အသံတွေဆူညံခဲ့တဲ့ ပွဲတော် // ရဲခေါင်မဲမောင် //

စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို ၃-၁၁-၁၇ ရက်နေ့ကနေ ၅-၁၁-၁၇ ရက်နေ့အထိ မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော်ကြီးမှာ ပါဝင် ဆင်နွှဲကြဖို့အတွက် ကျွန်တော် အပါအ၀င် စာရေးဆရာ၊ ကဗျာ ဆရာ၊ ကာတွန်းဆရာ အယောက် ၅၀ လောက်ဟာ ၁-၁၁-၁၇ ရက်နေ့ ည ၁၀ နာရီက မန္တလေးမြို့ကို စတင်ထွက်ခွာ ခဲ့ကြ ပါတယ်။
 
ဧရာဝတီ စာပေပွဲတော်ကို တက်ရောက်ဖို့အတွက် နာမည် စာရင်းပါဝင်တဲ့ သူတွေထဲက အချို့က မလိုက်ဖြစ်တာရယ်၊ အချို့ကလည်း ကိုယ့်အစီအစဉ် နဲ့ ကိုယ် လေယာဉ်နဲ့ လာကြမှာရယ်ကြောင့် ကျွန်တော်တို့ကို သယ်ဆောင် လာတဲ့ Golden Star Express ကားသစ်ကြီးဟာ ချောင်ချောင်ချိချိ သက်သက် သာသာ ရှိပါတယ်။
 
စကတည်းက ယဉ်ဆိုသလိုပဲ ဒီ ဧရာဝတီစာပေပွဲတော်ကို တက်ရောက်ကြ မယ့် ရန်ကုန်မြို့က စာရေးဆရာ စာရင်းဆိုပြီး ထွက်လာကတည်းက ကျွန်တော်တို့ ရန်ကုန် စာပေလောကနဲ့ မန္တလေး စာပေလောက နှစ်ခုမှာ တော်တော်ကလေး ပွက်လောရိုက်ခတ်သွားခဲ့ပါတယ်။ စာပေလောကထဲ ကိုတောင် မရောက်သေးတဲ့ နာမည်ပျက်ရှိနေတဲ့ သူနှစ်ယောက်၊ အဲဒီ ဧရာဝတီ စာပေပွဲတော်ကို တက်ရောက်မယ့် စာရင်းထဲ ပါနေလို့ ဖြစ်ပါတယ်။ စာပေလောကဆိုတာ မြန်မာစာပေ သမိုင်းနဲ့ချီပြီး တကယ့် စာပေပညာရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေက အဆင်းရဲ အပင်ပန်းခံပြီး တည်ဆောက် ထူထောင်ခဲ့ကြရတဲ့ လောကကြီး တစ်ခုပဲ ဖြစ်ပါတယ်။ `စာပေပွဲတော်´ ဆိုတာက အရှေ့မှာ ´ဧရာ´ ပဲတပ်တပ်၊ `ချင်းတွင်း´ ပဲ တပ်တပ် အင်မတန် ဂုဏ်သိက္ခာ ကြီးမားတဲ့ပွဲမျိုး ဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်၊ အဲဒီလို ဂုဏ်သိက္ခာရှိတဲ့ ပွဲတော်ကြီးနဲ့ မအပ်မရာဘူးလို့ ယူဆကြတဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ကို ပွဲတော်ကြီး တက်ဖို့စာရင်းထဲ ထည့်လိုက်တာဟာဖြင့် အဂတိတရား လေးပါးနဲ့ မကင်းဘူးဆိုတာက ပေါ်လွင်သွားပါတယ်။ ဒါကြောင့် ဒီစတုတ္ထ အကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကြီးကို အပြစ်မြင်ကြ၊ ဝေဖန်ကြ၊ ကန့်ကွက်ကြ၊ သပိတ်မှောက်ကြတာဟာဖြင့် အပြစ်မပြောသာ ဘူးလို့ ကျွန်တော်ထင်ပါတယ်။
 
