ကမ္ဘာကို အိတ်ထဲထည့်ခြင်း // အရိုး //

တစ်ညသော ညဥ့်နက်သန်းခေါင်၌ ကျွန်ုပ်သည် စာရေးစားပွဲတွင် ငုတ်တုတ်ထိုင်ကာ တစ်စုံတစ်ရာရေးရန် အကြံထုတ်နေလေသည်။ ထိုစဉ် ကျွန်ုပ်၏ အနီးအနားတစ်ဝိုက်မှပင် ခေါ်သံသေးသေးလေးတစ်ခုကို ကြားရလေ၏။
 
“ဒီမှာ ဟေ့ … ဟိုလူကြီး”
 
ကျွန်ုပ်သည် မျက်လုံးပြူး၍ သွား၏။ နားကြားများ လွဲသလားဟု ခေတ္တငြိမ်၍ စောင့်ကြည့်မိ၏။
 
ထိုအခါ
 
“ဟေ့လူကြီး ခေါ်နေတာ မကြားဘူးလား”
 
ထပ်ကြားရပြန်၏။ တစ္ဆေများ ခြောက်သလားဟု ခေါင်းမွေးများပင် ထောင်သွား၏။ သို့သော် မရဲသော်လည်း ပြေးခဲစေဟု သဘောထားကာ ပြန်ထူးမိလေသည်။
 
“ဘယ်ကောင်လဲကွ ငါ့ခေါ်နေတော”
 
“ဒီမှာဗျ ဒီက ခေါ်နေတာ”
 
“ဘယ်မှာလဲ၊ ဘယ်ကောင် ငါ့ကို ခေါ်နေတုံး”
 
“ဒီမှာလေဗျာ။ ခင်ဗျား အနားကတင် ခေါ်နေတာ”
 
ကျွန်ုပ်သည် အတော် မကျေမနပ်ဖြစ်ကာ စာရေးစားပွဲ အနှံ့အပြား လိုက်ရှာ၏။ သို့သော် အိမ်မြှောင်တစ်ကောင် ပြေးသွားသည်မှလွဲ၍ ဘာမှမတွေ့သဖြင့်
 
“မင်း ဘယ်ကခေါ်နေလဲ၊ မင်း အိမ်မြှောင်လား”
 
ထိုအခါ ပြန်ကြားရ၏။
 
“ခင်ဗျားတို့လူတွေဟာ တော်တော်ကို တုံးတယ်။ ဒါကြောင့် ခင်ဗျားတို့တစ်တွေ ကျုပ်တို့ ဒုက္ခပေးတာ ခံနေရတာ”
 
“အောင်မယ် ရာရာသသ”
 
“ရာရာသသ မလုပ်နဲ့၊ ကျုပ် ဒီမှာဗျ။ ခင်ဗျား ဘောပင်တွေ ထည့်ထားတဲ့ ခွက်ပေါ်က ခေါ်နေတာ”
 
ထိုအခါမှ ကျွန်ုပ်သည် ဒင်းနေရာကို အတိအကျသိရကာ ရှာကြည့်သော် ကျွန်ုပ်အား မချေမငံပြောနေသည်မှာ ဘောပင်ခွက်ထဲ ကျွန်ုပ်လုံးထွေး ထည့်ထားသည့် ကြွပ်ကြွပ်အိတ်ဝါလေးတစ်လုံး ဖြစ်နေလေသည်။ ကျွန်ုပ်သည် ၄င်းအား ဆွဲထုတ်လိုက်၍
 
“မင်းလား ငါ့ ခေါ်နေတာ”
 
“ဟုတ်တယ်၊ ခင်ဗျား ကျွန်တော့်ကို အိမ်နောက်ဖေးက အမျိုးတွေရှိတဲ့နေရာ ပို့ပေး၊ ဒီမှာမထားနဲ့”
 
“အံမယ် ကြွပ်ကြွပ်အိတ်ကများ၊ ဘယ်မလဲ မင်းအမျိုးတွေ”
 
“အိမ်နောက်ဖေးက ခြင်းတောင်းတစ်လုံးထဲမှာ ခင်ဗျားမိန်းမ ခေါက်သိမ်းထားတဲ့ ကျွန်တော့်အမျိုးတွေ အများကြီးရှိတယ်။ ခင်ဗျား ကျွန်တော့်ကို ဒီမှာ လုံးထွေးမထားနဲ့၊ သေချာခေါက်ပြီး အဲဒီမှာ သွားထားပေး”
 
