ဒဏ္ဍာရီပုံပြင်တွေဟာ နည်းပညာကြောင့် အသက်ဝင်လာခဲ့ပြီ || အင်တာဗျူး ||

သူ့ ပထမ အသက်မွေးဝမ်းကျောင်း အလုပ်က ဆရာဝန်။ နောက်တော့ သူက ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချပြီး သူ့ Career ကို ပြောင်းပစ်လိုက် သည်။ နားကြပ်နှင့် ဆေးထိုးအပ်ကို စွန့်လွှတ်လိုက်ပြီး Animation တွေကို ဖန်တီး ပုံဖော်သည့် Animator တစ်ဦးအဖြစ် သူ ရဲရဲဝံ့ဝံ့ ရပ်တည်နေထိုင်ခဲ့သည်။ ခု သည်ဘ၀မှာ သူပျော်မွေ့နေခဲ့ပြီ။ သူ့အမည် က ကိုသူရသိန်းတင်။
 
Animator ဆိုတဲ့ Career ကို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ဒီပြောင်းလဲ ရွေးချယ်မှု အပေါ်မှာ ကျေနပ်မှုရှိမရှိ
**** **** ****
ကျွန်တော်က အသစ်အဆန်း ဖန်တီးတာရယ်၊ ကွန်ပျူတာ အသုံးပြု တာရယ်၊ ရုပ်ရှင်နဲ့ ပတ်သက်တာ တွေရယ်ကို ၀ါသနာပါတယ်။ အစောပိုင်းက ကွန်ပျူတာနဲ့ အပျော်သဘော Game ဆော့ရင်း၊ နောက်ပိုင်း Game ကို သေသေချာချာ လေ့လာလိုက်စားရင်း 3D ဆွဲတာကို စိတ်ဝင်စားလာခဲ့တယ်။ ရုပ်ရှင်ဇာတ်ကား ဖန်တီးတာကျတော့ အပြင်မှာ တကယ်ရိုက်ရင် အခက်အခဲတွေ အများကြီး ရှိနိုင်တယ်။ နည်းပညာနဲ့ကျတော့ ကိုယ့်စိတ်ကြိုက် ဖန်တီးပြီး ကိုယ်လိုချင်တဲ့ Effect တွေကို ကြိုက်သလို ထည့်သွင်းနိုင်တယ်လေ။ ဒါကြောင့် Animator ဘ၀ကို ရွေးချယ် ဖြစ်တာပါ။ ဆရာဝန်တစ်ယောက် ဘ၀ကနေ ဒီ Animator တစ်ယောက်အဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့တဲ့ အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်။ ခု ဒါကို စားဝတ်နေရေး၊ ဒါမှမဟုတ် စီးပွားရေးအရ လုပ်ဖြစ်နေတယ်။ နောင် ကိုယ့်မှာ ငွေကြေးမြောက် မြားစွာ ပြည့်စုံနေမယ် ဆိုရင်လည်း ဒီအလုပ်ကို ဆက်လုပ် နေဦးမှာပါ။
 
အကူးအပြောင်းမှာ ကြုံရတဲ့အခက်အခဲ
**** **** ****
ဟိုအရင်ကတော့ ဆေးရုံသွားလိုက်၊ ဆေးခန်းထိုင်လိုက်၊ အားတဲ့အချိန် မှာ ကွန်ပျူတာနဲ့ လေ့ကျင့်ရေးဆွဲလိုက် လုပ်နေဖြစ်ပါတယ်။ အဲဒီကြား ထဲမှာပဲ “သတ္တုကမ္ဘာ” ရယ်၊ “ထူးထူးနှင့် အံ့ဖွယ်ကျွန်း” ရယ် ဆိုတဲ့ ဇာတ်ကားလေးတွေကို ဆွဲပြီး ထုတ်ဝေဖြစ်တယ်။ အမှန်ပြောရရင်တော့ ဆရာဝန်ဘ၀ကို ဘယ်သူကမှ မစွန့်လွှတ် စေချင်ကြဘူး။ ပြီးတော့ အဲဒီအချိန်တုန်းက Animation ဖန်တီးပြီး ရပ်တည်တဲ့သူဆိုလို့ မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ ကျွန်တော်က မိုက်မိုက်မဲမဲပဲ Career ကို Change လိုက်တယ်။ အစပိုင်းတော့ စီးပွားရေးအခက်အခဲ အနည်း အကျဉ်း ရှိတာပေါ့။ ဒါပေမဲ့ နောက်တော့လည်း အခက်အခဲတွေလျော့ပြီး တဖြည်းဖြည်း ပြေလည်သွားခဲ့ပါတယ်။
 
