သန့်ရှင်းသော လူ့အဖွဲ့အစည်းဖြစ်စေရန် ရှင်းပစ်ရမည့် အမှိုက်များ // အေးလွင် (ကသာ) //

မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူးတို့ဆိပ်ရွာမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက် ၂၃ နှစ်အရွယ် ဖြိုးထက်အောင်ဆိုသူက ၁၃-၂-၂၀၁၈ နေ့က မိဘတွေ မရှိခိုက်မှာ ငှက်ပျောခြံထဲခေါ်သွားပြီး အဓမ္မပြုကျင့်လို့ ကလေးငယ် သေဆုံးခဲ့ရမှုအပေါ် ဒေသခံပြည်သူ နှစ်ထောင်ခန့်က တရားခံကို သေဒဏ်ပေးဖို့ ၁၈-၂-၂၀၁၈ နေ့ နံနက် ၉ နာရီက ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု သိရ၏။ အဓမ္မပြုကျင့်သော ဖြိုးထက်အောင်ကို သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်ရေး၊ သက်ငယ်မုဒိမ်းမှုကို ဥပဒေတွင် သေဒဏ်ပေးဖို့ ပြဋ္ဌာန်းရေး၊ တရားဥပဒေစိုးမိုးရေး တို့ကို ကြွေးကြော်ခဲ့ကြသည်ဟု သိရ၏။ ပြည်သူတို့၏ ရင်ထဲမှလာသော ဆန္ဒများဟု ဆိုရမည်ဖြစ်၏။
 
`ကျွန်တော့်သမီးလေးလို တခြားမိဘတွေ မခံစားစေချင်ဘူး။ အဖြစ်မှန်ကို ဖော်ထုတ်စေချင်တယ်။ အမိန့်ချခဲ့ရင် ကျွန်တော်တို့ လင်မယား နှစ်ယောက်က သတ်စေဆိုတဲ့ အမိန့်ရရင် သတ်ချင်ပါတယ်။ သမီးလေးကို ရက်ရက်စက်စက် သတ်ခဲ့တာပါ´ ဟု ပြောကြားသော ကလေးမိဘများ၏ ခံစားမှုကို နားလည်ခံစားမိပါသည်။ ရင်ခွင်ထဲ ထွေးပိုက်ထားရမည့် သမီးငယ်လေး၏ ဆိုးရွားသော ကံကြမ္မာကို ဘယ်မိဘ ခံစားနိုင်မည်လဲ တွေးကြည့်လျှင် သိနိုင်၏။
 
၎-၁-၂၀၁၈ နေ့တုန်းကလည်း ကသာမြို့နယ်၊ ကျောက်ထုံးကြီးရဲစခန်းအပိုင်၊ ရွှေပြည်သာ (စကားကုန်း) ကျေးရွာ၌ ငါးနှစ်အရွယ် မိန်းကလေးကို အသက် ၃၁ နှစ်အရွယ် အောင်ကို ဆိုသူက ခေါ်ပြီး မုဒိမ်းကျင့်၍ ပစ်ထားခဲ့၏။ ကလေးပျောက်၍ မိဘများက လိုက်ရှာရာတွေ့ပြီး ဆေးရုံပို့သော်လည်း သေဆုံးသွားရ၏။ မောင်နှမ သုံးယောက်က ရွာထဲရှိ TV ရှိသောအိမ်ကို TV သွားကြည့်ကြ၏။ ပြန်လာသောအခါ နှစ်ယောက်တည်း ဖြစ်နေသဖြင့် မိဘများက မေးရာ ကလေးက အစောကတည်းက အိမ်ပြန်သွားကြောင်း သိရသဖြင့် လိုက်ရှာရခြင်း ဖြစ်၏။ ကိုယ့်တစ်ရွာတည်းဆိုတော့ ကလေးများကလည်း နီးနီးနားနား တစ်ယောက်တည်း သွားသည်ကို မကြောက်တတ်၍ သူ့ဘာသာ အိမ်ပြန်သွားခြင်းဖြစ်၏။ အိမ်ပြန်ခဲ့ရာလမ်းတွင် ကျူးလွန်သူ အောင်ကိုက ကလေးကိုခေါ်ပြီး မုဒိမ်းမှုကျူးလွန်ရာ ကလေးငယ်မှာ သတိလစ်သွား၍ ပစ်ထားပြီး အိမ်ပြန်သွားခြင်းဖြစ်၏။ စိတ်မချမ်းမြေ့ရသော သတင်းများဖြစ်၏။
 
ကလေးများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ လူကုန်ကူးခြင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်း သတင်းများကို လုံးဝမကြားချင်သော်လည်း လူမှုကွန်ရက်များ၌ နေ့စဉ်ရက်ဆက်လို ကြားနေရသောအခါ မိန်းကလေးငယ်တို့၏ ဘ၀နှင့် အရွယ်ရောက်ပြီးသော မိန်းမသားတို့၏ ဘ၀ပါ လုံခြုံမှုမရှိသော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို စိုးရိမ်လာမိ၏။ ဤပုံအတိုင်းသာ ဆက်သွားပါက ကမ္ဘာပေါ်တွင် နာမည်ဆိုးတစ်ခု ထပ်တွင်ရမည့် တိုင်းပြည်မှာ ကျွန်တော်တို့ နေထိုင်သော မြန်မာပြည်ဖြစ်၏။ ပျက်စီးနေသော လူမှုအဖွဲ့အစည်းအဖြစ် ကမ္ဘာ့အလယ်တွင် တံတွေးခွက်ထဲ ပက်လက်မျောရတော့မည် ဖြစ်၏။
 
ယခု လက်ရှိအနေအထားမှာပင် ကြားရသော သတင်းများက တုန်လှုပ်စရာ ကောင်းလှပြီ ဖြစ်၏။ ဖအေအရင်းက သမီးကို ကျူးလွန်၏။ အဘိုးက မြေးကို ကျူးလွန်၏။ ဦးလေးက တူမကို ကျူးလွန်တတ်သေးရာ ယုံကြည်ရမည့်သူ မရှိတော့သည့် အဖြစ်မျိုး ဖြစ်လာ၏။ ကိုယ့်သားသမီးကို ရိုက်နှက် သတ်ဖြတ်တတ်သေးသည့် မိဘမျိုးကလည်း ရှိသေး၏။ ကလေးတို့၏ ဘ၀မှာလည်း လုံခြုံမှုမရှိတော့သလို ဖြစ်သွားတော့၏။ လူ့လောက အသိုင်းအ၀ိုင်းအတွင်း မကြားဝံ့ မနာသာ သတင်းများကို ကြုံနေရသဖြင့် လူတွေ၏ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ထိများ ပျက်စီးကုန်ပြီလဲ မသိတော့ပေ။
 
ဟီရိသြတပ္ပ ဟုခေါ်သော အရှက်၊ အကြောက်တရားသည် လောကကို ထိန်းပေးသော လောကပါလတရား ဖြစ်၏။ ရှက်သင့်သည်ကို ရှက်ခြင်း၊ ကြောက်သင့်သည်ကို ကြောက်ခြင်းသည် မဖြစ်သင့်တာကို မဖြစ်အောင် ထိန်းညှိ ပေးခြင်းဖြစ်၏။ ဖောက်ပြန်တတ်သော လူ့စိတ်ကို မဖောက်ပြန်အောင် ထိန်းကျောင်းနိုင်သော်လည်း ယခုခေတ်တွင် မတော့ အရှက်၊ အကြောက် နည်းလာသောအခါ အဓမ္မတရား ကြီးစိုးလာပြီး မတရားမှုများ ပြည့်လာခြင်းဖြစ်သည်ဟု ဆိုရတော့မည်ဖြစ်၏။
 
