မီးသတ်ကား ဥသြသံများကိုကြားရရင်၊ သူနာပြုယာဉ်များကို မြင်ရရင် မမီးမီးကို သတိရကြမှာပါ

( အောင်ရဲနောင် - ရေးသားသည် )
.
မမီးမီးဟုဆိုလျှင် အများစုက ကွယ်လွန်သည့်အချိန်အထိ ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သော နိုင်ငံရေးသမားအဖြစ်သာ သိရှိထားသည်။ လူမှုရေးနှင့် ပရဟိတ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ မှုများကိုလည်း သတိပြုမိကြသည်။ သို့သော် သူနာပြုလုပ်ငန်းများတွင် သူမ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့မှုများကိုတော့ သတိပြုမိသူ နည်းပါးပါလိမ့်မည်။

ယင်းအချက်ကို အသိအမှတ်ပြုကာ တလေးတစား ထုတ်ဖေါ် ပြောကြားသူကတော့ ဦးမင်းကိုနိုင်ပါ။ မီးသတ်ကား ဥသြသံကို ကြားရရင် သူနာပြုယာဉ်များကို မြင်ရင် မီးမီးကို သတိကြဦးမှာပါဟု သူက ဆိုပါသည်။

သြဂုတ်လ ၁၈ ရက်နေ့၏ မိုးတွေအုံ့နေသော နေ့လယ်ခင်းတွင် ရေဝေးသုဿန်၌ သောင်းချီသော လူအုပ်ကြီးသည် ဒီမိုကရေစီခရီး လမ်းခုလတ်မှာ ရုတ်တရက် ထွက်ခွာသွားသော မမီးမီး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရန် အတွက် ဈာပနအခမ်းအနားသို့ သွားရောက်နေကြသည်။

အသက် ၁၇ နှစ်အရွယ်မှ စတင်ကာ ဒီမိုကရေစီလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် အသားညိုစိမ့်စိမ့်ဖြင့် ချိုသော မျက်နှာကို ပိုင်ဆိုင်ထားသည့် မမီးမီးသည် ကွယ်လွန်သွားသည့်အချိန်အထိ ဒီမိုကရေစီအရေးနှင့် ပရဟိတ လုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက်သည်မှာ အငြင်းပွားစရာမလိုသည့် အမှန်တရားဖြစ် ခဲ့ကြောင်းကိုလည်း သူမ၏ လုပ်ဆောင်ချက်များက သက်သေပြခဲ့ပြီးဖြစ်သည်။

မိုးတွေအုံ့နေသော ကောင်းကင်အောက်တွင် ထောင်ပေါင်းများစွားသော လူများသည် ရေဝေးသုဿန်၌ မမီးမီးအတွက် ၀မ်းနည်းစကားများကို တီးတိုးရေးရွတ်နေသည်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းများကို ကိုင်ဆောင်လာကြသည်။ အဆိုပါလုပ်ရပ်များသည် တစ်နည်းဖြင့် မမီးမီး မကွယ်လွန်ခင်က သူမလုပ်ဆောင်ခဲ့သည့် စွမ်းဆောင်ရည်များကို ဂုဏ်ပြုခြင်းလည်းဖြစ်သည်။

မမီးမီးက အစ်ကိုအရင်းတစ်ယောက်လို ပုဂ္ဂိုလ်ရေးအရ ခင်မင်ခဲ့ရသူလည်းဖြစ်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ရဲဘော်ရဲဘက် တစ်ဦးလည်းဖြစ်သော ဦးမင်းကိုနိုင်က သူမ၏ အခမ်းအနားတွင် ၀မ်းနည်းစကား ပြောကြားရာ၌ နောက်ထပ် နောက်ထပ်နှစ်များတွင် လူတော်တွေအများကြီး ပေါ်နိုင်ပေမယ့် မမီးမီးလို ပေးဆပ်မှုမျိုးဖြင့် ၂၄ နာရီ အလုပ်လုပ်နိုင်သည့် မိန်းခလေးမျိုး ရှားပါလိမ့်မည်ဟု ဆိုပါသည်။

၁၉၈၈ ခုနှစ်က ၁၀ တန်းကျောင်းသူဖြစ်သော မမီးမီးသည် ရှစ်လေးလုံး အရေးတော်ပုံတွင် ကျောင်းသား ခေါင်းဆောင် တစ်ဦးအဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။ ထိုအချိန်မှ စတင်ကာ မမီးမီးသည် သူမတစ်ဘ၀လုံးကို ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် နှစ်မြုပ်ထားခဲ့သည်။ နေ့ရက်ပေါင်းမြောက်မြားစွာကို အကျဉ်းထောင်များထဲတွင် ဖြတ်သန်းခဲ့ရသည်။

