အလုပ် အလုပ် အလုပ် // မောင်ဟစ် //

*** ၁ ***
 
ဘ၀မှာ အလုပ်နဲ့လက် ပြတ်တယ်မရှိကြပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရ တယ်ဆိုတဲ့ စကားရှိတယ်။ အဓိပ္ပာယ်က လက်နဲ့ အလုပ်လုပ်နေမှ စားစရာ ရမယ်၊ ပိုက်ဆံရမယ်ဆိုတဲ့ သဘောပါပဲ။ လူတွေအတွက် အလုပ်လုပ်တဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ လူတွေလည်း အများကြီး ခန့်ထားရ တယ်။ ဒီလိုလူတွေ များလာတာနဲ့အမျှ ဘာမှ အလုပ်မလုပ်ဘဲ အချောင် ခိုသူတွေ ရှိတတ်တယ်။
 
ဒါကြောင့် လူတိုင်း အလုပ်လုပ်မှုကို စစ်စေတဲ့ စစ်ဆေးရေးမှူး (Work Charge) ဆိုတာ ရှိတယ်။ တကယ်တော့ လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ် တယ် ဆိုရင် သူ့အလုပ်က မလိုအပ်တဲ့ အလုပ်ပါပဲ။ ဘယ်လိုဖြစ်ဖြစ် လောကကြီးမှာ မလိုတာတွေကို လိုနေတာ အများကြီးပါပဲ။
 
ဒီတော့ မောင်ဟစ် အလုပ်နဲ့ပတ်သက်တဲ့ စာတွေဖတ်တယ်။ အင်တာဗျူး တစ်ခုကို ဦးစွာပြောပြမယ်။
 
မေးခွန်း - မင်း ဒီမှာ ဘယ်တုန်းကစပြီး အလုပ်လုပ်တာလဲ။
အဖြေ - သူတို့ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ကတည်းကပါ။
 
အလုပ်ခွင်ကိုရောက်နေသူတိုင်း အလုပ်မလုပ်ကြပါ။
 
*** ၂ ***
 
ဥပမာ - ပြီးခဲ့တဲ့ ငါးနှစ်လောက်က ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး (ပုပ်ဂျွန်ပေါလ်) ကလည်း ဟာသဆန်ဆန် ပြောခဲ့တာလေးကို မှတ်သားဖူး တယ်။
 
ပုပ်ရဟန်းမင်းကြီးကို သတင်းထောက် တစ်ယောက် အင်တာဗျူး လာလုပ်တယ်။
 
“ပုပ်ရဟန်းမင်းကြီးတို့ ဗက်တီကင် (Vatican) ဆိုတာ တိုင်းပြည်တစ်ခုပဲပေါ့ နော်”
 
“ဟုတ်ပါတယ်။ ဗက်တီကင်ဆိုတာက ရောမက သာသနာရေးဆိုင်ရာ တိုင်းပြည်ဖြစ်တယ်။ တိုင်းပြည်ထဲက တိုင်းပြည်ပေါ့”
 
“ဒါဆို သမ္မတတွေ၊ ၀န်ကြီးချုပ်တွေကော ရှိလား”
 
“မရှိပါဘူး။ ဒီမှာ ပုပ်ရဟန်းမင်းကြီးက အားလုံးတာဝန်ယူရတယ်”
 
“နိုင်ငံတစ်နိုင်ငံလိုပဲ၊ ရုံးတွေရှိတယ်။ အလှူငွေတွေနဲ့ ရပ်တည်နေတော့ ငွေကြေး စီမံခန့်ခွဲမှုတွေ လည်းရှိတယ်”
 
“အတော် ကြီးကျယ်တာပါလား”
 
“တရားရုံးလည်း ရှိတယ်”
 
“ဒါဆို ဗက်တီကင်မှာ အလုပ်လုပ်သူ ဘယ်နှယောက်ရှိလဲ”
 
“တစ်ဝက်လောက်တော့ လုပ်ကြတာပေါ့” တဲ့။
 
ပုပ်ရဟန်းမင်းကြီးရဲ့ အဖြေကို သဘောကျသွားကြတယ်။ ဆိုလိုတာက လောကကြီးမှာ လူတစ်ဝက်သာ အလုပ်လုပ်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဒီလိုချက်ချင်း ဖြေတတ်တဲ့ ဥာဏ်ကို ချီးကျူးကြတယ်။
 
*** ၃ ***
 
မောင်ဟစ် သူငယ်ချင်း နိုင်ချမ်း အင်္ဂလန်ရောက်စဉ်က အကြောင်းကို ပြောပြဖူးတယ်။ နိုင်ချမ်း လန်ဒန်တက္ကသိုလ်ကို သွားလည်ခဲ့တယ်။
 