အဓမ္မပြုကျင့်မှုများ ပြုလေလေ၊ အမျိုးသမီး တို့၏ ဘ၀က လုံခြုံမှုကင်းမဲ့လာလေလေ ဖြစ်၏။ ကိုယ့်သမီးကို ပုခက်ထဲရှိ အရွယ်ဆိုပြီး စိတ်ချထား၍ မရသလို ကိုယ့်အမေ အသက်ကြီးလှပြီ ဆိုပြီးလည်း စိတ်ချမထားရဲအောင် ဖြစ်နေရသော အနေအထားကို ပြောင်းလဲနိုင်မှ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာ မြင့်တက်မည်ဖြစ်၏။ ယခုတော့ နိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေသော မုဒိမ်းမှု သတင်းကြားရတိုင်း၊ သက်ငယ်မုဒိမ်းသတင်း ကြားရတိုင်း ကိုယ့်လူမျိုးအတွက် ကိုယ်ပြန်ရှက်မိတော့၏။ ကလေးငယ်များမှာ မုဒိမ်းမှု ကျူးလွန်ခံရရင်း သေဆုံးတတ်သလို နှုတ်ပိတ်သည့် အနေဖြင့် ကျူးလွန်ပြီးနောက် သတ်ပစ်တတ်သေးသဖြင့် လူယုတ်မာ၊ လူရမ်းကားများကို ပြင်းပြင်းထန်ထန် အရေးယူသင့်ပြီဖြစ်၏။
 
အမျိုးသမီးတို့ဘ၀မှာလည်း ဘယ်နေရာသွားသွား ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ရမလို ဖြစ်၏။ ဆိတ်ကွယ်ရာတွင် သမီးရည်းစား သွားချိန်းရင်း လူယုတ်မာများ၏ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း ခံရတတ်သလို တစ်ခါတည်း နှုတ်ပိတ်တာမျိုး ခံရတ်သေး၏။ ကိုယ့်အိမ်မှာ ကိုယ်နေသည့် အဘွားကြီးကို လာပြီး အဓမ္မပြုကျင့်သူများ ပေါ်ထွက်နေပြီဖြစ်၏။ ညအချိန် ဘယ်မှ မထွက်သင့်တော့ပေ။ ယခုခေတ် လူငယ်များကလည်း Night Out ထွက်တာ အတော်ဝါသနာ ပါကြဟန်တူ၏။ တချို့ မိန်းကလေးများကလည်း သူ့အတွဲ၊ ကိုယ့်အတွဲဖြင့် ညည့်နက်သန်းခေါင် သွားတတ်ကြရင်း မကြားဝံ့၊ မနာသာ အဖြစ်မျိုးကို ကြုံရတတ်သည်ကို သတိပြုရမည်ဖြစ်၏။
 
သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ ဗဟုသုတရ၍ ဆင်ခြင်နိုင်ရန် စာသင်ကျောင်းများ၌ ပညာပေး ဟောပြောပွဲများ ကျင်းပခဲ့ဖူး၏။ မိန်းကလေးငယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသီးသီး ဟောပြီးနောက် ဥပဒေအရာရှိက ဆက်ဟော၏။
 
သူကတော့ ကျောင်းသားငယ်များကို ဟော၏။ မိန်းကလေးများသာ ဂရုစိုက်ရမည်မဟုတ်။ ယောက်ျားလေးများလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ဟာသနှင့် ဟောတော့ ကျောင်းသားများက ရယ်ကြ၏။ ဟောပြောပွဲလုပ်ပြီး လေးလခန့်ကြာသောအခါ ထိုကျောင်းမှာ ငါးတန်းကျောင်းသားလေးကို ရပ်ကွက်ထဲမှ လူတစ်ဦးက မုန့်ကျွေးခေါ်ပြီး လိင်တူဆက်ဆံသဖြင့် အမှုဖွင့်ရတော့၏။ မလုံခြုံတော့သော ကလေးတို့ဘ၀ကို သိလာရခြင်းဖြစ်၏။
 
