်သူကို ပညာတတ်လို့ ထင်ကြတယ်။ ဒါဟာလည်း ကိုလိုခေတ်က ဖြစ်ခဲ့တဲ့ကိစ္စပဲလေ။

ကိုလိုနီနယ်ချဲ့တွေဟာ သူတို့ခိုင်းလို့ရအောင် အင်္ဂလိပ်စာနဲ့ ပညာသင်ပေးတယ်။ ဒါနဲ့ပဲ အင်္ဂလိပ်စာကို ပညာလို့ထင်လာကြတယ်။ အင်္ဂလိပ်စာတတ်ပြီး အင်္ဂလိပ်စကားပြောတတ်ရင် ပညာတတ်ဖြစ်တယ်ဆိုရင်တော့ အင်္ဂလန်က လမ်းဘေးမြက်ပေါက်နေတဲ့ အင်္ဂလိပ်ကြီးတွေ၊ အမှိုက်သိမ်းနေတဲ့ အင်္ဂလိပ်ကြီးတွေဟာ ပါမောက္ခကြီးတွေ ဖြစ်နေမှာပဲပေါ့။ မရယ်ပါနဲ့၊ တကယ်ပြောတာပါ။

မြန်မာပြည်မှာတင်မကပါဘူး၊ ကမ္ဘောဒီးယားလို အရှေ့တောင်အာရှနိုင်ငံတွေမှာ အင်္ဂလိပ်စာတတ်တဲ့ Native Speakers တွေကို ဆရာတင်ကြတယ်။ ဒါကြောင့် အရှေ့တောင်အာရှက အင်္ဂလိပ် ကျောင်းတွေ ထောင်တဲ့သူတွေဟာ ဈေးပေါတဲ့ သားငါးရောင်းသူ Butcher တွေ၊ Fish Monger တွေကိုခေါ်ပြီး ဆရာခန့်တာတွေတောင် ရှိတယ်။

တကယ်တွေးခေါ်တယ်ဆိုတာ ဘာသာစကားရှိရတယ်။ အဲဒီဘာသာစကားကတော့ မိခင်ဘာသာစကား (Mother Tongue) သာ ဖြစ်ရပါတယ်။

အတွေးအခေါ်နိမ့်ကျတဲ့အခါ သူများလှည့်စားသမျှ ခံရပါတယ်။

***                   ***                       ***

ဂျီနီဘီလူးကြီး ဆိုတာ ကြားဖူးကြပါသလားကွယ်။

တစ်ထောင့်တစ်ညပုံပြင်ထဲက အာလာဒင်နဲ့ မီးခွက်ဆန်း ဆိုတဲ့ ပုံပြင်ကိုကြားဖူးရင် ဂျီနီဘီလူးကြီးကိုသိကြမှာပဲ။ ခုပုံပြင်လေးကတော့ တစ်ထောင့်တစ်ည ပုံပြင်တွေထဲမှာ ပါဝင်တာမဟုတ်ဘူး။

အတွေးအခေါ်ညံ့ဖျင်းသူများ လှည့်စားခံရတာကို -

တစ်ခါ အင်္ဂလန်ပြည်က ဂေါက်ကွင်းတစ်ခုမှာ ကောင်မလေးတစ်ယောက်ဟာ ဂေါက်ရိုက်နေရင်း သူမရဲ့ ဂေါက်ဘောလုံးဟာ အနီးက အိမ်တစ်အိမ်ထဲ ၀င်သွားသတဲ့။

ဂေါက်သီးဟာ မှန်ပြတင်းပေါက်ကို ခွဲပြီး အိမ်ထဲတန်းတန်းမတ်မတ် ၀င်သွားလေသတဲ့။ စိတ်မကောင်းစွာနဲ့ပဲ ကောင်မလေးဟာ အဲဒီအိမ်ကို တံခါးသွားခေါက်တာပေါ့။ အိမ်ထဲက ပန်ချာဘီကြီးတစ်ယောက် ပေါင်းထုပ်ကြီးနဲ့ ထွက်လာသတဲ့။

“အန်ကယ်ရယ်၊ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ဂေါက်သီးဟာ မှန်ပြတင်းပေါက်ကိုခွဲပြီး အိမ်ထဲဝင်သွားတာပါ။ ဒီနေ့မှ စကစားတဲ့လူသစ်ဖြစ်လို့ပါပဲ””

“ကိစ္စမရှိပါဘူးသမီး၊ အန်ကယ်က လူမဟုတ်ဘူးကွဲ့ ဘီလူးကြီးဂျီနီပါ””

“ရှင်”

“ဖြစ်မှဖြစ်ရပလေ”

“ဟုတ်တယ် သမီး၊ စောစောက သမီးလေး ဂေါက်သီးရိုက်မိတော့မှ ပုလင်းကွဲသွားတယ်”

