အလွဲတွေနဲ့ တိုင်းပြည် သို့မဟုတ် လမ်းမပေါ်က အတွေးစများ || အုတ်မြစ် ||

လမ်းပေါ်မှာ ကားတွေ ပြည့်ကျပ်နေသည်။ တနင်္ဂနွေလို ပိတ်ရက်မျိုးက အစ ဘယ်နေရာသွားသွား လမ်းရှင်းသည်မရှိ။ သည်ကြားထဲ အောက် လမ်းကြောမှာ မောင်းရမည့်ကားက အပေါ်လမ်းကြော ရောက်၊ အပေါ်က ရသလောက် မောင်းပြီး အောက်ပြန်ဆင်း၊ ကွေ့ကြောကွေ့ရမည့်ကားက တည့်ကြောမှာ ခံနေ၊ ပိုဆိုးသည်က လမ်းပြောင်းပြန် မောင်းပြီး တစ်ဖက် ကားနှင့် ထိပ်တိုက်တွေ့ကာ မပိတ်သင့်ဘဲ ပိတ်၊ မကြာသင့်ဘဲကြာ၊ လမ်းပေါ်မှာ အချိန်တွေ ကုန်ကြရသည်။
 
ပြီးတော့ ရန်ကုန်မြို့က ဘတ်(စ်)ကား ဆရာတွေ အမြဲပြုကျင့်နေကျ အကျင့်တစ်ခုက “ရဲမရှိဘူး။ လမ်းကြောင်း ရှင်းတယ်” တဲ့။ ရဲရှိလျှင် စည်းကမ်းဥပဒေကို လိုက်နာချင်ယောင်ဆောင်ပြီး ရဲမရှိလျှင် မရှိသလို၊ လစ်လျှင် လစ်သလို ဖောက်ဖျက် တတ်ကြသည့် အကျင့်ဆိုးများက ရိုး၍ပင်နေပြီ။ သည်အကျင့်ဆိုးတွေက ဘတ်(စ်)ကားဆရာတွေ တင်မဟုတ်၊ ကိုယ်ပိုင်ကား ဆရာတွေမှာလည်း ရှိတတ်သည်။ သူတို့ ဖောက်ဖျက်၍ ယာဉ်ထိန်းက လှမ်းတားပြီး စစ်ဆေးလျှင်တောင် “မင်းက ငါ့ကားနံပါတ်တောင် အလွတ်မရဘူးလား။ ဘာဖြစ်သွားချင်လား၊ ညာဖြစ်သွားချင်လား” ဆိုသည့် ဆရာသမားတွေကလည်း ဒုနဲ့ဒေး။
 
ကားလမ်းပေါ်မှာ မောင်းချင်သလို မောင်းနေကြသည့် ကားတွေတင်မက ရန်ကုန်တွင် စီးခွင့်မရှိသည့် စည်းကမ်းပျက် ဆိုင်ကယ်တွေကိုလည်း တွေ့ရတတ်သေးသည်။ ဆင်ခြေဖုံးမြို့နယ်တွေဆိုလျှင် ဆိုင်ကယ် သမား တွေကို တော်တော် သတိထားရသည်။ ဆိုင်ကယ်စီး ဂျိမ်း(စ်)ဘွန်း တွေက ပရမ်းပတာ စီးကြသည်။ လူကိုတိုက်သည်၊ ကားနှင့်ငြိသည်၊ အချင်းချင်း တိုက်ကြသည်။ သည်ကြားထဲ ဆိုင်ကယ် စီးပြီး လုယက်မှု ကျူးလွန်သူတွေ ရန်ကလည်းတမှောင့်။ ဆိုင်ကယ်တွေကို ကြည့်လိုက်လျှင် နံပါတ်ပြား မပါသည်က များသည်။ တစ်ခါတစ်ခါလည်း ယိုးဒယား နံပါတ်ပြားကြီးကို အူတိအူကြောင် တပ်ပြီး စီးသူတွေကိုပင် တွေ့ရတတ်ပါ၏။ ဆိုင်ကယ်စီး ခွင့် မရှိသည့်ရန်ကုန်မှာ တ၀ီဝီစီးကြသည့်အထဲ ယူနီဖောင်းဝတ် ပြည်သူ့ ၀န်ထမ်းတွေကိုပင် တွေ့နေရသည်။ သူတို့စီးသည့် ဆိုင်ကယ် အချို့က လည်း နံပါတ်ပြားမပါသည့် လိုင်စင်မဲ့တွေ။
 