၃၉ မိုင်က Famous စားသောက်ဆိုင်မှာ နား …၊ ပေါ့ပေါ့ပါးပါး စားသောက်ပြီး ကျွန်တော်တို့ရဲ့ Express ကားကြီး ပြန်ထွက်တဲ့ အချိန်မှာ ည ၁ နာရီစွန်းစွန်းရှိနေပါပြီ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကို ရောက်တယ် ဆိုရင်ပဲ ကဗျာဆရာစောဝေက သူထိုင်နေတဲ့ကားရဲ့ အလယ်လောက်မှာရှိတဲ့ ထိုင်ခုံကထပြီး ကားရဲ့ ရှေ့ခေါင်းဘက်ကို လျှောက်သွားပါတယ်။ ကား ဒရိုင်ဘာဖြစ်တဲ့ သူဆီက စကားပြောမိုက် ကိုတောင်းပြီးတော့ “ကားပေါ်မှာ လိုက်ပါလာကြတဲ့ သူအားလုံးဟာ ရေးဖော်ရေးဖက် ရင်းနှီးပြီးသူတွေချည်း ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်အလုပ်နဲ့ ကိုယ် ပြေးလွှားနေကြရတဲ့ သူတွေ ဖြစ်ကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြဘူး။ ဧရာဝတီ စာပေပွဲတော်ကြီးကြောင့်သာ အခုလို ကားတစ်စီးတည်းမှာ ခရီးအတူတူ သွားဖြစ်ကြတဲ့ အလွန်ပဲ ၀မ်းသာစရာ ကောင်းပါတယ်။ ပိုပြီး အမှတ်တရကလေးတွေ ဖြစ်သွားရအောင် တစ်ယောက်ချင်း ကဗျာရွတ်ချင်တဲ့သူကရွတ်၊ ကဗျာမရွတ်ချင်တဲ့ သူကလည်း အမှတ်တရစကားလေးတွေ ပြောကြရအောင်ဗျာ” လို့ ပြောပါတယ်။ သူ့စကားကို ကြားတော့ အမေရိကန်က မီချီဂန်မှာရောက်နေတဲ့ ကျွန်တော်တို့ မိတ်ဆွေကြီး ကဗျာဆရာ ကိုအောင်ဝေးကို ကျွန်တော်သွားပြီး သတိရလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုအောင်ဝေးနဲ့ ကျွန်တော်တို့ ခရီးတွေ အတူသွားကြပြီဆိုရင် ကဗျာရွတ်ကြဖို့ကို ဆော်သြတတ်လို့ပဲ ဖြစ်ပါတယ်။
 
ကိုစောဝေက အဲဒီလို ဖိတ်မန္တက ပြုလိုက်တဲ့အခါမှာတော့ ကားပေါ်မှာ ပါလာတဲ့ စာပေအနုပညာရှင်တွေ အားလုံးဟာ ကိုယ်စိတ်သန်ရာသန်ရာ ကလေးတွေကို တစ်ယောက်တစ်လှည့် ပြောဆိုဖြစ်ကြပါတယ်။ ကျွန်တော့်အလှည့် အရောက်မှာတော့ “အိမ်ပြန်ချင်နေတဲ့ သူကို၊ တံခါးဖွင့်ပေးတာ၊ ဥပုသ်မစောင့်ဘဲ ကုသိုလ်ရတယ်” ဆိုတဲ့ ကဗျာကလေး တစ်ပုဒ်ကို ကျွန်တော် ရွတ်ပါတယ်။
 
… “အိမ်ထဲမှာဆိုရင်
မေတ္တာတွေကလည်း
စပျစ်သီးလို အခိုင်လိုက်
ရင်းနှီးနွေးထွေးမှုဆိုတာကလည်း
သီချင်းအော်ဆိုချင်စရာချည်းပဲပေါ့ အမေရယ် ။
 