ကျွန်ုပ်သည် လွန်စွာ မခံချိမခံသာ ဖြစ်၍သွားလေတော့သည်။ ဘာမဟုတ်သည့် ကြွပ်ကြွပ်အိတ်တစ်လုံးကာ ကျွန်ုပ်အား သြဇာပေးနေလေပြီ။ ကျွန်ုပ်သည် ဒင်းအား သေချာစွာစိုက်ကြည့်ကာ -
 
“ဒီမှာ ဟေ့ကောင်လေး၊ ငါ့ သေချာကြည့်စမ်း၊ ဘာများ မှတ်နေလဲ လူကွ။ မင်းက လူကလုပ်လို့ ဖြစ်လာတဲ့ ကြွပ်ကြွပ်အိတ်၊ ကြွပ်ကြွပ်အိတ်ကများ လူကို ဟိုမှာထားပေး၊ ဒီမှာထားပေး ပြောရအောင်”
 
“ခင်ဗျား ဘာလုပ်ချင်လဲ”
 
အနှီ အိတ်ဝါလေးသည် ကျွန်ုပ်ပြောနေသော စကားကိုပင် ဖြတ်၍ မချေမငံ ခံပက်နေလေပြီ။ ကျွန်ုပ်သည် စိတ်ဆိုးလှသဖြင့် ဒင်းအား လက်ထဲတွင် လုံးချေလိုက်၏။ ထို့နောက် ပြန်ကြည့်ကာ -
 
“ဘာလုပ်ချင်သလဲ ဆိုတော့ မင်းကို အဲလိုလုပ်ချင်တာကွာ … မှတ်ထား”
 
ထိုအခါ အနှီ ကြွပ်ကြွပ်အိတ်သည် ကျွန်ုပ်အားကြည့်ကာ အတောမသတ်နိုင်အောင် ဟက်ဟက်ပက်ပက် လှောင်ပြောင် ရယ်မောနေလေတော့၏။ ဒင်းကား ကျွန်ုပ် လုံးချေလိုက်ရုံနှင့် ဘာမှဖြစ်ပုံမရချေ။ ကြွပ်ကြွပ်အိတ်မှ လူကို လာဟားနေသဖြင့် ကျွန်ုပ်သည် မနေတတ် မထိုင်တတ်ဖြစ်မိ၏။ ဒေါသလည်း အလွန်ထွက်ကာ ကြမ်းပေါ် ပေါက်ချ၍ ခြေထောက်နှင့် ဆောင့်နင်း၏။ နည်းနည်းမှ အရယ်မပျက်ချေ။ ကျွန်ုပ်သည် ဒင်းအား ပြန်ကောက်၍ -
 
“မင်းကို တစ်စစီ ဆုတ်ပစ်မယ်”
 
ထိုအခါ ကြွပ်ကြွပ်အိတ်သည် ရယ်မောနေရာမှ အတန်ငယ် လျှော့၍ -
 
“ဒီမှာ ဟေ့လူကြီး၊ ခင်ဗျားတို့ လူတွေဟာ တော်တော် ရယ်စရာကောင်းတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ကို တော်ရုံဖျက်ဆီးလို့ မရတော့ဘူးဗျ။ တစ်စစီ ဆုတ်ပစ်တာ မပြောနဲ့ တတ်နိုင်လို့ ကတ်ောကးနဲ့ အစသေးသေးလေးတွေ ညှပ်ပစ်လိုက်ဦး ကျွန်တော်တို့က တော်ရုံနဲ့ ပျောက်မသွားဘူး။ ခင်ဗျားတို့ အမှိုက် ပိုရှုပ်လာရုံပဲ ရှိမှာ”
 
