တက္ကသိုလ်မြေ… နေ၀င်မှာကို စိုးတယ် || ဂျေလှသင် ||

မအံ့သြမိပေမယ့် ဒီလောက်မြန်မြန်ကြီး ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထားမိတာ အမှန်ပါ ။ ဒါပေမဲ့ အခု မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ၀မ်းနည်းဝမ်းသာ ဖြစ်မိတာတော့ ဖော်မပြတတ်အောင်ပါပဲ။ အနှစ်၂၀ နီးပါး အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ပိတ်ထားခဲ့တဲ့ ရန်ကုန် တက္ကသိုလ်( လှိုင်နယ်မြေ)။ တက္ကသိုလ် ကျောင်းသားတွေကိုတော့ ပေးမတက်ဘဲ အဓိပ္ပာယ်မရှိ၊ ပညာရေး တက္ကသိုလ် ဆရာ ဆရာမတွေ အတွက် လက်တွေ့သင်တန်းခန်း အဖြစ် ရည်ရွယ်တဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး ကျောင်း(TTC) ရဲ့မူလတန်း အလယ်တန်း ကျောင်းသား ကလေးတွေကို သွားထားတဲ့ RC-2။ အခုတော့ တက္ကသိုလ်ကျောင်းသား တွေ ပြန်တက်ခွင့်ရခဲ့ပြီ။ တက္ကသိုလ်အစစ် ပြန်ဖြစ်လာခဲ့ပြီ။
 
တက္ကသိုလ်ဆိုတာ ဘယ်လောက်ပဲ အဆောက်အအုံတွေ ခမ်းနားနေပါစေ၊ ကျောင်းသားမရှိရင် ကျက်သရေ မရှိပါဘူး။ အာဏာရှင်ကို တော်လှန်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဦးချိုးချင်တဲ့ စိတ်နဲ့ အပိတ်ခံထားရတဲ့ တက္ကသိုလ် နယ်မြေတွေ ကျက်သရေမဲ့နေခဲ့တာ ကြာပါပြီ။ အဲဒီလိုရာစုနှစ် တစ်ဝက်နီးပါး တက္ကသိုလ်ကျောင်းတွေ တက္ကသိုလ်ကျောင်းသားတွေကို တန်ဖိုးမထားခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတဲ့ ကျောင်းကြီးဟာ ဒီနှစ်မှာ ကိုယ်ရှိန်ကိုယ်ဝါ ပြန်တောက်ပလာတာ မြင် ရတော့ တကယ့်ကို ကျေနပ်မိခြင်းနဲ့အတူ ၀မ်းသာမိတယ်။ ဒီနှစ်ရဲ့ မောင်မယ်သစ်လွင်လေးတွေ ကံကောင်းလိုက်တာ တက္ကသိုလ်နဲ့တူတဲ့ တက္ကသိုလ်နယ်မြေမှာ ဂုဏ်ယူစွာ ကျောင်းတက်ကြရတော့မယ်။ တစ်ဆက်တည်းမှာပဲ ၀မ်းနည်းမိတာက မြို့ပြနဲ့ဝေးရာအရပ် မြို့ပြင် တက္ကသိုလ်တွေ ဆီကနေ ဘွဲ့လက်မှတ်ကလေးတစ်ခု ရဖို့အရေး နေ့စဉ် မသွားချင်သွားချင် သွားတက်ပြီး ကျောင်းပြီးခဲ့ကြရတဲ့ လူငယ်တွေ ဘယ် လောက်များ ခံပြင်းဒေါသဖြစ်ကြရှာလေမလဲ။
 