ကျွန်တော်တို့က လူတွေမဟုတ်လား
ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်
ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်
ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်
ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲ အမေ
ရန်ဖြစ်တဲ့အခါလည်း သတ်ကြပုတ်ကြ
အော်ကြဟစ်ကြ ဆဲကြဆိုကြ
 
ငယ်ကျိုးငယ်နာတွေလည်း
ဖော်ချင်ဖော်ကြမှာပဲ
ပြီးတော့လည်း ပြန်ချစ်ကြရစမြဲပါ အမေရယ်
ဒါ … အိမ်ရဲ့
ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ပေါ့ အမေ …”
 
၂၀၁၀ ခုနှစ်မှာ ယူနီဖောင်းချွတ်ပြီး တိုက်ပုံဝတ်တဲ့ အစိုးရတက်လာပါတယ်။ “ဒီမိုကရေစီအစိုးရ” လို့ အမည်ခံလိုက်တော့ ဒီမိုကရေစီနဲ့ ကိုက်ညီမယ့် ကိစ္စအချို့ကို လူထုကို စည်းရုံးတဲ့အနေနဲ့ လုပ်လာပါတယ်။ ဆန္ဒပြခွင့်ပေးတာ၊ စာပေစိစစ်ရေးကို ဖျက်သိမ်းပေးတာ စတာတွေ ဆိုပါတော့။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်နေကြတဲ့သူတွေ ပြန်လာနိုင်တယ်ဆိုပြီး ကြေညာပါတယ်။
 
လူဆိုတာ ကိုယ်မွေးဖွား ကြီးပြင်းလာတဲ့ ရွာ၊ မြို့၊ နိုင်ငံကို ဇာတိစိတ်အရ ချစ်ခင်စွဲလမ်းကြသူချည်းပဲ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့်သာ အမိမြေကို ခွဲခွာပြီး တစ်နယ်တစ်ကျေး အခြား သူများတိုင်းပြည်တွေမှာ သွားရောက် နေထိုင် ရုန်းကန်နေကြရပေမယ့် မလွမ်းဘယ်သူ ရှိပါ့မယ်ဆိုသလို ကိုယ့်တိုင်းကိုယ့်ပြည်ကို လွမ်းနာကျနေတဲ့သူတွေသာ ဖြစ်ပါတယ်။ တရားဝင် သွားရောက်နေထိုင်ကြရတဲ့ သူတွေအတွက်က တာဝန်ပြီးဆုံးချိန်မှာ ဖြစ်ဖြစ်၊ အခြားသူတွေအတွက် ကိုယ်ပြန်ချင်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ပြန်နိုင်ကြပေမယ့် စစ်အစိုးရကို တော်လှန်ပြီး ရောက်ရှိနေထိုင်နေကြတဲ့ `တော်လှန်ရေးသမား´ တွေအဖို့ကတော့ ဒီတစ်သက် အိမ်ပြန်နိုင်ပါတော့မလား ဆိုတဲ့ အတွေးနဲ့ ဆွေးနေကြရရှာတာ အမှန်ပါပဲ။ အဲဒီလို ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်အိမ်ကိုယ့်ရာကို ပြန်နိုင်ဖို့အတွက် မျှော်လင့်ချက် ကင်းမဲ့နေတဲ့အချိန်မှာ ပြန်ပရောက်နေတဲ့သူတွေ အိမ်ပြန်လာနိုင်တယ်ဆိုတဲ့ ကြေညာချက်ဟာ ၀တ်ရည်ရှာနေတဲ့ လိပ်ပြာကလေး ပန်းစုံတောကြီးနဲ့ တွေ့လိုက်ရသလို အိမ်ဝေးနေကြတဲ့ သူတွေအတွက် ပီတိတဖွားဖွား ဖြစ်စေခဲ့ပါတယ်။
 
