ပြည်သူတို့နှင့် အရွေ့တစ်ခုဆီ // ရွှေဒါးမောင်လေးရည် //

ကျွန်တော်တို့နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ၇၀ ရာခိုင်နှုန်းသော လူတန်းစားတို့မှာ လယ်ယာဦးကြီးများ ဖြစ်ကြပါသည်။ ထိုတောင်သူဦးကြီးများအပေါ် ဂုဏ်ပြုခေါ်ဝေါ်ကြပုံမှာလည်း ကျေးဇူးရှင် လယ်သမားဦးကြီးများ ဟူ၍ပင် အချိုသာဆုံးသော စကားလုံး အလှအပတို့ဖြင့် ဆိုညွှန်းကြသည်လည်း ရှိပါသည်။ သို့ပါသော်လည်း အပေါ်ယံ အလှအပ စကားလုံးလေးများဖြင့် ဂုဏ်တင်ခဲ့ကြသလို အပြေအဟောများနှင့် ညီမျှသည့် တကယ်တမ်း အလုပ်များနှင့် ဂုဏ်ပြုခဲ့ကြ၊ ကျေးဇူးဆပ်ခဲ့ကြပါရဲ့လားဟူ၍ နောက်ကြောင်းများကို စေ့ငုကြည့် လှန်လှောကြည့်ကြမည် ဆိုတော့ ပြောခဲ့ကြသလို အပြောနှင့်လုပ်ရပ်တို့မှာ မိုးကောင်းကင်နှင့် မြေပြင်လွှာ၏ အကွာအဝေးသို့နယ် ဝေးပြီးရင်းဝေး လှမ်းပြီးရင်း လှမ်းနှင့် အဟပ်တွေက ကွာချင်တိုင်းကွာနှင့် ဝေးချင်တိုင်း ဝေးနေသည်မှာ လုပ်ရပ်အပေါင်းတို့က သက်သေပြု၍ နေပေသည်။
 
ကျွန်တော်တို့ လက်လှမ်းမီသည့်ကာလမှာ မဆလခေတ် ဖြစ်ပါသည်။ သည်စဉ်ကတော့ ဒူးယား၊ အုန်းတော၊ ပုပ္ပားစသဖြင့် တောင်သူလယ်သမား အပေါင်းတို့အား ဂုဏ်ပြုလေသယောင် `တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများ´ ဖြင့် အယောင်ဆောင်ပြသခဲ့ပုံများလည်း အထင်းသားပင် တွေ့မြင်ခဲ့ရဖူးပါသည်။ သို့သော်လည်း သိပ်ပြီးမကြာလိုက်ရပါ။ ထိုစဉ်ကာလဆီက လယ်သမားများထံမှ တာဝန်ကျေ စပါးဆိုတာ ပေါ်ခဲ့ဖူးပါသည်။ သူတို့ လုပ်ကိုင်ကြသည့် လယ်မြေဧကလိုက်၍ နိုင်ငံတော်သို့ စပါးများ ရောင်းချပေးရသည့် စနစ် ဖြစ်ပါသည်။ သည်စနစ်မှာ ရေအသင့် မိုးအသင့် အဆင်ပြေရာဒေသတို့အတွက် မထောင်းသာသော်လည်း မိုးနည်း ရေရှားရာ အညာကျေးလက် ဒေသတို့မှာတော့ အထမ်းထက် အဆွဲပိုလေးခဲ့ရသည်မှာ လက်တွေ့ပင် ဖြစ်ခဲ့ရပေသည်။ ဆည်များမှ ထောက်ကူပေးသည့် ဆည်ရေလည်း မရသည့်အပြင် မိုးကောင်းသောက် ဧရိယာများမို့ မိုးခေါင်သည့်နှစ်များ၌ စပါးရဖို့ဝေး၊ နွားစာကျွေးဖို့ ကောက်ရိုးမျှပင် မရသည့် နှစ်ပရိစ္ဆေဒတို့ဖြင့် ရင်ဆိုင် တိုးတိုက်ခဲ့ကြရလေသည်။ သို့သော်လည်း ချမှတ်ပေးထားသည့် တာဝန်ကျေစပါးပေးသွင်းရမှုကတော့ စောဒကတက်ခွင့်မရခဲ့ကြရဘဲ စပါးအောင်သည် မအောင်သည် ခြွင်းချက်မဲ့စွာဖြင့် စပါးဒိုင်များထံမှ တစ်ဆင့်ဝယ်ယူခဲ့ကြပြီး တာဝန်ကျေစပါး ပေးသွင်းခဲ့ကြရသည်ထိ သူတို့တွေခေါ်ဆိုကြသည့် လယ်သမားဦးကြီးတို့အပေါ် နှိပ်ကွပ်ခဲ့ကြပုံများအား ခုပြန်တွေး ခုပင်ထိခိုက်နာကျင်နေရဆဲသာ ဖြစ်ခဲ့ရပေသည်။ ပို၍ဆိုးပုံများမှာ တာဝန်ကျေစပါး မပေးသွင်းသည့် တောင်သူဦးကြီးတို့အား မြို့သို့ခေါ်ယူကာ အချုပ်အနှောင်ထဲ ထည့်ခဲ့ကြသည်။ ထိုအချုပ်အနှောင်ထဲ ထည့်သွင်းထားစဉ်မှာလည်း နိုင်ငံတော်၏ အထောက်အပံ့ဖြင့် စားသောက်ရသည့် အချုပ်ထမင်းကိုမျှပင် ကျွေးမွေးခြင်းမပြုဘဲ ကိုယ့်ဘာသာ အိမ်က လာရောက်ပို့ဆောင်သည့် ကိုယ့်ထမင်းကိုယ်စားနှင့် အချုပ်အနှောင် ခံရသည်ထိ နှိပ်စက်ကလူပြုမူခဲ့ကြပုံများဖြင့် ကျေးဇူးရှင်ကြီးများဟု စကားလုံးလှလှကလေးများ ခေါ်ကာ နှိပ်စက်ခဲ့ပုံ သာဓကများသာပင်။
 