သည်လို ဖောက်ဖျက်မှုတွေကြောင့် လမ်းလျှောက်လျှင်ပင် နောက်ကြောင်း မအေး။ နောက်ကနေ ဘယ်အချိန် ဘွားခနဲ ၀င်လာပြီး တိုက်ချသွားမလဲ၊ လုယက်သွားမလဲ ရင်, မ နေရသည်။ သည်လိုဆို ပလက်ဖောင်းပေါ် တက်မလျှောက်ဘဲ ဘာလို့လမ်းမပေါ် လျှောက်နေတာလဲ ဟု မေးစရာဖြစ် လာ သည်။ မြန်မာပြည်၏ ပလက်ဖောင်း ဟူသည်က လူလျှောက်ရန် ပြုလုပ်ထားခြင်း ဟုတ် မဟုတ် ပြန်မေးရတော့မည်။
 
ပလက်ဖောင်းပေါ်မှာ ဈေးဗန်းတွေ ခင်းကြသည်။ တွန်းလှည်းကြီးတွေ ကားယားဒေါက်ခွ ခွတင်ကာ ရောင်းကြသည်။ တချို့ဆို ပလက်ဖောင်း အပြည့် အမိုးမိုးပြီး ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင် တည် ထားကြသည်။ သူတို့ ခင်းကျင်းထားသည့် ကြားထဲက လျှောက်မိလို့ သူတို့ပစ္စည်းတွေကို မတော်တဆ သွားထိမိလျှင် ရန်စောင်ခံရဦးမည်။ ကိုယ်ထိလက်ရောက် စော်ကားခြင်းကို ခံရဦးမည်။ ပလက်ဖောင်း ပေါ်မှာက ကျူးကျော်ဈေးဆိုင်၊ ပလက်ဖောင်းဘေး ယာဉ်မရပ်ရ ဖြူနီကြားမှာက တားမြစ်ချက်ကို ဆန့်ကျင်ကာ ရပ်ထားသည့်ကား ဆိုတော့ လမ်းသွားလမ်းလာတွေခမျာ ကားလမ်းမပေါ်မှာပဲ သွားသုတ်သုတ် လာသုတ်သုတ် လုပ်ကြရသည်။
 
တချို့ ဈေးဆိုင်မခင်းသည့် ပလက်ဖောင်း နေရာတွေတော့ ရှိပါသည်။ ဒါပေသိ စိတ်အေးလက်အေး လျှောက်နေချိန် မရ။ ပလက်ဖောင်းပေါ် လည်း နောက်ကြောင်း မအေးရပါ။ ကိုယ်လျှောက်နေတုန်း နောက်က ပီပီပေါ်ပေါ်၊ ကလင်ဂလင် သံစုံမြည်ပြီး စီးလာ၊ မောင်းလာကြသည့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေကို အလန့်တကြား ရှောင်ကြရလေ့ ရှိသည်။ ဒါ့အပြင် ပလက်ဖောင်းပေါ် ခပ်တည်တည် တက်စီးလာကြသည့် အမျိုးကောင်းသားတွေက အချိန်မီ မရှောင်ရကောင်းလား ဆိုသည့် အကြည့်မျိုး ကြည့်ပြီး မျက်စောင်း ထိုးသွားတတ်ကြသေးသည်။ ပွစိပွစိ ပြောသွားကြသေးသည်။ ငပြူးက ပြန်ပြဲပြ သည့်အဖြစ်။
 