“အသိတွေ သူငယ်ချင်းတွေ ပြန်ကြတော့
ကျွန်တော့်ရင်ထဲမှာ မွှားတက်တဲ့အတိုင်း
ယားကျိ ယားကျိနဲ့ပါ အမေ
သူတို့ပြန်တာ ဘာအပြစ်ရှိမှာလဲ … နော်
အိမ်ကိုပြန်ကြတာပဲ မဟုတ်လား အမေရယ်
ကျွန်တော်တို့ ဘာမှ မတွေးသင့်ကြဘူး
ကျွန်တော်တို့ ဘာမှ အပြစ်မပြောသင့်ကြဘူး
နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး
ပညာရေး ကျန်းမာရေး အာဏာရှင်စနစ်
သူတို့မေ့ပစ်ကြမှာတော့ မဟုတ်ပါဘူးလေ
လောလောဆယ် သူတို့ အိမ်ပြန်ချင်နေကြတာ မဟုတ်လား
အိမ်ပြန်ချင်တဲ့သူကို တံခါးဖွင့်ပေးတာ
ဥပုသ်မစောင့်ဘဲ ကုသိုလ်ရပါတယ် အမေရယ် … နော်”
 
အိမ်လွမ်းသူအချို့ အိမ်ပြန်သွားကြတော့ ပြင်းထန်တဲ့ နိုင်ငံရေးစိတ်နဲ့ အကောင်းမမြင်နိုင်တဲ့ သူ အနည်းအကျဉ်း ရှိခဲ့ကြပါတယ်။ သူတို့က အိမ်ပြန်သွားကြတဲ့ သူတွေအပေါ် ဒူးထောက် လက်မြှောက်သွားတဲ့သူ၊ စစ်အစိုးရကို အရှုံးပေးသွားတဲ့သူ အစရှိသလို ဝေဖန်အပြစ်တင်ကြပါတယ်။ ဒါတွေကို ကျွန်တော်ကြားရတဲ့အခါ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ။ “အိမ်ပြန်ချင်တဲ့သူတွေ အိမ်ပြန်တာဟာ လူ့အခွင့်အရေး၊ အိမ်မပြန်ချင်တဲ့သူတွေ အိမ်မပြန်တာဟာလည်း လူ့အခွင့်အရေး” ဖြစ်တာကြောင့် ဟိုဟိုဒီဒီ အပြစ်မပြောကြဘဲ “အိမ်ပြန်ချင်တဲ့သူတွေကို တံခါးဖွင့်ပေးတာဟာ ဥပုသ်မစောင့်ဘဲ ကုသိုလ်ရတယ်” ဆိုပြီး ကျွန်တော် လှိုက်မောဝမ်းနည်းတဲ့ ခံစားချက်တွေနဲ့ အတူ ရေးဖြစ်ခဲ့တဲ့ ကဗျာကလေး ဖြစ်ပါတယ်။
 
မန္တလေးကိုရောက်တော့ ကျွန်တော်တို့ကို Mandalay Swan ဟိုတယ်မှာ နေရာချထားပေးပါတယ်။ ကျွန်တော်နဲ့အတူ တစ်ခန်းတည်း တည်းခိုနေထိုင်ရမယ့်သူကို စာရင်းထဲမှာ ကြည့်လိုက်တော့ ဆရာကြည်မင်းလို့ ရေးထားတာ တွေ့ရပါတယ်။ ဆရာကြည်မင်းနဲ့ ကျွန်တော်က သိကျွမ်းတာကြောင့် အေးအေးဆေးဆေး စကားပြောကြရတော့မယ် ဆိုပြီး ကျွန်တော် ၀မ်းသာသွားပါတယ်။ ကျွန်တော် နေထိုင်ရမယ့် အခန်းသော့ကို ရတာနဲ့ အခန်းရှိတဲ့နေရာကိုသွားပြီး ဖွင့်ကြည့်လိုက်တော့ သုံးယောက်အိပ်ခန်းကြီး ဖြစ်နေတာကို တွေ့ရပါတယ်။ ဆရာကြည်မင်း ရောက်လာရင် အေးအေးဆေးဆေး ကျယ်ကျယ်ပြန့်ပြန့် အိပ်ပါစေလို့တွေးပြီး နှစ်ယောက်အိပ် ခုတင်ကြီးနားက တစ်ယောက်အိပ် ခုတင် အသေးလေးအပေါ်မှာပဲ ကျွန်တော် နေရာယူလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသုံးယောက်ခန်းကျယ်ကြီးထဲမှာ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ၄ ညအိပ်ပြီးသာ ရန်ကုန်ကို ကျွန်တော် ပြန်လာခဲ့ရတယ်။ ကျွန်တော့်အခန်းကို ဘယ်သူမှ ရောက်မလာခဲ့ပါဘူး။
 
