သဘာဝပိုင်ဆိုင်မှု // အရိုး //

ပင်လယ်ကမ်းစပ်တစ်နေရာတွင် ဖြစ်လေသည်။
 
ဆားနံ့ပါသောလေသည် တသုန်သုန် တိုက်ခတ်နေ၏။ မျက်စိတဆုံး ရှည်လျားလှသော သဲသောင်ပြင် ဖြူဖြူဖွေးဖွေး ကွေးကွေးကြီးမှာ အချို့နေရာများတွင်သာ ကျောက်ဆောင် ကျောက်ချွန်း မဲမဲသဲသဲ အချို့ကို ထမ်းပိုးကာ ငြိမ်သက်နေ၏။ ပင်လယ်မှာ ပြာလဲ့တည်ငြိမ်နေကာ လှိုင်းခေါင်းဖြူငယ်များမှာ သဲသောင်ဆီသို့ အဆက်မပြတ် ရိုက်ခတ်ကာ တ၀ုန်းဝုန်း အသံများနှင့် ဂီတသံပေးနေလေသည်။ ကမ်းခြေသည် လူသူပြတ်လပ်ကာ အလွန်သာယာလှပနေသော နံနက်ခင်းအချိန် ဖြစ်လေသည်။ သို့သော် …
 
ဘယ်ကရောက်လာမှန်း မသိသော အမူးသမားတစ်ဦးသည် ပုလင်းတစ်လုံး လက်မှဆွဲကာ တစ်လုံးအား ခါးကြားထိုးလျက် ကျောက်ဆောင်တစ်ခု အကွယ်မှ ယိုင်တိုင်တိုင် ပေါ်လာလေ၏။ အမူးသမားသည် ခေါင်းစုတ်ဖွားနှင့် အင်္ကျီမပါ။ ပုဆိုးစုတ်တစ်ထည်ကို စလွယ်သိုင်းလျက် နောက်တစ်ထည်ကို ခပ်တိုတိုဝတ်ထားပြီး လက်ထဲမှ ပုလင်းကို မော့လိုက် သုံးလေးလှမ်းလျှောက်လိုက် စလွယ်သိုင်းထားသော ပုဆိုးထဲမှ ဘာလေးတွေမှန်းမသိ ထုတ်စားလိုက် သုံးလေးလှမ်း လျှောက်လိုက်နှင့် သောင်ပြင်တစ်လျှောက် သူတစ်ဦးထဲ ထင်တိုင်းကြဲကာ လာ၏။ တစ်ခါတစ်ခါ သဲပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချ၍ သူ ခါးကြားထိုးလာသော ပုလင်း ရှိသးလား စမ်း၏။ ရှိသေးကြောင်း ယိုင်တိုင်ယိုင်တိုင်နှင့် ပြန်ထကာ အော်ချင်ရာအော်၍ ဆက်လျှောက်ပြန်၏။ တစ်ခါတစ်ရံ မတ်တတ်ကားရားကြီး ရပ်ရင်း ပုလင်းကို တစ်ကျိုက် နှစ်ကျိုက်မေ့ကာ အကျယ်ကြီး အော်ရယ်ချင် ရယ်နေပြန်သေး၏။ ထိုသို့ဖြင့် တလှုပ်လှုပ်နှင့် သူတစ်ယောက်တည်း လွတ်လပ်ပျော်ရွှင်စွာ သောင်ပြင်တစ်လျှောက် လျှောက်လာရင်း တစ်နေရာ ရောက်သော် …
 
`ဟိုက်´
 
အမူးသမား မျက်လုံး နည်းနည်းကျယ်သွားပြီး သူ မြင်လိုက်ရသော မြင်ကွင်းကို ပို၍ သဲကွဲစေရန် မျက်လုံးများကို ပွတ်သပ်ကြည့်၏။
 
`ဟ နိပ်ဟ။ ၀က်မည်းကြီးတစ်ကောင် လဲနေပါလား။ ပင်လယ်ထဲ ရေဆင်းဆော့လို့ ရေနစ်သေတာ ဖြစ်မယ်။ ဘယ်သူ့မှလဲ မတွေ့ဘူး။ ငါတော့ ကော်ပြီ၊ ၀က်ခြေထောက်စွပ်ပြုတ်နဲ့ မြည်းရမပ´
 
