ထိုးစိုက်နစ်စူး ထိုဆူးနှစ်ချောင်း // ရွှေဒါးမောင်လေးရည် //

ကျွန်တော်တို့အားလုံးနီးပါးပင် ညဥ့်သုံးယံလုံး စိတ်ချလက်ချ အိပ်စက်၍ မရနိုင်ခဲ့သည်မှာ ကာလတောင် တာရှည်ခဲ့ကြပါပြီ။ ပြသ၁နာအစ အနတွေက တစ်စမဟုတ်တစ်စ၊ အချွန်များနှင့် မနေကြမှတော့ ရှိသမျှ သတိတရားတွေ၊ အသိစိတ်တွေ ဘေးနားပစ်ချမထားနိုင်လောက်အောင် ဖြစ်နေခဲ့ရတာတွေကလည်း ကျွန်တော်တို့အဖို့ ကံကြမ္မာအပေါ် အပြစ်ဖွဲ့ရုံကလွဲပြီး တခြားမရှိနိုင်တော့ပါဘူးလေ။
 
ဒီမနက် သတင်းစာရောက်လာတော့ သတင်းစာ စာမျက်နှာပေါ်က ကာတွန်းတစ်ကွက်က ကျွန်တော်တို့ ခံစားနေကြရတဲ့ ဒုက္ခကို မျှဝေ ခံစားပြခဲ့ပုံမှာ ကွက်တိကျနေခဲ့ပေသည်။
 
`ရခိုင်အေ၇းက မပြီးသေး၊ တရုတ်က မြစ်ဆုံစီမံကိန်း တစ်စခန်းထ ပြန်လို့ပါလား။ ဘုရား … ဘုရား … ဘုရား´ ရယ်လို့ သောကမအေးနိုင် ရှာတဲ့ ရသေ့တစ်ပါးပုံနဲ့ ရင်ဆူနေရရှာတဲ့ သရော်လှောင်ပြောင် ကာတွန်း တစ်ကွက်က ကျွန်တော်တို့ရဲ့ ရင်တွင်းအပူကို လှစ်ဟပြနေပုံမှာ အသက်ဝင်လှပေသည်။
 
ကျွန်တော်တို့ တိုင်းရင်းသား ညီနောင်အားလုံးတို့ရဲ့ နှလုံးသားအတွင်း ဆူးတစ်ချောင်းသဖွယ် ၀င်ရောက်စူးနစ်နေခဲ့တဲ့ ဒီဧရာဝတီ မြစ်ဆုံဆည်တမံများ ကိစ္စဟာ ကျွန်တော်တို့ နိုင်ငံသား အားလုံးနှင့် နိုင်ငံတော်အတွက် မည်သို့သော နည်းနှင့်မျှ လက်ခံနိုင်ဖွယ်မရှိသည့် ကိစ္စရပ်သာ ဖြစ်ပါသည်။ သည့်အတွက်ကြောင့်လည်း ကျွန်တော်တို့ အားလုံးက အလိုမတူ ကန့်ကွက်ခဲ့ကြတာ၊ ကမ္ဘာကပင် သိခဲ့ကြပြီးလည်း ဖြစ်ခဲ့ပါသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာတစ်နိုင်ငံ လုံး မှ စုပေါင်းကန့်ကွက်ခဲ့မှုများကြောင့် ထိုစဉ်က သမ္မတမှသည် စီမံကိန်းကို ရပ်တံ့ပေးခဲ့ရသည်မှာလည်း အသိပင်ဖြစ်ခဲ့ပြီးပါပြီ။
 
သို့သော်လည်း ယခုအစိုးရသစ်က သည်ဧရာဝတီမြစ်ဆုံ စီမံကိန်းအပေါ် အဖြူအမည်း သဲကွဲစွာ သဘောထား ထုတ်ပြန်ခဲ့ခြင်း မရှိမှုကြောင့် လည်း ကျွန်တော်တို့အားလုံး၏ နှလုံးသားများ အတွင်း၌ ဆူးတစ်ချောင်း အသွင် နစ်ဝင်ထိုးစိုက်နေခဲ့ပြီး တဆစ်ဆစ် နာကျင်ကိုက်ခဲနေခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါသည်။
 