ဒီ ဧရာဝတီစာပေပွဲတော်ကြီးကို ၃-၁-၁၇ ရက်နေ့ကနေ ၅-၁၁-၁၇ ရက်နေ့အထိ မန္တလေးတောင်ခြေမှာရှိတဲ့ Mandalay Hill ဟိုတယ်မှာ ကျင်းပပြုလုပ်တာပဲ ဖြစ်ပါတယ်။ ကျင်းပတဲ့ သုံးရက်စလုံးမှာ နိုင်ငံခြားက စာပေပညာရှင်တွေနဲ့အတူ ရန်ကုန်နဲ့ မန္တလေးက စာပေပညာရှင်တွေက စာပေအကြောင်း၊ ကာတွန်းအကြောင်း၊ ကဗျာအကြောင်းတွေကို စာတမ်းတွေဖတ်ကြ၊ ၀ိုင်းဖွဲ့ဆွေးနွေးကြ မေးကြမြန်းကြတာတွေကို ဖြေကြနဲ့ လှုပ်လှုပ်ရှားရှား ကလေးတော့ ရှိပါတယ်။
 
ကျွန်တော်က ဖွင့်ပွဲကို စိတ်မ၀င်စားပါဘူး။ ဒါကြောင့် ဖွင့်ပွဲကျင်းပတဲ့ ခန်းမကြီးထဲကို အများနဲ့နည်းတူ လိုက်ပါချီတက်မသွားဘဲ ဟိုတယ်ဝင်း မြက်ခင်းပြင်မှာ ခင်းကျင်းထားတဲ့ စာအုပ် အရောင်းဆိုင်တွေဘက်ကိုသာ ထွက်လာခဲ့ပါတယ်။ ဒီမြက်ခင်းပြင်မှာ စာအုပ်ဆိုင်တွေနဲ့အတူ နောက်တစ်ခု ကျွန်တော်စိတ်ဝင်စားတာက “ကဗျာရွတ်ပွဲ” ပါပဲ။ ကဗျာရွတ်ပွဲအတွက် “Poets’ Corner” ကို အေးမြလှတဲ့ အရိပ်တွေရှိရာ မန်ကျည်းပင်တွေ အောက်မှာ စီစဉ်ထားပါတယ်။ ကဗျာရွတ်ပွဲကို နေ့စဉ် နေ့လယ် ၁ နာရီမှာ စတင်ကျင်းပပြီး ကဗျာကို ချစ်မြတ်နိုးသူ ဘယ်သူမဆို လာရောက် ရွတ်ဆိုနိုင်ပါတယ်။ ကျွန်တော်က ဥတ္တရလွင်ပြင် စာအုပ်အရောင်းဆိုင်ကလေးမှာ မိတ်ဆွေဖြစ်တဲ့ စာရေးဆရာ သင့်နော်နဲ့ စကားတွေပြောရင်း လက်ထဲက Programme စာအုပ်လေးကို ကြည့်လိုက်တော့ “စာပေဟောပြောပွဲ” တွေနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ရေးဖော်ရေးဖက်တွေ ဖြစ်ကြတဲ့ ရွှေကူမေနှင်း၊ မိချမ်းဝေ၊ မအိ၊ ဆောင်းဝင်းလတ် တို့က ဆွေးနွေးကြမယ့် အစီအစဉ်ကို တွေ့တာနဲ့ ဟိုတယ်ထဲကို ပြန်ပြီးဝင်လာ လိုက်ပါတယ်။
 
