သာသနာ့အာဇာနည် ဆရာတော်ဦးဥတ္တမ // အောင်စည်နေမျိုး //

၁၉၁၁ ကပင် မြန်မာလူမျိုးများအား လွတ်လပ်ရေးမျိုးစေ့၊ ၀ံသာနုရက္ခိတ တရားမျိုးစေ့၊ သခင်မျိုးစေ့ကို ချပေးခဲ့သူ ဆရာတော် အရှင်သူမြတ် တစ်ပါး၏ ကျေးဇူးတရားကို မြန်မာနိုင်ငံသားတို့ မမေ့စေလို၍ ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်သော အကြောင်းအချက်အချို့ကို ဖော်ပြပေးလိုက် ပါသည်။
 
*** ဆရာတော်နှင့် သခင်စိတ်
 
ဆရာတော်ကို ၁၂၄၁ ခု၊ ပြာသိုလပြည့်ကျော် ၁ ရက်နေ့တွင် ရခိုင်ပြည်၊ စစ်တွေမြို့၌ ဖွားမြင်ခဲ့လေသည်။ သည်အချိန်က မန္တလေးနေပြည်တော် တွင် သီပေါဘုရင် နန်းစံလျက်ရှိသည်။ ဆရာတော်၏ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်၏။
 
ဆရာတော်သည် ငယ်စဉ်ကပင် ပညာကို ကိုယ့်ထူးကိုယ်ချွန် ကြိုးစား သင်ယူခဲ့သည်။ နောင်တွင် ပြည်ပတွင် ပညာသင်ယူခဲ့ပြီး ၁၉၂၀ ပြည့်နှစ် တွင် ကာလကတ္တား အမျိုးသားတက္ကသိုလ်တစ်ခုတွင် ပါဠိဘာသာနှင့် သင်္သကရိုက်ဘာသာ ပရော်ဖက်ဆာ ဖြစ်လာခဲ့သည်။ ဆရာတော်သည် ဘာသာပေါင်း ၈ ဘာသာ တတ်ကျွမ်းသည်။ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်း တွင်လည်း ပါဠိနှင့် သင်္သကရိုက် ဘာသာ ပရော်ဖက်ဆာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။
 
နောင်တွင် ဆရာတော်သည် ထိုစဉ်က အောက်ကျ၊ နောက်ကျနိုင်လှသော မြန်မာပြည်သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က မြန်မာပြည်သူပြည်သားတို့သည် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြသည်။ ဆာရယ်ဂျီနယ် ကရက်ဒေါက်၏ တင်းမာခက်ထန်သော အုပ်ချုပ်မှုအောက် တွင် မြန်မာလူထုသည် ခေါင်းငုံ့ခံကြရသည်။ သည်အချိန်တွင် ဆရာတော် ဦးဥတ္တမက `ဆာရယ်ဂျီနယ်ကရက်ဒေါက်၊ မင်း ဗမာပြည်က ထွက်သွားပါ´ ဟု အဓိပ္ပာယ်ရသော စာတစ်စောင်ကို ဘုရင်ခံထံသို့ ပေးပို့ခဲ့သည်။ ဤစာကို သူရိယသတင်းစာက ဖော်ပြခဲ့သည်။ ဆရာတော်၏ လှုံ့ဆော် မှုကြောင့် အဖိနှိပ်ခံ မြန်မာတို့၏ နိုင်ငံရေးစိတ်ဓာတ်များသည် ထက် သန်နိုးကြွလာခဲ့တော့သည်။ ငါတို့သည် ကျွန်လူမျိုး မဟုတ်၊ သခင်လူမျိုး ဖြစ်သည်ဟူသော နိုးကြားမှုအသိအမြင်ကို စတင်ရရှိလာတော့သည်။
 
*** ဆရာတော်နှင့် ၀ိသာနုရိက္ခတ
 
ဆရာတော်သည် နိုင်ငံရေးတရားဟောရာတွင် ပရိယာယ်မသုံး။ ပြောလိုသည်ကို တဲ့တိုးသာ ပြောတတ်လေသည်။ ထို့ကြောင့်လည်း ဗြိတိသျှအစိုးရက မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ်တွင် ဆရာတော်ကို မအူပင်ထောင်၌ ထောင်ဒဏ် ၄ နှစ် ချလိုက်လေသည်။ ဆရာတော်ကို ထောင်ဥပဒေအရ အကျင့်စာရိတ္တကောင်းသည်ဟု သတ်မှတ်ပြီး ၃ နှစ်ကျော်ကျော်တွင် လွှတ်ပေးခဲ့သည်။
 
