အနာဂတ်လမ်းများ ဖွင့်ပေးပါ // လင်းသက်ခိုင် //

( ၁ )
ကျွန်တော့်တူမကြီး နှစ်ယောက် ကျောင်းပြီးသွားတော့ သူတို့အမေဖြစ်သူ၊ ကျွန်တော့်နှမက သူ့သမီးတွေကို အလုပ်ရှာဖို့ အကြောင်း ပြောပြတယ်။ သူတို့သားအမိ အလုပ်အကြောင်းပြောရင်းမှ သူက သမီးနှစ်ယောက်ကို ဟိုအလုပ်က ကောင်းတယ်၊ ဒီအလုပ်က မကောင်းဘူးလုပ်ပြီး သူကပါ ၀င်ပြီး ရွေးချယ်နေတာကို ကြည့်ရင်း ကျွန်တော် မနေနိုင်တော့တာမို့ “ကလေးတွေ လုပ်မယ့် အလုပ်ကို သူတို့ဘာသာ ရွေးပါစေ ညီမရယ်” လို့ ၀င်ပြောရပါတော့တယ်။ သူတို့လုပ်မယ့် အလုပ် သူတို့ရွေးချယ်တာ မကောင်း ပေဘူးလား၊ ခက်တာက ခုခေတ်လူငယ်တွေကလည်း ခပ်ခက်ခက် ရယ်၊ သူတို့ကိုယ်တိုင်က ဘာကိုရွေးချယ်ရမှန်း မသိဖြစ်နေ တယ်။ ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုးနဲ့ ဝေခွဲမရ ဖြစ်နေတာပါ။
 
ဘဏ်မှာလုပ်ရင် ကောင်းမလား၊ စာရင်းကိုင်လုပ်ရမလား၊ ကုမ္ပဏီ ကောင်းကောင်းကို ရွေးမလား၊ ဆေးကုမ္ပဏီတွေမှာ ၀င်လုပ်မလား၊ သူတို့ အနာဂတ်ကို စဉ်းစားရင်းနဲ့ေ၀၀ါးနေတာ များပါတယ်။ တကယ်လည်း သူတို့အတွက် ဘာမှ ရွေးချယ်စရာ မရှိတာ အမှန်ပါပဲ။
 
ဟိုဘက် အစိုးရခေတ်တုန်းကကို မှတ်မိပါသေးတယ်။ အလုပ်လုပ်ဖို့ အလုပ်ကို ရွေးတော့၊ ရှာတော့မယ်ဆိုရင် ဘာအရင်တွေးလဲဆိုတော့ ခွင်ကောင်းလား၊ အောက်ဆိုက် ရှိလား၊ နယ်တော့ မသွားချင်ဘူး၊ ၀င်ငွေ ကောင်းမှ လုပ်ချင်တာ၊ အကောက်ခွန်မှာ လုပ်ချင်တယ်၊ ဆည်မြောင်းမှာ လုပ်ချင်တယ်၊ ကညနမှာ လုပ်ချင်တယ်၊ ရေနံရုံးမှာ လုပ်ချင်တယ်နဲ့ ၀င်ငွေကောင်းတဲ့ ဌာနတွေကိုသာ မျက်စိကျပြီး ရွေးချယ်တတ်ကြပါတယ်။
 
အဲဒီကစလို့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေ အလုပ်ရွေးချယ်မှု အမှားတွေ စတင်ကြုံရပါတော့တယ်။ ၀ါသနာပါလို့၊ သင်ထားတဲ့ ပညာနဲ့ ကိုက်ညီလို့ဆိုပြီး ၀င်လုပ်တာမျိုး မဟုတ်ဘဲ ခွင်ရှိုလို့၊ အောက်ဆိုက် ကောင်းလို့ ဆိုပြီး အဲဒီစိတ်ဓာတ်နဲ့ အလုပ်ရှာဖွေမှုကစပြီး မှားယွင်းတော့ တာပါပဲ။ အဲဒါ စိတ်ဓာတ် ပျက်စီးခြင်းနဲ့ စာရိတ္တမဏ္ဍိုင် ခြစားခြင်းရဲ့ အစပါပဲ။
 