ကျွန်တော် ဟိုတယ်ထဲရောက်တော့ “စာပေဟောပြောပွဲ” နဲ့ပတ်သက်တဲ့ Panel Discussion က စနေပါပြီ။ ဒီဆွေးနွေးမှုကို ကောင်းသန့်၊ ဦးဘုန်း (ဓာတု)၊ သရ၀ဏ်(ပြည်)၊ ရဲသျှမ်း တို့နဲ့အတူ ကျွန်တော် နားထောင်ပါတယ်။ အဓိကပြောဆို ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကတော့ စာပေဟောပြောပွဲတွေမှာ စာပေရသ ပျောက်ဆုံးလာတာ၊ သီချင်းတွေ ဆိုလာတာ၊ နိုင်ငံရေး စင်မြင့်ဖြစ်လာတာ၊ အနုပညာကြေး အနည်းအများပေါ် စိတ်ဝင်တစား ရှိလာကြတာ၊ စီးပွားရေး ဆန်လာကြတာ စတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်အရ ကိုယ့်အမြင်၊ ကိုယ့်အတွေးကို စိုးရွံ့ထိတ်လန့်မှု မရှိဘဲ လွတ်လွတ်လပ်လပ် ပြောဆိုလာနိုင်တာ အေးအေးဆေးဆေး ထိုင်ပြီး နားထောင်လာနိုင်တာတွေကို အပြောင်းအလဲနဲ့ တိုးတက်မှုလို့ ကျွန်တော် ယုံကြည်ပါတယ်။
 
ဧရာဝတီစာပေပွဲတော်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ၅-၁၁-၁၇ ရက်နေ့မှာတော့ မင်းချမ်းမွန်၊ လေးကိုတင်၊ သူရဇော်နဲ့ ကျွန်တော်တို့ လေးယောက်ရဲ့ “ရသစာတမ်း ဖြစ်ပေါ်တိုးတက်မှု” အကြောင်း ဆွေးနွေးမှု အစီအစဉ် လုပ်ပါတယ်။ တက်ရောက် နားထောင်သူ ၂၅ ယောက်ပဲ ရှိပေမယ့် ခြသေ့င်္တွေ၊ ကျားတွေဟာ သားကောင် အကြီးကိုပဲ လိုက်လိုက်၊ သားကောင် အငယ်ကိုပဲ လိုက်လိုက် စိုက်ထုတ်တဲ့ အားကတော့ အတူတူပဲလို့ဆိုတဲ့အတိုင်း စိတ်ပါလက်ပါကိုပဲ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။
 
