ရန်ပဲဖြစ်နေကြမလား ထမင်းမစားကြတော့ဘူးလား || ဂျေလှသင် ||

ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း တစ်သောင်း ကိုးထောင် ကျော် အမြင့်ကနေ ကိုယ့်နိုင်ငံ နယ်စပ်ကို ရောက်သွားတဲ့ မြန်မာနိုင်ငံသား တစ်ယောက် နယ်စပ်က ချောင်းရိုးလေးအစပ်မှာ တစ်ဖက်ကမ်းက မြင်ကွင်း တွေကို မြင်လိုက်ရတဲ့ တခဏ စိတ်ဓာတ်တွေ ပြုတ်ကျ သွားလိုက်တာ မဟာပထ၀ီ မြေကြီးအောက် ပေပေါင်း တစ်သောင်းကျော် အထိများ နစ်ဝင်သွားလေပြီလား မသိ။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်နိုင်ငံ သားတွေ အတွက်၊ အနာဂတ်မျိုးဆက်သစ်တွေ အတွက် မျှော်လင့်ချက်တွေ ကွယ်ပျောက်လုနီးပါး စိတ်ဓာတ်ကျသွားတယ်ဆိုရင် ပိုတတ်ရန်ကောလို့ ကျွန်မကို အပြစ်တင်ကြမယ်ထင်ပါရဲ့။
 
ကျွန်မမြင်တဲ့ မြင်ကွင်းမျိုးကို အသင်တို့မြင်မယ်ဆိုလည်း အဲဒီလိုဖြစ် သွားကြလိမ့်မယ်ဆိုတာ ကျွန်မရဲရဲကြီး အာမခံပါတယ်။ ကိုယ့်နိုင်ငံကို တကယ်စစ်မှန်တဲ့ချစ်ခြင်းနဲ့ ချစ်ကြသူများဆိုရင်ပေါ့။ တကယ်ကို ရင်ထဲမကောင်း ဖြစ်ခဲ့ရတဲ့ မြင်ကွင်းပါ။ ရန်ကုန်မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ လေယာဉ်နဲ့ ပေတစ်သောင်းကျော် အမြင့်ကနေ ပျံသန်းရင်း လားရှိုးလေဆိပ်ကို ရောက်ခဲ့တယ်။ ရာသီဥတုက ရန်ကုန် ထက် အအေးပိုတာ တစ်ခုကလွဲပြီး ဘာမှ သိပ်အပြောင်းအလဲ မရှိသေး ဘူး။ ပြီးတော့ လားရှိုးကနေ မူဆယ်ကို ကားနဲ့ ခရီးဆက်ခဲ့ကြတယ်။ ကားစီးချိန် ငါးနာရီ ကုန်လွန်ပြီးတဲ့ အခါမှာတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ကို ဆိုက်ဆိုက်မြိုက် မြိုက် ရောက်ခဲ့ပြီ ဆိုပါတော့။ ဒီအထိလည်း သိပ်ထူးခြားတဲ့ အပြောင်းအလဲ မတွေ့ရသေးဘူး။
 
ပြည်မနဲ့ပြည်နယ် ကွာခြားချက်သင်္ကေတဖြစ်တဲ့ တောင်တန်းတွေကို ကျော်ဖြတ်တက်ခဲ့ရတာရယ်၊ အအေးပိုလာတာရယ်က လွဲရင် ရန်ကုန်နဲ့ မူဆယ်မြင်ကွင်းတွေက ဆင်တူရိုးမှားတွေ တွေ့နေရသေး တယ်။ လူတွေရဲ့ အမှိုက်အပေါ်ထားတဲ့ သဘောထားကအစပေါ့။ ဥပမာ -အမှိုက်တွေ လမ်းမအနှံ့ မြင်တွေ့နိုင်တာရယ်။ ညဘက် အမှိုက်ပုံးချ ထားရာ နေရာတွေမှာ စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေ။ လမ်းဘေးအမှိုက်ပုံး ပတ်ဝန်းကျင် အမှိုက်တွေ ဖြစ်ချင်တိုင်းဖြစ်၊ ပွချင်တိုင်းပွနေတဲ့ မြင်ကွင်းကတော့ ရန်ကုန်အင်းစိန် လမ်းမတစ်လျှောက်က အမှိုက်ပုံးတွေနဲ့ အတူတူပဲ ။
 
