အိုးခေါင်း // အရိုး //

ခက်တော့ ခက်ချေပြီ။
 
ဘယ်လိုက ဘယ်လိုများ နေရင်းထိုင်ရင်း လယ်တွေက စီမံကိန်းဖြစ်ကုန်သည် မသိ။ မပြောမဆို သိမ်းသူက သိမ်းကြ၍ အသိမ်းခံရသူများက လယ်တွေပါတော်မူကြလေပြီ။ သီပေါမင်း ပါတော်မူစဉ်က ကိုယ်မမွေးသေး၍ အရေးသိပ်စိုက်မိလှသည် မဟုတ်။ ယခု လယ်တွေပါတော့မှ ငုတ်တုတ် ဒုက္ခတွေ့လေချေပြီ။
 
ရီးကျန် စဉ်းစား၍ မရ။
 
စပါးပင် ငုတ်တုတ်ငုတ်တုတ်တွေ စိမ်းစိမ်းစိုစိုနှင့် တစ်သက်လုံး ဟုတ်လာလေသော ဤလယ်ကွင်းတွေကို ဘယ်သူတွေက ဘာများ လုပ်ချင်ကြ၍ မင်းဘုရားအာနပိုင်များ (အာဏာပိုင်များ) နှင့်ပေါင်းကာ သိမ်းယူတော်မူကြလေ သနည်း။ ဤလယ်တွေက စပါးထွက်မှ အမင်းဆို့လို့ ၀ကြရတဲ့ဥစ္စာကို ဤလယ်တွေ လယ်မစိုက်နဲ့ဆိုတော့ ဘာသွားစားကြမတုံး။ လယ်စိုက်တဲ့လူက စိုက်ကြ၊ အမင်းလျှိုတဲ့လူက လျှိုကြနဲ့ အကြာကြီး စပ်ဖြီးဖြီး နေလာပြီးကျတော့မှ လယ်စိုက်တဲ့လူတွေ မစိုက်နဲ့တော့ဆိုတော့ အမင်းလျှိုတဲ့လူတွေက အမင်းမလျှိုလို့ ဘာသွားလျှိုကြမတုံး။ ခြေမစုပ် ရေပလုတ်ကျင်း နေကြမလို့တဲ့လားတော်။
 
ရီးကျန် မီသလောက် တွေးတယ်။
 
မြန်မာနိုင်ငံမှာ နေတယ်ဆိုတာလောက်တော့ ရီးကျန်သိသေးပ။ သို့ပေတဲ့ မြန်မာနိုင်ငံ ဘယ်ပုံရှိပြီး လူတွေ ဘယ်လောက် နေ နေကြတယ်ဆိုတာတော့ ရီးကျန် သိဘူးရယ်။ သိဘူးဆို ဘယ်သူမှလည်း အဖက်လုပ် လာပြောပြကြတာမှ မဟုတ်ဘဲကိုး။ ဒါပေထက် တစ်နိုင်ငံလုံးမှာ လူတွေအများကြီး နေနေ ကြတယ် ဆိုတာလောက်တော့ ရီးကျန် သိသေးပ။ နောက်ပြီး အဲ့လူတွေက တဖြည်းဖြည်း များ များ လာနေကြမှာပဲ ဆိုတာလည်း ရီးကျန် တွေးမိတာပဲ။ တခြားမကြည့်နဲ့လေ။ ရီးကျန်နေတဲ့ ခေါင်လှဝေးလှပါချည်ရဲ့ဆိုတဲ့ အနုပ်စုတ်ကုပ်စုတ် `ဖုတ်ထုပ်´ ရွာမှာတောင်မှ ကောင်ထီးကောင်မတွေ အကြောထလွန်းလို့ တစ်နှစ်ထက် တစ်နှစ် တစ်ဝါထက် တစ်ဝါ ဘုစုခရုတွေ များ များလာနေတာ မျက်တွေ့။ ကျွေးမလောက်ကြ စားမလောက်ကြလို့ သတ်ကြပုတ်ကြ ဆဲကြအော်ကြ လုံးကြထွေးကြ တာတွေက တစ်နှစ်ထက်တစ်နှစ် ပိုပို များ များလာနေတာ ရီးကျန် မသိနေရော့လားပ။ ဖုတ်ထုပ်ဆိုတာက တဲစုတ် ဆယ့်လေးငါးလုံးလောက် ရှိတဲ့ရွာ။ ရွာပတ်ဝန်းကျင်က လယ်လေး နှစ်ဆယ်အစိတ်လောက် စိုက်စားရင်း လူလုပ်နေရတဲ့ ရွာ။ တစ်နှစ်ထက် တစ်နှစ် နတ်ထွင်းတဲ့ ခံတွင်းတွေဟဲ့ဆိုပြီး တိုး တိုးလာလိုက်တဲ့ အပေါက်တွေကို စိုက်စားရတဲ့ လယ်လေးအားကိုးပြီး ကျွေးကျွေးငေါက်ငေါက် လောက်အောင် မနည်းနေ နေရတာ။ မလောက်တလောက် ဖြစ်လာတော့ ရွာဘုန်းကြီးတောင် သပိတ်အပြည့် ဆွမ်းခံမရလို့ ကိလေသာဆိုတာ လွှတ်ပူတာဟဲ့ကွယ့်နော်လို့ အနေအထိုင် ဆင်ခြင်ကြအောင် ဖိ ဖိ ဟောနေရတာ ဘယ်နှနှစ်ကြာပတုံး။ အခုတော့ ရွာစားဖို့တောင် မလောက်တလောက် လယ်လေး ချောက်ချီးချောက်ချက်ကို အာနပိုင်စီမံကိန်း သိမ်းဆိုသိမ်းမဟဲ့ဆိုတော့ ရွာမပျက်ခင် အစာချက်စက်ရုံ ထောင်ပေးတော်မူမလို့များ စဉ်းစားကြလေကုန်ရော့လား။ ဟုတ်သေးဘူးနော်။
 