အမူးသမားသည် တတွတ်တွတ် ပြောရင်း သူမြင်ထားသော သောင်ပြင်ပေါ်မှအရာနား သွားလေ၏။
 
အမှန်က အမူးသမားမြင်ရသော အရာကြီးမှာ ဖျံထီးကြီးတစ်ကောင် နေစာလှုံရင်း အိပ်ပျော်နေခြင်းဖြစ်၏။ သို့သော် အမူးသမားသည် မူးနေသည်က တစ်ကြောင်း၊ ဖျံကို သိပ်မမြင်ဖူးသောကြောင့် တစ်ကောင်း ၀က်ကြီးဟုသာ ထင်လေသည်။ အနားသွားကာ ဖျံကြီးကို ကိုင်တွယ်ကြည့်၏။
 
`အမယ် ဒီဝက်က အမွေးတောင်နုတ်ပြီးသားကိုးဟ။ ပြောင်ချောကြီး´
 
ဖျံကြီးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ဖြစ်ရာ သူ့ကို အမူးသမားလာ၍ ဟိုကိုင်သည်ကိုင် လုပ်နေသည်ကို မသိ။ အမူးသမားသည် ဖျံကြီးကို ကိုင်ကြည့်ပြီးနောက် တစ်ကျိုက်မော့ပြီး မျက်မှောင်ကြုတ်လျက် စဉ်းစားကာ သူ့ဟာသူ တစ်ယောက်တည်း ပြောနေ၏။
 
`အမွေးတောင် နုတ်ထားပြီးသားဆိုတော့ ဒါကြီးဟာ သူများပိုင်တဲ့ဟာကြီး ဖြစ်ရမယ်၊ မဖြစ်ဘူး၊ ခြေထောက်တစ်ချောင်းလောက် မြန်မြန် ဆွဲနုတ်ပြီး လစ်မှပဲ´
 
အမူးသမားသည် ဖျံကြီးကိုယ်လုံးတစ်လျှောက်ကို ယိုင်ထိုးယိုင်ထိုးနှင့် လျှောက်စမ်းပြန်၏။
 
`ဟ´
 
အမူးသမား မျက်လုံးနည်းနည်းကျယ်သွား၏။ သူ စမ်းမိသည်မှာ ခြေလက်ရှာမတွေ့သော ကိုယ်လုံးပြောင်ချောကြီး ဖြစ်နေ၏။
 
`အာဂလူတွေပါလားဟ၊ ခြေလက်တွေ ဖျက်ယူသွားကြတာ ဒဏ်ရာတောင် မပေါ်ဘူး။ မဖြစ်ဘူး။ ဒါဆို နားရွက်လောက်တော့ ရအောင်ယူမှပဲ´
 
ဖျံကြီး၏ ခေါင်းပိုင်းသို့ ယိုင်တိုင်ယိုင်တိုင် ရွှေ့သွားကာ ခေါင်းကို သွားစမ်းပြန်၏။ ဖျံခေါင်းလုံးလုံးကို စမ်းမိလေ၏။
 
`ဟိုက်၊ နားရွက်တွေလည်း ပါသွားပြီဟ´
 
အမူးသမားသည် မျက်စိများ ပွတ်သပ်ကာ ကြည့်ပြန်၏။ မူးနေသဖြင့် အိပ်ပျော်နေသော ဖျံမျက်နှာကြီးကို မျက်စိထဲ နှစ်ထပ်သုံးထပ် ခပ်ဝါးဝါး တွေ့လေသည်။
 
`အင် ဟင်၊ ဘယ့်နှယ်၊ ဒီဝက် ရှောက်ခွက်က တစ်မျိုးပါလားဟ။ စုတ်ချွန်းချွန်းနဲ့။ အို ဘာဖြစ်ဖြစ် မတတ်နိုင်ဘူး။ အနည်းဆုံး တစ်လုတ်နှစ်လုတ်စာလေးလောက်တော့ ကိုက်ယူသွားရမှာပဲ´
 