တိခနဲ ကွာခြားသွားတဲ့ မြင်ကွင်းကတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဂိတ် ကစပါတယ်။ သစ်သီးကား တွေပေါ်က မြန်မာပြည်ထွက် ဖရဲသီး၊ သခွားသီး၊ သရက်သီးတွေကို ဈေးပြိုင်စနစ်နဲ့ လေလံဆွဲ အရောင်းအ၀ယ် လုပ်နေကြတဲ့ မြင်ကွင်းကတော့ ရန်ကုန်ကနေ ရောက်သွားတဲ့ ကျွန်မတို့အတွက် မြင်ကွင်းအသစ်ပါပဲ။ ရန်ကုန်မြို့က သီရိမင်္ဂလာဈေးဟောင်းကိုရော ဈေးသစ်ကိုရော ကျွန်မရောက်ခဲ့ ဖူး၊ ဈေးဝယ်ခဲ့ဖူး၊ လေ့လာခဲ့ဖူးသူ တစ်ယောက် အနေနဲ့ ဒီမြင်ကွင်းဟာ ထူးဆန်းနေတာ မဆန်းပါဘူး။ တူမှမတူတာကိုး။
 
ရန်ကုန်မှာက ပွဲရုံ တစ်ရုံနဲ့တစ်ရုံ ဈေးမတူတာမျိုးတွေ ရှိတတ်ပေမယ့် ဒီမှာကျတော့ လာရောင်းတဲ့ ကုန်သည်နဲ့ ၀ယ်လက် တိုက်ရိုက်တွေ့ရောင်း၊ ကုန်ပစ္စည်းကို မျက်မြင်ဈေးဖြတ်၊ ချက်ချင်း အရောင်းအ၀ယ် လုပ်တဲ့စနစ်။ အဲဒီမှာ မနက် ၇ နာရီမထိုးခင် ကတည်းက တရုတ်နိုင်ငံအနှံ့က သစ်သီး ကုန်သည်ပွဲစားတွေ ဂဏန်းပေါင်းစက် တစ်လုံးနဲ့ ဈေးပြိုင်ပေးပြီး အလုအယက် ယောက်ျား မိန်းမ အရွယ်စုံ ကားတွေပေါ်တက် အသီးတွေ မ,ကြည့်၊ ခွဲကြည့်၊ အမြည်းစားကြည့် လုပ်နေကြတဲ့ သစ်သီးဝလံတွေဟာ ကျွန်မတို့ မြန်မာနိုင်ငံ တနံတလျားက လယ်ယာကိုင်းကျွန်းတွေ အထဲကနေ မြန်မာ့တောင်သူတွေ စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်ခဲ့တဲ့ အသီးတွေတဲ့လေ။ ၀ယ်သူတွေ အတော် မက်မော လိုလားစွာ ၀ယ်နေကြလို့ “တရုတ်လူမျိုးတွေက ဖရဲသီးအတော်ကြိုက်ကြတယ်နော်” လို့ မေးလိုက်တော့ ဒီအသီးတွေကို တရုတ် နိုင်ငံအနှံ့ကိုလည်းပို့တယ်၊ ဆိုဗီယက်ရုရှား နယ်စပ် အထိလည်း သွားရောင်းရင် ဈေးကောင်းရသတဲ့။ ကိုယ့်နိုင်ငံအတွင်းက ကိုယ်တွေတောင် မက်မက်စက်စက် မစားမိတဲ့ ဖရဲသီးလို အသီးရဲ့ ဈေးကွက်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ ကျွန်မတို့ ဗဟုသုတ နည်းလှချည်လားလို့ ကိုယ့်ဘာသာ အပြစ်တင်မိပါတယ်။
 
ကျွန်မတင် မဟုတ်ပါဘူး၊ ဖရဲစိုက်တောင်သူတွေနဲ့ နီးစပ်သူတွေမှအပ မြို့နေနိုင်ငံသားတွေ အတော်များများ ဒီစီးပွားရေး အနေအထားတွေနဲ့ စိမ်းမှာ အသေအချာပါပဲ။ ကျွန်မတို့ အကြမ်းဖျဉ်း သိထားတာက ကိုယ့်နိုင်ငံ အတွင်းက သယံဇာတ အရင်းအမြစ်တွေကို တရုတ်နိုင်ငံသားတွေက ဈေးနှိမ်ဝယ်တယ်၊ ပေါချောင်ကောင်းနဲ့ လက်ကုန်နှိုက်ဝယ်တယ် ဒီလိုအသိမျိုးပဲသိထားကြတာပါ။ ဒါပေမဲ့ အခုလိုကိုယ့်နိုင်ငံအတွင်းက ကိုယ့်မြေ ကိုယ့်ရေနဲ့ စိုက်ပျိုးအောင်မြင်တဲ့ အသီးအနှံတွေအပေါ်မှာ တရုတ်ကုန်သည်တွေရဲ့ဝယ်လိုအား ဖြုန်းအား စားသုံးသူတွေရဲ့ တပ်မက်မှု ဒါတွေကို ကျွန်မတို့ မသိခဲ့ကြဘူး။ သိအောင်မလုပ်ခဲ့ကြတာပါသလို အသိပေးဖြန့်ဝေမှုတွေလည်း ခေတ်အဆက်ဆက် ဘယ်သူကမှ ဘယ်တုန်းကမှ မလုပ်ခဲ့ကြဘူး။ တန်ဖိုးထားရကောင်းမှန်း မသိခဲ့ကြဘူးပဲ ဆိုကြပါစို့ရဲ့။
 