"နိုင်ငံရေး အကျဉ်းသားဘ၀ဖြင့် တက္ကသိုလ် ဂုဏ်ထူးတန်းကျောင်းသူ ဘ၀ကို စွန့်လွှတ်ပြီး ထောင်နံရံများကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့သူပါ။ မြန်မာပြည်မှာ သူ မနေဖူးတဲ့ထောင် တော်တော်နည်းပါတယ်" ဟုဦးမင်းကိုနိုင်က မမီးမီး၏ နိုင်ငံရေးဖြတ်သန်းမှုအချို့ကို ပြောကြားသည်။

မမီးမီးသည် နိုင်ငံရေးအကျဉ်းသူဘ၀ဖြင့် အကျဉ်းထောင်ထဲတွင်နေစဉ် ကာလအတွင်းမှာလည်း ၄င်းနှင့်ဘ၀တူ နိုင်ငံရေး အကျဉ်းသားများကို ကူညီရိုင်းပင်းတတ်သူ ဖြစ်ကြောင်းကို သူမနှင့် အကျဉ်းထောင်ထဲတွင် အတူနေထိုင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသူ ဟောင်းတစ်ဦးက ယခုလိုပြောကြားသည်။

`၁၁ လတိတိ အတူတူနေခဲ့ရတယ်လေ။ ကျွန်မနဲ့ သူနဲ့က တစ်ခန်းတည်းနေတဲ့အခါ မီးမီးက အင်မတန် စိတ်ရင်းသဘောထား ကောင်းတယ်။ သူက အရင်ရောက်နေ တဲ့အတွက် ကျွန်မတို့ကို အများကြီး အကူညီပေးတယ်။ အဲဒီလိုပဲ အပြင်ရောက် လာတော့လည်း သူက သူ့အရေးထက် သူများအရေးကို လုပ်ခဲ့တဲ့သူ တစ်ယောက်ပါ။ အဲဒါကြောင့်မို့လည်း သူ့သမိုင်းက လှလို့ သူ့နောက်ဆုံးခရီးမှာ အများကြီးလာပြီး သူ့ကိုနှုတ်ဆက်တာပါ" ဟု ပြောကြားသည်။

မမီးမီးသည် ဒီမိုကရေစီရေးလှုပ်ရှားမှုများကြောင့် ထောင်သုံးကြိမ်ကျခဲ့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုကြောင့် ထောင်ကျခဲ့ခြင်းသည် နောက်ဆုံး အကြိမ်ဖြစ်ပြီး ထောင်ဒဏ်မှာ ၆၅ နှစ်ဖြစ်သည်။ ထို့ နောက် ၂၀၁၂ ခုနှစ်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် လွတ်မြောက်လာသည်။

ထောင်မှ လွတ်မြောက်လာပြီးသည့် အချိန်မှစတင်ကာ ဒီမိုကရေစီရေး လှုပ်ရှားမှုများ အပြင် လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့သည်မှာ ကွယ်လွန်သည့်အချိန်အထိ ဖြစ်သည်။

မမီးမီးသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ဝင် နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ရွေ့လျားစာသင်ခန်းဖြင့် ကလေးများအား အခမဲ့စာသင်ပေးခြင်းနှင့် ပွင့်လင်းမြန်မာ့ ရှေ့ဆောင် (OMI) တို့တွင် စေတနာ့ဝန်ထမ်းအဖြစ် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာသည့် ဘေးဒုက္ခများ အရေးတို့တွင်လည်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)နှင့်အတူ တက်ကြွစွာ ကူညီဆောင်ရွက်ခဲ့သည် မှာလည်း အားလုံးအသိပင် ဖြစ်သည်။

မမီးမီး၏ လူမှုရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပုံကို ဦးမင်းကိုနိုင်က ယခုလိုပြောကြားသည်။

"အရေးပေါ်သွေးလိုပါသလား B သွေးလိုတဲ့သူများ မီးမီးကိုဖုန်းဆက်ပါဆိုပြီး လူ့တွေ့တိုင်း သူ့ ဖုန်းနံပါတ်ကလေးကို ပေးပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် မညည်းမညူထပြီး လိုက်ခဲ့တဲ့သူပါ" ဟု ဆိုသည်။