လူလျှောက်ခွင့်မသာသည့် လမ်းဘေးက လူသွား ပလက်ဖောင်း အကြောင်းရေးတော့ လမ်းပေါ်က လူကူးမျဉ်းကြား ကိုပါ တစ်ဆက်တည်း သတိရသွားသည်။ လူကူးမျဉ်းကြားဟူသည် ဘုရားစူးလူကူး မျဉ်းကြားလား ဟုပင် ပြန်မေးရချေမည်။ ဖြတ်သွားသည့် ကားအစီးရေတစ်ရာတွင် တစ်စီးလောက် ရပ်တန့်ပေးလျှင်ပင် ကားပေါ်ကလူကို အထူးအဆန်း ကြည့်ပြီး လမ်းကူးကြရသည့် အဖြစ်။ ရန်ကုန်တွင် အနေကြာသည့် နိုင်ငံခြားသားတွေပင် လူကူးမျဉ်းကြားမှာ ဟိုကြည့် သည်ကြည့် ကြည့်ပြီး အပြေး တစ်ပိုင်း ကူးတတ်နေပေပြီ။
 
နောက်တစ်ခုက အပြင်ထွက်လျှင် ဘယ်နေရာ ကြည့်ကြည့် မမြင်ချင်အဆုံး မြင်တွေ့နေရသည့် အမှိုက်ကိစ္စ။ လူတချို့က “ရေမြောင်းတွေ မကောင်း ဘူး၊ မိုးရွာရင် အမှိုက်တွေနဲ့ ပိတ်ဆို့ပြီး လမ်းပေါ် ရေတွေလျှံနေတာပဲ။ စည်ပင် ဘာလုပ်နေလဲ။ အစိုးရ ဘာလုပ်နေလဲ” ဟု ဆိုကြသည်။ အဲသည် လို ပြောသူတချို့ကိုယ်တိုင် ရေမြောင်းထဲ အမှိုက်တွေ ပစ်ချလေ့ရှိသည်။ တိုက်ပေါ်ကလူက အောက်က မြေပြင်ကို အမှိုက်ပုံးအဖြစ် သတ်မှတ်ပြီး ပစ်ချသည်။ ရထားပေါ်က ဈေးသည်က “ဒါစည်ပင် အလုပ်။ စည်ပင် သိမ်းလိမ့်မယ်” ဆိုကာ သူ့ပြောင်းဖူးခွံတွေကို ရထားပေါ်က ပစ်ချသည်။ ဒါ့အပြင် ကားအကောင်းစားပေါ်ကနေ လမ်းပေါ်ကို အမှိုက်ပစ်ချ၍ နိုင်ငံခြားသား ကိုယ်တိုင် ကောက်ပြီး ကားထဲပြန်ထည့်ပေးသည့် ရှက်စရာ မြင်ကွင်းတွေကိုလည်း သည်တိုင်းပြည်မှာ မြင်ခဲ့ကြရသည်။ သည်တိုင်းပြည်က လူတချို့သည် ကိုယ့်မျက်ချေး ကိုယ်မမြင်ကြသူတွေ ဖြစ်နေကြပြီလား။
 
ကျွန်တော်တို့ ကောင်းကောင်းကြီး လွဲနေကြသည်။ အောက်ခြေမှာတင် မက ကြေးရတတ်တွေအထိ၊ ပညာနည်းသူတွေ တင်မက ဘွဲ့အထူးထူး ဂုဏ်အထူးထူး ရနေသူတွေအထိ လွဲကောင်းကောင်းနှင့် လွဲနေကြသည်။ ကျွန်တော်တို့ ဘာကြောင့် စံလွဲနေသည့် စိတ်ဓာတ်တွေ၊ အပြုအမူတွေကို လုပ်ဆောင်နေကြသနည်း။ တချို့ကတော့ “အစိုးရ မကောင်းခဲ့လို့။ အစိုးရက လူတွေရဲ့စိတ်ဓာတ်ကို စနစ်တကျ ဖျက်ဆီးခဲ့လို့” ဟု ဖြေလေ့ရှိကြသည်။ ဒါကို ပြီးပြည့်စုံသည့် အဖြေတစ်ခုအဖြစ် သတ်မှတ် ၍ ရနိုင်ပါမည်လား။
 
