ဘုန်းကြီးကျောင်းသားဘ၀မှသည် ပါမောက္ခဘ၀ဆီသို့ || ဌေးဝင်း ||

ဇွဲလုံ့လကြီးမားသူများသည် တစ်နေ့တွင် မိမိရည်မှန်းရာ ပန်းတိုင်သို့ မလွဲမသွေ ရောက်ရစမြဲပါ။ ဤသို့သော ပုဂ္ဂိုလ်များ၏ ဘ၀ဇာတ်ကြောင်း များကို စာစီသောအခါ “ချူံကြားမှ ဘုံဖျားသို့” ဟူသော စကားပုံဖြင့် ခိုင်းနှိုင်းရေးသားလေ့ ရှိကြသည်။
 
ဤစကားပုံ၏ အနှစ်သာရကို အထိမိဆုံး စွမ်းဆောင်နိုင်ခဲ့သူကား အမေရိကန် သမ္မတ အေဘရာဟင်လင်ကွန်း ဖြစ်မည် ထင်ပါသည်။ အလားတူ မည်သို့မျှ မဖြစ်နိုင်သော အနေအထားမှ အလွန်ကြီးကျယ် ခမ်းနားသော ဘ၀သို့ ဇွဲနပဲဖြင့် လှော်ခတ်၍ နောင်လာနောက်သား များ အတွက် စံနမူယူထိုက်စရာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ချွန်များစွာ ရှိခဲ့ကြပြီးပေပြီ။
 
ကျွန်တော်တို့သည် စာပေကျမ်းဂန်များမှ တစ်ဆင့် လေးစားအားကျ အတုယူ ဖွယ်ကောင်းသော လူချွန်လူမွန်များကို အဝေးမှ ငေး၍ နေခဲ့ကြဖူးပေါင်း များလှပေပြီ။ ကျွန်တော်တို့ အနီးအနားမှာ ဇွဲလုံ့လကြီး သူတစ်ဦး သို့မဟုတ် ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းနိုင်ခဲ့သူ တစ်ဦးကို ကား သတိမထားမိခဲ့ကြ။ နီးလွန်း၍ မမြင်တတ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သူကား အခြားမဟုတ်။ ဆရာကြီး ပါမောက္ခဒေါက်တာ အေးကျော်ပင် ဖြစ်ပါသည်။
 
သမိုင်းပညာရှင် ဒေါက်တာအေးကျော် ဖြစ်လာမည့် မောင်အေးကျော် လေးကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်ထဲက ရွာကြီး တစ်ရွာတွင် မွေးဖွားခဲ့သည်။ ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ဂျပန်ခေတ် ၀န်းကျင်တွင် လူဖြစ်လာရသော ကျေးလက်တောသူ တောင်သားများ အတွက် ယခုခေတ်ကဲ့သို့ နေရာတိုင်းတွင် အစိုးရ မူလတန်း ကျောင်းများ ရှိကြသည် မဟုတ်ပါ။ ထိုခေတ်က လောကဓာတ်ကျောင်းဟု ခေါ်သော စာသင်ကျောင်းများသည် ရွာပေါင်းများစွာတွင် တစ်ရွာသာ ရှိတတ်သည့် အခါသမယ ဖြစ်သည်။
 
သူတို့အများစု ပညာရင်နို့သောက်စို့ရာနေရာကား “ဘဂ၀ါစကူး” ဟု ခေါ်ကြသော ဘုန်းကြီးကျောင်းများ ပင်တည်း။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စု နယူးယောက် တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဒေါက်တာအေးကျော် သည်လည်း သူ၏ ပညာရေး လမ်းကြောင်းအစကို ယံမင်္ဂလံ ဒွါဒဿဟိဖြင့် အစပြုခဲ့ပါသည်။ သူသည် ဆွမ်းတော်ဗျို့ဖြင့် ယဉ်ပါးခဲ့ရသူ ဖြစ်သည်။
 
မောင်အေးကျော်လေး၏ လက်ဦးဆရာကား ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ် တန်းလွဲချောင်း ရွာမရွာမှ ဆရာတော်ကြီး ဦးဝါယမ ဖြစ်၏။ သူ၏ ဇာတိချက်ကြွေ မွေးရပ်မြေမှာကား ကူးတို့ဆိပ်ရွာဖြစ်၏။ အကယ်၍ ယခုအချိန်ထိ ဆရာတော် သက်တော်ထင်ရှား ရှိမည်ဆိုပါက မည်ရွေ့ မည်မျှ ၀မ်းမြောက်ပီတိ ဖြစ်ပါလေမည်နည်း။ ဆရာစစ် ဆရာမှန်များသည် အ၀ဇာန သားထက် အတိဇာနသားကို ပို၍ မျှော်လင့်တမ်းတတတ်ကြ သည်။ ဆိုလိုသည်မှာ ဆရာ့ထက် လက်စောင်းထက်သော တပည့်ကို လိုလားတောင့်တကြသည်။ ထူးချွန်ထက်မြက်၍ လောကအကျိုးကို ဆောင် ရွက်နိုင်စွမ်းရှိသော တပည့်ကောင်း သားကောင်း သမီးကောင်းကို မွေးထုတ် ပေးနိုင်သော ဆရာသမား၊ မိဘနှင့် ထိုရပ်ထိုရွာသည် အလွန် တရာ ကျက်သရေ မင်္ဂလာရှိသည်သာတည်း။ အလားတူ တပည့် ဖြစ်သူက လည်း ယနေ့ထက်ထိတိုင် ဆရာတော်၏ ကျေးဇူးတရားကို အမှတ် ထင်ထင် ပြောပြနေဆဲပါ။
 