“ထူးထူးနှင့် အံ့ဖွယ်ကျွန်း” က အာဆီယံမှာ ဆုရခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းလေး ပြောပြပေးပါဦး။
**** **** ****
ဟုတ်။ တော်တော်တော့ ကြာပါပြီ။ “ထူးထူးနှင့် အံ့ဖွယ်ကျွန်း” စဆွဲ တုန်းက က ပြည်တွင်းမှာပဲ ဇာတ်ကားအဖြစ် ထုတ်လုပ်ဖို့ ရည်ရွယ် ခဲ့တာပါ။ ဒါပေမဲ့ အားထုတ်ဖန်တီးထားတဲ့ ဇာတ်လမ်းလေး ကလည်း ထူးခြားနေတယ်၊ ပြိုင်ပွဲ ကလည်း ရှိနေတယ်ဆိုတော့ ၀င်ပြိုင်ဖြစ်သွား တယ်။ ဒါပေမဲ့ သူက ၁၅ မိနစ်စာပဲ ပြိုင်ရတာဆိုတော့ ကိုဝဏ္ဏကျော်က ၁၅ မိနစ်စာ တည်းဖြတ်ပြင်ဆင်ပြီး ၀င်ပြိုင်လိုက်ပါတယ်။ အဲဒီမှာ 2006 New Media Art (ဒုတိယဆု) ကို ရရှိခဲ့ပါတယ်။
 
အောင်မြင်တဲ့ Animator တစ်ယောက်ဖြစ်ဖို့ဆိုရင်
**** **** ****
စဉ်ဆက်မပြတ် ကြိုးစားနေဖို့နဲ့ ဇွဲရှိဖို့ လိုပါတယ်။ ဒါက ဘယ်အလုပ်မှာမဆို လိုတဲ့အရာပါ။ အထူးသဖြင့် နည်းပညာ လောကမှာ ပိုလိုပါတယ်။ အထူးအဆန်းတွေ၊ အသစ်တွေ၊ Software တွေ Hardware တွေ ပေါ်နေတာဆိုတော့ မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ နောက်တစ်ခုက (နည်းပညာနယ်ပယ်ကို ဦးစားပေး ပြောရရင်) အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့လည်း လိုပါတယ်။
 
Animation ကို ဖန်တီးတဲ့နေရာမှာ နည်းပညာနဲ့ အနုပညာ ပါဝင်မှုအချိုးအစား
**** **** ****
3D စဆွဲတုန်းက အနုပညာကို သိပ်မသိသေးဘူး။ အရုပ်တစ်ခုရဲ့ လှုပ်ရှားမှုကို ဖန်တီးတဲ့အခါ နည်းပညာနဲ့ပဲ မဖြစ်မနေ ဖန်တီးလိုက်တာ။ အဲဒီအခါကျတော့ အရုပ်တွေက အချိုးအစားမကျဘဲနဲ့ တောင့်တောင့်ကြီး ဖြစ်နေတာမျိုး တွေ့ရတယ်။ လှတာ မလှတာနဲ့ ကာလာတွေက အစပေါ့။ အဓိကက မမြင်တတ်တာပါ။ နောက်မှ အနုပညာ သဘောတရားကို တဖြည်းဖြည်း နားလည်လာတယ်။ ဒါကြောင့် နည်းပညာနဲ့စာရင် အနုပညာ ပါဝင်မှုရာခိုင်နှုန်းက အများကြီး ပိုများပါတယ်။
 