သည်ကနေ့မှာတော့ သတင်းစာ စာမျက်နှာပေါ် ၀ဲပျံလာခဲ့သည့် သတင်း ခေါင်းစဉ်နှင့်အတူ `ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်က မြန်မာနှင့် ဆက်သွယ်ဆွေးနွေးမည်´ ဟု ဆိုလာခဲ့ပေသည်။ ခေတ္တခဏမျှ မေ့လျှော့ထားခဲ့သည့် ကျွန်တော်တို့၏ နှလုံးသားများကို တစ်ဖန် ပြန်လည်ပုတ်နှိုးလိုက်ပြန်ပါပြီ။ သည်အပေါ်မှာတော့ နိုင်ငံသားအားလုံး တို့၏ သဘောထားများက ယခင်ကာလကဲ့သို့ပင် သဘောမတူသည့် ဘက်ကသာ ထာဝရရပ်တည်သွားမည်ဟုသာ ပြောကြားလိုပါသည်။
 
လက်ရှိ အချိန်မှာပင် သည်စီမံကိန်းနှင့် ဆက်စပ်ဧရိယာများ ၀န်းကျင်မှ တိုင်းရင်းသား အပေါင်းတို့ ခံစားနေကြရသည်။ လက်ရှိ မြင်ကွင်း အပေါင်းတို့က ထိထိခိုက်ခိုက် ရှိနေကြရသည်မှာ ပြောပြရုံမျှဖြင့် လက်တွေ့မသိရှိနိုင်ဘဲ ကြုံဖူးသူတို့သာ တိတိကျကျ ရင်ဖွင့်ပြနိုင်သည်မှာလည်း အမှန်တရား တစ်ခုသာ ဖြစ်ပါသည်။
 
ကျွန်တော်တို့ အစိမ်းရောင် ကွန်ရက်အဖွဲ့သားများ သူတို့တွေ အခြေချနေထိုင်ရာ မြစ်ဆုံဒေသသို့ ရောက်ခွင့်ကြုံခဲ့ရပေသည်။ ဖျော့ဖျော့မှိန်မှိန် သူတို့မျက်ဝန်းအိမ်များနှင့် တိုးတိုက်ခွင့်ကြုံခဲ့ရသည်။ သူတို့ နှလုံးအိမ်များဆီမှ စီးသွယ် ကျဆင်းလာခဲ့သည့် ခံစားမှုရေစီးသံများကိုလည်း နားနှင့်ဆတ်ဆတ် အလန့်တကြားပင် နားဆင်ခဲ့ကြရသည်။ အရှင်လတ်လတ် သူတို့ဘ၀များကို ငါးတစ်ကောင်နှယ် နေပူခေါင်ခေါင် ကွင်းပြောင်ပြောင် ထက်သို့ ပစ်ပေါက်လွှင့်တင်ဘိသို့ ငရံ့ပြာလူး မူးမူးမိုက်မိုက် ပါးဟက်ကလေးများ ဟစိဟစိဖြင့် သတ်ကွင်းထဲမှာ ရှင်သန်နေခဲ့ကြရသည်။
 
`စီမံကိန်း ဒုက္ခသည်များပါ´ ဟု ရင်ဖွင့်ခဲ့ကြကာ ဧရာဝတီမြစ်ဆုံစီမံကိန်းများကြောင့် ရှောင်တိမ်းပြေးထွက်ခဲ့ကြရသည်။ ဒေသခံ တိုင်းရင်းသူ တစ်ဦး၏ ရင်ဖွင့်သံစဉ်များက စာနာနှလုံးသား ပိုင်ရှင်များအဖို့ ထိထိရှရှ ရှိလွန်းလှသည်။ မြစ်ဆုံဧရိယာအတွင်း စက်ကွင်းမလွတ်၍ ရှောင်တိမ်းထွက်ခွာခဲ့ရပြီး သူပိုင်ဆိုင်သည့် ကျွဲနွားများသည် စက်ကွင်းထဲမှာပင် စွန့်ပစ်ထားခဲ့ရပုံများက ပြန်လည်၍ ရှာဖွေဖမ်းဆီးလိုပါသော်လည်း ၀င်ရောက်ခွင့်ပြုချိန်က နေ့ကူးခွင့်မရသဖြင့် မစွမ်းဆောင်နိုင်ပုံများမှာ ကြားနာရသူများအဖို့မှာပင် မျက်ရည်စို့ဖွယ် ဖန်လာခဲ့ရလေသည်။ သူတို့၏ ၀ပ်ကျင်းဟောင်းနေရာများ၌ တရုတ်ကုမ္ပဏီများက တူးဆွခြေမှုန်းကာ ရွှေရှာခဲ့သဖြင့် တွင်းနက်ကြီးများဖြင့် ရှုမြင်၍မတင့်တယ် နိုင်အောင် ရှိခဲ့ရပုံများကိုလည်း သူတို့ ရင်ဖွင့်ချက်များမှ အစကောက်၍ သိရှိခဲ့ရပေသည်။
 