သူစာတော်ရခြင်း၊ လက်ရေးလှရခြင်း၏ ကျေးဇူးရှင်အစစ်မှာ ဆရာတော် ကြောင့် ဖြစ်သည်ဟု ပြောလေ့ရှိသည်။ “ငါငယ်စဉ်က မင်းတို့ခေတ်လိုမျိုး ကျောက်သင်ပုန်းတွေ ဗလာစာအုပ်တွေနဲ့ ကကြီးခခွေးကို ရေးရတာ မဟုတ်ဘူး။ ပျဉ်ပြားမှာ မီးသွေးနဲ့ထမင်းရည်ကို လူးနယ်ပြီးလုပ်ထားတဲ့ သင်ပုန်းပေါ်မှာ ကံကူတံနဲ့ရေးရတာ၊ လက်ရေးမလှရင် စာလုံးပေါင်း သတ်ပုံမှားရင် ဆရာတော်က လက်ဆစ်ကို နာနာခေါက်တာကွ၊ ဒါတွေ ကြောင့် ငါတို့ စာတော်ခဲ့တာ၊ လက်ရေးလှခဲ့တာ” ဟု တပည့်တွေကို စားမြုံ့ပြန်တတ်သည်။
 
သူ့ဘ၀ကို ပြောင်းလဲစေမည့် နောက်ပဲ့ကိုင်ရှင် တဦးကား ဆရာ ဦးကျော်အေး ဖြစ်၏။ သူ၏ မူလတန်းပြ ဆရာဖြစ်သလို တအူတုံဆင်း ညီအစ်ကိုအရင်းလည်း ဖြစ်သည်။ ညီအကိုအရင်း ဖြစ်သော်လည်း အလွန်ပင် ကြောက်ရ၏။ အစ်ကို ဖြစ်သူက မောင်အေးကျော်လေးအား မင်းကြီးလာရင် ဘုန်းကြီးလုပ်မလား ဘုန်းကြီးဝတ်မယ် ဆိုရင်လည်း စာတတ်အောင်သင် စာတတ်ပေတတ် ကျမ်းဂန်တတ်ဖြစ်အောင် လုပ်၊ လူလုပ်မယ်ဆိုရင် စာပေထူးခွန်အောင် သင်။ ဒါမှ လူ့အောက်တန်း မကျဘူး။ မင်း ကြိုက်ရာရွေး၊ ပညာတော့ တတ်အောင် လုပ်ရမယ်ဟု အမိန့်ဆန်ဆန်ဖြင့် သူ၏ အနာဂတ်ဘ၀ လမ်းကြောင်း ကို ချမှတ်ပေး ခဲ့သည်။
 
ထို့ကြောင့် မောင်အေးကျော်လေးသည် လောကဓာတ်ကျောင်းဘက်သို့ ခြေဦးလှည့်ခဲ့သည်။ သူသည် ကျေးရွာ မူလတန်းကျောင်း၌ တတိယတန်းတွင် စတင်သင်ကြားရ၏။ အဘယ်ကြောင့်ဆိုသော် “ဘဂ၀ါစကူး ကျောင်းသားများ” သည် အရေးအဖတ် အတွက်အချက်တွင် ရွယ်တူ ရောင်ပေစူး လောကဓာတ် ကျောင်းသားများထက် သာသောကြောင့် ဖြစ်၏။ အလီပေါင်းကို နှစ်တလီနှစ်ဟု မဆိုတတ်သော်လည်း ဒွေးဧကဒွေးနှင့် တွက်ချလိုက်လျှင်မူ ယခုခေတ် ဂဏန်းတွက် စက်ပင် ခလုတ်နှိပ်မှားလျှင် အလွဲအချော် အဖြေထွက်ကောင်း ထွက်လာပေဦးမည်။ ဒွေးဧက သမားများကတော့ မှားရန် အကြောင်းမရှိ။ ဦးနှောက်တည်းဟူသော ကွန်ပျူတာ၏ ဆရာအရင်းထံတွင် အသေအချာ ကျက်မှတ်ထားသောကြောင့် တ ရေးနိုးထတွက်လည်း မှန်နေသည်သာ။
 