အမူးသမားသည် ဖျံကြီးကိုယ်လုံးဘေး ပြန်သွားကာ ကျကျနန ထိုင်ချပြီး ပုလင်းကိုမော့ပြန်၏။ ထို့နောက် လက်ထဲမှ ပုလင်းကိုလည်းကောင်း၊ ခါးကြားမှ ပုလင်းကို ထုတ်၍လည်းကောင်း၊ လက်တစ်ကမ်းမှ သဲပြင်ထဲတွင် ပုလင်းများ မမှောက်မလဲအောင် အကျမြှုပ်ပြီးနောက် ဖျံကြီးဘက် လှည့်ကာ လက်နှစ်ဖက်နှင့် ဖျံကိုယ်လုံးကြီးကို ကျကျနန ကိုင်ပြီး အားရပါးရ ကုန်းကိုက်လေတော့၏။
 
`အူး ….´
 
ဖျံကြီးမှာ နာသွားသဖြင့် အလန့်တကြား နိုးလာပြီး လူးလိမ့်ထလေရာ အမူးသမားသည် ပက်လက်လန်လေ၏။ ဖျံကြီးမှာ ဘေးဘီကို ကပျာကယာကြည့်ရာ ပက်လက်လန်ကာ ခြေနှစ်ချောင်း မိုးမျှော်နေရာမှ အနိုင်နိုင်ပြန်ထရန် ကြိုးစားနေသော အမူးသမားကို တွေ့ရာ လွန်စွာစိတ်ဆိုးပြီး လိမ့်ကာလိမ့်ကာနှင့် အမူးသမားနားလာ၍ သူ့လက်ပြားကြီးနှင့် အမူးသမားအား နရင်းရိုက်လေ၏။
 
`ဖုန်း … ဖုန်း …´
 
`အောင်မလေးဗျ´
 
`ကိုင်းဟာ ကိုင်းဟာ၊ ဘာလဲဟ ဒီကောင်။ ငါ့ဟာငါ အိပ်နေတာကို´
 
`ဟ ဟ.. ၀က်ကြီးက စကားပြောတယ်ဟ´
 
ဖျံကြီးမှာ အမူးသမား သူ့ကို ဘယ်လိုခေါ်လိုက်မှန်းမသိ၍ အံ့အားသင့်ကာ အရိုက်ရပ်သွား၏။ အမူးသမားသည် အမြန် လူးလဲထကာ ဖျံကြီးကို ကြည့်၏။ ဖျံကြီးမှာ အမူးသမားကိုကြည့်ပြီး -
 
`နေစမ်းပါဦး ဟေ့လူ၊ ခင်ဗျား ကျုပ်ကို ဘယ်လိုခေါ်လိုက်တယ်´
 
`၀က်ကြီးလေဗျာ၊ ခင်ဗျား ၀က်ကြီး မဟုတ်ဘူးလား´
 
`ဘာလဲဟ ၀က်ကြီး´
 
ဖျံကြီးမှာ အတော် နားမလည်ဖြစ်နေ၏။ အမူးသမားမှာလည်း ခေါင်းကို လေးငါးခါ ယမ်းခါရင်း သူ့ကိုယ်သူ ပြော၏။
 
`မဟုတ်သေးပါဘူး၊ ငါ အဲလောက်မူးနေပြီလား။ ခြေတွေလက်တွေရော နားရွက်ပါမရှိတော့တဲ့ ၀က်ကြီးက စကားပြောနေရလားဟ´
 
ထိုစဉ် ဖျံကြီးက ထပ်မေး၏။
 
`ဟေ့လူ မေးတာဖြေလေဗျာ။ ဘာလဲ ၀က်ကြီး´
 
`၀က်ဆိုတာ ကုန်းပေါ်နေတဲ့ အကောင်ဟ၊ ခြေတွေလက်တွေ ရှိတယ်။ လေးဖက်သွားတယ်။ ချေးစားတယ်´
 
