အဖေ || လင်းသက်ခိုင် ||

အဖေကျွန်တော့်ကို ခွဲခွာသွားတာ နှစ်ပေါင်းကြာခဲ့ပေမယ့် ဒီနေ့ထိတိုင် ကျွန်တော် သတိရနေဆဲပါ။ အဖေဟာ ကျွန်တော့်အတွက်တော့ ဖခင်တစ်ဦးဖြစ်သလို သူရဲကောင်းတစ်ဦး ဆိုရင်လည်း မမှားပါဘူးလေ။ အဖေဟာ ကျွန်တော့်ကို ဘ၀နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်။ အဖေ့အကြောင်း စဉ်းစားမိတော့ အဖေနဲ့ကျွန်တော်တို့ သွားလာခဲ့ကြတဲ့ အကြောင်းလေးတွေ ပြန်အမှတ်ရလာမိပါတယ်။

ကျွန်တော်က သားအကြီးဆုံးဆိုတော့ အဖေဘယ်သွားသွား ပါတာပဲလေ။ အဖေက ကျွန်တော့်ကို ခေါ်သွားရင် ညီမလေးနှစ်ယောက်က မကြည်ကြဘူးလေ။ ကျွန်တော် ငယ်ငယ်တုန်းကဆို အဖေနဲ့ ကျွန်တော်မောနင်းရှိုးပြတဲ့ ရုပ်ရှင်ကို ပလေဒီယံရုံမှာ မနက် ၇ နာရီပွဲ သွားကြည့်ကြတာပေါ့။ ပလေဒီယံရုံ ဆိုတာက ဒီနေ့ ထရိတ်ဒါးဟိုတယ်ကြီး ရှိတဲ့နေရာပါပဲ။ ပလေဒီယံရုံရှေ့က ရာဇ်ရုံမှာလည်း မောနင်းရှိုးတွေ ပြလေ့ရှိပါတယ်။ အဖေနဲ့အတူ ငယ်စဉ်ကကြည့်ခဲ့ရတဲ့ အင်္ဂလိပ်ကားတွေကို အလွန်နှစ်သက်ခဲ့ပါတယ်။ ကောင်းဘွိုင်ခေါ် သေနတ်ပစ်ကားတွေ အများဆုံး ကြည့်ရတယ်။ ကျွန်တော်က ကောင်းဘွိုင်ကားတွေဆို အလွန်ကြိုက်ပါတယ်။ အဲဒီကားတွေထဲမှာပါတဲ့ မင်းသားနဲ့ လူဆိုးလူကြမ်းတွေရဲ့ သရုပ်ဆောင်မှုဟာ အလွန်ပီပြင်လှပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ မြို့လေးတစ်မြို့ကို အုပ်ချုပ်တဲ့သူက စခန်းမှူးပေါ့၊ သူက ဒီမြို့မှာ လူဆိုးတွေကို တပည့်အဖြစ်မွေးပြီး မြို့မှာ မကောင်းမှုတွေ ပြုလုပ်နေတာပေါ့။ တစ်နေ့ ဒီမြို့ကို မင်းသားကရောက်လာပြီး မြို့ရဲ့တကယ့်အဖြစ်မှန်ကို သိသွားတယ်။ မြို့ကလေးကို ကယ်တင်ဖို့ ကြိုးစားတယ်။

မြို့ကလေးကို မတရားအုပ်ချုပ်ထားတဲ့ စခန်းမှူးနဲ့သူ့တပည့်လူဆိုးတွေကို သေနတ်တစ်လက်တည်းနဲ့ တစ်ကိုယ်တော် ပစ်ခတ်အနိုင်ယူသွားတဲ့ဇာတ်ကားမျိုးပါ။ ကျွန်တော် သိပ်သဘောကျခဲ့ပါတယ်။ အဖေကလည်း ကျွန်တော် သဘောကျမှန်းသိပြီး ခဏခဏ လိုက်ပြတတ်ပါတယ်။ ခုနေတော့ အဖေ့အကြောင်းပြန်တွေးရင်း အဲဒီတုန်းက အဖေနဲ့ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေကို လွမ်းပါတယ်အဖေ။

