အတု // လင်းသက်ခိုင် //

ကျွန်တော် နှစ်သက်သည့် အရာများထဲတွင် လက်ပတ်နာရီလေးတွေ ပါသည်။ လွယ်အိတ် အမျိုးမျိုး ပါသည်။ ခုလည်း မြေနီကုန်းဘက်က စတိုးဆိုင်တစ်ခုမှာ နာရီလေးတွေ ၀င်ကြည့်နေမိသည်။ နာရီကို ကျွန်တော်က သားရေကြိုးနှင့်ပတ်တာကို သဘောကျသည်။ စတီးကြိုးတွေကို ကျွန်တော် မကြိုက်ပေ။ နာရီဝယ်လျှင် ဒိုင်ခွက်ကို အရင်ရွေးသည်။ ဒိုင်ခွက်ရှုပ်နေလျှင် ကျွန်တော် မကြိုက်၊ ဒိုင်ခွက်ရှင်းနေမှ ကြိုက်သည်။ ဒိုင်ခွက် အဖြူရောင်တွင် ရောမစာလုံးများ ရေးထားသည်ကို သဘောကျသည်။
 
ဒီစတိုးဆိုင်က နာရီလေးတွေက လှသည်။ ပုံစံအမျိုးမျိုး ဖြစ်သည်။ ဈေးလည်း ချိုသည်။ သို့သော် တာရှည်ခံဖို့ကိုတော့ အာမ မခံပါချေ။ တချို့က ဆိုပါသည်။ ပစ္စည်းဝယ်လျှင် ပုံစံလှဖို့ထက် ကြာရှည်ခံတာမျိုး ရွေးဝယ်ရမည်ဟု ဆိုပါသည်။ တာရှည်ခံဖို့ ဆိုသည်က သုံးစွဲသူ၏ စည်းကမ်းရှိမှုပေါ်တွင်လည်း တည်သည်။ သို့သော်လည်း အဘယ်ကဲ့သို့သော ပစ္စည်းမျိုးသည် မပျက်စီးတော့ဘဲ ကြာရှည်ခံလေမည်လား၊ မည်သူ အာမခံနိုင်ပါမည်နည်း။
 
တချို့ကလည်း ဆိုပါသည် တွေ့ရာကို မ၀ယ်နဲ့ Brand ကိုသာ သုံး၊ လူအများသုံးတာကိုသာ သုံးပါ၊ စိတချရသည်။ ခိုင်ခံ့သည်။ ရေရှည်ခံသည်ဟု ဆိုကြသော်လည်း တချို့ Brand များ ကိုယ်တိုင်က ရေရှည်ကို အာမ မခံနိုင်ပါချေ။ နာမည်ကြီးတိုင်း ရေရှည်ခံမည်ဟု မည်သူမျှ မပြောနိုင်ပါချေ။
 
ကုန်ပစ္စည်းတစ်ခု နာမည်ကျော်ကြား လူကြိုက်များလာပြီဆိုလျှင် ထိုပစ္စည်း လက်မလည်အောင် ရောင်းရတော့သည်။ ထိုမှ အရောင်းပါ သွက်လာပြီဆိုလျှင် ထိုကုန်ပစ္စည်းကို ပုံစံတူခိုးချ၍ တုပ လုပ်ရောင်းသော အတုပစ္စည်းများ ပေါ်လာတတ်သည်မှာ အစဉ်အလာတစ်ခုပင် ဖြစ်ပေသည်။
 
နာမည်ကျော် Brand ဖြစ်သည့် အိုင်ဖုန်းအတုရှိသည်။ Hawai ဖုန်းလည်း အတုရှိသည်။ Sansaung အတုရှိသည်။ လူတွေကလည်း ခက်သည်၊ နာမည်ကြီးတာကိုမှ သုံးချင်သည်။ လူတွေ အမြင်မှာ အထင်ကြီးတာခံလိုသည်။ အစစ်ကိုတောင် လူတွေ သည်းသည်းလှုပ်နေမှတော့ အတုတွေ ပွဲခံလာတာလည်း အပြစ်ပြောစရာမရှိပါချေ။ အိုင်ဖုန်း ပန်းသီးအတုတွေ၊ အိုင်ဖုန်းကလုန်းတွေ ဈေးကွက်ထဲမှာ ပေါ်လာသည်။ အတုဆို၍ သွားအထင်မသေး လိုက်ပါနှင့် ထိုအိုင်ဖုန်းအတုကိုပင် သိန်းချီပေးဝယ်ရလေသည်။ အိုင်ဖုန်းအစစ်ကိုတော့ မမီပေ။ သို့သော် အိုင်ဖုန်းလေး ကိုင်လိုက်ရသည့် အရသာကို ခံချင်သော်လည်း အိုင်ဖုန်းအတု ပေါ်လာခြင်းကား မဆန်းကြယ်ပေ။
 