လေ့လာဖြစ်တဲ့ လေ့လာမှုတွေ
**** **** ****
ကျွန်တော်က Video Tutorial တွေကြည့်တာ ပိုများတယ်။ စာအုပ်ထဲမှာ စာမျက်နှာ သုံးဆယ်၊ လေးဆယ်လောက် ရေးပြီး ရှင်းထားတဲ့ဟာကို Video မှာကျတော့ တစ်မိနစ်လောက် ပြလိုက်ရင် ရတယ်လေ။ You Tube ထဲမှာ Free ကြည့်လို့ရတာတွေ အများကြီးရှိတော့ အဲဒီက သင်ခန်းစာတွေကို ကြည့်ဖြစ်၊ လေ့လာဖြစ်ပါတယ်။
 
ဖန်တီးခဲ့တဲ့လက်ရာတွေနဲ့ ကိုယ့်စိတ်ကြိုက် ဖန်တီးရမယ်ဆိုရင်
**** **** ****
သတ္တုကမ္ဘာ၊ ထူးထူးနှင့် အံ့ဖွယ်ကျွန်း၊ ရေတွင်း (ယူနီဆက်ပညာပေး)၊ နောက် Eva၊ My Baby၊ Java Coffeemix၊ Max Power အစရှိတဲ့ ကြော်ငြာတွေ။ ပြီးတော့ ရေသူမ၊ ပင်လယ်မင်းသား၊ တစ်စက်တည်း ဒါပေမဲ့အဆိပ်၊ မြွေစိမ်းရှင်မ၊ အလန်းလွန် အလွန်လန်း၊ မှော်ဝင်ကျားသစ်၊ သိုက်ဆက်လိပ်ပြာ၊ မော်ဒန်ရာဇ၀င်၊ အော်တိုဘုရင် စတဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ ကျွန်တော့်နည်းပညာ လက်ရာတွေ ပါပါတယ်။ ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးမယ် ဆိုရင်တော့ သိပ္ပံကားတွေ ဖန်တီးရတာ ပိုကြိုက်တယ်။ စက်ရုပ်တွေ၊ အာကာသယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ဇာတ်လမ်းမျိုးကို ပိုဖန်တီးချင်ပါတယ်။ ဥပမာ - Star War လို၊ Transformer လို ဇာတ်ကားမျိုးတွေပေါ့။
 
နည်းပညာဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်
**** **** ****
နည်းပညာက ကိုယ့်စိတ်ကူးထဲမှာ ရှိတဲ့အတိုင်း ပုံဖော်နိုင်တဲ့ အားသာချက်ရှိတယ်။ ဒါကြောင့် ဟောလိဝုဒ်မှာ နည်းပညာအထူးပြုလုပ်ချက်တွေနဲ့ ဇာတ်ကားတွေ အများကြီးဖန်တီးလာကြတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကြားခဲ့၊ ပြောခဲ့ကြတဲ့ ပုံပြင်တွေဆိုတာ လက်တွေ့ပြသဖို့ မလွယ်ဘူးလေ။ ဒါပေမဲ့ ခု အဲဒီပုံပြင်တွေကို နည်းပညာနဲ့ ဖန်တီးနိုင်လာကြပြီ။ နည်းပညာနဲ့ အစစ်နီးပါးဖြစ်အောင် ပြလို့ ရလာကြပြီ။ တစ်နည်းအားဖြင့် နှုတ်နဲ့ပဲပြော၊ စာနဲ့ပဲရေးလာခဲ့ကြတဲ့ ဒဏ္ဍာရီပုံပြင်တွေဟာ နည်းပညာကြောင့် အသက်ဝင်လာခဲ့ပြီ လို့ ဆိုချင်ပါတယ်။
 
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
 
ဆောင်းဖြူ
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.