ကျွန်တော်တို့ ငယ်စဉ်ကတော့ ဤလိုသတင်းမျိုးက ကြားရခဲ၏။ ကျူးလွန်၍ ထောင်ကျခဲ့သော သူသည်လည်း လောက၀န်းကျင်တွင် ဘယ်တော့မှ မျက်နှာမဖော်နိုင်အောင် အရှက်ရတော့၏။ ဟုတ်မဟုတ်တော့ မသိ၊ ဤပြစ်မှုနှင့် ထောင်ကျလျှင် ထောင်ထဲ၌ အထူးစပါယ်ရှယ် ပုံစံပေး ပညာပေး ခံရသည်ဟုတော့ ကြားဖူး။ ငယ်စဉ်က ရပ်ကွက်ထဲမှ မြင်းလှည်းမောင်းသူ တစ်ဦးက ခရီးသည် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့၏။ ခရီးသွား အမျိုးသမီးက ဘယ်မှမတိုင်ကြားခဲ့ သော်လည်း လူအများ သိသွားသောအခါ ထိုပုဂ္ဂိုလ်၏ မြင်းလှည်းကို ဘယ်သူမှ မစီးတော့ပေ။ သူကလည်း နေ့လယ်ဘက်မှ မထွက်ဘဲ ညမှသာ ပြည့်တန်ဆာအိမ် သွားမည့်သူများကို လိုက်ပို့ရင်း သူ့ဘ၀ကို အဆုံးသတ်သွား၏။ သူ့သမီးများကိုလည်း အမျိုးကောင်းသားများက မကြိုက်ကြသဖြင့် ကြုံရာ ယောက်ျားများနှင့်သာ ဆုံရင်း အရပ်ပျက်မသာသာ ဖြစ်သွားကြ၏။ သဘာဝလောကကြီးက ဆုံးမလိုက်ခြင်းဖြစ်၏။
 
သို့သော် သဘာဝလောကကြီးက မဆုံးမခင် လူ့လောက အဖွဲ့အစည်းက အရင်ဆုံးမရမည် ဖြစ်၏။ ပြင်းထန်စွာ အရေးယူမှုကို ပြုလုပ်လျှင် ကျူးလွန်သူ နည်းသွားပေလိမ့်မည်။ အမျိုးသမီးကြီး၊ ငယ်တို့၏ မလုံခြုံသော အခြေအနေကို ဥပဒေဖြင့် တိတိကျကျ ကာကွယ်ပေးရမည် ဖြစ်၏။ ဤနေရာ၌ ကြုံဖူးသည့် အဖြစ်တစ်ခုကို ပြောပြချင်ပါသည်။ ဒေသတစ်ခုကို ရောက်ခဲ့ရာ ထိုအရပ်ဒေသ၌ လင်မယားရန်ဖြစ်ကြလျှင် ယောက်ျားက မိန်းမကို ရိုက်နှက်ညှဉ်းပန်းလျှင် ဖြစ်စေ အရပ်မှ ထိုအိမ်ကို ခဲနှင့် ၀ိုင်းထုကြ၏။ ခဲနှင့်ထုသည့် ဒဏ်ကို မခံနိုင်၍ မည်သည့် လင်မယားမှ ရန်မဖြစ်ရဲသော ထူးဆန်းသည့် အရပ်ဟု ဆိုရမည်ဖြစ်၏။ အရပ်ဒေသမှ လက်မခံသောအခါ မည်သူမှ မလုပ်ရဲသည့် သာဓကဖြစ်၏။
 
ကျွန်တော်တို့ လူ့အဖွဲ့အစည်း၌လည်း သက်ငယ်မုဒိမ်းမှုများကို သေဒဏ်ပေးသည့် ဥပဒေ ပြဋ္ဌာန်းပြီး အမှန်တကယ် သေဒဏ်ပေးပါက ပြစ်မှုကျူးလွန်သူများ လျော့နည်းသွားမည် ဖြစ်၏။ စက်ဆုပ်ရွံရှာဖွယ် ကောင်းသော ပြစ်မှုများကို ကျူးလွန်သူများကို ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် လူ့လောက၊ လူ့အဖွဲ့အစည်းထဲမှ ဖယ်ရှားပစ်မှာ သန့်စင်သော လူ့အဖွဲ့အစည်း ဖြစ်လာမည်ဟု အထင်ရောက်မိပါသည်။
 
အေးလွင် (ကသာ)
The Ladies News
 
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.