ဦးမင်းကိုနိုင်က မီးမီးအတွက်ဂုဏ်ပြုခြင်းနှင့် ၀မ်းနည်းခြင်းစကားများကို ဈာပနအခမ်းအနား ကျင်းပရာခန်းမတွင် ပြောကြားနေစဉ်မှာပင် ခန်မးတစ်ခုလုံး ပြည့်နေသည့်လူအုပ်ကြီးအပြင် ခန်းမပြင်ပ၌ ရှိနေသော လူအုပ်ကြီးကလည်း မမီးမီး၏ ရုပ်အလောင်းကို နောက်ဆုံးနှုတ်ဆက်ရန် စောင့်စားနေကြသည်။

"မီးမီးရေ ဒီခန်းမနဲ့အပြင် လမ်းပေါ်မှာ လူတွေအပြည့်။ မင်းချစ်တဲ့ပြည်သူတွေက မင်းရဲ့နောက်ဆုံးခရီးမှာ မင်းအပေါ်ထားတဲ့ မေတ္တာတွေကို လာပြီးတော့ ပြနေပါတယ်။ မင်း ပိုက်ဆံဓနမရှိပေမယ့်၊ အာဏာမရှိပေမယ့် မင်း မေတ္တာအမှန်နဲ့ မင်းပေးဆပ်ခဲ့တော့ မင်းကို ညီမျှတဲ့တုန့်ပြန်မှုတွေပေးကြပါတယ်" ဟု ဦးမင်းကိုနိုင်က ၀မ်းနည်းစရာ ဆိုပါသည်။

ပိုက်ဆံအိတ်ထဲတွင် ပိုက်ဆံမရှိသည့် ခြေတိုအောင်လျှောက်သည့် မိန်းကလေးတစ်ယောက်က ပြည်သူ့မေတ္တာကို ရရှိခြင်းမှာ မင်းဘက်က မှန်ခဲ့ခြင်းကြောင့် ရရှိခြင်းဖြစ်သည်ကို မင်းယုံပါဟု ဦးမင်းကိုနိုင်က ဂုဏ်ပြုစကား
ပြောကြားသည်။

"မီးသတ်ကားဥသြသံတွေ ကြားရင် မီးမီးကို ကျွန်တော်တို့ သတိရနေကြရဦးမှာပါ။ လူနာတင်ကားတွေ၊ သူနာပြုကားတွေ တွေ့ရင်လည်း ကျွန်တော်တို့ မီးမီးကို သတိရကြဦးမှာပါ" ဟု ဦးမင်းကိုနိုင်က လွမ်းဆွေးကြေကွဲသည့် စကားဆိုပါသည်။

မမီးမီး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြသည့် သူမနှင့် ခင်မင်ရင်းနှီးသော သူများ သူမကို လေးစားကြသည့် သူများ၏ စိတ်နှလုံးထဲတွင် လူတော်တွေဟာ အသက်တိုတတ်ကြသည်ဟု ဖြေသိမ့်နေမလား သို့မဟုတ် အချိန်မတန်ဘဲ ခေါ်ရသလားဆိုပြီး သေမင်းကိုပဲ အပြစ်ဖို့နေမလား၊ မမီးမီးကတော့ အသက် ၄၇ နှစ်ဆိုသည့် လူလတ်ပိုင်း အရွယ်မှာပင် သူမချစ်သော မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် သူမနှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သော နိုင်ငံတော်ကြီးကို နှုတ်ဆက်သွားခဲ့ပြီ ဖြစ်သည်။

သူမသည် လာခြင်းကောင်းစွာဖြင့် ရောက်ရှိနေထိုင်သွားခဲ့သည့် လူသားတစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် သူမ ထာဝရလှဲလျောင်း အနားယူမည့် နေရာကိုတော့ မြေ၀သုဉ်က ကောင်းစွာဂုဏ်ပြုမည် ဖြစ်ကြောင်းကို သူမကို ခင်မင်ရင်းနှီးသောသူများ၊ သူမကိုလေးစားကြသော သူများ၏ ရင်ထဲ၌ အခိုင်အမာ ယုံကြည်နေပါလိမ့်မည်။

Art Creditး Min Ko Naing
Photoး အောင်ရဲနောင်
အောင်ရဲနောင်
The Ladies News
 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.