သူတို့တွေ ညွှန်းဆိုခဲ့ကြသည့် လယ်သမားဦးကြီးတို့မှာ ကိုလိုနီလက်အောက်ခံ ဘ၀မှသည် ခေတ်အဆက်ဆက် အောက်ခြေ လူတန်းစားများအဖြစ် အဖိနှိပ်ခံ နင်းပြားများသာ ဖြစ်ခဲ့ရသည်မှာလည်း သိကြသည့်အတိုင်းသာပင် အဆိုးရွားဆုံးသော ကာလကို ညွှန်ရမည်ဆိုလျှင်တော့ နအဖခေတ်ကာလကိုသာ လက်ညှိုးထိုးရပေမည်။ ဘာကိစ္စ ပေါ်ပေါက်လိုက် ပေါ်လာလိုက် လယ်သမားတို့ ပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများကိုသာ အနိုင်အထက် သိမ်းဆည်းကြဖို့ အလွယ်တကူ ဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံတော်ပိုင် အလုပ်ရုံ စက်ရုံများ တိုးချဲ့မည် အကြောင်းပြ၍ သိမ်းဆည်းကြသလို ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးဖို့ ခေါင်းစဉ်အောက်ကလည်း လယ်သမား၏ မြေယာသိမ်းဖို့သာ အားစိုက်ကြသည်။ နိုင်ငံတော်၏ လစာရိက္ခာ စားသုံးလျက် ရှိသည့် အစိုးရအဖွဲ့အစည်း အသီးသီးတို့ကလည်း သက်သာချောင်ချိရေး လုပ်ဖို့ဆိုကာ လယ်သမား၏ မြေယာများကိုသာ သိမ်းဆည်းလာခဲ့ကြရာ နောက်ဆုံးမှာတော့ တောနေလူတန်းစားများ သူတို့အခေါ် ဦးကြီးများခမျာ နောက်ဆုံး သူ တာဖြစ်သည့် မြေမဲ့ယာမဲ့ဘ၀ ရောက်ရှိကြရသည်။ လုပ်ကိုင်စားသောက်စရာ မရှိတော့ မြို့ပြများထံ ခိုဝင်ကြရသည်။ သည်လိုနှင့် မြို့ပြဆီမှ ကျူးကျော်ဆိုသည့် ပျံကျရပ်ကွက်များအတွင်း အင်အားတိုးပွားလာခဲ့ကြရသည်မှာ သူတို့တွေ၏ ထွက်ပေါက်များ ဖြစ်ခဲ့ရတော့သည်။ သိမ်းဆည်းခံ လယ်သမားတို့၏ ဘ၀များသာ မြေမဲ့ယာမဲ့ ဖြစ်ခဲ့ကြရသည့်တိုင် သိမ်းဆည်းခံ မြေယာများပေါ်မှာတော့ တစ်ဆင့်ခံ သမားများသို့ သီးစားချထားပေး၍ လုပ်ကိုင်ခွင့်ပြုခဲ့ကြသည်။ သည်အခါတွင်လည်း အချို့သော မူလပိုင်ရှင် လယ်သမားတို့ အဖြစ်များအား ပြန်ပြောရလျှင် မျက်ရည်စို့ဖွယ် ရင်နင့်ဖွယ်အဖြစ်များက ဒုနဲ့ဒေးပင်။ မိမိပိုင် လယ်ယာမြေပေါ်၌ လယ်သူရင်းငှားများအသွင်ဖြင့် ၀မ်းရေးအတွက် ဖြေရှင်းနေကြပုံတွေက အများအပြားပင်။
 