ဒီလိုနဲ့ နောက်ဆုံး တိုင်းပြည်လည်း ဆင်းရဲမွဲတေမှုတို့ရဲ့ အောက်ဆုံး အဆင့်ကို ရောက်၊ ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်မှာလည်း “ပုဒ်မလေး၊ ပေးမှလုပ်” ဆိုတဲ့မူအရ မပေးမလုပ်၊ ပေးမှလုပ်တဲ့ အကျင့်ကိုရပြီး တာဝန် တွေ လစ်ဟင်းခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒီနေ့ လူထုအစိုးရ ခေတ်မှာလည်း ဒီအကျင့်ဆိုးဟောင်းတွေ မပျောက်ကွယ်သေး၊ ရှိနေဆဲပါ။ လာဘ်ပေးလာဘ်ယူ စနစ်ဆိုးဟာ တိုင်းပြည်ရဲ့ စာရိတ္တမဏ္ဍိုင်ကို ခေတ်အဆက်ဆက် ခြစားပစ်ခဲ့ပါပြီလေ။
 
ခုတော့ လူတွေဟာ အလုပ်ကောင်းဖို့ စနစ်တကျ စေတနာကောင်းနဲ့ ဆောင်ရွက်ရမယ်ဆိုတဲ့ စိတ် ပျက်စီးပြီး ငွေနောက်ကိုသာ သဲသဲမဲမဲ လိုက်ကြပါတော့တယ်။ ခုခေတ်မှာက လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း နည်းလာတာ တွေ့ရပါတယ်။ ပညာ သင်ကြားဖို့ အခွင့်အလမ်းနည်းတဲ့ လူငယ် တော်တော်များများ ရပ်ကွက် ထဲမှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဆေးသမား၊ အရက် သမားဖြစ် သွားတာတွေ အများကြီး တွေ့နေရပါတယ်။
 
စစ်အစိုးရလက်ထက်က စားသောက်ဆိုင် လိုင်စင်တွေ၊ ဟောတစ်ဆိုင် ဟောတစ်ဆိုင်နဲ့ လွယ်လွယ်နဲ့ ချပေးခဲ့လို့ ခုတော့ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ တစ်မိုင်ပတ်လည် ဆိုင်ကိုးဆယ်မကတဲ့ အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ထဲမှာလည်း လူငယ်တော်တော်များများ မွန်းနစ်ခဲ့ရပါပြီ။
 
( ၂ )
 
ခေတ်အခြေအနေကိုက လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းဖို့ လုံလောက်တဲ့ ခိုင်မာမှု မပေးနိုင်ခဲ့ပါဘူး။ သူတို့ရဲ့အနာဂတ်မှာ ဘာမှ ရွေးချယ်စရာမရှိခြင်း၊ ရှေ့ကိုမမြင်နိုင်ခြင်းဟာ အဓိကပြသ၁နာကြီး ပါပဲ။
 
ဒါဆိုရင် ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်ကိုက အဓိပ္ပာယ်မဲ့သလို ဖြစ်နေခဲ့ပြီလားပေါ့။ “ပညာတတ်မှ လူရာဝင်မယ်၊ ပညာရှိမှ လူရိုသေ၊ ရှင်ရိုသေ ဖြစ်မယ်။ ပညာသင်၊ စာမေးပွဲဖြေ၊ အောင်အောင်လုပ်” လို့ တဖွဖွပြောနေကြတာတွေဟာ သတ်မှတ်ထားတဲ့ ဘွဲ့၊ ဒီဂရီတွေရလာတဲ့ အချိန်မှာ ဘာမှ မဆောင်ရွက်နိုင်၊ မဖန်တီးနိုင်ခဲ့ဘူးဆိုတော့ ပညာ သင်ကြားခြင်းရဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့ ဘယ်လိုနားလည်ရမလဲလို့ ကျွန်တော် တွေးမိပါတယ်။
 