မြစ်ဆုံဒေသများအတွက် ကုမ္ပဏီမှ တည်ဆောက်ပေးခဲ့သည့် အောင်မြင်သာကျေးရွာမှ အိမ်များ၏ အခြေအနေမှာလည်း နေထိုင်၍မလုံမခြုံ ဖြစ်သွားခဲ့ရပြီဟု ဆိုပါသည်။ နေရာဟောင်းနှင့် နှိုင်းယှဉ်ပါက အစစ အဆင်မချောမှုတို့ဖြင့်သာ တိုးတိုက်နေကြရပြီး စိုက်ပျိုးလုပ်ကိုင်ဖို့ ကြိုးပမ်းပြန်တော့ ကျောက်တုံး၊ ကျောက်စိုင်များသာ အတိဖြစ်၍နေခြင်းတို့ဖြင့် အခက်အခဲများနှင့် နေရေးစားရေး ခက်ခဲလွန်းကား နေရာဟောင်းသို့သာ သွားရောက် စိုက်ပျိုးလုပ်ကိုင်နေရကြောင်းများကို နားဆင်ခဲ့ရလေသည်။ သို့အတွက်ကြောင့်ပင် ရွာဟောင်းဆီသို့သာ ပြန်လည်၍ ရွှေ့ပြောင်းနေလိုကြကြောင်းနှင့် မြစ်ဆုံဒေသ ဆည်တမံစီမံကိန်းများ အပြီးတိုင် ရပ်တန့်ပေးရန် ဆောင်းဆိုပါကြောင်း ရင်ဖွင့်သံများကိုသာ နားနှင့်ဆတ်ဆတ် သောတဆင်ကြားနာခဲ့ရပေသည်။
 
မြစ်ဆုံရေကာတာ စီမံကိန်းများနှင့် ပတ်သက်ပြီး မြန်မာစွမ်းအင်ဝန်ကြီး၏ စကားသံများကတော့ ၂၀၁၆ သြဂုတ်လတွင် အစိုးရဘုတ်အဖွဲ့တစ်ဖွဲ့ ထူထောင်ခဲ့ပြီး ယူနန်အပြည်ပြည် ဆိုင်ရာ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် ဆွေးနွေးမှုပြုလုပ်နေကြောင်းသာ ပြောကြားခဲ့ပြီး တိကျသည့် ဆုံးဖြတ်မှုမျိုး မပါဝင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် မြစ်ဆုံရေးကာတာ ဆည်တမံ စီမံကိန်းဆိုသည့် ဆူးချွန်ချွန် တစ်ချောင်းကတော့ ကျွန်တော်တို့ နိုင်ငံသားအပေါင်းတို့အား အိပ်စက်၍ မပျော်နိုင်ဖွယ် ဆောင်းအိပ်မက်တစ်မက် အဖြစ် တစ်ဖန်အသစ် ချောက်လှန့်လာခဲ့ပြန်ပေပြီ။
 