ငယ်တုန်းကတော့ အဖေဟာ ကျွန်တော့်ကို ဘယ်သွားသွား ခေါ်သွားတာပဲ။ သူ့အလုပ်မှန်သမျှ ကျွန်တော် ရောက်ဖူးခဲ့တာပါ။ လမ်းမှာလည်း တွေ့လိုက်တဲ့ သူငယ်ချင်းတွေမနည်းပါပဲ။ ညနေ ဆိုရင်တော့ အဖေဟာ အောင်ဆန်းကွင်းထဲက ပထမတန်း ပတ်လည် ဘောလုံးပြိုင်ပွဲတွေ ရှိရာဆီကို ကျွန်တော့်ခေါ်ပြီး သွားတော့တာပဲလေ။
အဲဒီတုန်းက ဘောလုံးပွဲက လူတစ်ယောက်မှ ၀င်ကြေးက ပြားသုံးဆယ် ပေးရတာပါ။ ကျွန်တော်က အဖေနဲ့ ဘောလုံးပွဲကိုလိုက်ရရင် ပျော်နေရော၊ ကျွန်တော်ပျော်တာက အဲဒီမှာ ကျွန်တော် စားချင်တာ မှန်သမျှ ပူဆာပြီးစားရလို့ပါ။ အဖေကလည်း တစ်ခုပြီးတစ်ခု ၀ယ်ကျွေးတာပါပဲ။ အဲဒီဘောလုံးပွဲပြီးလို့ အိမ်ပြန်ရင် ၃၇ လမ်းထဲက ၀က်ခေါင်းသုပ်တစ်ထုပ် ၀င်ဝယ်ပြီး အိမ်ပြန်ကြတာပါပဲ။ ဘ၀မှာ အဖေနဲ့အတူ သွားခဲ့လာခဲ့တဲ့ အမှတ်ရစရာတွေ အများကြီးပါ။

မှတ်မိသေးပါတယ်။ သင်္ကြန်ကာလတစ်ခုမှာ ကျွန်တော်ဟာ သုံးဘီးကားမောင်းတဲ့ သူတစ်ယောက်ကို ရေပြွတ်နဲ့သွားပက်မိတာ စိတ်ဆိုးပြီး ကျွန်တော့်ကို ရိုက်မောင်းပုတ်မောင်း လုပ်တဲ့သူကို အဖေက အိမ်ပေါ်က လှမ်းမြင်ပြီး အဲဒီလူကို အော်ဟစ်ပြီး မင်း ကလေးကို ဘာလုပ်တာလဲ၊ ဒါသင်္ကြန်၊ ရေပက်မှာ ပေါ့၊ အပက်မခံချင် ထွက်မလာနဲ့ပေါ့၊ ဘာညာနဲ့ ပြောတော့ အဲဒီလူ ငြိမ်သွားရောလေ။ အဖေက သူ့သားသမီးကို ဘယ်သူမှ အထိမခံချင်ဘူးလေ။ ဒါ အဖေ့စေတနာပါ။

အဖေဟာ သားသမီးသုံးယောက်ထဲမှာ ယောက်ျားလေးဖြစ်တဲ့ ကျွန်တော့်ကို ပိုပြီး အလိုလိုက်ပါတယ်။ များသောအားဖြင့် ကျွန်တော်ပူဆာရင် ၀ယ်ပေးတာပါပဲ။ အဲဒီကာလတစ်ခုမှာ ကျွန်တော်တို့လူငယ်တွေ စစ်လွယ်အိတ်လွယ်တာ တော်တော်များတယ်။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် စစ်လွယ်အိတ် လေးတွေနဲ့ဆိုတော့ ကျွန်တော်လည်း လိုချင်တာပါပဲ။ ဒီတော့အဖေ့ကို ပူဆာ၊ အဖေက ပထမတော့ အနည်းငယ် မြည်တွန်တောက်တီး လိုက်သေးတယ်၊ ပြီးမှ လိုက်ဝယ်ပေးပါတယ်။