ဒင်း ပြောသောစကားကို ကျွန်ုပ် သေချာစဉ်းစား၏။ ဟုတ်ပေသားပဲ။ ကြွပ်ကြွပ်အိတ်ဆိုတာ တစ်စစီ စုတ်ပြတ်သွားဦး တော်ရုံနဲ့ မာလကကုတ်သွားတဲ့ ပစ္စည်းမှမဟုတ်တာ။ တော်ရုံနဲ့ ဆွေးသွားတာမျိုးလည်း မဟုတ်။ အမှိုက်တွေကြားမှာ ကြေမွ အရည်ပျော်သွားတတ်တာမျိုးလည်း မဟုတ်။ ရေထဲချလိုက်ရင် ပိုဆိုးသေး။ ရေထဲလည်း ပျော်ဝင်မသွား။ ရေအောက်လည်း နစ်မသွား။ ရုတ်တရက် တစ်စုံတစ်ရာကို ကျွန်ုပ် သတိရသွား၏။ ထို့ကြောင့်
 
“မင်းကို မီးရှို့ပစ်မယ်”
 
ထိုအခါ ကြွပ်ကြွပ်အိတ်မှာ ရယ်ပြန်လေ၏။ အားရတော့မှ -
 
“ရှို့ကြည့်လေ၊ ကျွန်တော်တို့ကတော့ အရည်ပျော်သွားပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့အနံ့က ခင်ဗျားနှာခေါင်းကြီးကို အကြီးအကျယ် ဒုက္ခပေးတော့မှာ။ ကျွန်တော့်ကို မီးရှို့လို့ ထွက်လာတဲ့ အနံ့၊ ဓာတ်ငွေ့ပေါ့ဗျာ၊ ဒါပေမဲ့ အနံ့ပဲထားပါ။ ခင်ဗျားလို လူပြိန်းနားလည်အောင် ဓာတ်ငွေ့တွေဘာတွေ ပြောမနေတော့ဘူး။ ကျွန်တော့်ကို မီးရှို့လို့ထွက်လာတဲ့ အနံ့ကို ခင်ဗျား ရှူမိရင် များများမဟုတ်ဘူး။ အခါတစ်ရာလောက်ဆို ခင်ဗျား ဆေးရုံရောက်ပြီ။ မယုံရင် အခု ထရှို့ကြည့်လေ။ အနံ့ ထွက်လာရင် အိပ်နေတဲ့ ခင်ဗျားမိန်းမတောင် ပြန် နိုးလာစေရမယ်”
 
ကျွန်ုပ်သည် လွန်စွာ စိတ်ပိန်သွားလေသည်။ ဒင်းကို ကျွန်ုပ် မည်သို့မျှ မနိုင်တော့ပါလား။ ဒါဆို -
 
ရာထောင်သောင်း သိန်းသန်းချီ ရှိနေတဲ့ ဒင်း အမျိုးတွေရော -
 
ကျွန်ုပ်တို့နိုင်မှ နိုင်ပါဦးတော့မလား။ အဟောင်းတွေကို မနိုင်တဲ့အပြင် အသစ်အသစ် ဒင်းတို့လို ကြွပ်ကြွပ်အိတ်မျိုးတွေက အားရပါးရ စက်ရုံတွေကနေ ထွက် ထွက်လာနေကြသေး။
 
မြတ်စွာဘုရား။
 
ကျွန်ုပ်သည် ဒင်းအား ကိုင်ကာ ငူငူငိုင်ငိုင် ကြည့်နေမိလေသဖြင့် -
 
“ဘယ်လိုလဲ ဟိုလူကြီး၊ ခင်ဗျားလန့်နေပြီ မဟုတ်လား။ ခင်ဗျားစောင့်ကြည့်နေ၊ တစ်နေ့နေ့ကျရင် ခင်ဗျားတို့လူတွေ အကုန်လုံး ကျွန်တော်နဲ့ ကျွန်တော့်အမျိုးတွေ သတ်လို့ သေကြရလိမ့်မယ်”
 
ကျွန်ုပ်၏ ဦးနှောက်မှာ မြောက်မြားလှစွာသော ဆင်ပွားတွေးခေါ်မှုများနှင့် အလုပ်ရှုပ်နေလေပြီ။ ကျွန်ုပ်သည် ဒင်းအား ပြန်ပြောရန် စကားမရှိတော့ပေ။ ဒင်းကို ကြည့်နေရင်းမှ ကျွန်ုပ်၏အမြင်မှာ တဖြည်းဖြည်း မှုန်ဝါးလာ၏။ ထို့နောက် ကျွန်ုပ် အမှတ်တမဲ့ ထားခဲ့သော မြင်ကွင်းများကား ရုပ်ရှင်ပြသကဲ့သို့ တစ်ကွက်ပြီး တစ်ကွက် ပြန်ပေါ်လာလေသည်။
 