တစ်နေ့က ဘုမ လာမှ အဲဒါကြားတာ။ ရီးကျန် ပြန်မေးတယ်။ လယ်တွေသိမ်းသွားတော့ ငတို့ ဘာလုပ်ရမတုံးလို့။ ဘုမက ပြောတယ်။ လယ်တွေသိမ်းသွားတော့ ပြန်ရအောင် `ဆန္ဒထုတ်ဖော်´ ရမတဲ့။ ဘာလဲဟဲ့ စံမြထုတ်ဖော်တာ။ စံမြက မူးရင် အထုပ်ပေါ်နေကြ ဥစ္စာ။ စံမြအထုပ်ပေါ်ရုံနဲ့ လယ်တွေပြန်ရရိုးလား။ ဟုတ်ဘူး ရီးကျန်။ စံမြဟုတ်ဘူး။ ဆန္ဒ။ ဆန္ဒ။ ကိုယ်ဖြစ်ချင်တာကို စုဝေးပြီး တောင်းတာ။ စုဝေးတယ် ဟုတ်စ။ ဟုတ်ပ ရီးကျန်။ အားလုံးပေါင်းပြီး စကောဖင် ကိုယ်ရေးချင်တာရေးပြီး အော်တိုင်း လယ်ပြန်ရရိုးလား။ ရီးကျန်နှယ်။ အ ရန်ကောရယ်။ နိုင်ငံရေးကျောင်းဆရာ စုတ်ဖွား ပြော ပြောနေခဲ့ပါပြီကောလား။ အခုက ဗီရိုဂျလေဘီ ရပြီတဲ့။ ဆန္ဒထုတ်ဖော်လို့ ရပြီတဲ့။ လူထုဆန္ဒကို အထက်က လေးစားပြီတဲ့။ ထည့်သွင်း စဉ်းစားပြီတဲ့။ လယ်ပြန်ပေးတော်မူပါ မင်းတရားကြီးဆိုရင် ပြန်ပေးသတဲ့။ အဲလို အော်ကြရတယ်တဲ့။ အော်လိုက်ရင် ဆိုင်ရာတွေ ရောက်လာသတဲ့။ ဓာတ်ရှင် ရိုက်သတဲ့။ ဓာတ်ရှင်ကို မင်းတရားနဲ့ ကုလားဖြူနဲ့ ဆိုင်ရာနဲ့ ကြားခံကြားခဲတွေနဲ့ ပြည်သူလူပုတွေနဲ့ မြင်သွားရင် လယ်ပြန်ရရောတဲ့။ ဆီမန်းကိန်းလည်း ရွှေ့ရောတဲ့။ ကောင်မ မဟုတ်သေးဘူးဟဲ့ နော်။ နင့်ဟာ နန်းဆန်လှချည်ရဲ့။ ဘာလဲဟဲ့ ဗီရိုဂျလေဘီ။ ဘာလဲဟဲ့ ကြားခံ ကြားခဲ။ တစ်သက်လုံး လုပ်လာတဲ့လယ်။ လယ်ပြန်ပေးတော်မူပါ ခယစရာလား … သယ်။ ရီးကျန် ဒေါဖောင်းတော့ ဘုမရို့တယ်။ ငယ်ကြောက်ကိုး။ ကြောက်ဆို ဖောက် မိတ်ဆက်ရဦးမယ်။ ရီးကျန်က ဖုတ်ထုပ်မှာ ကဝေရယ်။
 