ထို့ပြင် သူသည် ဆယ်နှစ်အောက် ကလေးငယ်ပင် ဖြစ်သော်လည်း အလွန်အဆင့်မြင့်သော ဒသ၁နိကကျမ်းတစောင် ဖြစ်သည့် လောကနီတိကျမ်းကို အလွတ်ကျက်မှတ်ခဲ့ဖူးလေပြီ။ ပျင်းရိသူအား အဘယ်မှာ ပညာရအံ့နည်။ ပညာမဲ့ သူအား ဥစ္စာ အဘယ်မှာ ရအံ့နည်း စသည့် ဗုဒ္ဓဘာသာ နယ်ပယ်တွင် အလွန်အရေးပါသော ဘ၀နေထိုင်နည်း အတွေးအခေါ်များကို ပါဠိရောအနက်ပါ အာဂုံဆောင်ပြီး ဖြစ်သည်။ ပြီးလျှင် မြတ်စွာဘုရား၏ နှုတ်ခပတ်တော် အောင်ပွဲဝင် ဂါထာ တော်များ ဖြစ်ကြသော ပရိတ်ကြီး ဆယ့်တသုတ်ကို ပါဠိ နိသ၁ယ နှုတ်ငုံရပြီး ဖြစ်၏။
 
ဤသို့ ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးလာသော မောင်အေးကျော်လေးသည် လောကဓာတ်ကျောင်းတွင်လည်း ထိပ်တန်းက ထူးချွန်သောကျောင်းသား ဖြစ်ခဲ့သည်။ ကျေးလက် မူလတန်းမှတဆင့် မြို့ပြဖြစ်သော တောင်ကုတ် အထက် တန်းကျောင်းသို့ ပညာရင်နို့သောက်စို့ရန်သွားသည့်အခါ တောက်မည့်မီးခဲတရဲရဲဆိုသကဲ့သို့ တောင်ကုတ် အထက်တန်း ကျောင်းမှ ပဉ္စမတန်း ကျောင်းသားများအားလုံးထဲတွင် ပထမစွဲခဲ့လေသည်။ တန်းစဉ် ထိပ်တန်းမှ အဆင့်မြင့်မြင့် အောင် မြင်ခဲ့သော မောင်အေးကျော်သည် ၁၉၅၅ ခုနှစ်တွင် တောင်ကုတ်အထက်တန်းကျောင်းမှ ဆယ်တန်းကို အောင်မြင်ခဲ့၏။
 
ထိုခေတ်ထိုကာလက ဆယ်တန်းအောင်ခြင်းဆိုသည်မှာ အလွန်ဂုဏ်ယူစရာကောင်းသော အောင်မြင်မှုကြီးတရပ် ဖြစ်လေသည်။ ရှေးက ယခုခေတ်ကဲ့သို့ မအောင်မရှိ ငါ့တပည့်ခေတ်မဟုတ်။ တန်းလုံးကျွတ် အောင်မြင်ကြသည့် ခေတ် မဟုတ်။ သွေးအန်အောင်ကြိုးစားမှ စာစစ်ဌာနတခုက တယောက်စ နှစ်ယောက်စ အောင်မြင်သော ကာလဖြစ်သည်။ နယ်မြို့များမှ အချို့သော စာစစ်ဌာနများအတွက် ဤစာဖြေဌာနမှ အောင်မြင်သူမရှိပါဟု မင်ဖြူဖြင့် အောင်စာရင်း ထုတ်ပြန် ကြေညာသော ကာလတွင် ဘဂ၀ါစကူး ကျောင်းဆင်းကလေးသည် တက္ကသိုလ်ပညာကို သင်ယူခွင့်ရဘို့အတွက် အခြေခံ အထက်တန်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့လေသည်။
 
သူနှင့်အတူ အောင်မြင်ခဲ့သူများထဲမှ အမှတ်အများဆုံးနှင့် အတော်ဆုံး ပုဂ္ဂိုလ်မှာ မခင်သိန်းဖြစ်၏။ နောင်တွင် မခင်သိန်း သည် ရန်ကုန်တက္ကသိုလ်၌ အရှေ့တိုင်းပညာ (ပါဠိ)ဌာနတွင် ပါမောက္ခ ဒေါ်ခင်သိန်း ဖြစ်လာခဲ့သည်။ သူမသည် တောင်ကုတ်မြို့နယ် ကိုင်းရှည်ရွာသူဖြစ်ပြီး ရခိုင်အမျိုးသမီးများထဲမှ ပါမောက္ခ ဖြစ်လာသူမှာ ဆရာကြီး၏ ကျောင်းနေဖက် ငယ်သူငယ်ချင်း အရင်းဖြစ်ပါသည်။
 