တကယ်တော့ တက္ကသိုလ်မြေဆိုတာ နိုင်ငံရဲ့ရတနာတွေကို မွေးထုတ်ပေး ရာအရပ်။ သူများတိုင်း ပြည်က တက္ကသိုလ်တွေရဲ့ အရေးပါမှုက ဘယ်လို ရှိလဲ မသိနိုင်ပေမယ့် ကျွန်မတို့နိုင်ငံရဲ့ တက္ကသိုလ်က တော့ နိုင်ငံရဲ့ သမိုင်းနဲ့ တွဲလျက်ပါနေတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း ကိုပြောရင် ရန်ကုန် တက္ကသိုလ်က စပြောရလိမ့်မယ်။ မြန်မာ့လွတ်လပ် ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ပြောမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်က စရလိမ့်မယ်။ အရှေ့တောင် အာရှရဲ့တစ်ဦးတည်း သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် အကြောင်း ပြောရင်လည်း ရန်ကုန်တက္ကသိုလ်က မပါမပြီး။ ကုန် ကုန်ပြောရရင် ယနေ့မြန်မာ့ဒီမို ကရေစီ အပြောင်းအလဲရဲ့ အစဟာလည်း ရန်ကုန်တက္ကသိုလ်ထဲကပဲ မြစ်ဖျားခံလာခဲ့တာ။ အဲဒီလို မြန်မာ့သမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ တက္ကသိုလ်နယ်မြေတွေကို စစ်အာဏာရှင်တွေက အမှောင်ချခဲ့တယ်။ တက္ကသိုလ် ကျောင်းသားတွေကို ထောင်ချခဲ့တယ်။ တက္ကသိုလ်မြေ နေ၀င်ခဲ့တာ နှစ်သုံးဆယ် ပြည့်တော့မယ်။
 
ဒီနှစ်ဒီဇင်လာလ တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်တဲ့လမှာ မူလတက္ကသိုလ်နယ်မြေတွေ အတွက် ရောင်နီလေး သန်းလာခဲ့ပြီ ဆိုပါတော့။ ရန်ကုန်တက္ကသိုလ် ( လှိုင်နယ်မြေ ) RC-2 ထဲမှာ နယ်ကနေ ကျောင်းလာတက်ကြရမယ့် ကျောင်းသူတွေအတွက် ပညာရေးဝန်ကြီးဌာနရဲ့အစီအမံနဲ့ ဖွင့်ပေးတဲ့ ကျောင်းဆောင်တဲ့ ၆ ထပ် ဓာတ်လှေကားနဲ့ ကျောင်းသူနှစ်ယောက် တစ်ခန်း Aircon နဲ့ ဘီရိုတစ်ယောက် တစ်လုံးနဲ့ စာရေးစာပွဲ တစ်ယောက်တစ်လုံးနဲ့။ အဆင့်မြင့် အများသုံးရေချိုးခန်း အိမ်သာနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ထမင်းစားဆောင်နဲ့။ ခေတ်မီအဆင့်မြင့် အဆောက်အအုံနဲ့ မောင်မယ်သစ်လွင်တွေကို ကြိုဆို လိုက်တဲ့သတင်းဟာ ဓာတ်ပုံတွေနဲ့တကွ Online မှာ ချက်ချင်းပျံ့နှံ့လာလိုက်တာ မြင်လိုက်ရသလို ရင်ထုမနာဖြစ်နေကြတဲ့ ကျောင်းပြီးလူငယ်တွေရဲ့comment တွေကလည်း ကိုယ်ချင်းစာ သနားစရာပါ။ ငါတို့တုန်းက အဲဒီလိုဆိုရင် ဘယ်လောက်ကောင်းမလဲ။ ဒီလိုမြင်ရတာ ကျောင်းပြန်တက်ချင်လိုက်တာ။ မင်းတို့ ကံကောင်းကြတယ်ကွာ စသဖြင့် ရင်ဖွင့်သံတွေ ညံနေအောင် မြင်တွေ့လိုက်ရပါတယ်။
 
၁၉၈၈ မတိုင်ခင်၂ နှစ်လောက် ရန်ကုန်တက္ကသိုလ် ရောက်ခဲ့ပြီး တက္ကသိုလ်ရဲ့ အရသာကို ငါးမူးသား လောက်သာ ခံစားလိုက်ရတဲ့ ကျွန်မတောင် အခုကလေးတွေလို ကျောင်းပြန်တက်ချင်စိတ် ပေါက်လာခဲ့ပါတယ် ။ ဒါတောင် ကျွန်မတို့ခေတ်က တက္ကသိုလ်ဆိုတာ ကမာရွတ်လှည်းတန်းက မိန်း(Main)လို့ခေါ်တဲ့ တတိယနှစ်သမားတွေက စတက်ရတဲ့ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ၊ ပထမနှစ်ကနေ ဒုတိယနှစ်အထိ တက်ကြရတဲ့ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ ) RC-1၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ ) RC-2၊ ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင် နယ်မြေ) RC-3 ဆိုတဲ့ မြို့လယ်ကောင်မှာ တက်ကြရတာ။ တခြားအသက်မွေးဝမ်းကျောင်း ပညာတွေဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် (RIT)၊ စီးပွားရေးတက္ကသိုလ် Eco၊ ဆေးတက္ကသိုလ်(MC 1 & 2)၊ ပညာရေးတက္ကသိုလ် (B.Ed) စသဖြင့် တက္ကသိုလ်တွေကလည်း ရန်ကုန်မြို့လယ်ကောင်မှာပဲ ဖွင့်ပေးထားတာ။ နယ်ကျောင်းသားတွေ အတွက် အဆောင်ဆိုတာလည်း ကျောင်းတွေထဲမှာပဲ ထားပေးပြီး အုပ်ချုပ်သူ အဆောင်နည်းပြတွေရယ်၊ အဆောင်မှူးရယ်နဲ့ အဆောင်နေ ကျောင်းသားတွေ လိုက်နာရမယ့် အဆောင်စည်းကမ်းနဲ့ စနစ်တကျ အဆင့်အတန်း ရှိရှိ နေထိုင်စား သောက်ပြီး အဆင့်မြင့် တက္ကသိုလ်ပညာတွေကို သင်ယူကြရတာ။
 