`ထွီ ဝေါ့… ယုတ်လိုက်တဲ့အကောင်၊ ငါက ၀က်မဟုတ်ဘူး´
 
`ဒါဆို ဘာလဲ နင်က´
 
`ငါက ဖျံဟ၊ ဖျံ ဖျံ .. ဖျံလို့ခေါ်တယ်´
 
`ဘာ … ဖျံ ဟုတ်လား´
 
အမူးသမားသည် လူးလဲထကာ ဖျံကို သေချာလှည့်ပတ်ကြည့်၏။ ဖျံကြီးမှာ ရှက်ကိုးရှက်ကန်း ဖြစ်လေသည်။
 
`ဟေ့လူ ဘာလာကြည့်နေတာလဲ။ အထီး အထီးချင်းနော်။ နင် ဖျံတောင် မမြင်ဖူးဘူးလား´
 
အမူးသမားသည် ဖျံကြီးဘေး လာထိုင်ကာ သဲထဲမြှုပ်ထားသော လက်ကျန်ပုလင်းကို ယူ၍မော့ပြီးမှ
 
`လက်စသတ်တော့ ဖျံဆိုတာ နင်ကိုးဟ၊ ဒီလောက်နီးနီး တစ်ခါမှ မမြင်ဖူးဘူး။ နင်ကျတော့ ငါ့ လူမှန်းသိသလား´
 
`သိတာပေါ့။ ကမ်းခြေမှာ လူတွေ ငါ ခဏခဏ မြင်ဖူးတာပဲဟာ။ နင်က ဒီမှာမနေဘူး ထင်တယ်´
 
`မနေဘူး။ ငါက မြို့မှာနေတာ။ ပျင်းလို့ တစ်ယောက်တည်း တကူးတက ကမ်းခြေလာမူးနေတာ။ နင်ကရော ဘာကိစ္စ သောင်ပြင်ပေါ် တက်အိပ်နေတာတုံး´
 
`ငါ့မိန်းမ ဖျံမနဲ့ ရန်ဖြစ်ပြီး ရေထဲက နှင်လွှတ်လိုက်လို့ ကုန်းပေါ် စိတ်ညစ်ညစ်နဲ့ တက်အိပ်နေတာ´
 
`စိတ်ညစ်ရင် ငါ သောက်နေတာ သောက်မလား´
 
`ဘာလဲ´
 
`၀ီစကီ´
 
`၀ီစကီက စိတ်ညစ်ပျောက်လား´
 
`စိတ်ညစ်ပျောက်ရုံမကဘူး၊ ပျော်တောင်လာသေး´
 
အမူးသမားမှာ သောက်ဖတ်ရအောင် အလို့ငှာ ဆွယ်လေ၏။ ဖျံ စိတ်လည်လေသည်။
 
`ဒါဆို တိုက်စမ်း´
 
`အင့် ချစမ်းဟာ´
 
အမူးသမားမှာ ဖျံပါးစပ်ထဲ လက်ကျန်အားလုံး လောင်းထည့်လိုက်လေ၏။
 
`အူး … ဖွီး … ဖူး … ဟား … ဆိုးလိုက်တဲ့ဟာတွေ၊ နင့် ဘာလို့သောက်နေတာတုံး´
 
`ခဏစောင့်၊ နင် ပျော်လာလိမ့်မယ်´
 
ခဏကြာသော် ဖျံမှာ ရီတီတီဖြစ်လာကာ အူးအူးအဲအဲ အော်စပြုလေ၏။
 
`ရှိသေးလား´
 
`ဟိုမှာ မြှုပ်ထားတာ တစ်လုံး၊ ပုဆိုးထဲ ဖွက်လာတာတစ်လုံး ရှိသေးတယ်´
 
`ငါ့ နည်းနည်းတိုက်ဦး´
 
`အင့် ချ´
 
`ဂလောက် ဂလောက်´
 
ထိုသို့ဖြင့် ဖျံနှင့် အမူးသမားမှာ ပလဲနံပသင့်ကြလေ၏။ အမူးသမားမှ -
 
`နေဦးအကောင်ရဲ့၊ ငါ မေးဦးမယ်၊ နင်က ဖျံဆိုတော့ ဖျံကျတယ်ဆိုတာ ဘာတုံး´
 
`မသိဘူးလေ´
 
`ငါတို့ လူအချင်းချင်း လူလည်ကျတာကို ဖျံကျတယ်လို့ ပြောတယ်။ ထက်ထက်မြက်မြက် လူလည်ဆို ဒီငနဲကတော့ ဖျံပဲဆိုပြီး ပြောတယ်၊ နင့်ကြည့်ရတာကျ ထုံထုံတုံးတုံးကြီး´
 