အဖေဟာ သားသမီးတွေမှ မဟုတ်ပါဘူး။ တူတွေတူမတွေ အပေါ်မှာလည်း တတ်နိုင်သမျှ ကူညီတာ ပါပဲ။ သူခင်မင်တဲ့သူ မှန်သမျှ အကူအညီပေးပါတယ်။ အဖေဟာ သဘောကောင်းတာ မှန်ပေမယ့် တစ်ခုတော့ ဆိုးတယ်။ အဲဒါကတော့ အဖေဟာ အရက်ကိုခုံမင်နှစ်သက်စွာ သောက်နေခြင်းပါပဲ။ အရက်များ သောက်ထားရင် ပိုတောင် သဘောကောင်းတယ်လို့ လူတွေက ပြောကြပါတယ်။ အဖေဟာ အရက်သောက်ထားပေမယ့် ခင်မင်နှစ်သက်စရာ ကောင်းတယ်လို့ အများက ဆိုကြပါတယ်။ အဖေက အမှန်ကိုမြတ်နိုးတဲ့ သူလေ။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောတယ်၊ ဟန်မဆောင်တတ်ဘူး၊ မကောက်ကျစ်ဘူး၊ မယုတ်မာတတ်ဘူးလေ။ တဲ့တိုး ပြောတတ်တယ်၊ သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း လူတွေကို ဆက်ဆံတတ်တယ်။ အဖေမူးရင် ကျွန်တော်တို့က ပျော်ကြတယ်၊ ဘာလို့လဲဆိုတော့ မုန့်ဖိုးတွေ အများကြီးပေးလို့ပါပဲ။

အဖေဟာ ရပ်ကွက်ထဲမှာလည်း ဘာသိဘာသာပဲ နေတတ်တယ်။ ဟိုဟိုသည်သည်နဲ့ ရောနှော ပါလေရာ ဟိုစပ်စပ် သည်စပ်စပ် မလုပ်တတ်ပါဘူး။ အဲဒီတုန်းက မှတ်မိသေးတယ်၊ လမ်းတိုင်း ရပ်ကွက်တိုင်းမှာ ရပ်ကွက်ကောင်စီဝင် လူကြီးတွေခန့်ပြီး ပါဝါအာဏာပြတဲ့ ခေတ်လေ။ ဟိုတုန်းက သူကြီးခေတ်၊ ပြီးတော့ ကောင်စီခေတ်ပေါ့။ အဲဒီလူကြီးတွေ တစ်အိမ်တက်ဆင်း ပိုက်ဆံတွေ ကောက်လိုက်၊ အာပေါင်အာရင်း သန်သန်တွေနဲ့ ပြောကြဆိုကြနဲ့။ အဲဒါတွေ အဖေကမြင်ရင် အလကားကောင်တွေ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး ခပ်တည်တည်နဲ့ကြွေးကြော်နေတဲ့ ကောင်တွေဆိုပြီး အလကားကောင်တွေလို့ အော်ပါတော့တယ်။ ကျွန်တော်တို့က အဲဒီတုန်းကတော့ အဖေ့ကို တစ်မျိုးမြင်တာပေါ့၊ အဖေဟာ ရပ်ရေးရွာရေးမှာ ကိုယ်လည်းမပါ၊ သူများတွေ လုပ်နေတော့လည်း အကောင်းမမြင်၊ ပြီးတော့ဆဲရေးတိုင်းထွာ အော်လိုက်ဟစ်လိုက်သေးတယ်။ အဖေတရားလွန်တယ် လို့တာင် ကျွန်တော်တို့က တွေးမိသေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရွယ်ရောက်လာလို့ ခေတ်တွေ အတော်များများ ဖြတ်သန်းပြီးတဲ့ အခါမှာတော့ ဟိုတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီးဆိုတာကို အဖေ ကောင်းကောင်း အော်ဟစ်ပြောဆိုခဲ့တာ မလွန်ဘူး၊ အတုအယောင် လမ်းစဉ်ကြီးကို လူကြားကောင်းအောင် ရေရွတ်ပြီး ချီတက်ခဲ့ကြတယ်ဆိုတာ ကျွန်တော် ကြီးမှပဲသိလိုက်ရတော့ အဖေမှန်တယ်ဆိုတာ ယုံကြည်ခဲ့ရပါတယ်။ သားတို့က ဘုမသိဘမသိနဲ့ အဖေ့ကို အထင်မှားခဲ့မိတာတောင် ခုနေ ပြန်တောင်းပန်လိုက်ချင်ပါသေးတယ်။