( ၂ )
 
အတုတွေ အကြောင်း စဉ်းစားမိတော့ သည်နေ့ ကျွန်တော်တို့ လူမှုဝန်းကျင်ထဲက လူ့အသုံးအဆောင် ပစ္စည်းတွေ အတော်များများထဲမှာ အတုတွေ အများကြီးရှိနေတာ တွေ့လိုက်ရလေသည်။ ဘယ်လို အတုတွေ များပါလိမ့်။
 
ဆန်အတု၊ ကြက်ဥအတု၊ ဆီအတု၊ နို့မှုန့်အတု စသည့် စားသောက်ကုန် ပစ္စည်းအတုတွေ၊ အစာအာဟာရ အတုတွေ များလှသည်။ ကျွန်တော်တို့ နေ့စဉ် စားသုံးနေရသည့် အစာတွေထဲတွင် အစစ်အမှန် မဟုတ်သည့် အတုတွေ အများကြီးရှိနေတာ တွေ့ရပါသည်။
 
အရက်အမျိုးမျိုးမှာလည်း အတုတွေ အများကြီးဖြစ်နေသည်။ ရောဂါရ၍ အသက်ပါ ဆုံးရှုံးရသူတွေလည်း မနည်းတော့ပေ။ လူကြိုက်များသည့် အရက်ကောင်း အမျိုးမျိုးကို အတုလုပ်ရောင်းကြသည်။ နိုင်ငံခြား အရက် အကောင်းစားတစ်ပုလင်းကား မနည်းပေ။ အချို့က သိန်းချီပေး၍ သောက်ရလေသည်။ တလောက သူငယ်ချင်းတစ်ယောက်နှင့် စကားစပ်မိ၍ မေးကြည့်ရာ အတုတွေ များနေကြောင်း ပြောပြသွားလေသည်။
 
အလှကုန်ပစ္စည်းတွေကတော့ အမျိုးသမီးတွေ အကြိုက်ဖြစ်သည်။ သည်နေ့ခေတ်မှာ အလှကုန်ပစ္စည်း အဆန်းတွေကလည်း များလှသည်။ ထိုအလှကုန်ပစ္စည်းတွေထဲတွင် နာမည်ကျော် ကုန်ပစ္စည်းများကို အတုခိုး၍ လုပ်ထားသော အလှကုန်အမျိုးမျိုး ရှိ၏။ မသမာသော အလှကုန်ပစ္စည်းအတုသည် သုံးစွဲသူများကို ကျောင်းကျိုးထက် ဆိုးကျိုး အန္တရာယ်ကို ပေးလေသည်။
 
သည့်ထက်ဆိုးသည့် အတုကား လူတို့ သောက်သုံးနေသော ဆေးဝါးအတု ဖြစ်သည်။ ဆေးဝါးအစစ်ကို ဈေးကြီးပေး၍ ၀ယ်ရသည်က ပြသ၁နာ မဟုတ်ပေ။ ဆေးဝါးအတုကို ၀ယ်ယူသောက်သုံးမိရခြင်းက အသက် အန္တရာယ်အထိ ဒုက္ခပေးနိုင်သောကြောင့် လောကကြီးအတွက် ဆိုးကျိုး ပေးနိုင်သော ပြသ၁နာအစစ် ဖြစ်ပေသည်။ နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုက မပြည့်စုံသေးပေ။ လိုအပ်ချက် အားနည်းချက်များ ရှိနေပေသေးသည်။ ပြင်ပတွင် ဆေးဝါးစရိတ်၊ ဆေးရုံစရိတ် တို့ ဈေးမြင့်မားလှပေသည်။ သည်တော့ ရပ်ကွက်ထဲက ဆေးဆိုင်လေးဆီ ပြေးရသည်။ နားလည် တတ်ကျွမ်းသည့် ဆေးရောင်းသည့်သူ ရှိသလို ဈေးရောင်းသလို ရောင်းနေသည့် ဆေးရောင်းသူနှင့် တွေ့သောအခါ ဆေးဝါးမမှန်ကန်ခဲ့ပါက ဖြစ်နေသည့် ရောဂါ မပျောက်ဘဲ အသက်သာ ပျောက်သွားဖို့ သေချာလေတော့သည်။
 
