သုတပညာ၊ အတွေးပွားရာများ // ဒေါက်တာခင်မောင်ညို //

၂၀၁၆ ခုနှစ်မှစပြီး မြန်မာပြည်ကြီးဟာ ပွင့်လင်းမြင်သာမှုတွေနဲ့ ပြည်သူတွေ ပြောင်းလဲမှုတွေကို စတင်ခံစားလာကြရတာ ဖြစ်တယ်။ ဒီလို ပွင့်လင်းမြင်သာမှုတွေဟာ ရုတ်တရက် မသိသာ မထင်ရှားပေမယ့် ကြာလာတဲ့အခါတွေမှာ အတွေးတွေ ပွားလာတတ်ပြီး အသိဥာဏ် ဖွံ့ဖြိုးမှုအတွက် များစွာ အထောက်အကူ ပြုမှာဖြစ်တယ်။
 
ဒါကြောင့် မြန်မာပြည်မှာ စာပေပွဲတော်များကို ပြုလုပ်ပြီး စာအုပ်ဈေးလမ်း ကို တီထွင်လာတယ်။ ဒါ့အပြင် စာကြည့်တိုက်များကိုလည်း စနစ်တကျ ဖြစ်လာစေဖို့ ကြိုးစားလာတယ်။ ဒီလို ပညာပိုင်းဆိုင်ရာ လုပ်ဆောင် ချက်တွေ များလာတာနဲ့အမျှ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ် များကိုလည်း အထောက်အကူပြုလာမှာ ဖြစ်တယ်။
 
မြန်မာပြည်လွတ်လပ်ရေး မရမီ ၁၉၃၀ ပြည့်နှစ်အလွန်ကစပြီး စာပေဟာ လွတ်လပ်ရေးအတွက် အလွန်အရေးပါတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ဆရာသခင်ဗသောင်း၊ ဆရာသိန်းဖေမြင့် စတဲ့ လူငယ်များဟာ ကမ္ဘာကို မြန်မာသိအောင်ဆိုပြီး နဂါးနီစာအုပ်အသင်းကို တည်ထောင်ခဲ့ပါတယ်။ ဘာသာပြန်စာပေများကို ပြည်သူတွေကို ပေးခဲ့တာပါပဲ။ နဂါးနီစာအုပ် အသင်းမှာ သခင်ဗသောင်း၊ သိန်းဖေမြင့်တို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း တို့ပါ ပါဝင်ရေးသားခဲ့ကြတာကို တွေ့ရပေမယ်။
 
ဆိုလိုတာက စာပေဟာ လွတ်လပ်ရေးအတွက် အရေးအင်မတန်ပါတယ် ဆိုတာပါပဲ။ စာပေဟာ တကယ်လည်း လူနေမှုအဆင့်တွေကို ပြုပြင်ပြောင်းလဲနိုင်တယ်။ လူတွေကို တိုးတက်စေတာပါပဲ။ ဒါကြောင့် ယနေ့ခေတ်လို နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် တွန်းတင်နေတဲ့ကာလမှာ လူအများ စာတတ်ဖို့လိုတာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ ယနေ့အစိုးရဟာ ပြည်သူ့အစိုးရ ဖြစ်တယ်။ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရပါ။ ပြည်သူတွေက ပါဝင်ရမှာ အသေအချာပါပဲ။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ပညာဥာဏ်၊ ဗဟု သုတ ကြီးမြင့်မှသာ တိုင်းပြည်ကို တည်ဆောက်ဖို့ ပိုပြီး အထောက်အကူပြုမှာ ဖြစ်တယ်။
 
စာပေဗဟုသုတ၊ ပညာ စတာတွေပြည့်စုံဖို့ စာဖတ်ရမယ်ဆိုပေမယ့် ပြည်သူအများစုဟာ အချိန်မရဘူး။ သူတို့ ဘာတွေဖတ်ရမလဲ၊ ဒါ့အပြင် သူတို့ ဖတ်ထားတဲ့ စာတွေကနေ ဘာတွေရမှာလဲ၊ ဘယ်လို တွေးမှာလဲ၊ သူတို့ ဖတ်သင့်တာတွေ ဖတ်မယ်၊ အကျိုးအကြောင်း ဆင်ခြင်ဆွေးနွေး တတ်လာမယ် ဆိုရင် တိုင်းပြည်ကို မြန်မြန်ဆန်ဆန် ကူညီလို့ ရမှာပါပဲ။
 
ဒီအတွက် စာရေးဆရာတစ်ယောက် အနေနဲ့ ကျွန်တော်ဘာတွေ ဖတ်တယ်၊ ဘယ်လို တွေးတယ် ဆိုတာကို တင်ပြပါမယ်။
 
ဇန်န၀ါရီလ သတင်းစာတစ်ခုမှာ မျက်နှာဖုံး သတင်းတစ်ပုဒ်ကို ကျွန်တော် ဖတ်ပါတယ်။ ခေါင်းစဉ်က `နိုင်ငံတော်သမ္မတနှင့် ဇနီး ဗဟိုအဆင့် အင်္ဂလိပ်ဘာသာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေး´ တဲ့။ သတင်းကတော့ တက္ကသိုလ်နဲ့ ကောလိပ်တို့မှ ကျောင်းသူ၊ ကျောင်းသား များ ဗဟိုအဆင့် အင်္ဂလိပ်ဘာသာစွမ်းရည် ပြိုင်ပွဲ ဆုချီးမြှင့်အခမ်းအနားကို သမ္မတနဲ့ဇနီးတို့ လာရောက်တာကို ရေးထားတာပါပဲ။
 