သတင်းစာတွေ၊ ဂျာနယ်တွေထက်မှာ စီးပွားရေးဆိုင်ရာ ဗဟုသုတဆိုတာထက် တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြခိုက်ကြ၊ တစ်ယောက်အမှား တစ်ယောက်စောင့် ချောက်တွန်းကြ၊ အပုပ်ချကြ၊ ငယ်ကြိုးငယ်နာတွေ အပြိုင်ဖော်ကြ၊ ပါတီတွေအပြိုင်ထောင်ကြ၊ အဖွဲ့တွေမျိုးစုံဖွဲ့ကြ၊ ပြီးတော့ကွဲကြ ပြဲကြ အဲဒီသတင်းတွေပဲ အများဆုံး ဖတ်နေကြားနေကြရတယ်။ ကျွန်မတို့ အချင်းချင်း ရန်ဖြစ်ကောင်း နေချိန်မှာ သူများတွေ အသဲအသန် ပိုက်ဆံရှာနေကြတယ်၊ စီးပွား ဖြစ်နေကြတယ်။ တကယ်ကို ရင်နာစရာမြင်ကွင်းပါ။ ဖရဲသီးကားတွေအပေါ် အလုအယက်တက် လေလံဆွဲနေကြတဲ့ တရုတ် ကုန်သည်တွေနဲ့ မလှမ်းမကမ်းမှာ အဲဒီကားတွေပေါ်က ကျလာတဲ့ အမှိုက်တွေကို သန့်ရှင်းရေး လုပ်နေတဲ့ အလုပ်သမားတွေက မြန်မာတွေတဲ့။ လေလံအောင်တဲ့ ဆန်ခါတင် ဖရဲသီးတွေကို စက္ကူဂျပ်ဖာတွေနဲ့ သေချာစနစ်တကျ ထုပ်ပိုးပြီး တရုတ်ပြည်အနှံ့ကဈေးကွက်ဆီပို့ဖို့၊ တရုတ်နဲ့ ရုရှားနယ်စပ်အထိ ပို့ဖို့ သေချာ ကာရံထုပ်ပိုး ပြင်ဆင်ပေးတဲ့ နေရာမှာ အလုပ်လုပ်နေကြတာလည်း မြန်မာရွှေ့ပြောင်း လုပ်သားတွေတဲ့။
 
သူများ နိုင်ငံသွားလုပ်တော့လည်း မြန်မာဆိုတာ အလုပ်ကြမ်းသမား ကိုယ့်နိုင်ငံနယ်စပ်မှာ ကိုယ့်နိုင်ငံ သီးနှံတွေကို ရောင်းချနေတဲ့ဈေးထဲမှာ အလုပ်ကြမ်း လုပ်နေရတော့လည်း မြန်မာလုပ်သား။ မိအေး ဘာကြောင့် နှစ်ခါနာနေရတာတဲ့လဲ။ တွေးကြည့်လိုက်တော့ တိုင်းပြည်ကိုဦးဆောင်သူ ဆိုသူတွေက ပြည်သူတွေ ငတ်ငတ်သေသေ သူတို့နဲ့မဆိုင်သလို အခုထိရန်ဖြစ်လို့ ကောင်းနေကြတုန်းလေ။ ပြည်တွင်းထဲမှာ လှည့် ဗိုလ်လုနေကြတာ မပြီးနိုင် မစီးနိုင်။ တိုင်းပြည်ကို ပြန်ထူထောင်ဖို့ကိစ္စကို နောက်ထားပြီး ရန်ဖြစ်ကောင်းနေ လိုက်ကြတာများ ပတ်ဝန်းကျင်နိုင်ငံအားလုံးထက် နောက်ကောက်ကျ ကျန်ရစ်တာပဲ အဖတ်တင်ပါတယ်။
 