“သမီး ၀မ်းနည်းပါတယ်”

“ဒါ ၀မ်းနည်းစရာမဟုတ်ဘူးသမီး၊ အန်ကယ်က ဒီပုလင်းကွဲမှ ကျိန်စာမိထားတာကနေ လွတ်မြောက်တာဖြစ်တယ်။ ကဲ ဒီအတွက် အန်ကယ် ကျေးဇူးဆပ်ချင်တယ်။ သမီးလိုချင်တာပြော”

“၀မ်းသာလိုက်တာ အန်ကယ်ရယ်၊ စဉ်းစားလိုက်ဦးမယ်”

“ရပါတယ်၊ သမီးအချိန်ယူစဉ်းစားပါ”

ဂျီနီဘီလူးကြီးဟာ အမျိုးသမီးလေးကို အခန်းထဲမှာ ပေးထိုင်လိုက်တယ်။

အမျိုးသမီးလေးဟာ “စဉ်းစားလို့ရပြီ” ဆိုပြီး စပြောတယ်။

“ပြောပါ”

“သမီးငွေစာရင်းထဲမှာ ဒေါ်လာတစ်သန်းလောက်လိုချင်တယ်”

“ဒါလေးများ၊ ရစေ”

ဘီလူးကြီးဟာ လက်ကိုမြှောက်ပြီး စားပွဲကို “ဖြောင်း” ခနဲ ရိုက်လိုက်တယ်။ မိန်းကလေးဟာ တုန်လှုပ်သွားလေတယ်။

“ကဲ ရသွားပြီ သမီး၊ သမီးငွေစာရင်းကို အိမ်ရောက်ရင် စစ်ဆေးလိုက်”

“ကျေးဇူးပဲ အန်ကယ်ရယ်”

“ရပါတယ်၊ ဒါနဲ့ သမီးအိမ်ထဲဝင်ပါဦးလား၊ အန်ကယ်လေ နှစ်ပေါင်း ၂၀၀၀ တောင် မပျော်ပါးခဲ့ရဘူး”

“ဘယ်လို”

“အန်ကယ်၊ အမျိုးသမီးတွေနဲ့ မတွေ့ထိရတာ အနှစ် ၂၀၀ ကျော်သွားပြီ၊ သမီး ကူညီမှာလား”

ကောင်မလေးက အကူအညီပေးဖို့ အိပ်ခန်းထဲ ၀င်သွားလေတယ်။

***                  ***                       ***

နောက်တစ်ပတ်မှာ ကောင်မလေးဟာ ဒီနေရာကို ပြန်ရောက်လာတယ်။

“ဒေါက်ဒေါက်”

“ဘယ်သူလဲ”

“သမီးပါ”

“၀င်ခဲ့”

ကောင်မလေးတံခါးဖွင့်ဝင်သွားတယ်။

ဂျီနီဘီလူးဟာ အိမ်ရှေ့စားပွဲမှာ ထိုင်နေတယ်။

“အန်ကယ် သမီး ငွေစာရင်းထဲ ဒေါ်လာတစ်သန်းမ၀င်သေးဘူး”

ဘီလူးက ပြုံးလိုက်တယ်။

“သမီးရယ်၊ သမီးလည်း ဒီအရွယ်ရောက်နေပြီ။ ဂျီနီဘီလူးကို ယုံတုန်းပဲလား” လို့ ပြောလိုက်လေသတဲ့။

***                  ***                    ***

နိဂုံးချုပ်ပါတော့မယ်။

စဉ်းစားဆင်ခြင်တတ်ဖို့ ပညာတတ်ဖို့လိုတယ်။ သင်ယူရမယ်၊ လေ့လာရပါမယ်။ လေ့လာဖို့အတွက် အင်္ဂလိပ်လို စာအုပ်တွေ ပေါပါတယ်။ ပညာသင်ဖို့ အင်္ဂလိပ်စာအုပ်တွေ လိုတာကို သိပါတယ်။

ဒါပေမဲ့ ပညာတတ်ဖို့ဟာ တွေးတတ်ခေါ်တတ်ရမယ်။ တွေးဖို့ခေါ်ဖို့ မြန်မာလိုသင်ဖို့ လိုတယ်။ အင်္ဂလိပ်လို အချိန်ပေး စာကျက်ရတဲ့အတွက် လူငယ်လေးတွေဟာ အချိန်ကုန်တယ်။ လူမှုရေးတွေ အများကြီး ဆုံးရှုံးပါတယ်။ နံပါတ် ၁ ကို သွားချင်ရင်တော့ တိုင်းပြည်ကို ဦးဆောင်နေသူ အများ ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်သင့်တယ်လို့ မောင်ဟစ်အကြံပြုပါတယ်။

မောင်ဟစ်
The Ladies News
 

Vote: 
Average: 4 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.