ဒါကိုဖတ်လို့ ဘာတွေရလဲ၊ နိုင်ငံရပ်ခြား စာ၊ စကား သင်ထားသင့်သည် မှတ်တဲ့။ အင်္ဂလိပ်စာဟာ ကမ္ဘာသုံး ဖြစ်တယ်၊ တတ်ထားရင် ကောင်း တယ်၊ အပြော၊ အဆို၊ အရေး၊ နားထောင်ခြင်း ဆိုတဲ့ အရည်အသွေး လေးခု (4 Skills) အပြင် အတွေးဆိုတဲ့ ပဉ္စမ တစ်ခုဟာလည်း အရေးကြီးပါတယ်။ ဒီ Skills တွေဟာ လူတွေအတွက် အရေးပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ဒီ Skills တွေ မတော်မတတ်ပါဘူး။ ၀ါသနာ ပါသူတွေ၊ ကြိုးစားပြီး လေ့လာသူတွေ၊ တောတတ်သူတွေကို ဆုတွေ ချီးမြှင့်တာ ကောင်းပါတယ်။ ဆိုလိုတာက လူတိုင်းမှာ ဒီလို အရည် အသွေးတွေ မရှိပေမယ့် အခြား အရည်အသွေးရှိသူတွေလည်း အများကြီး ပါပဲ။ ဒီတော့ ကျောင်းသူ၊ ကျောင်းသားအများကိုလည်း စိတ်ဓာတ်မကျစေဖို့ အားပေးဖို့လည်း လိုပါတယ်။
 
အင်္ဂလိပ်စကားပြောမယ့် တိုင်းပြည်မှာ အင်္ဂလိပ်စကားဟာ အရေးကြီး သလို ထိုင်းနိုင်ငံ သွားအလုပ်လုပ်သူတွေ အတွက် ထိုင်းစကားဟာ အရေးကြီးပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဘာသာစကားတတ်ထားတဲ့သူဟာ အလုပ်ခွင်မှာ အဆင်ပြေတယ်။ ဒါကြောင့် ဘာသာစကားကို သင်ထား သင့်တယ်ဆိုတဲ့ အတွေးတွေ ရလာနိုင်ပါတယ်။
 
အဲဒီနေ့ သတင်းစာထဲမှာ နောက်သဘောကျတဲ့ သတင်းတစ်ပုဒ်ကတော့ `မူလအနံသေးထုတ်နေသော ရက္ကန်းစက်အား အနံကြီးပိတ်ထုတ်လုပ် နိုင်သည့်စက်အဖြစ် တီထွင်ထုတ်လုပ်တာပါပဲ။ ပွင့်ဖြူ အထည်ရက်လုပ်တဲ့ စက်ရုံမှာ အနံ ၄၈ လက်မစက်တွေကို အနံ ၆၅ လက်မအထိ အနံကြီး ထုတ်လုပ်တဲ့ စက်ကို တီထွင်တယ်ဆိုတာပါပဲ။ ပြည်သူတစ်ဦး တစ်ယောက်အနေနဲ့ မိမိတို့နိုင်ငံမှာ ဒီလိုတီထွင်နိုင်တာကို ဂုဏ်ယူသင့် ပါတယ်။
 
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံပါ။ ၀ါဂွမ်းတွေထွက်ပေမယ့် ချည်ကောင်းတွေကို နိုင်ငံခြားကနေ သွင်းနေရတယ်။ ပြီးတော့ အထည် တွေလည်း နိုင်ငံခြားကနေ အများကြီးဝင်နေပါတယ်။ ဒီအတွက် နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးနေကြရတယ်။ ဒါကို ပထမ သဘောပေါက်သင့်တယ်။ ဒီတော့ ကျွန်တော်တို့ဟာ တစ်ဖက်က တက္ကနိုလိုဂျီလို့ခေါ်တဲ့ နည်းပညာတွေနဲ့ တီထွင်မှုတွေကို အားပေးဖို့လိုတာ တွေ့ရပေမယ်။ သတင်းတွေထဲမှာ စဉ်းစားစရာတွေ အများကြီးကို တွေ့ရမှာပါ။
 
ကျွန်တော်တို့ နိုင်ငံဟာ နှစ် ၂၀ အတွင်း စင်ကာပူကို အမီလိုက်မယ်၊ ကျော်တက်မယ်ဆိုရင် အတွေးတွေပွားဖို့ လိုတယ်။ အတွေးများနဲ့ နိုင်ငံကို တည်ဆောက်ရမယ်။ ဖတ်ပါ၊ စဉ်းစားပါ၊ တွေးပါ။ နောက်တစ်ပတ်မှာ လည်း တွေးစရာ သတင်းလေးတွေကို ဖော်ပြသွားပါဦးမယ်။
 
ဒေါက်တာခင်မောင်ညို
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.