လေးနှစ်တာ သင်ကြားပြီးရခဲ့တဲ့ ဘွဲ့၊ အဓိက ဘာသာရပ်တွေနဲ့ ကိုက်ညီတဲ့ အလုပ်ဆိုတာလည်း မရှိ၊ သင်ယူခဲ့ရတဲ့ ပညာရပ်ကလည်း ထိရောက်တဲ့ အစွမ်းအာနိသင်ကို မပြနိုင်တာမို့ လူငယ်တွေရဲ့ ဘ၀ပန်းတိုင်တွေ မှုန်ဝါးခဲ့ရပါတယ်။ ကျွန်တော် မေးချင်ပါတယ်။ “ဒီနေ့လူငယ်တွေအတွက် ပီပြင်တဲ့ အနာဂတ်ဆိုတာ ဘယ်မှာပါလဲ”။ ဒီထက်ဆိုးတာ ရှိပါသေးတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကို တက်ရောက်နိုင်ခြင်းမရှိတဲ့ လူငယ်လေးတွေရဲ့ ဘ၀ပါ။ သူတို့ခမျာ ပညာဆက်သင်ချင်ပေမယ့် တက်ရောက်နိုင်တဲ့ စရိတ်စက မရှိ၊ မိဘက ဆင်းရဲ၊ မပြေလည်တဲ့အခါ သူတို့လေးတွေလည်း အရှည်ကို မစဉ်းစားတော့ပါဘူး။ နီးစပ်ရာ အဆင်ပြေရာ အလုပ်တစ်ခုကိုရှာပြီး အလုပ်ဝင်လုပ်၊ ပြီးမှ အဝေးသင်တက္ကသိုလ် တက်ဖို့ လုပ်ရတယ်။ ဒါမှ အလုပ်လုပ်ရင်း ဘွဲ့ယူလို့ ရမှာလေ။ အလုပ်လုပ်ရင်းနဲ့ စာမေးပွဲ ဖြေခါနီး အဝေးသင်တက္ကသိုလ်ကြီးရဲ့ အနီးကပ်ပို့ချချက် ၁၀ ရက်သင်တန်းတက်၊ ၀င်ဖြေ၊ တစ်နှစ်ပြီးဆုံး၊ လုပ်ငန်းခွင် ပြန်ဝင်၊ တစ်နှစ်အောင်၊ ထပ်ဖြေ။ ဒီလိုနဲ့ တစ်နှစ်ကို အနီးကပ် ၁၀ ရက်၊ ၁၀ ရက်တက်ပြီး သုံးနှစ်သင် စာပေးစာယူ ပညာရေးနဲ့ အောင်မြင်ခဲ့ရပါတယ်။ သုံးနှစ်လုံးလုံး သူတို့တက်ခဲ့ရတဲ့ သင်တန်းက ရက် ၃၀ ၊ တစ်လတာမျှသာဆိုတော့ သူတို့သင်ယူခဲ့တဲ့ ပညာ၊ သူတို့ဆီကို ဘယ်လိုလုပ် ရောက်တော့မှာလဲ။ သင်တော့ သင်ခဲ့ပါရဲ့၊ ပညာကမရ၊ အမည်သညာ ဘွဲ့တစ်ခုကတော့ သတ်မှတ်ချက်အရ ဟုတ်သလိုလို၊ သို့သော် အလုပ်ကမရှိ၊ ဘယ်ပညာ၊ ဘယ်လောက်တတ်ခဲ့လို့၊ ဘယ်သူ့ကို ဘယ်အလုပ်က ဘယ်လိုဂုဏ်ပြုချီးမြှောက်လို့ ရမှာလဲဆိုတာ စဉ်းစားလေလေ တွေးရခက်လေလေပါပဲ။
 
ပညာတတ်ရင် လူ့အောက်မကျဘူးလို့ လူကြီးသူမတွေ ခဏခဏပြောနေတဲ့ စကားတွေ၊ ပညာကို ရအောင်ယူဆိုတဲ့ စကားတွေ စဉ်းစားလို့တောင် မရတော့ပါဘူး။ ပညာတော့ သင်ပါရဲ့၊ ပညာနဲ့ ထိုက်တန်တဲ့ အရည်အချင်း မရရှိတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးနစ်နာမှုပါပဲ။ လူငယ်တွေရဲ့ အနာဂတ် လမ်းပျောက်နေတာ တိုင်းပြည်အတွက် မကောင်းတဲ့ လက္ခဏာပါ။
 
ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်တာ စဉ်းစားရင်းနဲ့ ကျွန်တော်တို့ ငယ်စဉ်က ကြားခဲ့ရဖူးတဲ့ သီချင်းလေးတစ်ပုဒ်တောင် ပြန်အမှတ်ရမိပါရဲ့။ အဲဒီသီချင်းလေးက တစ်ခေတ်တစ်ခါက လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပြီး နေရာအနှံ့က ဂစ်တာဝိုင်းတွေမှာ လူငယ်တွေ အတော်များများ ဆိုခဲ့ဖူးကြပါတယ်။ အဲဒီတုန်းက ဒီသီချင်းဟာ ဆင်ဆာထိပြီး အပိတ်ခံရတဲ့ သီချင်းလို့လည်း နောင်တော်တွေက ပြောကြပါတယ်။ ကျွန်တော်ကတော့ အဲဒီသီချင်းလေးကို အလွန်နှစ်သက်ခဲ့ရပါတယ်။ ခုနေတော့ ဒီသီချင်းဟာ ဒီနေ့ခေတ်လူငယ်တွေနဲ့ ကွက်တိပါပဲ။
 