ကျွန်တော်တို့ နားနှင့်မဆံ့နိုင်လောက်အောင် နားသောတဆင်ခဲ့ရသည့် မြေယာသိမ်းဆည်းမှုများမှာလည်း ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ကြလေသည်။ အရုပ်ဆိုးဆုံးများမှာ ကန့်ဘလူနယ်က လယ်သမားတို့ ကိစ္စ၊ စဥ့်ကိုင်ဘက်က လယ်သမားများ ကိစ္စ၊ တောင်ငူ အုတ်တွင်းဘက်က လယ်ယာသိမ်းကိစ္စ၊ မတ္တရာက လယ်ယာမြေသိမ်းကိစ္စ၊ လက်ပံတောင်းတောင် ဒေသက လယ်ယာမြေသိမ်းကိစ္စများက သရဖူဆောင်းခဲ့သည်ဟုသာ မှတ်ချက်ပြုရမည် ဖြစ်ပေသည်။ ကိုယ့်ဘိုးဘွား မိဘ အစဉ်အဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့ကြသည် ဖြစ်ပါလျက် တန်ခိုးအာဏာဖြင့် အနိုင်ကျင့် ဗိုလ်ကျမှု ဒဏ် ခံခဲ့ကြရသည့် ဖြစ်စဉ်များက အစဉ်အဆက် ပြောစမှတ်ပြု ကျန်ရစ်ခဲ့ကြမည် ဖြစ်ပေသည်။ ကန့်ဘလူဒေသခံ လယ်သမားများစွာတို့ တရားစွဲခံခဲ့ကြရပြီး နောက်ဆုံး တရားရုံးသို့ သွားရောက် ရင်ဆိုင်ရန် လမ်းစရိတ်ပင် မတတ်နိုင်လောက်အောင် ဖြစ်ခဲ့ရပုံများမှာ ကိုယ့်တိုင်းရင်းသားပြည်သူများအပေါ် အထင်အရှား နှိပ်ကွပ်မှု ပုံရိပ်များအဖြစ် ထင်ကျန်နေရစ်မည်မှာ ယုံမှားဖွယ်မရှိပါပေ။
 
လောလောလတ်လတ် လယ်သမားဦးကြီးတို့၏ သတင်းတစ်ပုဒ် သတင်းစာ စာမျက်နှာပေါ် ပျံသန်းလာခဲ့ပေသည်။ `တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ လယ်မြေဧက ၇၀၀ ကျော်ပေါ်တွင် စီမံကိန်းတစ်ခု အကောင်အထည် ဖော်ရန် တိုင်များစိုက်ထူမှုအပေါ် မူလလယ်ပိုင်ရှင်များ လက်မခံဘဲ ကန့်ကွက်´ ဆိုသည့် သတင်းပင်။ ၁၉၉၂ ခုနှစ်ကာလဆီမှ တပ်က သိမ်းဆည်းခံရသည့် လယ်မြေများပင်။ ၂၀၁၃ ခုနှစ်တွင် ပြန်လည်ပေးမည်ဟု ကြားခဲ့ရသည်ဆိုပြီး ယခုထိ သူတို့လက်ထဲ မရောက်သေးဘူးဟုလည်း ဆိုပေသည်။
 