ဒီလိုနဲ့အဖေဟာ အရက်ကတော့ အသောက်မပျက်ပါဘူး၊ အဖေ အရက်သောက်တဲ့နားမှာ အဖေ ခိုင်းတာ လုပ်ပေးရင်း အဖေပြောပြတတ်တဲ့ ရှေးဟောင်းနှောင်းဖြစ် တွေကိုလည်း တစ်စတစ်စနဲ့ ကျွန်တော်သိခဲ့ရပါတယ်။ အဖေဟာ စိတ်လိုလက်ရ ရှိတဲ့အခါမျိုးမှာ ကျွန်တော့်ကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဂျပန်ခေတ်က အကြောင်းတွေ၊ လွတ်လပ်ရေးမရမီ ကာလတုန်းက အကြောင်းတွေကို ကျွန်တော့်ကိုသူ့သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး ပြောပြခဲ့ပါတယ်။ အဲဒီအထဲကမှ ကျွန်တော် မှတ်မိတာကတော့ အဖေ ဂျပန်အရာရှိကို လက်သီးနဲ့ထိုးလိုက်တာကို သဘောအကျဆုံး ပါပဲ။ အဖေ အဲဒီဂျပန်အရာရှိကို ဘာလို့ထိုးရသလဲလို့ မေးတော့ အဖေက အစအဆုံး သည်လို ပြောပြခဲ့ပါတယ်။

အောက်မြန်မာပြည်ကို ဂျပန်တွေ အုပ်စိုးနေစဉ်က တစ်နေ့သောအခါမှာ မော်လမြိုင်မြို့ပေါ်ကို ရမည်းသင်းက လွှတ်လိုက်တဲ့ ဦးဖိုးကာဆိုတဲ့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဆီက လျှို့ဝှက်ဆက်သား တစ်ယောက် တိတ်တဆိတ် ရောက်လာပါတယ်။ သူ မြို့ပေါ်ရောက်လာတာကို ဂျပန်တွေဟာ မြန်မာသစ္စာဖောက်တွေဆီက သတင်းရပြီး အဲဒီ ဦးဖိုးကာကို အတင်းတရမန်းကြမ်း ရှာဖွေတော့ တာပါပဲ။