`ဟဲ့ကောင် မစော်ကားနဲ့´
 
`ဟုတ်တယ်၊ ကြည့်စမ်း၊ အခုမှ စဉ်းစားမိတယ်။ လူလည်ကျတာကို ဘာလို့ ဖျံကျတယ်လို့ ပြောကြတာလဲ မသိဘူး။ ဖျံ ကြည့်တော့လည်း ဘာမှမဟုတ်ဘူး။ အင်း …´
 
အမူးသမားမှာ သူ့ဟာသူ ထိုင်စဉ်းစားနေပြန်၏။ ဖျံကြီးမှာ မူးကာ ငိုက်နေလေသည်။
 
တစ်အောင့်မျှကြာသော် အမူးသမားမှာ ၀မ်းသာအားရ ခုန်ထလေ၏။
 
`ဟ … ကော်ပြီဟ၊ ငါ ကော်ပြီ´
 
ဖျံကြီးလည်း လန့်နိုးသွား၏။
 
`ဘာလဲ ဘာဖြစ်တာလဲ´
 
`ဟဲ့ဖျံ နင် ဖျံအထီးဆိုတာ သေချာတယ်နော်´
 
`သေချာတာပေါ့၊ ငါ အထီးစစ်စစ်´
 
`ဒါဆို လာခဲ့စမ်း၊ နင့်ဖျံသို ဖြုတ်ယူသွားပြီး ရောင်းစားရမယ်၊ ငါ ထောပြီ´
 
အမူးသမားမှာ ဖျံကြီးကို ခုန်အုပ်ကာ လုံးလေ၏။
 
`ဟ … ဟ။ ဒီလူ ဘာလုပ်တာလဲ။ ဟဲ့ ၊ ဘာကိုလာစမ်း .. စမ်း … ကဲဟာ´
 
`ဘုတ် … အင့်´
 
ဖျံကြီးမှာ အမူးသမားကို ခါချကာ ပြေး၏။ အမူးသမားမှာလည်း ဖျံသို ဖျံသိုနှင့်အော်ကာ လိုက်လေ၏။
 
`ဟေ့လူ၊ ဘာထဖြစ်တာလဲဟ၊ အထီး အထီးချင်း၊ ငါ ရေထဲဆင်းလို့ မရသေးဘူးဟဲ့။ မိန်းမက ရေထဲဆင်းလာရင် ပါးပိတ်ရိုက်ခံရမယ် ပြောထားတာ။ ဟေ့လူ ၀ီစကီလေ … ၀ီစကီ။ အထီးချင်းဆိုတာ ၀ီစကီအတူ အေးအေးချရတာဆို၊ ဘယ့်နှယ် အထီးချင်း ဟိုစမ်းဒီစမ်း ထလုပ်ရတာတုံး။ လူဆိုတာ အစိုးမရပါလားဟဲ့ … ဟဲ့ … သြော် ကပ်လာပြန်ပြီ၊ ဟ … ဟ … အတင်းမလုပ်နဲ့လေ။ ငါ့ဟာ နင်နဲ့ ဘာဆိုင်တုံး´
 
`မရဘူး၊ ဆိုင်တယ်၊ လာခဲ့စမ်း ဒီဖျံ … သိုအပြုတ်ပဲ´
 
ထိုသို့ဖြင့် သာယာသော ကမ်းခြေ ရေစပ်စပ် တစ်လျှောက်တွင် ရုတ်တရက် မဟုတ်တာတွေးမိကာ လူ လောဘထတက်သဖြင့် ဖျံထပြေးရပြီး ရုန်းရင်းဆန်ခတ် ရှိနေကြလေတော့၏။
 
`မိန်းမရေ ဖျံမ … လုပ်ပါဦးဟ၊ ငါ့သဘာဝပိုင်ဆိုင်မှုကို ဒီလူ အတင်းလိုက်ထိခိုက်နေတယ်ဟ´
 
အရိုး
The Ladies News
 

 

Vote: 
Average: 2 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.