ကော်စေ့များ …
 
ကျွန်ုပ်အမှတ်မထင် ရောက်သွားခဲ့ဖူးသော ကြွပ်ကြွပ်အိတ် စက်ရုံ -
 
ကျွန်ုပ်တို့ငယ်စဉ်က ထွန်းကားခဲ့သော ဖက်နှင့် စက္ကူအိတ်ယဉ်ကျေးမှုခေတ် -
 
နေရာတကာ အစားဝင်လာသော ရောင်စုံကြွပ်ကြွပ်အိတ်များ ၊
 
ရေစီးမြောင်းထဲတွင် အခြားအမှိုက်များကို စည်းရုံးကာ ပေါလောပေါ်နေကြသော၊ အမှိုက်ပုံထဲတွင် သုံးဆယ်ရာနှုန်းနှင့်အထက် ထိုးထောင်ထွက်နေကြသော၊ လမ်းမပေါ် ရှပ်တိုက်ပြေးနေသော၊ လေမှာ လွင့်နေသော အရောင်မျိုးစုံ၊ ဆိုက်ဒ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံနှင့် ဘယ်တော့မှ မသေဆုံးကြသည့် ကြွပ်ကြွပ်အိတ်များ၏ ဟားတိုက်ရယ်မောသံများ။
 
ထီးတစ်ချောင်းကို ကြွပ်ကြွပ်အိတ်ထဲ ထည့်လိုက်သော လူတစ်ယောက်။
 
ကျောင်းစာအုပ်များ ရေမစိုအောင် ကြွပ်ကြွပ်အိတ်နှင့် ထည့်လာရင်းမှ မုန့်ဟင်းခါးတစ်ပွဲကို ကြွပ်ကြွပ်အိတ်နှင့် ၀ယ်ကာ အိမ်ပြန်သွားသော ကျောင်းသားငယ်တစ်ယောက်။
 
ငရုတ်သီးစိမ်း လက်တစ်ဆုပ်စာအတွက် ကြွပ်ကြွပ်အိတ်တစ်လုံး ရက်ရက်ရောရော သုံးလိုက်သော ဈေးသည်တစ်ယောက်။
 
ကြွပ်ကြွပ်အိတ်ပေါင်း များစွာနှင့် ရှော့ပင်းမှပြန်လာကာ ပြုံးရွှင်ရယ်မောနေကြသော အပျိုမလေးများ။
 
ကြွပ်ကြွပ်အိတ်နှင့်စွပ်ထား၍ အဖူးအညှောင့် အတက် မထွက်နိုင်တော့သည့် အပင်ငုတ်တိုတစ်ခု။
 
ကြွပ်ကြွပ်အိတ်တစ်လုံးထဲမှ ငွေအထပ်လိုက်ကို ထုတ်ကာ တစ်စုံတစ်ရာအတွက် ပေးချေလိုက်သော လုပ်ငန်းရှင်တစ်ယောက်။
 
စက်ဆီများနှင့် ပေပွနေသော ပစ္စည်းတစ်ခုကို ကြွပ်ကြွပ်အိတ်နှင့် ထုပ်ကိုင်လာသော ၀ပ်ရှော့ဆရာတစ်ဦး။
 
မြေဆီလွှာများကြားထဲတွင် ဇီဝမျိုးစိတ်တို့ကို အုပ်ဆိုင်းသတ်ဖြတ်ပစ်နေကြသည့် ကြွပ်ကြွပ်အိတ် အပိုင်းအစတို့၏ တီးတိုးတိုင်ပင်သံများ။
 
မော်တော်ဘုတ်တစ်စီး ဖြတ်မောင်းနိုင်လောက်သည့် မြောင်းကြီးတစ်ခုကို ပိတ်ဆို့ပစ်လိုက်သည့် ကြွပ်ကြွပ်အိတ်များ ဦးဆောင်သော အမှိုက်သရိုက်တို့၏ အောင်ပွဲခံသံများ။
 
“ခင်ဗျား သိလား”
 