လန်ဒန်တက္ကသိုလ်က ပင်မ ပရ၀ဏ်က ကြီးပါတယ်။ ဒါပေမဲ့ ထပ်ချဲ့တဲ့ အခါ တိုးတက်တဲ့ မြို့ကြီးမှာ မြေနေရာတွေ ရှားပါးလာတာကြောင့် ကျောင်းဆောင်တွေ ဟိုရောက်ဒီရောက် ဖြစ်နေတယ်။
 
အဲဒီက ဓာတုဗေဒဌာနမှာ ပါမောက္ခတစ်ယောက်ကို တွေ့ရတယ်။ သူက နာမည်ကြီးတယ်။ စာအုပ်တွေ ရေးတယ်။ သူ့စာအုပ်တွေကို နိုင်ချမ်း အများကြီးဖတ်ဖူးတယ်။ အဓိကကတော့ သူက Text Book တွေ ရေးတာကိုး။
 
“လူကိုယ်တိုင် တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်”
 
သူတို့ လက်ဆွဲနှုတ်ဆက်ကြတယ်။
 
“ဒါနဲ့ ဆရာက ဘာတွေသင်လဲ”
 
ဓာတုဗေဒမှာ ဘာသာခွဲတွေရှိသေးတယ်။ လန်ဒန်တက္ကသိုလ်မှာ ဒီဆရာ ဘာတွေသင်လဲဆိုတာကို နိုင်ချမ်းက သိချင်နေတယ်။ သူရေးတဲ့ စာအုပ် တွေက အများကြီး၊ အော်ဂဲနစ်ဓာတုဗေဒ၊ အင်အော်ဂဲနစ် ဓာတုဗေဒ၊ ရူပဓာတုဗေဒ၊ ဇီဝဓာတုဗေဒတွေကိုး။
 
ဒီလိုမေးတော့ ပါမောက္ခက “ဘာ ဘာသာကိုမှ မသင်ပါဘူး” လို့ဖြေတယ်။
 
“သြော်၊ သြော်။ ဒါဆို သုတေသန လုပ်တာပေါ့နော်”
 
“မလုပ်ပါဘူး”
 
“ဒါဆို ဆရာက စာဖတ်တယ်။ စာရေးတယ်ပေါ့ ဟုတ်လား”
 
“နေ့တိုင်း စာဖတ်တယ်လို့ မင်းကို ဘယ်သူပြောလဲ”
 
ကျွန်တော် ဆရာ့ကို အလုပ်နဲ့ပတ်သက်ပြီး ဘာမှမမေးတော့ပါ။
 
ဆရာရေးတဲ့ စာအုပ်တွေ တက္ကသိုလ်တက်စဉ်က သင်ရတဲ့အကြောင်း ကိုသာ ပြောခဲ့ပါတယ်။ အပြန်မှာ ကျွန်တော်နဲ့ ပါလာသူ ဆရာလေး တစ်ယောက်က နိုင်ချမ်းကို ရှင်းပြပါတယ်။
 
“အဲဒီပါမောက္ခဟာ စာရေးတဲ့ ပါမောက္ခကွ။ သူ့အလုပ်က စာအုပ်ရေးဖို့ပဲ”
 
“သူ စာအုပ်တွေရေးမှ ပိုက်ဆံရတာပေါ့ ဟုတ်လား”
 
“မဟုတ်ဘူး။ သူရေးရေး မရေးရေး လခရတယ်။ ကျောင်းလာလာ မလာလာ သူ့ရဲ့ ငွေစာရင်းထဲကို လစဉ် လခတွေ ၀င်တယ်”
 
နိုင်ချမ်းက ပြောတယ်။ သူ စဉ်းစားမိတာလေး ပါတဲ့။ အဲဒီ နိုင်ငံတွေမှာ ဆရာလုပ်ရင် နှစ်စဉ် စာတမ်းတွေ တင်ရတယ်။ သုတေသနတွေ လုပ်ရတယ်။ မလုပ်နိုင်ရင် ပြုတ်တာပဲ။ ဒီပါမောက္ခကျတော့ လုပ်လုပ် မလုပ်လုပ် ဘာကြောင့် လခတွေ ပေးထားရတာလဲ။ နိုင်ချမ်းကို လိုက်ပို့တဲ့ ဆရာက ရှင်းပြတယ်။
 
“ဒီပါမောက္ခ နာမည်ကြီးစာရေးတဲ့သူကွ။ လန်ဒန်တက္ကသိုလ်က သူ ဒီမှာ အလုပ်လုပ်တယ်ဆိုတဲ့ ဂုဏ်တစ်ခုကိုပဲ လိုချင်တာ” တဲ့။
 
*** ၄ ***
 
လတ်တလော မိတ်ဆွေဖြစ်သူ ကိုကျော်ကျော်စိုး ဘန်ကောက်က ၀ယ်ခဲ့ပေး တဲ့ Donald J. Thump & JU How to Get Rich ဆိုတဲ့ စာအုပ်ကို ဖတ်နေမိတယ်။
 