ဘယ်နှကြိုးကဝေရယ်တော့ ဘယ်သူ သိနိုင်မှာတုံး။ ရွာစွန် တစ်ယောက်တည်းနေတာ။ သီတင်းကျွတ်လပြည့်ရင် အိမ်ပတ်လည် မီးအပြည့်ဖိုတာ။ `အိမ်´ သာ ပြောရတယ်။ ရီးကျန်အိမ်က ထန်းတဲသာသာ။ သူပိုင်တာဆိုလို့ တစ်ရွာလုံး အားကိုးရတဲ့ ရေတွင်းတစ်တွင်းရယ်။ အစကတော့ လယ်ပိုင်ပါရဲ့။ နောက် လယ်ရောင်းလိုက်ပြီး ရေတွင်းချန်ခဲ့တာနဲ့ တွင်းပိုင်လောက်ပဲ ကျန်တာ။ ဒါပေမဲ့ ကဝေပဲ။ တစ်ပြားမှ မလျှော့ဘူး။ သူ့ရေတွင်းက လကွယ် နဂါးထွက်ဆိုပဲ။ နဂါးတွင်းဆိုပဲ။ နဂါးတွင်းရေ `ကလန်´ လို့ကတော့ ကာလနာကျရင် ငါးပိသာထက် မလျော့ဆိုပဲ။ အဲဒီထဲက ကဝေဖြစ်သွားတာ။ တိုက်ဆိုင်ခဲ့တာတွေကလညး ရှိဖူးကိုး။ သူ့တွင်းရေ အလကားလာမခပ်နဲ့။ ဆန် ဆားလောက်တော့ ပေးခဲ့မှ အဲလိုနဲ့ စားနေ နေနေတာ။ ရွာကလည်း ဆန် ဆားလောက် ဘာအရေးလဲ။ အမယ်ကြီး ပိန်ခြောက်ခြောက် ဘယ်လောက် အမင်းလျှိုနိုင်မတုံး။ ပေးကြတာပါပဲ။ ရီးကျန်ကတော့ လုံးလုံးမလျှော့ဘူး။ သူ ကဝေပဲ။ အခု လယ်သိမ်းတဲ့ မြေထဲ သူ့စားပေါက် ရေတွင်းပါသွားလို့ စုန်စုန်ခွေ့ စွေ့စွေ့ခုန်နေတာရယ်။
 
ကဝေရေတွင်းကို မင်းတရားက သိမ်းရဲသလားဟဲ့။ ရီးကျန် အကြောင်းပြလိုက်ရ တရုတ်ကားထဲက ကျန်ကျောင်းတောင် ရီးကျန်ကျောင်း နာမည် ပြောင်းလောက်စေရမဟဲ့နော်။
 
သူများတွေ လယ်ပြန်ရတာ မရတာထက် ရီးကျန် နဂါးတွင်း ပြန်ရဖို့ အရေးကြီးတယ်။ နဂါးတွင်းက ထမင်းအိုးကိုး။ မတော် အာနပိုင်အောက်ဆွဲတွေက မကျေမနပ်နဲ့ လယ်တွေကျ ပြန်ပေးပြီး ဒီရေတွင်းကြီး ဖို့ပစ်ခဲ့ကွာဆိုရင် ပြော ပြောနေကျ နဂါးက ဘယ်အပေါက်က ထွက်မတုံး။ ကြီးကောင် ကြီးမားကျမှ ကဝေဘ၀ ဆုံးနေဦးမယ်။ ရီးကျန် စဉ်းစားတယ်။ မေးတယ်၊ လေ့လာတယ်။
 
လယ်သိမ်းတဲ့ကိစ္စ ကျကျနန မေးတော့မှ ဘုမက ဂဃနဏ မဖြေနိုင်ဘူးဆိုကိုး။ ဒီတော့ နိုင်ငံရေးသမား စုတ်ဖွားကျောင်းဆရာဆီ ရီးကျန် ရောက်တယ်။ နေထန်းတဖျားလောက်ကနေ သူငယ်အိပ်ဆိတ်ချိန်ထိ ရှင်းပြတော့မှ ရီးကျန် သဘောရတာက အမတ်က အဓိကဆိုကိုး။ လွှတ်တော်အမတ်ကမှ ငါ့ရေတွင်းကိစ္စ ရှင်းပေးနိုင်ပုံရသကိုး။ ကဝေပဲ။ ဘယ်နေမလဲ။ တတ်သည့်ပညာ မနေသာ။ အိမ်ပြန်လာပြီး အမတ်ဖန်ဆင်းပါရော။
 