အစိုးရမကောင်းခဲ့၍၊ ကိုယ်တိုင်က ကိုယ်ခံအား မကောင်းခဲ့၍ စိတ်ဓာတ် တွေ ဖျက်ဆီးခံရသည် ဆိုစေဦးတော့ - ကျွန်တော်တို့ တစ်သက်လုံးပဲ သည်အမူအကျင့်တွေကို ဆက်လက်သယ်ဆောင် သွားကြတော့မှာလား။ နောက်လာမယ့် မျိုးဆက်တွေကို သည်လို စိတ်ဓာတ်မျိုးတွေ အမွေပေးခဲ့ကြ မှာလား။
 
ကတ်ဖဲ့ရပ်ဖဲ့စိတ်ဓာတ်ရှင်တွေကတော့ - ကိုယ့်ကားကိုယ် အဆင်ပြေသလို မောင်းတာဘာဖြစ်လဲ၊ လူကူးမျဉ်းကြားတွေ ဘာတွေမသိဘူး မောင်းမှာပဲ၊ ကိုယ့်ကားကိုယ် ဘယ်နေရာ ရပ်ရပ်ပေါ့ကွာ၊ မင်း ထမ်းတာရတာ ကျလို့၊ ပလက်ဖောင်းပေါ် ဈေးရောင်းတာများ စကားလုပ်ပြောနေသေး၊ သူများတွေ လည်း ဒီလိုပဲ ရောင်းနေကြတာပဲ၊ ပလက်ဖောင်းပေါ် မရောင်းလို့ ဘယ်နေရာ သွားရောင်းရမှာလဲ၊ အမှိုက်တစ်ထုပ်နဲ့ ကမ္ဘာပျက်သွားမှာတဲ့လား၊ အလကား ဘာမှ မဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကို ချဲ့ကားနေတယ် - စသဖြင့် စောဒကတက်ကြပါလိမ့်မည်။
 
အမှိုက်စ သေးသေးလေးကြောင့် လောင်သွားသည့် ပြာသာဒ်ကြီးတွေ၊ ၀ိုင်ယာကြိုးသေးသေးလေး ကြောင့် ဆုံးရှုံးသွားရသည့် ရှေးဟောင်း အဆောက်အအုံကြီးတွေ၊ သတ်မှတ် စည်းကမ်းမလိုက်နာမှု ကြောင့် ပျက်စီးခဲ့ရသည့် ပျက်စီးမှုတွေ၊ အသက်တွေ၊ မိမိ၏ မဆင်မခြင် လုပ်ရပ်ကြောင့် တခြားသူ ထိခိုက်ရမှုတွေက လူမှုဝန်းကျင်တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည်မို့ မည်သည့်အရာကိုမှ အသေးအဖွဲ ဟု သတ်မှတ်ပြီး အလေးမထား၍ မရပါ။
 
ပြီးတော့ လိုက်နာရန်လွယ်ကူသည့် ကိစ္စသေးသေးတွေကိုပင် မလိုက်နာဘဲ စည်းပျက်နေသူသည် ကြီးမားသည့် ကိစ္စတွေကို ဖောက်ဖျက်ကျူးလွန်ရန်လည်း ၀န်လေးတော့မည်မဟုတ်။ ကြာလျှင် ကိုယ့်လုပ်ရပ်ကိုပင် အမှန်ထင်သွားတော့မည်။ သည်လိုလူတွေ များလာလျှင် ပျက်ယွင်းသော လူမှုအဖွဲ့အစည်း တဖြည်းဖြည်း ဖြစ်လာမည်။ သည်လို လူမှုအဖွဲ့အစည်းတွေကို လက်ခံထားသော တိုင်းပြည်သည် မည်သို့မျှ ရှေ့တက်နိုင်တော့မည် မဟုတ်။ ကိစ္စသေးသေးလေးတွေက ပေးသော ဒဏ်ကို ထိုတိုင်းပြည် မလွဲမသွေ ခံစားရတော့မည်။
 
ကျွန်တော်တို့သည် ယိုယွင်း အနာတရဖြစ်နေသော တိုင်းပြည်တွင် မသိလိုက် မသိဘာသာ နေကြပါမည်လား။ စဉ်းစားဆင်ခြင်ကြရပါမည်။
 
အုတ်မြစ်
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.