ဒီနေ့ခေတ်မှာ နောက်ထပ် တွေ့မိသည်က အနာဂတ်လူငယ်များ အတွက် ဆိုးလှသည်။ မူးယစ်ဆေးဝါး ပြသ၁နာပင်ဖြစ်သည်။ နိုင်ငံအတွင်းမှာ ခေတ်အဆက်ဆက် မူးယစ်ဆေးဝါး အမျိုးမျိုး ရောင်းဝယ် ဖြန့်ဖြူးသုံးစွဲခဲ့ကြ လေသည်။ မူးယစ်ဆေးဝါး အတုဆိုသည်ကို သိပ်မကြားဖူးခဲ့ပေ။ သည်ခေတ်မှာတော့ ကြားဖူးလေပြီ။ မူးယစ်ဆေးဝါး အရောင်းအ၀ယ် လုပ်ငန်းသည် ပိုက်ဆံအလွန်ရသည့် လုပ်ငန်းဖြစ်၍ ၀ိသမလောဘသားများ လုပ်ကိုင်ကြသည်။ သူတို့စိတ်က ဘယ်သူသေသေ ငတေမာဖြစ်သည့် အတွက် ငွေရဖို့တစ်ခုတည်းသာ သိသည်။ မူးမူးယစ်ယစ် တုတုစစ်စစ် အကုန်ရောင်းလေသည်။ တလောက ကျွန်တော် ကြားလိုက်ရသည်။ မည်သည့်အရာတွေနဲ့ ရောစပ်ပြီး ပြုလုပ်ထားသည် မသိရသည့် မူးယစ်ဆေးပြား အတုတွေ ရှိသည်တဲ့။ ဈေးပေါတော့ လူငယ်တွေ ပိုသုံးစွဲလာကြသည်။ ဘာတွေမှန်း မသိတာကို အလွန်အကျွံသုံးစွဲမှတော့ ဒီလူငယ်မပျက်ဘဲ ခံနိုင်ရိုးလား တွေးမိတော့သည်။
 
အတုအကြောင်းတွေ တွေးမိတာနှင့် စိတ်အတွေးထဲကို အတုတွေ ဒလဟော ၀င်လာလေသည်။ ကုန်ပစ္စည်းအတုတွင်မက လူအတုတွေလည်း ရှိသေးသည်ကို တွေ့ရသည်။ နိုင်ငံရေးသမား အတု၊ စီးပွားရေးသမား အတု၊ အရေခြုံ ဘာသာရေးသမား အတု၊ အစိုးရ၀န်ထမ်းအတု ၊ ပွဲစားအတု၊ ကုမ္ပဏီအတု၊ တံဆိပ်အတု၊ ပတ်စ်ပို့ အတု၊ မှတ်ပုံတင်အတု၊ ငွေစက္ကူအတု၊ စာချုပ်အတု၊ မြေဂရန်အတု၊ အိမ်ဂရန် အတု၊ အလှူခံ အတု၊ စာရွက်စာတမ်း အတု၊ အုံနာဘုတ် အတု၊ ၀ယ်ရောင်းအတု၊ ကန်ထရိုက်အတု၊ ကုန်သည်အတု၊ စာရေးဆရာအတု၊ ကဗျာဆရာ အတု၊ အယ်ဒီတာ အတု၊ ထုတ်ဝေသူ အတု၊ မျိုးချစ်စိတ်ဓာတ် အတု၊ အတုတွေ အတုတွေ မရေမတွက်နိုင်အောင် များလှသည်လေ။ သည်ကြားထဲ လင်မယားအတုတောင် ရှိသေးသည်ဆို၏။ သည့်အပြင် ဖေ့စ်ဘုတ်အကောင့်အတု၊ PHD အတု၊ ပညာရှင်အတုတွေတောင် ရှိပါသေးသည်ဟု ဆိုကြလေသည်။
 
( ၃ )
 