အိမ်မှာရှိတာက ထန်းရည်အိုးမည်းဟောင်း တစ်လုံး။ ဟုတ်ပြီ။ အမတ်ခေါင်းကတော့ ရပြီပ။ အဆံချောင်နေတာတွေ ကောက်ရိုးဆွေးတွေ သိပ်။ ဒါပဲ ရှိသကိုး။ ခေါင်းတော့ရပြီ။ မဟုတ်သေးဘူး။ ငါ့သားအမတ်ခမျာ ခေါင်းပေါင်းလိုရှာသေးသကိုး။ ရီးကျန်ပဲ။ ဘာရမလဲ။ ဗီရိုဂျလေဘီ ရထားတဲ့ခေတ်မှာ ကျောင်းဆရာ ပြောလိုက်တဲ့အတိုင်း အားလုံး တရားမျှတရပေမကိုး။ မေတ္တာပို့သလို အရှေ့အနောက် တောင်မြောက် လေးဖက်မျှမှ တရားမျှတမှ။ ဘာလုပ်ရမလဲ။ ရီးကျန်က မြန်တယ်။ ပုဆိုးစုတ်တစ်ထည် ထုတ်ပြီး အရှေ့အနောက် တောင်မြောက် ခေါင်းပေါင်းစလေးဖက်ချနဲ့ ထန်းရည်အိုးမဲကိုး ခေါင်းပေါင်း ပေါင်းပေးလိုက်တယ်။ တယ်ခန့်လေသကိုး။ မျက်လုံးမျက်ခုံး နှာခေါင်းပါးစပ် မြေနီခဲနဲ့ ဆွဲလိုက်တာများ ဘာမှ မကြာဘူးရယ်။ ကောက်ရိုးဆွေးသွတ် အမတ်ခေါင်းတော့ ခပ်ကောင်းကောင်း တစ်ခါရချည်ရဲ့။ ဟုတ်တယ်။ နိုင်ငံရေး ကျောင်းဆရာစုတ်ဖွား ပြောသမျှ ခေါင်းက အရေးကြီးသကိုး။ ရီးကျန် ခေါင်းဖန်ဆင်းလိုက်တာက သပ်ရပ်ပ။
 
ကိုယ်ထည်တွေက ရီးကျန်အတွက် သိပ်မခက်တော့ဘူး။
 
အသိမ်းခံရတဲ့ လယ်တွေထဲက စိုက်လက်စ စပါးတွေနဲ့ နဂါးတွင်းထဲက ရေဖျန်းထားတဲ့ ကလိမ်ချုံ ကိုယ်လက်ခြေထောက် ဖောင်းဖောင်းတွေများ လုပ်လိုက်ရ ခဏပေါ့။ ရီးကျန် အားရတယ်။ သားအမတ်ကို လွှတ်တော်ထဲသွင်း အရေးဆိုခိုင်းရမှာပဲ။ နို့ပေမဲ့ နေဦး။ အသက် ကျန်သေးတယ်။ ကဝေတွေ လည်တယ် လည်တယ်နဲ့ ခံရမှဖြင့် အဲဒီနေရာချည်းပဲ။ ရီးကျန် သိတယ်။ အသက်က အရေးကြီးသကိုး။
 
အိမ်ဘေးဘီ ထွက်ကြည့်တော့ ထနောင်းပင်ပေါ် ပုတ်သင်တစ်ကောင် တွေ့တယ်။
 
ဟုတ်လိုက်လေ။
 
သင့်တော်လိုက်လေ။
 
နေရာကျလိုက်လေ။
 
ရေဖျန်းထားတဲ့ ကလိမ်ချုံ စပါးပင်တွေကိုယ်ထဲ ပုတ်သင်ထည့်ပေးလိုက်တာနဲ့ အမတ်ကတော့ အသက်ဝင်တော့တာပဲ။ တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက် …။
 
အမတ်ကလေးက ရီးကျန်ဆီ ပြန်မလာဘူး။
 
လွှတ်တော်ထဲ ပုတ်သင်အားကိုးနဲ့ ခေါင်း ညိတ်ကာ ညိတ်ကာ။
 
လွှတ်တော်ကလည်း ရီးကျန်တို့ရွာ လယ်တွေမှာ ဆီမန်းကိန်းရှိသလို မရှိသလို။
 
ရီးကျန် နဂါးတွင်းလည်း ဟိုလူပိုင်းသလို ဒီလူပိုင်သလို။
 
နတ်တော်လဆန်းသုံးရက်ကျ ရီးကျန် ဆုံးသွားတယ်။
 
ရီးကျန် အမတ်ကလေးကတော့ ညိတ်ကာ ညိတ်ကာ …
ညိတ်ကာ ညိတ်ကာ …
ညိတ်ကာ ညိတ်ကာ …
လယ်တွေကတော့ ဟုတ်ကဲ့ … ညိတ်ကာ … ညိတ်ကာ
ဘုမနဲ့ ဖုတ်ထုပ်သားတွေခမျာလည်း ညိတ်ကာ … ညိတ်ကာ …
 
အရိုး
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.