သည်ကနေ့ကာလမှာတော့ ထိုမြေပေါ်၌ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၏အမိန့်ဖြင့် ကားဝင်းတည်ဆောက်မည် ဆိုကာ ကျောက်တိုင်များ လာရောက်စိုက်ထူခဲ့ကြသဖြင့် မူလပိုင်ရှင် လယ်သမားများက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်ပေသည်။ သည်ကိစ္စနှင့်ပတ်သက်ပြီး စကားသံများလည်း ကြားရပေသည်။ “လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမှာ။ အဲဒါကို ဒီမြေတွေက အငြင်းပွားနေလို့ဆိုပြီး ပြောတယ်။ အငြင်းပွားတာကို ဖြေရှင်းပြီးပြီ။ အငြင်းပွားတာ ခင်ဗျားတို့ကိစ္စ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ဧကက ခုနစ်ရာကျော်လောက် ရှိတယ်။ လယ်သမားတွေ ဒီမြေကိုပြန်ရဖို့ ၂၅ နှစ်လောက် စောင့်ထားရတာ။ မြေရမယ်ဆိုရင် တာဝန်ရှိသူက ပြန်ကျူးနေသလို ဖြစ်နေတယ်” ဟု မင်္ဂလာဒုံမြို့တော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားခဲ့လေသည်။
 
“အခုလို ဖြစ်တာတွေက အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ သမ္မတကြီးရဲ့ ၁၄/၂၀၁၆ အရ လယ်တွေပြန်ပေးရမှာ။ ဒီနေရာမှာ စီမံကိန်း လုပ်မယ်ဆိုရင်လည်း လွှတ်တော်ကိုတင်ပြရမယ်။ မြေသိမ်းတဲ့ဟာတွေ ပါလာပြီဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ကိုင်ခွင့်ဘောင်ထဲမှာ မရှိပါဘူး။ လယ်သမားတွေက ပေးကားပေးပြီး မရဖြစ်ပြီး နှစ်ပေါင်း သုံးလေးဆယ် လယ်တွေပစ်ထားခဲ့ရတာ ဖြစ်တယ်။ သက်ဆိုင်တဲ့သူတွေက စာစာနာနာလုပ်ဖို့ ပြောချင်ပါတယ်” ဟု ပြည်ထောင်စု တိုင်းရင်းသား လယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးဇော်ရမ်းကလည်း သူ့သဘောထားကို ထုတ်ဖော်ခဲ့ပါသည်။
 
လက်ရှိကာလမှာ ပြည်သူ့ဆန္ဒသဘောထားဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည့် အစိုးရ၏ အုပ်ချုပ်မှုဖြင့် လျှောက်လှမ်းနေသည့် အချိန် ဖြစ်ပါသည်။ ပြည်သူအပေါင်းတို့၏ မျက်နှာကိုလည်း ငဲ့ကြည့်ရပါမည်။ ယခင်ကာလများဆီက အစိုးရများကဲ့သို့ ပြည်သူတို့အား အပေါ်စီးမှ ဆက်ဆံရမည့် အချိန်ကာလမျိုး မဟုတ်သည်ကို သတိပြုသင့်လှပါသည်။ လုပ်ကိုင်ပိုင်ခွင့် တစ်ခုအပေါ် အသုံးချပြီး လူထု၏ သဘောဆန္ဒများကို လျစ်လျူရှုထားမည်ဆိုလျှင်တော့ဖြင့် ပြည်သူနှင့်အတူဆိုသည့် ရည်ရွယ်ရာ ရှေ့လမ်းကြောင်း တစ်ခုနှင့် ဖီလာဆန့်ကျင်နေမည့်အဖြစ်ကို ထည့်သွင်းစဉ်းစားစေလိုပါကြောင်းဖြင့် … ။
 
ရွှေဒါးမောင်လေးရည်
The Ladies News
 
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.