ထောင်မှလွတ်ပြီး ဗိုလ်တထောင် ဘုရားဝင်းအတွင်းတွင် ဆရာတော် တရားဟောခဲ့လေသည်။ ဆရာတော်၏ တရားပွဲတိုင်းသည် ကြိတ်ကြိတ်တိုးမျှ စည်ကားလေ့ရှိသည်။ ဗိုလ်တထောင်တရားပွဲတွင် ဆရာတော်က အောက်ပါအတိုင်း ဟောကြားခဲ့သည်။
 
`မိန်းမတွေဟာ မင်းကတော်၊ စိုးကတော်ဖြစ်ဖို့ လောက်ကိုသာ မှန်းပြီး ဂုဏ်ပြိုင်နေကြတယ်။ ဒီလိုမိန်းမတွေ စည်းမစောင့်ကြလို့ ဗမာဟာ ကျွန်သက်ရှည်နေတာ။ ဘုန်းကြီးတွေကကော၊ ဆွမ်းခံရင် ဗမာအိမ်မှာ ခံတယ်။ ၀ယ်တော့ `ရိုး´ ကုန်တိုက်မှာ သွားဝယ်တယ်။ ငါ မအူပင်ထောင် မှာ ထောင်ကျတာဟာ `၏´ ဆိုတဲ့ စကားလေးတစ်လုံး ပါမသွားလို့ ထောင်ကျတာပဲ။ ငါက ပြောတယ်။ ဗမာတွေဟာ အရေးပိုင်ဆိုရင် သိပ်ကြောက်၊ ၀န်ထောက်၊ မြို့အုပ်ဆိုလည်း ကြောက်နေကြတာပဲ။ ဘာတစ်ခုမှ မဟုတ်တာ မမှန်တာလုပ်နေလို့ ပြန်မပြောဝံ့ကြဘူးနော်။ ခွေးလောက်မှ မလိမ္မာဘူး။ မင်းတို့အိမ်မှာ မွေးထားတဲ့ ခွေးဝင်စား ပဲဖြစ်ဖြစ်၊ အရေးပိုင်ခွေးနဲ့ ကိုက်ရင် ခံတော့ ကိုက်ဦးမှာပဲလို့ ငါကပြော တယ်။ ဒါကို အရေးပိုင်က သူ့ကိုခွေးလို့ ပြောရမလားဆိုပြီး တရားစွဲတာပဲ။ အရေးပိုင်၏ခွေးလို့ ပြောရမယ့်ဟာ ငါက အရေးပိုင်ခွေးလို့ ပြောလိုက် မိတာကိုး´
 
ဤတွင် ဆရာတော်၏ သတ္တိနှင့် အမျိုးစောင့်တရားကို ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။
 
*** ဆရာတော်နှင့် ပထမကျောင်းသား သပိတ်
 
၁၉၂၀၊ ဒီဇင်ဘာ ( ၁၂၈၀ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ )ရက်နေ့ တွင် ပထမကျောင်းသား သပိတ်ကြီး ဖြစ်ပေါ်ခဲ့လေသည်။ သည်ရက်များ မတိုင်မီက ဆရာတော်သည် ကာလကတ္တားတွင် ရှိနေလေသည်။ ရန်ကုန် ကောလိပ်ကျောင်းသားများက ကြေးနန်းရိုက်၍ ဆရာတော်ထံမှ အကြံ ဥာဏ်တောင်းကြသည်။ ဆရာတော်သည် ကြေးနန်းရလျှင်ရချင်း မီရာ သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ကြွချီခဲ့တော့သည်။ ၀ိုင်အမ်ဘီအေ ခေါင်းဆောင်များ၊ ကျောင်းသားများနှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။ သခင် ပညာရေးအတွက် အမျိုးသားကျောင်းများကို ထူထောင်ရန် အကြံဥာဏ် ပေးခဲ့သည်။
 
*** ဆရာတော်နှင့် ဂျီစီဘီအေဦးချစ်လှိုင်
 
ဆရာတော် ဦးဥတ္တမ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကို ဤနေရာတွင် အကျယ်တ၀င့်တင်ပြရန် မရည်ရွယ်ပါ။ ဆရာတော်၏ ကျေးဇူးတရားကို သိရှိရန်သာ ရည်ရွယ်ပါသည်။
 