ဒုတိယမြောက် ကျွန်တော်တို့ နှလုံးသားများ အတွင်း ၀င်ရောက်ထိုးစိုက်နေသည့် ဆူးတစ်ချောင်းမှာ လျှပ်စစ်မီတာခများ ပြောင်းလဲကောက်ခံရေး ဆိုသည့် စကားလုံးလှတပတ ကလေးဖြင့် နားလှည့်ကာ ပါးရိုက်မည့်`မီတာခ တိုးမြှင့်ကောက်ခံဦးမည့်သတင်း´ သာ ဖြစ်ပေသည်။ မနေ့တစ်နေ့ကပင် သတင်းစာ စာမျက်နှာပေါ် ဖြတ်ကျော်ပျံသန်းလာသည့် သတင်းခေါင်းစဉ် တစ်ပုဒ်တွင် `၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လျှပ်စစ်တစ်ယူနစ် ကုန်ကျစရိတ် ပျမ်းမျှ ၆၆ ကျပ်ကျော်သာ ရှိပြီး ပြန်လည်ရောင်းချငွေမှာ ပျမ်းမျှ ၇၄ ကျပ်နီးပါးရှိသော်လည်း မီတာခ တိုးမြှင့်ရန် စီစဉ်နေ´ ဆိုသည်ကို ဖတ်ရှုလိုက်ရပေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် အစီအစဉ် ရှိမရှိမေးမြန်းခဲ့ပေသည်။
 
ထိုကိစ္စနှင့် ပတ်သက်ပြီး ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပုံမှာ `ရန်ကုန် လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း အနေဖြင့် ၅၇ ကျပ်ဖြင့် ၀ယ်ယူသော်လည်း ဌာနအနေဖြင့် ဖြန့်ဖြူးရောင်းချရာတွင် ကုန်ကျစရိတ်များရှိကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအထိ ပျမ်းမျှ တစ်ယူနစ် ကုန်ကျစရိတ် ၆၆.၄၄ ကျပ်ဖြစ်ပြီး တစ်ယူနစ်ရောင်းချရငွေဟာ ၇၃.၆၃ ကျပ်ဖြစ်ပါတယ်။ ရရှိတဲ့အမြတ်ငွေနဲ့ တိုးတက်လာတဲ့ မီးသုံးသူဦးရေ တိုးမြှင့်လာတဲ့ ၀န်အားများနှင့်အညီ ခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲခ ဈေးနှုန်းပြန်လည်ပြင်ဆင်နိုင်ရေး အတွက် ပြည်ထောင်စုန်ဝန်ကြီးဌာနမှ တာဝန်ယူ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်´ ဟု ပြန်လည် ဖြေကြားခဲ့ပေသည်။
 
မီတာခများ တိုးမြှင့်ကောက်ခံမည့် အသံများနှင့်အတူ ပြည်သူတို့၏ ရင်ခုန်သံများလည်း ဆူညံလျက်ရှိပေသည်။ အလုံဘက်က အဆောင်နေသူတစ်ဦး၏ ရင်ဖွင့်သံမှာ `ကျွန်တော်တို့က အဆောင်သမားပါ။ တစ်လကို မီတာခ ကျပ် ၅၀၀၀ အထက်ကျပါတယ်။ ဒါတောင် တစ်ယူနစ် ကျပ် ၅၀ နှုန်းနဲ့မို့ပါ။ မီတာခ တိုးကောက်ချင်ရတဲ့ အကြောင်းရင်းက ဘာများပါလဲ သိချင်တယ်။ အခုက မမြတ်တာလည်း မဟုတ်ဘဲနဲ့။ ဘာလို့ မီတာခကို တိုးကောက်ချင်ရတာလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ လူအများစုက အမှန်အတိုင်းပြောရရင် ဆင်းရဲတယ်။ အခွန်အကောက် ဈေးကြီးတယ် ဆိုတာ ပြည်သူတွေအတွက် အိပ်မက်ဆိုးပဲ´ ဟု ဆိုပါသည်။
 