ဆယ်တန်းအောင်ပြီးနောက် ဆက်လက်ပညာသင်ကြားရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူ ကောလိပ်တွင် ပညာတော်သင်ဆုကို သွားရောက်လျှောက်ထားခဲ့လေသည်။ သို့သော် ပညာတော်သင်ဆုကို မရရှိခဲ့။ ထိုခေတ်က တောသားတယောက် တက္ကသိုလ်ပညာသင်ယူရေးကိစ္စမှာ လွယ်ကူသောအရာ မဟုတ်ချေ။ ကျေးလက်က မိဘဆရာ သမားများအနေနှင့်လည်း ဆယ်တန်းအောင်လျှင် ပညာတတ်ဖြစ်ပြီ၊ တောမှာ ကျောင်းဆရာလုပ်လို့ရပြီ။ ယင်းအဆင့် သည် သူတို့ လက်ခံကျေနပ်လောက်သော အနေအထားတခုကို ရောက်ရှိလေပြီဟု မိသားစုက ယူဆနေ ကချိန်တွင် ဆ ရာကြီး၏မိဘဆွေမျိုးများက ထိုသို့မဟုတ်ကြ။ ပညာထူးချွန်သူကလေးကို မိဘဆွေမျိုးများ စုပေါင်း၍ ကျောင်းဆက်ထား ရန် ဆုံးဖြတ်ခဲ့ကြလေသည်။
 
ဆရာကြီးသည် ကျောက်ဖြူကောလိပ်တွင် နှစ်နှစ်ခန့်ပညာသင်ခဲ့သည်။ သူလေ့လာခဲ့သော ပညာရပ်များမှာ သမိုင်း၊ ပါဠိနှင့် စိတ်ကြိုက် မြန်မာစာတို့ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါ ဆရာကြီးသည် သမိုင်းပညာရပ်ကို အဓိကဘာသာရပ်အဖြစ် သင်ယူခဲ့၏။
 
သူ၏ဆရာများမှာ ဒေါက်တာသန်းထွန်း၊ ဦးထွန်းအောင်ချိန် စသော အလွန်ထူးချွန်သည့် သမိုင်းပညာရှင်ကြီးများ ဖြစ်သလို မြန်မာစာဆရာများတွင်လည်း မြန်မာစာပေ၏အလွန်ထင်ရှားသော ဦးမောင်မောင်ကြီး (မွန်အမျိုးသား) ဦးကျော်ရင် (ရခိုင်အမျိုးသား)၊ ဒေါ်သန်းဆွေ၊ ဦးတင်မောင်ဌေး (သံတွဲ)တို့ ဖြစ်ကြသည်။ ပါဠိစာပေတွင်ကား ဆရာကြီး စ၀်ထွန်း မှတ်ဝင်း တို့ဖြစ်ကြသည်။ ဤဆရာသမားများသည် ရန်ကုန်တက္ကသိုလ်တွင် ပညာရင်နို့သောက်စို့စဉ်က ဆရာကြီး မေ့မရ နိုင်သော ကျေးဇူးရှင် အာစရိယများ ဖြစ်ကြသည်။
 
၁၉၅၉ ခုနှစ်တွင် ဘီအေ (သမိုင်းဘွဲ့)ကို ရရှိပြီး ၁၉၆၀ ပြည့်နှစ်တွင် (ဘီအေ- သမိုင်း ဂုဏ်ထူး) ဘွဲ့ကို ဆက်လက် ဆွတ်ခူးနိုင်ခဲ့သည်။ ဆရာကြီသည် ပညာနှင့်ပတ်သက်၍ လောဘကြီးရုံမျှမက ရူးသွပ်သူဟုလည်း ဆိုနိုင်ပါသေးသည်။ သူဘ၀၏ အဓိကလမ်းညွှန်မှာ ဆန္ဒာဓိပတိ၊ ၀ိရိယာ ဓိပတိ၊ စိတ္တာဓိပတိ၊ ၀ီမံသာဓိပတိဟူသော မြတ်ဗုဒ္ဓ၏မှာကြား ချက်ဖြစ်၏။
 
တက္ကသိုလ်ကျောင်းသားဘ၀က သူဆောင်းသောဖဲထီးတွင် အေးကျော် (B.A, M.A, Ph.D) ဟု ရေးထိုးကာ လျှောက်သွားလေ့ရှိသဖြင့် အများသူငါ ဟားစရာ ဖြစ်ခဲ့သည်။ သို့သော် ဆရာကြီးကား သူတပါး ရယ်သွမ်းသွေးသည်ကို လုံးဝမမှု၊ ဂရုလည်းမစိုက်ခဲ့။ ထိုသို့ရေးထိုးထားခြင်းသည် မိမိကိုယ်ကို မိမိ၏ပန်းတိုင်သို့ မရောက်ရောက်အောင် သွားရန် စိတ်ဓာတ်ခွန်အား ပေးနေခြင်းဖြစ်သည်ဟု ယူဆသည်။ သူတပါးရယ်သွမ်းသွေးလေ ဆရာကြီးမှာ ပို၍ကြိုးစားလေ ဖြစ်ခဲ့ရ သည်။ မိမိမှာ ရူး၍ ဤစာတမ်းကိုချိတ်ဆွဲထားခြင်းမဟုတ်ကြောင်း သက်သေပြနိုင်ရန် အားထုတ်ခဲ့ရသည်။
 