ရသစာတမ်းဆိုတာ Essay အက်ဆေးကို ခေါ်တာပဲ ဖြစ်ပါတယ်။ The World Books (နောင်မှာ ဂန္ထလောကမဂ္ဂဇင်း) မှာ အင်္ဂလိပ်အက်ဆေး တစ်ပုဒ်ကို ဘာသာပြန်ပြီး ၁၉၂၈ ခုနှစ်၊ သြဂုတ်လထုတ်မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီ Essay ဟာ မြန်မာအက်ဆေးရဲ့အစဖြစ်တဲ့အတွက် အခုဆိုရင် မြန်မာအက်ဆေးတွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၉၀ လောက် ရှိခဲ့ပါပြီ။ အက်ဆေး၊ စာမွန်၊ အစမ်းစာ၊ ရသစာတမ်း၊ စာတမ်း ရယ်လို့ အမျိုးမျိုးခေါ်ဆို ခဲ့ကြပေမယ့် အခုတော့ “ရသစာတမ်း” လို့ပဲ ခေါ်ကြပါတော့တယ်။ မြန်မာစာဆိုကြီး ဆရာဇော်ဂျီက သူ့ရဲ့ ကံ့ကော်မြိုင်စာတမ်းမှာ Essay နဲ့ ပတ်သက်လို့ “မည်သည့် ရည်ရွယ်ချက်ရှိရှိ၊ မည်သည့် အကြောင်းကိုရေးရေး၊ မည်သည့် ပုံသဏ္ဍာန်ကို ဖော်ဖော် ထိုစာ မတိုမရှည်သည် စာဖတ်ပရိသတ်၌ နှစ်သက်မှုရသကို ဖြစ်စေသင့်သည်၊ ရသဖြစ်သည်နှင့် အတူတကွ (သို့မဟုတ်) ပတ်ဝန်းကျင် အသိအမြင်ကိုလည်း ဖြစ်လာစေသင့်သည်။ ကဗျာကောင်း တစ်ပုဒ်ကို ဖတ်လိုက်ရသကဲ့သို့ ဖြစ်သင့်သည်။ ဤကား ဖြစ်စေလိုသော စာတမ်းအရေးအသားမျိုး၏ ယေဘုယျသဘော ဖြစ်သည်။ ထိုသဘောပါမှလည်း စာတမ်းသည် ရသစာပေအဖွဲ့ တစ်ခုအဖြစ်ဖြင့် မြန်မာ့စာပေ၌ နေရာတစ်နေရာ ရလာမည်ဟု ယူဆသည်” ဟု ရေးခဲ့ပါတယ်။ အခုတော့ မြန်မာ Essay တွေဟာ “ရသစာတမ်း” ဆိုတဲ့ လွမ်းလောက်စရာ နာမည်ကလေးနဲ့ မြန်မာစာပေမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားပါပြီ။
 
ပြောလို့ဆွေးနွေးလို့ ကောင်းနေတုန်းမှာပဲ ပွဲတာဝန်ရှိသူတစ်ဦးက ပရိသတ်တွေရဲ့ နောက်ကနေပြီး အချိန်ပြည့်ပြီဆိုတဲ့ ဘုတ်ကလေး တစ်ခု ထောင်ပြတာကြောင့် ကျွန်တော်တို့ရဲ့ ဆွေးနွေးတာကို ရပ်လိုက်ရသလို မေးချင်မြန်းချင်တဲ့ ပရိသတ်တွေလည်း ဘာမှမမေးမြန်းနိုင်တော့ပါဘူး။ ပွဲတော်ရဲ့ အားနည်းချက်တစ်ခုက ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အတွက် အချိန်သတ်မှတ်ရာမှာ (၁၀.၀၀ - ၁၁.၀၀) (၁၁.၀၀ - ၁၂.၀၀) ဆိုပြီး လုပ်ထားတော့ လူးသာလွန့်သာ မရှိလှပါဘူး။ လုပ်သင့်တာက (၁၀.၀၀ - ၁၁.၀၀)၊ (၁၁.၁၅ - ၁၂.၁၅) ဆိုပြီး ကြိုတင်သတိပေးနိုင်အောင်၊ ဖြတ်နိုင်အောင် လုပ်ပေးဖို့ပါ။
 
၆-၁-၁၇ ရက်နေ့ မနက် ၉ နာရီမှာ ကျွန်တော်တို့ရဲ့ Golden Star Express ကားကြီး Mandalay Swan ဟိုတယ် အရှေ့ကနေ ရန်ကုန်မြို့ဆီကို ပြန်ပြီးထွက်ခွာလာခဲ့ပါတယ်။ ကားအရှေ့နဲ့ ကားရဲ့ အနောက်မှာတော့ စတုတ္ထအကြိမ် ဧရာဝတီစာပေပွဲတော်နဲ့ ပတ်သက်တဲ့ အသံတွေက ဆူညံဝေစည်နေပါတယ်။
 
ရဲခေါင်မဲမောင်
The Ladies News

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.