သည်နေရာ၌ ကုမ္ပဏီများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းပြောကြားရတော့မည် ထင်ပါသည်။ မြို့နယ်အချို့ကို ကုမ္ပဏီများသို့ ငှားရမ်းထားသည်များ ရှိပေသည်။ လက်ရှိအနေအထား၌ ကုမ္ပဏီများကာ လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှု အပိုင်းများတွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်လာသည်များကို မတွေ့ရှိရဘဲ ဓာတ်အားခ ကောက်ခံသည့် အပိုင်းတွင်သာ အင်အားစိုက်ထုတ်နေပုံများကိုသာ တွေ့မြင်နေရပေသည်။ ထိုကုမ္ပဏီတို့နှင့် သဘောတူချုပ်ဆို ခဲ့ကြသည့် စာချုပ်ကိစ္စများကို ထည့်သွင်း စဉ်းစားကြရပေတော့မည်။ လက်ရှိကာလ၌ အစမ်းကာလ သဘောမျိုးဖြင့်သာ လုပ်ငန်းများ လည်ပတ်လုပ်ကိုင်နေပုံတို့က လျော့ရဲနေခဲ့ပေသည်။ ထိုဟာကွက်ကလေးများအပေါ် အခွင့်ကောင်းများအဖြစ် ကိုင်တွယ်အသုံးချနေကြပြီး စာချုပ်၌ ပါရှိခဲ့သည်။ လိုအပ်ပါက မိမိတို့ လုပ်ကွက်များအတွင်း၌ ထရန်စဖော်မာများ တည်ဆောက်အသုံးပြုရန် ဆိုသည့် အချက်တစ်ချက်အား မေ့ချင်ဟန်ဆောင်၊ အရူးကွက်နင်းနေကြပေသည်။ သည်ကိစ္စများအပေါ်၌ သက်ဆိုင်သူ မြို့နယ် မန်နေဂျာအပါအ၀င် BOD လူကြီးမင်းတို့ကပါ မသိရှိကြမည်မထင်ပါ။ သိရှိကြပါလျက်နှင့် ထိုထိုကိစ္စများအပေါ် တစ်စုံတစ်ရာ ကိုင်တွယ် ဖြေရှင်းမှု မပြုခဲ့ကြပုံများမှာလည်း မေးခွန်းထုတ်စရာ ပါပေ။
 
နောက်တစ်ခုမှာ စောစောက ၀န်ကြီး၏စကားထဲ၌ `တိုးတက်လာတဲ့ မီတာသုံးစွဲသူဦးရေ တိုးမြင့်လာတဲ့ ၀န်အားများနှင့်အညီ ခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သည့်ကိစ္စများ၌´ ငှားရမ်းလုပ်ကိုင်လာသည့် ကုမ္ပဏီများမှ အချိုးကျ ပါဝင်လုပ်ကိုင်စေသင့်ပါသည်။ တည်ဆောက်ရေး ပိုင်းများတွင်တော့ မပါဝင်ကြဘဲ အမြတ်အစွန်းရမည့် အပိုင်း၊ ကွက်ကွက်ကလေး အပေါ်မှာသာ အာရုံဝင်စားနေကြခြင်းမှာ အညွန့်ခူးစားသူများအဖြစ် လက်ညှိုးညွှန်ခံရမည်ကိုပင် ထည့်သွင်း မစဉ်းစားကြတော့ပြီလားဟုပင် မေးမြန်းရပေတော့မည်။
 
ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသူများ ဘက်ကကော ထိုအချက်များကို ထည့်သွင်းမစဉ်စားခဲ့ကြပေဘူးလားဟု လည်း မေးမြန်းကြည့်လိုမိပေသည်။ ခုချိန်ထိ ထိုအကျအပေါက်များကို ဖြည့်စွက်ရန် တာဝန်ရှိသူတို့ ခေါင်းချင်းဆိုင်ကြလျက် လပ်ဟာကွက်များ မရှိစေရေး ခိုင်မာတိကျသည့် ပြန်လည်ကိုင်တွယ် သင့်သည့် အချိန်လည်း ရောက်နေခဲ့ပါပြီ။ ထိုကဲ့သို့ ကုမ္ပဏီများ ဘက်မှ အချိုးကျပါဝင်သည့် အသုံးစရိတ်များပါ ပူးပေါင်းခဲ့ပါက နိုင်ငံတော်မှ ထည့်ဝင်စရိတ်များ လျော့နည်းသွားခဲ့ပြီး ဓာတ်အားခတိုးမြှင့် ကောက်ခံခြင်း ကိစ္စသည်လည်း ခဏတာမျှတော့ နောက်သို့ ငုပ်လျှိုးနေနိုင်ဦးမည် ဖြစ်ပေသည်။ သည်အခါ ပြည်သူအပေါင်းတို့၏ နှလုံးသားထဲ ထိုးစိုက်နစ်စူးလျက် ရှိသည့် ဒုတိယမြောက် ဆူးတစ်ချောင်း၏ နှိပ်စက်မှု ဒဏ်ချက်များသည်လည်း အခိုက်အတန့် အားဖြင့်တော့ ကင်းဝေတန်ကောင်းပါရဲ့ ဟူ၍သာ။
 
ရွှေဒါးမောင်လေးရည်
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.