( ၃ )
 
“သင်တုန်းကတော့ … သင်လိုက်ရတဲ့ ပညာတွေ … ကမ္ဘာမြေကို အုပ်စိုးဖို့ မလောက်ကြနေ … ကိုယ်ဘွဲ့ရမှ ပြန်ပေးနိုင်တာ ဧည့်ခန်းမှာ … ကြွားစရာ၊ ဂုဏ်ယူစရာ ပုံတစ်ချပ်ပဲလေ … အတောင်လည်းပြည့်ပြီးကာမှ … ကောင်းကင် လိုင်စင်မရလို့ … မပျံနိုင်တဲ့ ငှက်ကလေးလို … တို့များရဲ့ဘ၀ဟာလေ … တကယ့်ကို အမှန်တရားမရှိတဲ့ ခေတ်လူငယ်ခြေကျတွေ”
 
ခေတ်အဆက်ဆက် အပြောင်းအလဲတွေကြားမှာ လူငယ်တွေရဲ့ အနာဂတ် မှုန်ဝါးလာတာ သေချာပါတယ်။ ကိုယ့်ပြည်တွင်းမှာ အလုပ်ရဖို့ မလွယ်တဲ့ အလုပ်လက်မဲ့ လူငယ်တွေရဲ့ ဘ၀၊ မျှော်လင့်ချက်ကင်းမဲ့ နေပါတယ်။ ဒီတော့ သူတို့ ကိုယ်တိုင် ဖောက်ထွင်းဖို့ ကြံကြပါတယ်။ ရသမျှ ပေါင်နှံချေးငှားပြီး ပြည်ပထွက်ဖို့ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ ကြိုးစားကြပါတော့တယ်။
 
ဘာပဲဖြစ်ဖြစ် ဟိုမှာသွားလုပ်ရလို့၊ နှိမ်တယ်ဆိုရင်တောင် ဒီမှာထက် လုပ်ခ၊ လစာ ပိုရတာမို့ ပင်ပန်းပေမယ့် အကျိုးရှိတယ်။ ချွေတာစားပြီး ပိုတာစုလို့ရတယ်ဆိုတဲ့ ရွယ်ရွယ်ချက်တွေနဲ့ ပြည်ပထွက် အလုပ်လုပ်ချင်တဲ့ လူငယ်တွေ များလာတာအမှန်ပါ။ တကယ်တော့ ဒါဟာ နိုင်ငံတော်အတွက် လုပ်အား အရင်းအနှီး ဆုံးရှုံးခြင်းပါပဲ။ အိမ်နီးချင်း ထိုင်းမှာ ရောက်နေတဲ့ မြန်မာအလုပ်သမား အင်အားကိုသာ ကြည့်ပါတော့။
 
သူများနိုင်ငံမှာ သွားလုပ်ပြီး စုမိဆောင်းမိလို့ ကိုယ့်နိုင်ငံ ပြန်လာရင်လည်း ဒီမှာက ဘာလုပ်ငန်း လုပ်ကိုင်စားသောက် ရမယ်မှန်းမသိ ဖြစ်ရပြန်ရော။ ဒါကြောင့်မိုလည်း ဒီနေ့ ကျွန်တော်တို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က -
 
“လူငယ်တွေရဲ့ အနာဂတ်ကို ဖြည့်ဆည်းပေးဖို့အတွက် ဒီနိုင်ငံမှာ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွေ များများဖွင့်လာနိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ဖို့ လိုပါတယ်” လို့ အခမ်းအနားတစ်ခုမှာ ပြောခဲ့ပါတယ်။ ဒီနေ့ နိုင်ငံအတွင်းမှာ ထွက်ပေါက်ပိတ်နေတဲ့ အလုပ်လက်မဲ့ လူငယ်တွေရဲ့ အနာဂတ် ရှင်သန်စေဖို့ တာဝန်ရှိသူတွေက လမ်းဖွင့်ပေးနိုင်ကြပါစေလို့ စေတနာကောင်းနဲ့ အကြံပြုလိုက်ရပါတယ်။
 
“အနာဂတ်ဆိုတာ လူငယ်တွေရဲ့ဘ၀ပါ”
 
လင်းသက်ခိုင်
The Ladies News
 

 

Vote: 
Average: 4 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.