မြန်မာသက္ကရာဇ် ၁၂၈၄ ခု၊ တန်ဆောင်မုန်း လဆုတ် ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များတွင် ၁၀ ကြိမ်မြောက် ဂျီစီဘီအေကွန်ဖရင့်ကို သရက်မြို့၌ ကျင်းပခဲ့လေသည်။ သည်ကွန်ဖရင့်တွင် ဂျီစီဘီအေဥက္ကဋ္ဌကြီး ဦးချစ်လှိုင်က ဆရာတော်၏ ဂုဏ်ကျေးဇူးကို အောက်ပါအတိုင်း ထုတ်ဖော်ခဲ့လေသည်။
 
`ယခု ကျွန်ုပ်တို့အလယ်သို့ အရှင်ဦးဥတ္တမကိုယ်တော်ကြီး ကိုယ်တော်တိုင် ရပ်တည်တော်မူလျက် ရှိခဲ့လေပြီ။ ထိုအရှင်သည် အတ္တဟိတတည်းဟူ သော ကိုယ်ကျိုးစီးပွားကို တံတွေးပေါက်ကဲ့သို့ မှတ်ထင်စွန့်ပစ်တော်မူပြီးမှ ပရဟိတတည်းဟူသော ပြည်သူ အမျိုးသားအရေးကို တွေး၍ စိမ့်စိမ့်ခြိမ့်ခြိမ့် လှုံ့ဆော်ဆောင်ရွက်တော်မူခြင်းကြောင့် မွန်-မြန်မာ အမျိုးသားတို့၏ စိတ်နေအာသီသသည်ကား ရှေးကနှင့်မတူ အမူပြောင်း ရွှေ့ ရှေ့ရေးတွင်သာ ပဒုမ္မာကြာဝတ်လွှာမှုန်တို့သညိ နေအရုဏ် တန်ခိုးနှင့် ပွင့်ဖြိုးသန်စွမ်း၊ လန်းလန်းစွင့်စွင့် ရှိသည့် အမူအရာ ဆင့်ကာ ဆင့်ကာ သာ၍သာ၍ပင် လျင်လျင်ကွန့်မြူးခြင်း ရှိလေသည်။
 
ထိုအရှင်ဦးဥတ္တမ၏ ထောင်ဒဏ်အကျဉ်းခံခြင်း တည်းဟူသော ဒုက္ခစရိယ ကြောင့် အမျိုးသားကြီးပွားချမ်းသာရေး လုပ်ငန်းသည် လျှမ်းသည်ထက် လျှမ်း၊ ကျန်းကျန်းခိုင်မာလျက် ဆောလျင်မကြာ အောင်ရမည့် အခြေဟု သူသူငါငါတို့က အားကျမခံ စိတ်မာန်တက်ကြွ ရှိလာကြလေပြီ´
 
ဂျီစီဘီအေဦးချစ်လှိုင်၏ ဟောပြောချက်မှ ဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမ သည် ဤသို့လေးစားသမှု အားကိုးပြုခြင်းခံရသော သာသနာ အာဇာနည်တစ်ပါးပင် ဖြစ်လေသည်။
 
*** ဗမာ့ခေတ်ဦးဘရင်၏အမြင်
 
ဗမာ့ခေတ်ဦးဘရင်က သူ၏ ဆရာတော်ဦးဥတ္တမ (လွတ်လပ်ရေး စိတ် ဓာတ် မျိုးစေ့ချခဲ့သူ) စာအုပ်တွင် ဆရာတော်၏ ဂုဏ်ပုဒ်ကို အောက်ပါ အတိုင်း ထုတ်ဖော်ခဲ့လေသည်။
 