အဲဒီထဲမှာ အခန်းတစ်ခန်းပါတယ်။ ပြောပြမယ်။
 
တစ်ခါက လူတစ်ယောက်ဟာ ကြော်ငြာ အေဂျင်စီမှာ အလုပ်လုပ်တယ်။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ ကြည့်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ရုံးရောက်လာရင် ဘာအလုပ်မှမလုပ်ဘဲ စားပွဲမှာ ထိုင်နေတယ်။
 
နောက် ကော်ဖီသောက်မယ်။
 
ညနေရောက်ရင် ပြန်တယ်။
 
နောက်ဆုံး သည်းမခံနိုင်တဲ့ လုပ်သားတွေက ပိုင်ရှင်ဆီကို တိုင်တာပေါ့။
 
ပိုင်ရှင်က “သူ ဒီလိုနေတာ ဘယ်လောက်ကြာပြီလဲ”
 
“ကြာလှပြီ။ ထိုင်ပြီးငိုက်နေတယ်”
 
“ဟာ၊ ဒါဆိုရင် သူ့ကိုမနှောင့်ယှက်နဲ့။ သူ ကော်ဖီတောင်းရင် ဖျော်ပေးလိုက်ကြ”
 
သူဌေးရဲ့စကားကိုကြားတော့ ၀န်ထမ်းတွေက ပွစိပွစိနဲ့ မကျေနပ်ကြ ဘူးပေါ့။ ဒါနဲ့ သူဌေးက ရှင်းပြတယ်။
 
“အရင်တစ်ကြိမ်တုန်းကလည်း သူ ဒီလိုထိုင်စဉ်းစားတာ၊ တို့ကုမ္ပဏီ ဒေါ်လာ တစ်သန်း မြတ်ဖူးတယ်” တဲ့။ အမှန်တော့ ဒီလို လူတွေဟာ ၀မ်းစာရှိ တဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ ရှားတယ်။
 
*** ၅ ***
 
ဒါပေမဲ့ မောင်ဟစ်တို့ ငယ်ငယ်က ကြားဖူးတဲ့ မြန်မာ့ရိုးရာ စာ တစ်ပုဒ် တော့ရှိတယ်။
 
သမီးဖြစ်သူ အိမ်ထောင်ကျတော့ သမက် အိမ်ပေါ်ရောက်လာတယ်။
 
သမက်ဟာ ဘာမှမလုပ်ဘဲ နေ့စဉ် အိမ်ကပြင်မှာထိုင်ပြီး မုတ်ဆိတ်မွေး ပွတ်လိုက်၊ နှုတ်ခမ်းမွေး ပွတ်လိုက်နဲ့ နေတယ်။
 
ဘာအလုပ်မှ မလုပ်ဘူး။
 
ဒါနဲ့ ယောက္ခမကြီးက မေးတယ်။
 
“သား ဘာတွေလုပ်နေလဲ”
 
“စဉ်းစားနေတာပါ”
 
ယောက္ခမကြီးက သမက်တော့ အလုပ်လုပ်ဖို့ စဉ်းစားနေတယ် ဆိုပြီး ကျေနပ်နေတာပေါ့။ ဒီလိုနဲ့ ကြာလာတော့ ယောက္ခမကြီးက ဘာမှ မလုပ်တဲ့ သမက်ကိုမေးရတာပေါ့။
 
“သား ဘာတွေ စဉ်းစားနေတာလဲ၊ အဖေတို့လည်း ကူညီလို့ရအောင် ပြောပြပါလား” လို့ မေးတော့ သမက်က -
 
“အဖေ၊ ကျွန်တော် စဉ်းစားနေတာက မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေး ဆက်နေသလားလို့ပါ” တဲ့။
 
ဒါက စဉ်းစားတယ်ဆိုတဲ့သူတွေကို ဟာသလုပ်ထားတာပါ။
 
ဘယ်သူမဆို ဘ၀ကိုအောင်နိုင်ဖို့ စဉ်းစားရပါတယ်။ ကံကောင်းတဲ့ လူအချို့ကလွဲရင် လူတိုင်းဟာ မိမိရောက်ရာ အရပ်မှာ တာဝန်ကျေအောင် အလုပ်လုပ်ကြရတယ်။ အလုပ်မလုပ်ဘဲ နေသူတွေကတော့ အသက် မရှည်တတ်ဘူး။ ဘာပြုလို့လဲဆိုတော့ သူဟာ လောကမှာ အပိုဖြစ်နေလို့ ပဲတဲ့။
 
ကြိုးစားပါ။
 
အလုပ်ဖြင့် မိမိရဲ့ကျော်ကြားမှု (Reputation) ကို မိမိ တည်ဆောက်ရပါ တယ်။ သို့မှသာ လူတွေက မိမိကို ယုံကြည်မှာ ဖြစ်တယ်။
 
မောင်ဟစ်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.