မူဆယ်မြို့အစွန်တစ်နေရာအရောက်မှာတော့ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်နိုင်ငံကို နေရာတကာ သာစေချင်တဲ့ကျွန်မ၊ စိတ်ဓာတ်တွေ မြေမျိုသလိုကျွံဝင်သွားပါတော့တယ်။ စိတ်ဓာတ်ကျလိုက်တာ၊ စိတ်မကောင်းလိုက်တာ ကျွန်မတို့ အတော်နောက်ကျကျန်ခဲ့ပါရောလား။ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့အနောက်မှာ ကျွန်မတို့ တိုင်းပြည် အများကြီးပြတ်ကျန်ခဲ့ပါပကော။ ကြည့်ပါဦး၊ အလယ်ကောင်မှာ မြောင်းသာသာ ချောင်းကလေး ခြားထားပေမယ့် တစ်ဖက်ကမ်းမှာတော့ အမှိုက်တစ်စ လမ်းပေါ်ကျမနေတဲ့ နိုင်လွန်ကတ္တရာလမ်းတွေ မိုးမျှော်တိုက်တွေနဲ့ တရုတ်နိုင်ငံရဲ့ နယ်စပ်မြို့ရွှေလီ။ ကျွန်မရပ်နေတဲ့ ဒီဘက်ကမ်းမှာတော့ လယ်ကွင်းတွေ၊ ကျင်းတွေ၊ ချိုင့်တွေ၊ တဲ တွေနဲ့ တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှရဲ့သူဌေးကြီး မြန်မာပြည်ရဲ့နယ်စပ်မြို့မူဆယ်။
 
အေးလေ ရန်ဖြစ်နေလို့ ထမင်းဘယ် ၀ ပါ့မလဲ။ ထမင်းဝဖို့ဆို ပိုက်ဆံရှိရမယ်၊ ရှိအောင်ရှာတတ်ရမယ်။ ရန်ဖြစ်နေလို့ ငွေမ၀င်ဘူး၊ ငွေရှာမှ ငွေဝင်မယ်ဆိုတာ အင်မတန်ရိုးရှင်းတဲ့ နိယာမတရားပါ။ ကျွန်မတို့ အချင်းချင်း နှစ်ပေါင်းများစွာ ရန်ဖြစ်နေခဲ့ကြတယ်။ အခုထိလည်း အသက် ခုနစ်ဆယ်ကျော် အရွယ်ကြီးနဲ့ သူ့အကျိုးစီးပွားတွေကို အကုန်လွှတ်ချ၊ တိုင်းပြည်အနာဂတ်အတွက် မမောနိုင်မပမ်းနိုင် တစ်ချက်ကလေးမညည်းရှာတဲ့ လူထုခေါင်းဆောင် မျက်နှာကိုမှ မထောက် ဆက်ပြီးရန်ဖြစ်နေကြဆဲပဲ။ ရခိုင်ပြည်နယ်ကို ဓားစာခံလုပ်၊ တိုင်းပြည်ကိုမီးပုံထဲ ထိုးထည့်ဖို့ အကြံကြီး ကြံနေကြသူတွေနဲ့ သူတို့နောက် ကောက်ကောက်ပါအောင် လိုက်နေသူတွေကိုလည်း ပြောချင်ပါတယ်။ ရန်ပဲဖြစ်နေကြတော့ မလား၊ ထမင်းစားဖို့ကော မစဉ်းစားကြတော့ ဘူးလားလို့လေ။
 
တိုင်းပြည်ငြိမ်းချမ်းမှ စီးပွားရေးလုပ်လို့ ရမယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးဟာ အသက်တမျှ အရေးကြီးမှန်း သိသိနဲ့ တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေသူတွေကိုလည်း မေးချင်ပါတယ်။ ပြည်သူတွေ ငတ်မှ နေသာထိုင်သာ ရှိကြမှာလားလို့။ ပြည်သူကို တကယ်မေတ္တာစစ်နဲ့ ချစ်ရင်တော့ ထမင်းဝအောင် စားခွင့်ပေးကြပါ။ ရန်ပွဲတွေ ရပ်လိုက်ကြဖို့ အချိန်တန်ပါပြီ။ ထမင်းစားဖို့ လုပ်ကြပါတော့။ သူများတွေ ထမင်းဝရုံမက ၀မ်းဝ ခါးလှ ဘ၀မျိုးတွေ ပိုင်ဆိုင်ကုန်ပြီဆိုတာ သိကြပါ။ အားကျကြပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေ အိမ်နီးချင်းတိုင်းပြည်က လူတွေထက် အောက်ကျ နောက်ကျ ဘ၀တွေက အမြန်လွတ်ဖို့ ရန်ဖြစ်ခြင်းတွေ ရပ်ကြပါတော့လို့ တိုက်တွန်း လိုက်ချင်ပါတယ်။
 
ဂျေလှသင်
The Ladies News
 

 

Vote: 
Average: 3.7 (3 votes)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.