၁၉၆၀ ပြည့်နှစ်တွင် သမိုင်းဌာန၌ နည်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ မဟာဝိဇ္ဇာဘွဲ့ စာတမ်း အတွက် သုံးနှစ်တိတိ ပြင်ဆင်ခဲ့ရသည်။ တောသားလေးတယောက်အဖို့ ငွေကြေး အပိုအလျှံ မသုံးနိုင်၍ မိမိ ဖတ်လိုသော စာအုပ်စာတမ်းများကို သူတပါးထံတွင် ငှားရမ်းဖတ်ရှုခဲ့ရသည်။ သူ့ဘွဲ့အတွက် အရေးတကြီး ဖတ်ရှုခဲ့ရသော စာများ စွာထဲမှ သူရိယသတင်းစာသည် တခုအပါအ၀င် ဖြစ်သည်။ ၁၉၁၀ ခုနှစ်ဝန်းကျင်က စတင်ထုတ်ဝေခဲ့သော သူရိယနေ့စဉ် သတင်းစာများကို ဦးတင်အေးဆိုသူက လအလိုက် နှစ်အလိုက် စနစ်တကျ ချုပ်ကာ သိမ်းဆည်းထားလေသည်။ ထိုပုဂ္ဂိုလ် သည် ဆရာကြီးအား လိုလိုလားလား ငှားရမ်းခဲ့ပါသည်။ နှစ်ပေါင်း လေးငါးဆယ်စာရှိသော သတင်းစာ ထုပ်ကြီးများကို ဆရာကြီးသည် မပျင်းမရိ မငြီးမငွေ့ဘဲ သုံးနှစ်ကြာအောင် ရက်မပျက် ဖတ်ရှုခဲ့လေသည်။ ဤမျှများပြားလှသော သတင်းစာစောင်ရေ ထောင်ပေါင်းများစွာကို တစောင်မကျန် အစအဆုံး ဆက်တိုက်ဖတ်ဖြစ်သူမှာ မြန်မာလူမျိုးများထဲမှ ဆရာကြီးတယောက်ကလွဲလျှင် ရှိအံ့မထင်။
 
၁၉၆၃ ခုနှစ်တွင် မဟာဝိဇ္ဇာ (သမိုင်း) ဘွဲ့ကို အောင်မြင်ခဲ့ပါသည်။ ဆရာကြီးသည် မြန်မာ့ခေတ်သစ် သမိုင်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးသော သက်ရှိသမိုင်းဟုဆိုကလည်း မှားအံ့မထင်ပါ။ နည်းပြဘ၀တွင် ဦးနေ၀င်း၏ လက်သံ ပြောင်လှသော တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံမိုင်းဗုံးဖောက်ခွဲစဉ်က တက္ကသိုလ်ထဲတွင် ကိုယ်တိုင် ရှိနေခဲ့ သူ ဖြစ်သောကြောင့် မျက်မြင်ဒိဋ္ဌ ဖြစ်ရပ်များကို ကောင်းစွာ ပြောပြနိုင်စွမ်း ရှိပါသည်။
 
ထို့နောက် ဆရာကြီးသည် တာဝန်အရ မော်လမြိုင်ကောလိပ်၊ တောင်ကြီးဒီကရီကောလိပ်၊ ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် လှည့်လည်၍ စာပေပို့ချ သင်ကြားပေးခဲ့ပါသည်။ မော်လမြိုင်တွင်နေစဉ်တုန်းက တနင်္သာရီ အမျိုးသားကျောင်းဆောင်တွင် အဆောင်မှူးအဖြစ် တာဝန်ယူခဲ့ပါသည်။
 
ဆရာကြီးနှင့်အတူ တဆောင်တည်းနေသူများမှာ မြန်မာပြည်တွင် အလွန်ထင်ရှားကျော်ကြားသော ဆရာ ဦးအောင်သင်း၊ ဦးထွန်းမြင့် (တက္ကသိုလ်-မင်းမော်) နှင့် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီး ဦးစောလွင်တို့ ဖြစ်ကြသည်။ ထို့နောက် တောင်ကြီး ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရာ နာမည်ကျော် စာရေးဆရာကြီးတဦးဖြစ်သော ဆရာဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) သမိုင်းပညာရှင်တဦးဖြစ်သော ဒေါ်နီနီမြင့် (နောင်တွင် ဦးနေ၀င်းကတော်ဖြစ်လာသူ) တို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။
 