အဖေတို့ကလည်း ဂျပန်တွေရှုာနေမှန်းသိပြီး အဲဒီလျှို့ဝှက်ဆက်သားကို တစ်နေရာကနေ တစ်နေရာ လုံခြုံအောင် ပို့၊ ပုန်းဝှက်ရင်း အဖေတို့အိမ်မှာ ထားလိုက်သေးတာပေါ့၊ ဒါကို ဘယ်လိုကနေ သတင်းပေါက်ကြားသွားတယ် မသိပါဘူး။  အဖေ့အိမ်ကို ဂျပန်တွေ လာဝိုင်းကြပါလေရောလား။ အဖေက အကြောင်းရင်းကိုမေးပြီး သူ့ဆီမှာ ဘယ်ကမှ မြန်မာ့ လျှို့ဝှက်ဆက်သား မရှိကြောင်း ပြောပေမယ့် ဂျပန်ကမယုံတော့ နောက်ဆုံး အဖေနဲ့စကားများပြီး အဖေ့ကိုရန်ရှာဖို့ ကြိုးစား တော့တာပေါ့၊ အဖေလည်း ဘာမှပြောမနေတော့ဘဲ အဲဒီဂျပန်ကို လက်သီးနဲ့လည်းထိုး၊ အုပ်ခဲနဲ့ လည်း ပြေးထုတာဆိုတော့ အဲဒီဂျပန်ပြန်ပြေးပြီး သူ့တပ်ကိုပြန်ခေါ်၊ အဖေ့ကို လာဖမ်းပါလေရော။ အဖေလည်း ရှောင်ချိန် မရခင်မှာပဲ  အဖမ်းခံလိုက်ရတော့တယ်။

အဖေ့ကို ဂျပန်ကင်ပေတိုင်ရုံးကို ခေါ်သွားတာလေ။ ပြီးတော့မှ အဖေ့ကို ဘာလုပ်သလဲမှတ်တယ်၊ အဖေပြောပြတာပါ၊ သူ့ကို လက်နှစ်ဖက်လုံး ကြိုးနဲ့ချည်ပြီး အုတ်ကြွပ်တန်းမှာ တွဲလောင်းချီထား တာတဲ့။ ပြီးမှ တစ်ယောက် တစ်လှည့်ဆိုလား နှစ်တစ်လက်မတုတ်နဲ့ ရိုက်ရိုက်ပြီး ဗမာစစ်သား ဘယ်မှာဝှက်ထားလဲ၊ ဗမာစစ်သား ဘယ်မှာဝှက်ထားလဲ ဆိုပြီး မေးလိုက်ရိုက်လိုက်နဲ့ ဆိုတာ တစ်နေ့လုံးပါပဲတဲ့။ ကျောကိုကော့နေအောင် ခံရတာပါပဲတဲ့၊ တစ်ခွန်းမေးလိုက် တစ်ချက်ရိုက်လိုက် ပါပဲ။ ကင်ပေတိုင်စခန်းကို မနက်ကတည်းက ခေါ်လာပြီး ရိုက်လိုက်တာ မွန်းလွဲ ၃ နာရီအထိပါပဲတဲ့။