`ဆရာတော် ဦးဥတ္တမ ပြုစုပျိုးထောင်ခဲ့သော တက်ကြွသော နိုင်ငံရေးစိတ် ဓာတ်များမှ ဆက်သွယ်၍ ၁၂၉၂ ခုနှစ် ကုလား-ဗမာ ရိုက်ပွဲနောက်တွင် ဒို့ဗမာအစည်းအရုံးအမည်ဖြင့် သခင်ပါတီ ပေါ်လာသည်။ ထိုအခါမှစ၍ သခင်ဘသောင်းနှင့် ယခု ဗမာ့ခေတ်ဦးအုန်းခင်တို့ သခင်တစ်စုသည် ၀ိုင်အမ်ဘီအေ ဆရာတင်ရေးသော ဒို့ဗမာသီချင်းကို လက်သီးလက် မောင်းတန်း၍ စတင်သီဆိုလာကြသည်။ လူငယ်များ၏ တက်ကြွနေသော စိတ်ဓာတ်ကို ရဲစိတ်ရဲသွေး ထပ်မံဖြည့်စွက်ပေးကြသည်။ ထိုမှနောက်တွင် ဒို့ဗမာသခင်ဟူ၍ ကျောင်းသားအများက ဦးဆောင်ပြီး စည်းရုံးကြရာ ၁၉၃၆ ကောလိပ်သပိတ်မှစ၍ အောင်ကျော် သေရပြီးနောက် ဒို့ဗမာသခင် တို့၏ အထူးထကြွသော အစိတ်အပိုင်းတွင် အမြဲခေါင်းဆောင်၍ ပါဝင်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိတ်တို့ ဂျပန်တို့ထွက်သွားပြီး ဒုတိယ ကမ္ဘာစစ်တည်းဟူသော အခါကောင်းကိုယူ၍ ဂျပန်နှင့် ပူးပေါင်းလျက် အင်္ဂလိပ်ကို တော်လှန်သည်။ နောက် အင်္ဂလိပ်နှင့် ပူးပေါင်းလျက် ဂျပန်ကိုချ၏။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ရာ ထိုအဆင့်ဆင့်သော တော်လှန်ရေးတို့တွင် ဆရာတော် ဦးဥတ္တမ၏ ပထမဆုံး စိတ်ဓာတ် တော်လှန်ရေးက အကြောင်းရင်းခံသည်မှာ မလွဲကြောင်း ပါလီမန်လွှတ် တော် အရပ်ရပ်မှာပင် ထုတ်ဖော်စကားဆိုထားကြပြီ ဖြစ်သည်´
 
သို့ဆိုလျှင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ဆရာတော် အခန်းကဏ္ဍကို ထင်ရှားစွာ သိမြင်နိုင်လောက်ပါပြီ။
 
*** ထို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား
 
ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကား ကြီးမားလှပါသည်။ ကျေးဇူး ရှိသူကို ကျေးဇူးသိတတ်ခြင်းသည် မင်္ဂလာမည်၏။ သို့သော် ဖဆပလ ခေတ်က ဂုဏ်ယူစွာဖြင့် ခေါ်တွင်စေခဲ့သော `ဦးဥတ္တမပန်းခြံ´ ဟူသော အမည်ကို အမှောင်လွှမ်းသော ခေတ်ကာလများတွင် ဖျောက်ဖျက်ပစ်ခဲ့ သည်။ ပန်းခြံထဲတွင်ရှိသော ဦးဥတ္တမရုပ်တုကြီးသည် ဘဒ်လမ်းရှိ အိမ်တစ်အိမ်တွင် ချောင်ထဲထိုးခံထားရသည်ဟု ဆရာကြီးမင်းယုဝေက ဆိုလေသည်။ နောင်တွင် ရုပ်တုမှာ ကျိုးပဲ့နေပြီး သည်ရုပ်တုကို ထုလုပ်ခဲ့သူ ပန်းပုဆရာကြီး ဦးဟန်တင်၏ခြံထဲတွင် တွေ့ရပြန်သည်ဟု ဆရာကြီးမင်းယုဝေက ထပ်ဆင့်၍ ဆိုလေသည်။
 
ဆရာကြီးမင်းယုဝေကို ကျွန်တော်တို့ လွန်စွာကြည်ညိုမဆုံး ဖြစ်ရလေ သည်။ ဆရာကြီးသည် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို သိသူ၊ အလေးအမြတ်ပြုသူ ပါတကား။ ယနေ့နိုင်ငံတော်၏ ဦးဆောင်ပုဂ္ဂိုလ် တို့သည် ဤသို့မြင်နိုင်လျှင် မည်မျှကောင်းလိုက်လေမည်နည်း။
 
ကျွန်တော်တို့ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၀၀ ကျွန်ဘ၀တွင် မျက်ရည် ပင်လယ်ဝေခဲ့ရသည်။ ကျွန်ဘ၀မှ လွတ်မြောက်ရန် လွတ်လပ်ရေးမျိုးစေ့ ကို ချပေးခဲ့သူ ဆရာတော် ဦးဥတ္တမကား ၁၉၃၉ စက်တင်ဘာ ၉ ရက် (၁၃၀၁ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁၁ ရက်)နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ဘ၀နတ်ထံပျံလွန်တော်မူခဲ့လေသည်။ မြန်မာပြည်သူတို့ မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရသည်။ ပျံလွန်တော်မူပြီး ၂ ရက်အကြာ စက်တင်ဘာ ၁၁ တွင် ကျင်းပသော (ကိုလိုနီခေတ်) ဗမာပြည် အောက်လွှတ်တော် အစည်း အဝေးတွင် ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် ၅ မိနစ်ရပ်နား၍ အရိုအဝေပြုခဲ့ကြသည်။
 
အောင်စည်နေမျိုး
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.