တောင်ကြီး ဒီဂရီကောလိပ်တွင် စာပေသင်ကြားပို့ချပေးနေရင်း မြန်မာနိုင်ငံ အမျိုးသား ပညာရေးသမိုင်းကို ရေး သားခဲ့ပါသည်။ ဆရာကြီးကား အလုပ်တခုကို မလုပ်လျှင်အလျဉ်းမလုပ်၊ လုပ်မိလျှင်လည်း အစွမ်းကုန် အင်တိုက်အားတိုက် စနစ်တကျ လုပ်တတ်သော အကျင့်ရှိပါသည်။
 
ဤစာအုပ်ကိုပြုစုနေစဉ် လုပ်ဖော်ကိုင်ဖက် ဆရာဆရာမများက သုတေသနအလုပ်ဖြင့် ရှုပ်ထွေးနေသော ဆရာကြီးကို အပိုတွေ လုပ်မနေပါနဲ့ အေးအေးဆေးဆေး နေစမ်းပါ။ ခင်ဗျား ပိုလုပ်လို့လည်း ထမင်းနှစ်ထပ်ပဲစားနိုင်မှာဟု လာပြောလေ့ရှိကြသော်လည်း နောက်မဆုတ်ဘဲ ပြီးမြောက်အောင် ရေးသားခဲ့ပါသည်။ ဆရာကြီးကား ရည်မှန်းချက် ကြီး မားသူပီပီ မိမိအလုပ်ကို အကောင်းဆုံးလုပ်လေ့ရှိသဖြင့် ဘာပဲလုပ်လုပ် အောင်မြင်မှုက အထွတ်အထိပ်သို့ ရောက်သည် ချည်းသာ။ ယင်းစာအုပ်ကို ၁၉၇၁ ခုနှစ်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
 
ထို့နောက် နိုင်ငံခြား ပညာတော်သင် လွှတ်ရန်အတွက် လျှောက်လွှာခေါ်ခဲ့ပေသည်။ ဖြေဆိုမည့်သူများမှာ မြန်မာ တနိုင်ငံလုံး အတိုင်းအတာအရ သုံးထောင် ရှိပေသည်။ ဦးနေ၀င်းလက်ထက်က နိုင်ငံခြားပညာတော်သင်ဆု ဆိုသည်မှာ အလွန်ရတောင့်ရခဲသော ဒုလ္လဘတရား တခု ဖြစ်ပေသည်။ လူတိုင်းလိုချင်သော ဆုတခုလည်း ဖြစ်၏။ ဆရာကြီးကား ငယ်စဉ်က သူတကာ ရယ်သွမ်းသွေးခံ၍ ထီးတချောင်းတွင် Ph.D ဟူသော ဘွဲ့ကိုရေးကာ စိတ်ကူးတွင်ရေးဆွဲခဲ့သော အိပ်မက်သည် အမှန်တကယ်ဖြစ်လာရန် လမ်းစတွေ့ပြီဖြစ်၍ အရင်ကထက် အဆပေါင်းများစွာ ကြိုးစားခဲ့ပါသည်။ The Nation သတင်းစာနှင့် The Guardian သတင်းစာပါ အယ်ဒီတာ့အာဘော် ခေါင်းကြီးများကို ကြိမ်ဖန်များစွာ ရေးသား လေ့ ကျင့် အားထုတ်ခဲ့သည်။
 
နိုင်ငံခြားပညာတော်သင်အတွက် ဖြေဆိုသော အောင်စာရင်းထုတ်ပြန်သောအခါ ဆရာကြီးသည် ဖြေဆိုသူ သုံးထောင်၏ ထိပ်ဆုံးက နံပါတ်တစ် စွဲခဲ့လေသည်။ တောသားလေး၏အိပ်မက်သည် အမှန်တကယ် အကောင်အထည် ပေါ်ခဲ့ပါလေပြီ။ ပညာသင်ဆုရပြီးနောက် သြစတြေးလျနိုင်ငံရှိ နာမည်ကျော် မိုနာ့(ခ်ျ) တက္ကသိုလ်၌ ပါရဂူဘွဲ့ကို တက်ရောက် သင်ကြားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဆရာကြီး အင်မတန်လိုလားခဲ့သော သမိုင်းပညာဆိုင်ရာ ပါရဂူဘွဲ့ကို မိုနာ့(ခ်ျ) တက္က သိုလ်မှ အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါသည်။
 