၁၉၈၈ မှာ ရန်ကုန်စက်မှု တက္ကသိုလ်က စလိုက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ မဆလ ပါတီကြီး ပြုတ်ကျသွားတဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ဆက်တွဲအဖြစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ ဆက်တိုက် ပြင်းထန်လာတဲ့အတွက် နောက်ဆုံးမှာတော့ အာဏာရှင်တွေဟာ တိုင်းပြည်အာဏာကို ဆက်ကိုင်ထားဖို့ မဖြစ်နိုင်တော့တာမို့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရတော့တယ်။ ၂၀၁၅ နောက်ပိုင်းကစလို့ ယနေ့ မြင်တွေ့နေကြရတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ တက္ကသိုလ်တွေအထဲက မြစ်ဖျားခံလာခဲ့တာ ဆိုရင် ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားပါ။ မှန်လွန်းလို့ကို စစ်အာဏာရှင်တွေရဲ့ အမုန်းဒဏ်အငြိုးကို တက္ကသိုလ်ကျောင်းတွေ ခံစားခဲ့ရတယ် ဆိုပါတော့။ ခေတ်အဆက်ဆက် မြကျွန်း ညိုညိုတက္ကသိုလ်လို့ ရင်ခုန်စွာ တင်စားခံခဲ့ရတဲ့ တက္ကသိုလ် နယ်မြေတွေကို မြို့စွန်မြို့ဖျားကို ပို့ပစ်လိုက် တဲ့အတွက် လယ်ကွင်းထိုထို၊ တက္ကသိုလ် လို့ ရင်နာစွာ နောက်ပြောင် ခေါ်ဝေါ်ကြတဲ့အထိပါပဲ။
 
ကမ္ဘာကျော် အောက်စဖို့တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရခဲ့တဲ့ ကျွန်မတို့ရဲ့ လူထုခေါင်းဆောင်ကတော့ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ မြို့စွန်အဖျားထိ ကျောင်းသွားတက်ကြရတဲ့ ဒုက္ခကိုမြင်မိ စာနာမိတယ်ထင်ပါရဲ့။ တစ်ခါက ပညာရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုမှာ တက္ကသိုလ်တစ်ခု အတွက် ပရ၀ဏ်ဟာ ကျောင်းသားတွေ အတွက် အရေးကြီးပါတယ် လို့ပြောသွားဖူးပါတယ်။ အမှန်ပါပဲ။ တခြားနိုင်ငံတွေအထိ အဝေးကြီး သွားကြည့်စရာ မလိုပါဘူး။ တစ်ချိန်က အာရှရဲ့အကောင်းဆုံး တက္ကသိုလ်ကြီးဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်တက္ကသိုလ်ကြီးကိုပဲ ကြည့်ရအောင်ပါ။ ရန်ကုန်တက္ကသိုလ်ကြီးဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် တက္ကသိုလ်ဓမ္မာရုံရှိသလို၊ ခရစ်ယာန်တွေ အတွက် ချာ့ခ်ျရှိတယ်။ ကိုယ်ပိုင် တက္ကသိုလ်များ ဘောလုံးကွင်းနဲ့ အားကစားကွင်းရှိတယ်။ တက္ကသိုလ် လှေလှော်ရွက်တိုက်အသင်းအ တွက်လည်း အင်းလျားကန်ကြီးကအသင့်။ တက္ကသိုလ် ကျောင်းသားတွေအတွက် တက္ကသိုလ်ဆေးရုံရှိ တယ်။ တက္ကသိုလ် စာတိုက်ရှိတယ်။ တက္ကသိုလ်စာကြည့်တိုက် ရှိတယ်။
 
အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပရ၀ဏ်ပဲ။ အခြေခံပညာ အထက်တန်းအဆင့် အောင်လာပြီးတဲ့ လူငယ်တွေကို နိုင်ငံပြန်လည် ထူထောင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်တွေ ပျိုးထောင်ဖို့ဆိုရင် ကမ္ဘာ့အဆင့်မီ ပညာရပ် တွေကို တက္ကသိုလ်တွေကနေ သင်ပေးရမယ်။ ပညာရေးအဆင့်အတန်း ကိုမြှင့်ပေးရသလို အဆင့်အတန်းရှိတဲ့ လူနေမှုစတိုင်လ်ကိုလည်း တက္ကသိုလ်ထဲကနေပဲ လက်ဆင့်ကမ်း အမွေပေးနိုင်ရမယ်။ ကောင်းမွန်တဲ့ ပရ၀ဏ်နဲ့ ဂုဏ်သိက္ခာရှိတဲ့ ပတ်ဝန်းကျင်မှာ လူလားမြောက်လာသူမှ သာ အဆင့်အတန်းရှိရှိ ဂုဏ်သိက္ခာမြင့်မားတဲ့ လူ့အဖွဲ့အစည်းကို ထူထောင်နိုင်မှာပေါ့။
 
အိမ်ကနေကျောင်းကို အသွားနှစ်နာရီ၊ အပြန် နှစ်နာရီ ကားစီးရ ။ ကျောင်းရောက်တော့လည်း နေပူရင် လေပူတွေတိုက်၊ မိုးရွာတော့ ဗွက်တွေပေါက်။ အားကစားလုပ်ဖို့ဝေးလို့ အနီးပတ်ဝန်းကျင်မှာလည်း မျက်စိပသာဒ ဖြစ်စရာဘာမှ မရှိ။ နယ်ကနေလာတဲ့ ကျောင်းသားကျတော့လည်း အပြင်ပုဂ္ဂလိကအဆောင်မှာ ကျောင်းသား၊ ရုံးသမား အကုန်ရောနှောနေကြရ။ အရပ်စည်းကမ်းမို့ စည်းလွတ်ဝါးလွတ်တွေ ဖြစ်။ တချို့ပညာဆုံးခန်းမတိုင်ဘဲ လေလွင့်ပျက်စီးကြရ။ တကယ့်ကို ရင်နာစရာ အမှောင်ခေတ်မှာ တက္ကသိုလ်တွေ နေ၀င်ခဲ့ဖူးပါတယ်။
 
အခုအမှောင်ကိုခွင်းလို့ အလင်းခေတ်ကို ချီတက်နေကြရတဲ့ကာလမှာ တက္ကသိုလ်နယ်မြေတွေ လည်း ရောင်နီသန်းလာပါပြီ။ အခု ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက စပြီဆိုပါတော့။ နောင်နှစ်တွေ နောင်နှစ်တွေမှာလည်း ဒီလိုသတင်းစကားတွေ ဒီလိုဓာတ်ပုံတွေ အနယ်နယ် အရပ်ရပ်က တက္ကသိုလ် တွေဆီက ထွက်ပေါ်လာတော့မယ်လို့ ထင်မိပါတယ်။ ပြည်သူ့အစိုးရရဲ့လုပ်ရပ်ကို လေးစားဂုဏ်ယူမိ ပါတယ်။ ဒီအစိုးရကို မဲပေးရွေးမိတဲ့ မိမိကိုယ်တိုင်လည်း ကျေနပ်မိတယ်။ တိုင်းပြည်နေ၀င်စေခြင်းရဲ့ အစဟာ တက္ကသိုလ်တွေ ပိတ်ပစ်ခြင်း၊ တစ်နည်းအားဖြင့် တက္ကသိုလ်တွေ နေ၀င်သွားခြင်းပါ။ တိုင်းပြည် ရဲ့အညွန့်အဖူးတွေ ရှင်သန်ရာတက္ကသိုလ်နယ်မြေတွေ ဘယ်သောအခါမှ နေမ၀င်အောင် အစိုးရ ပြည်သူ မိဘနဲ့ ကျောင်းသားတွေပါ ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ ဆန္ဒပြုလိုက်ရပါတယ်။
 
ဂျေလှသင်
The Ladies News

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.