ဂျပန်တွေက မေး၊ အဖေက မဖြေဆိုတော့ ပိုရိုက်ခံရတာပေါ့။ တကယ်တော့ အဖေဟာ နိုင်ငံရေးသမား လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဖေဟာ သူပေါင်းတဲ့ သူငယ်ချင်းတွေက လူစုံပါတယ်။ အဲဒီထဲမှာမှ အဖေဟာ နိုင်ငံရေးသမား စောနော်တင်ရယ်၊ ကိုချစ်တင်ရယ်၊ နောက်နိင်ငံရေးသမား တချို့ရယ်နဲ့ ပေါင်းပြီး သူတို့ဆောင်ရွက်တဲ့ကိစ္စတွေမှာ အဖေပါဝင် ကူညီပေးတာ များပါတယ်။ ငွေလိုတဲ့အခါမှာ ငွေ၊ လူအားစိုက်ထုတ်ရတဲ့ အခါမှာလည်း လူကိုယ်တိုင် ပါဝင်ကူညီပေးခဲ့တာ ရှိပါတယ်။ တစ်ခါက အဖေပြောဖူးတဲ့အထဲမှာ အဖေ့သူငယ်ချင်း စောနော်တင်ဘွားကို ဗိုလ်ချုပ်အောင်ဆန်းကတောင် သဘောကျနေတယ်ဆိုတာ ပါသေးတယ်။ အဖေက အဲဒီလိုလူမျိုးပါ။
မော်လမြိုင်ကို ရမည်းသင်းကနေ တိတ်တဆိတ်ရောက်လာပြီး မြေအောက် နိုင်ငံရေးသမားတွေနဲ့ ဆက်သွယ်တဲ့ ကိုဖိုးကာဆိုတဲ့သူကို ဂျပန်တွေမသိအောင် ပုန်းကွယ်လျှို့ဝှက်ပြီး ဖွက်ထားတဲ့အတွက် အဖေ့ကိုရန်ရှာပြီး ကင်ပေတိုင်ရုံးမှာ တစ်နေကုန်ရိုက်တာပါ။ ဒီလိုနဲ့ ကံကောင်းချင်တော့ဆိုပြီး အဖေက ကျွန်တော့်ကို ဆက်ပြောပြပါတယ်။ ညနေ သုံးနာရီလောက်မှာ ဂျပန်အရာရှိငယ် တစ်ယောက်က အဖေအရိုက်ခံနေရတဲ့ နေရာကို စပ်စုပြီး ၀င်အကြည့်မှာတော့ အဖေ့ကိုမြင်ပြီး အံ့အားသင့်ကာ သူ့လူတွေကို အော်ပြောပါတော့တယ်။ သူ့ကိုလွှတ်လိုက်တော့၊ သူဟာတို့ရန်သူ မဟုတ်ဘူး၊ သူ့အဖေဟာ တို့နဲ့အတူ သံဖြူဇရပ်ရထားလမ်း ဖောက်နေတာကို အကူညီပေးနေတဲ့ ဒီမြို့ခံပဲကွဆိုပြီး အဖေ့ကို ပြန်လွှတ်ပေးလိုက်ကြပါတယ်။ ဒါပေမဲ့လည်း အဖေ့ခမျာတော့ ကင်ပေတိုင်ရုံးကနေ အိမ်အရောက် မွေ့ရာပေါ် မှောက်ပြီးတင်လိုက်တာ တစ်ပတ်ကျော်အထိ ပြန်လှန်လို့မရအောင် ဒီအတိုင်း မှောက်ရက်နေခဲ့ရပြီး မနည်းကို ဆေးကုသမှုခံယူလိုက်ရ ပါတော့တယ်။ ကံကောင်းလို့သာ မသေခဲ့ရတာ။

လျှို့ဝှက်ဆက်သား ကိုဖိုးကာတစ်ယောက် အဲဒီတုန်းက ဂျပန်တွေလက်က လွတ်မြောက်ခဲ့ပြီး ရမည်းသင်းကို ချောမောစွာ ပြန်ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာတော့ သူဟာ နိုင်ငံတော်ကပေးတဲ့ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်ဆိုတဲ့ ဂုဏ်ထူးဆောင် ၀ိသေသတွေ ရသွားတယ်လို့ အဖေက ကျွန်တော့်ကို ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို တစ်ချိန်တုန်းက နိုင်ငံလွတ်လပ်ရေး အတွက် သူပါဝင် ဆောင်ရွက်ခဲ့တယ်ဆိုတာကို လူတိုင်းကို ပြောပြတာမျိုးလည်း ကျွန်တော့်ဘ၀မှာ တစ်ခါမှ မကြားခဲ့၊ မတွေ့ခဲ့ရပါဘူးလေ။ အဖေ့ကို ဂုဏ်ယူလေးစားမိတဲ့ အကြောင်းတွေထဲမှာ အဲဒါပါတယ်။ ဒါကြောင့်မို့လည်း အဖေ့အကြောင်းကို စာတစ်စောင် ပေတစ်ဖွဲနဲ့ ကျွန်တော် ဂုဏ်ပြုရင်း ရေးဖွဲ့မိပါတယ်။

လင်းသက်ခိုင်
The Ladies News

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.