ကျွန်ုပ် လက်ထဲမှာ ကြွပ်ကြွပ်အိတ်လေး၏ ခေါ်သံကြောင့် ကျွန်ုပ်အတွေးစများ ရုတ်တရက် ပြတ်တောက်သွား၏။ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် သတိထားမိရာ လွန်စွာ အံ့သြရလေသည်။ ကျွန်ုပ်၏ လက်များကား အမှတ်တမဲ့ ထိတ်လန့်စွာဖြင့် ကြွပ်ကြွပ်အိတ်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်ပေးနေမိပါလား။ ဒင်းကား စကားဆက်၏။
 
“ခင်ဗျား သိလား”
 
“ဘာကိုလဲ”
 
“ကျုပ်တို့ ကြွပ်ကြွပ်အိတ်တွေကို ပထမဆုံး တီထွင် အသုံးချခဲ့တဲ့ ပညာရှင်ကြီးဟာ ကျုပ်တို့ကို ချက်ချင်း ပြန်ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နောင် ဖြစ်လာမယ့် အန္တရာယ်ကြီးကို သူ မြင်လိုက်တာကိုး။ ကျုပ်တို့ဟာ ထုတ်လုပ်ရ လွယ်ကူတယ်။ ဈေးပေါတယ်၊ ဘယ်နေရာမှာမဆို ဘယ်လူတန်းစားမျိုးအတွက် မဆို ဘယ်လိုဒေသမျိုးမှာမဆို သုံးစွဲနိုင်တယ်။ နောက်ပြီး ကျုပ်တို့ဟာ သိပ်အသုံးဝင်တယ်။
 
ဒါပေမဲ့ တစ်ခုပဲရှိတယ်။ ကျုပ်တို့ဟာ ဘယ်တော့မှ မသေကြဘူး။ ဖျက်ဆီးပစ်ရ သိပ်ခက်တယ်။ ဒါတွေကို သိတဲ့အတွက် ကျုပ်တို့ကို အစပြုခဲ့တဲ့ ပညာရှင်ဟာ ကျုပ်တို့ကို ပြန်ဖျောက်ဖျက်ဖို့ ထိတ်လန့်တကြား ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ သိပ် နောက်ကျသွားပြီ။ ဆယ်စုနှစ် တစ်ခုအတွင်း ကျုပ်တို့ဟာ ကမ္ဘာကို အုပ်စီးလိုက်နိုင်ခဲ့တယ်။ အခု ကျုပ်ဟာ ခင်ဗျား လက်ထဲမှာ ရှိတယ်။ ခင်ဗျားမိသားစုဟာ ကြွပ်ကြွပ်အိတ်ပေါင်း များစွာကို ပိုင်ဆိုင်တယ်။ ဘယ်လောက် ဆင်းရဲတဲ့လူမဆို ကြွပ်ကြွပ်အိတ်တစ်လုံးလောက်တော့ လွယ်လွယ်လေး ပိုင်ဆိုင်ကြတယ်။
 
ကျွန်ုပ်သည် ဒင်းအား ထိတ်လန့်တကြား တားမြစ်မိလေတော့၏။
 
ထို့နောက် ကျွန်ုပ်သည် ဒင်းအား သပ်ရပ်စွာ ခေါက်ကာ ဒင်းအမျိုးများနှင့်အတူ အိမ်နောက်ဖေးမှ ခြင်းတောင်းထဲသို့ ထည့်လိုက်ရလေသည်။
 
အပြင် ကမ္ဘာတွင် အရုဏ်တက်လာလေပြီ။
 
ကျွန်ုပ်သည် ကန်ထရိုက်တိုက် ခြောက်လွှာမှ ပိုက်ဆံပစ်ချပေးကာ ပဲပြုတ်တစ်ဆယ်သား ၀ယ်လိုက်၏။ ပဲပြုတ်သည် သည် ကျွန်ုပ်၏ ခေါင်းလောင်းကြိုးတွင် ပဲပြုတ်တစ်ဆယ်သား ချိတ်ထားခဲ့၏။ ကျွန်ုပ်သည် ခေါင်းလောင်းကြိုးကို တဖြည်းဖြည်း ဆွဲတင်ရလေသည်။ ခေါင်းလောင်းကြိုး အဆုံး၌ကား ပဲပြုတ်များကို သယ်ဆောင်လာသော ကြွပ်ကြွပ်အိတ် အ၀ါလေးတစ်လုံးသည် ကျွန်ုပ်အား နှုတ်ဆက်လိုက်လေသတည်း။
 
“Good Morning ကိုအရိုး”
 
အရိုး
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.