ဆရာကြီးငယ်စဉ်က အများတကာ အလှောင်အပြောင်ခံ၍ ရေးသားခဲ့သော မိမိအမည်နောက်နားက ဘွဲများ အားလုံးကို ပိုင်ဆိုင်သိမ်းပိုက်နိုင်ခဲ့ပါသည်။ အပိုဆောင်သည့်အနေဖြင့် ဥပဒေပညာဘွဲ့တခုကိုပင် အရယူလိုက်ပါသေးသည်။ ဆရာကြီးကား သမိုင်းပညာကိုသာ တတ်သည်မဟုတ် ဥပဒေပညာကိုလည်း ကောင်းမွန်စွာ သင်ယူတတ်မြောက် ထားသူ ဖြစ်သည်။
 
လူ့ဘ၀ဆိုသည်ကား အစဉ်သဖြင့် ချောမွေ့နေတတ်သော ပန်းမွေ့ရာ ရွှေကော်ဇော မဟုတ်တတ်ကြ။ တချိန် မ ဟုတ်တချိန်တော့ ခလုတ်တိုက်လှဲရန် ချောင်းနေသော အကုသိုလ်တရားသည် အလစ်ကိုစောင့်နေ၏။ မိမိဆန္ဒကိုပြည့်ဝ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့သည့်အပြင် တက္ကသိုလ်နယ်မြေကို နင်းဖူးသူတိုင်း စွဲလမ်းတွယ်တာတတ် သည့် ကန့်ကော်မြိုင်တန်း၊ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်နှင့် ဂျဒ်ဆင်အိုနံဘေးမှ လူးလာလျှောက်လှမ်းရင်း တပည့်များကို ပညာနို့ချိုတိုက်ကျွေးကာ ထာဝရ ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီး လုပ်တော့မည်ဟု တွေးရင်း ကြည်နူး နေသော ဆရာကြီး၏ဘ၀ထဲသို့ ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်၌ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရခိုင်ကျောင်းသားတဦးဖြစ်သည့် စိန်ထွန်းခိုင် ဓားထိုးခံရပြီး သေဆုံးမှုက ၀င်ရောက်လာခဲ့ပါသည်။
 
ဝင်းမင်းအမည်ရှိ ဗမာကျောင်းသားက လူငယ်ချင်းရန်ဖြစ်ရာတွင် ဓားဖြင့် အလစ်ချောင်းထိုးလိုက်သောကြောင့် ရခိုင်ကျောင်းသား သေဆုံးရကာ ပြသ၁နာပေါ်ခဲ့ရသည်။ ရခိုင်ကျောင်းသားများက မကျေနပ်၍ ဆူဆူပူပူ လုပ်လာကြရာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ညွန့်က အကူအညီတောင်း၍ ကျောင်းသားများအကြားတွင် ဖြစ် ပွားခဲ့သော မကျေနပ်မှုများကို ဆရာကြီး ဒေါက်တာအေးကျော်က ၀င်ရောက်ဖျန်ဖြေ၍ ပြသ၁နာမီးကို အေးငြိမ်းစေခဲ့သည်။
 
သို့သော် မအေးခဲ့သည်များကတော့ ဓားထိုးမှုကျူးလွန်သည့် ကျောင်းသား ၀င်းမင်းကို မည်သည့် အရေးယူမှုမျိုး မှ မပြုလုပ်ဘဲ ရခိုင်ကျောင်းသား ၁၂ ယောက်ကို ဆူပူမှုဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပေသည်။ ထို့ပြင် ဤပြသ၁နာ နှင့် ပတ်သက်၍ ဆရာကြီးကိုလည်း အလုပ်မှနုတ်ထွက်မည်လော၊ ရာထူးချခံမည်လောဟု မေးခဲ့သဖြင့် ဆရာကြီးသည် ရာထူးမှ နုတ်ထွက်ခဲ့ပေသည်။ ထိုစဉ်က သမိုင်းဌာနတွင် ကထိက တာဝန်ကို ထမ်းဆောင်နေခဲ့သည်။
 
ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်မကျစေဘဲ အပြစ်မကျူးလွန်သူများကို ထောင်ချ၊ ပြသ၁နာကို ပြေငြိမ်းအာင် ဖျန်ဖြေ ပေးသူအား ရာထူးချကာ အပြစ်ပေးတတ်သော စနစ်အောက်က တက္ကသိုလ်သည်လည်း ပညာကန်းနေသောအရပ်ဟု ယူ ဆကာ သူအလွန်တရာ မြတ်နိုးတွယ်တာခဲ့သော တက္ကသီလာ မြကျွန်းသာကို ကျောခိုင်းခဲ့ပေသည်။
 
သို့သော် ဆရာကြီးကား မဆလယန္တရားထဲက ခိုင်းကောင်းရုံသာ လေ့ကျင့်သင်ကြားပေးထားသော ဘွဲ့ရပညာမတတ် အမျိုးအစားထဲက မဟုတ်၍ မဆလက အလုပ်ဖြုတ်လိုက်သော်လည်း ကံဆိုးမိုးမှောင်ကျခြင်းမဟုတ်ဘဲ ကြောင်ကို ငါးခြောက်ပုံပေါ်သို့ပစ်ချလိုက်ခြင်းနှင့်သာ အလားသဏ္ဍာန် တူလေတော့သည်၊
 
များမကြာမီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖာယက် တက္ကသိုလိသို့ တွဲဖက် ပါမောက္ခရာထူးဖြင့် သွားရောက် အမှုထမ်းခဲ့သည်။ မြကျွန်းညိုညို တက္ကသိုလ်မှခွဲခွာခဲ့ရသော်လည်း ၀မ်းနည်းစရာမရှိဘဲ ပညာကိုပညာနှင့်တူအောင် လေ့လာဆည်းပူးသူများ၊ သင်ကြားပြသသူများရှိရာ ကမ္ဘာ့တက္ကသိုလ်များသို့ ခြေဦးလှည့်ခွင့်ရခဲ့ပေသည်။
 
အကယ်၍ မဆလက ရာထူးမှ မဖယ်ရှားခဲ့သော် အင်မတန် အော့နှလုံးနာစရာကောင်းသော န၀တ- နအဖ စစ် အုပ်စုလက်အောက်က တက္ကသိုလ်ဟုဆိုင်းဘုတ်ချိတ်ထားသော်လည်း တက္ကသိုလ်၏အနှစ်သာရ ဘာတခုမှမရှိသော အ ရပ်တွင် အစိမ်းဝတ်စစ်ဗိုလ်များ၏ အမိန့်အာဏာအောက်မှာ ပညာရှင် ပညာရှိဘ၀ကနေ ပညာသေ ပညာတတ် အနားပြာ ဘ၀သို့ အရှင်လတ်လတ် ဘ၀ပြောင်းခဲ့ရပေမည်။
 
ထိုင်းနိုင်ငံတွင် စာပေသင်ကြားပေးရင်း အဆက်အသွယ်ကောင်းများ ရရှိလာကာ အမေရိကန်ရှိ ကော်နဲလ် တက္က သိုလ်တွင် ကထိအဖြစ် တာဝန်ထမ်းဆောင်ရန် အခွင့်သာခဲ့လေသည်။
 
ထို့နောက် မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်၊ နယူးယောက်တက္ကသိုလ်တို့တွင် ဆက်လက် တာဝန်ထမ်းရွက်ကာ မြန်မာကျောင်းသားများ၏ ဆရာဖြစ်ရုံသာမက နိုင်ငံတကာ ကျောင်းသားများ၏ ဆရာလည်း ဖြစ်ခဲ့ရသည်။ ဆရာကြီးသည် စာပေသင်ကြားပို့ချပေးရုံသာမက နိုင်ငံခြားမှ မြန်မာဘာသာဖြင့် ထုတ်လွှင့်ပေးနေသော ရေဒီယို အစီအစဉ်များတွင် လည်း မြန်မာလူငယ်များ အကျိုးရှိရာရှိကြောင်းကို အလျဉ်းသင့်သလို ဟောပြောခဲ့သည်။
 
ယခုကဲ့သို့အောင်မြင်လာအောင် စွမ်းဆောင်နိုင်သော လျှို့ဝှက်ချက်များစွာထဲက ဘယ်ဟာက ဆရာကြီးကို အဓိက အားပေးနေခဲ့ပါသလဲဟု ကျွန်တော်ကမေးမြန်းကြည့်သောအခါ သူက “င့ါအဖေက မှာခဲ့တာရှိတယ်။ ငါ့သား ဖြစ် ချင်တဲ့အာရုံကို မပျက်စေနဲ့တဲ့။ အဲဒါ ဆရာကြီးရဲ့ နှလုံးသားမှာ သံမှိုနှက်သလို စွဲနေတဲ့အရာပဲ”ဟု ပြန်ဖြေခဲ့သည်။
 
တချိန်က ကျေးလက်တွင် ပင်ပန်းခက်ခဲစွာ ပညာသင်ခဲ့ရသော ဆရာကြီးသည် သူတတ်နိုင်သောအချိန်တွင် ကိုယ့်ရပ်ကိုယ့်ရွာမှ ပညာထူးချွန်သော်လည်း ပညာမသင်နိုင်ရှာသော လူငယ်လေးများကို အထောက်အပံ့ပေး၍ အမေရိ ကန်တက္ကသိုလ်များတွင် ပညာသင်ပေးလိုစိတ် တဖွားဖွား ပေါ်ပေါက်နေကြောင်း ပြောပြဖူးသည်။
 
ဆရာကြီးကား ဇွဲလုံ့လအကျိုးကြောင့် အမှန်ပင် ချုံကြားမှ ဘုံဖျားသို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါသည်။
 
ဌေးဝင်း
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.