အတုက နေရာအစုံ၊ နိုင်ငံအစုံမှာ ရှိသည်။ တရုတ်နှင့် ဥရောပအကြား ကုန်ပစ္စည်းအတုများ ကျယ်ပြန့်စွာ ပျံ့နှံ့ဝင်ရောက်လာပြီး ထိုကုန်များ ၀င်ရောက်ရာတွင် တူရကီ၊ ထိုင်းနှင့် စင်ကာပူတို့က အဓိကကြားခံများ ဖြစ်သည်ဟု ဆိုသည်။ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စု ကဲ့သို့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်သုံးခုတွင် လည်ပတ်နေသော ကုန်ပစ္စည်းအတု ၇၂ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက တင်သွင်းကြောင်း တရားဝင် ကြေညာသည်။ တရုတ်သည် ကမ္ဘာပေါ်တွင် ကုန်ပစ္စည်းအတု မျိုးစုံ လေးထောင်ကျော်ကို နာမည်ကြီး အွန်လိုင်းစတိုး A Alibaba သို့ တင်သွင်းရောင်းချကြောင်း သိရသည်။ တရုတ်နိုင်ငံသည် EU တွင် ကုန်ပစ္စည်းအတု အဓိကတင်သွင်းနိုင်ငံအဖြစ် ရှိနေသည်ဟု ဥရောပ တရားဥပဒေ စိုးမိုးရေး အေဂျင်စီက ပြောလေသည်။
 
( ၄ )
 
ကမ္ဘာကြီးမှာ အတုတွေ လွှမ်းမိုးလာသည်။ အတုတွေက အစစ်တွေထက်ပင် နေရာယူထားကြသည်။ ကျွန်တော်တို့ တွေ့နေရသော ကျိုက်ထီးရိုးပွဲ ဈေးတန်း၊ ညောင်ရွှေအင်းလေး၊ တောင်သမန်၊ ပုဂံဘုရားပွဲ ဈေးတန်းအဆုံးတွင် တွေ့နေရသော တိုင်းရင်းဖြစ် အထည်တွေ၊ ရိုးရာဂျပ်ခုတ်အထည်တွေ အပါအ၀င် ရိုးရာ အဆင်ဆန်းဝတ်စုံများသည် မြို့ကြီးပြကြီးတွေ၏ ဈေးဝယ်စင်တာကြီးများအထိ ၀င်ရောက် နေရာယူလာကြပြီ ဖြစ်သည်။ အမျိုးသမီးဝတ် မြန်မာ့ရိုးရာ တိုင်းရင်းသား ချည်ထည် ဒီဇိုင်းပေါင်းစုံ၊ ကွန်ပျူတာ ပန်းထိုးသည်တွေဟာ ယခုအခါ တရုတ်က ၀င်နေပါသည်။ သံဃာတော်တွေ ၀တ်ဆင်သည့် စီဝိုင်စီသင်္ကန်းများကိုပင် တရုတ်က အော်ဒါမှာယူရသည်ဟု ဆိုလာသောအခါ အံ့အားသင့်ရတော့သည်။
 
အတုတွေအကြောင်း စဉ်းစားရင်းမှာ တွေ့လိုက်ရသည့် အတုအမျိုးမျိုးကို စိတ်ပျက်မိလေသည်။
 
အတုသည် အစစ်လောက် တာရှည်ခံမည်မဟုတ်သော်လည်း လက်ရှိတွင် အစစ်ထက် အတုတွေက နေရာအစုံတွင် မျက်နှာပန်းပိုလှနေသည်ကိုပင် တွေ့ရသည်။ အတုသည် အတုသာဖြစ်၏။ ဟန်ဆောင်ဖန်တီးထားသော အတုများကို ကျွန်တော်တို့ ၀န်းကျင်မှ ဖယ်ထုတ်ပစ်ရပေမည်။
 
အမှန်တကယ်၌လည်း ကျွန်တော်တို့ လူနှင့် လူ့ပတ်ဝန်းကျင်တွင် ရှိနေသော အစစ်သဖွယ် ဟန်ဆောင် အသုံးပြုနေသော မေတ္တာတရား အတု၊ သဒ္ဓါတရားအတု၊ မိတ်ဆွေအတု၊ ကိုယ်ချင်းစာတရား အတု၊ စာနာနားလည်မှု အတု၊ သီလအတု၊ စေတနာအတု၊ စကားအတု၊ ပရဟိတ အတု၊ အချစ်အတု၊ အပြုံးအတု တို့ကိုလည်း ကျွန်တော်တို့ ၀န်းကျင်ထဲမှ ဖယ်ထုတ်နိုင်ဖို့ ကြိုးပမ်းရပေဦးတော့မည် ဖြစ်သည်။
 
လင်းသက်ခိုင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.