ကြည်နူးရိပ် || ဌေးဝင်း ||

(က)
ရန်ကုန်မြို့လယ်ကောင်ရှိ ဆူးလေလမ်းမကြီးသည် ရောင်စုံကားများ ရောင်စုံလူများဖြင့် အမြဲတမ်းလိုလို ရှုပ်ယှက်ခတ်နေ တတ်သည်။ ဆူးလေလမ်းမကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ထောင့်တွင် မိုးထိ ထိုးထွက်နေသော ရှန်ဂရီလာ အမည်ရှိ ဟိုတယ်ရှိ၏။ အလားတူ ထိုဟိုတယ်ထဲရှိ ဘောလုံးခန်းမထဲတွင်လည်း အသက် လေးဆယ်ဝန်းကျင်ရှိ အမျိုးသား အမျိုးသမီး တစုသည် အလုပ်ရှုပ်လျက် ရှိနေကြသည်။
 
သူတို့သည် လူလတ်ပိုင်း အရွယ်များပင် ဖြစ်ကြသော်ငြား သူတို့၏စိတ်များကား ဆယ်ကျော်သက်များပမာ လွန်စွာ တက်ကြွလန်းဆန်းလျက် ရှိနေကြ၏။ အကြောင်းမူကား လွန်ခဲ့သော အနှစ်နှစ်ဆယ် နီးပါးက သူတို့ တက်ရောက် ပညာသင်ကြားခဲ့ကြသည့် တက္ကသိုလ်မှ ဆရာ ဆရာမများကို ပူဇော်ကန်တော့ကြမည့် မြတ်ဆရာပူဇော်ပွဲအတွက် အခမ်းအနား ပြင်ဆင်နေကြသောကြောင့် ဖြစ်သည်။
 
သူတို့ကား ယခုအခါ ဆိုင်ရာဆိုင်ရာ ဌာနများ နေရာများတွင် ရာထူးဌာနန္ဘရ ကြီးကြီးမားမား ရှိထားကြသူများ ဥစ္စာဓန ဂုဏ်အရှိန်အ၀ါများကို ပိုင်ဆိုင်ထားပြီးကြသူများချည်းပင်။ သို့သော်ငြားလည်း သူတို့သည် ဤဆရာကန်တော့ပွဲ ကာလ၌ အဆိုပါအရာများကို ခေတ္တမေ့ထားကြပြီး “ငါတို့အားလုံးဟာ ငယ်သူငယ်ချင်းတွေ.. ကျေးဇူးရှင် ဆရာသမားတွေကို အတူတူ ကန်တော့ကြမယ်” ဆိုသော စိတ်များဖြင့် စိတ်တူကိုယ်တူ မောရမှန်း ပန်းရမှန်းမသိဘဲ ရွှင်လန်းနေကြခြင်း ဖြစ်၏။
 
ဤအခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်များ ဖြစ်ကြသည့် ဆရာကြီး ဒေါက်တာ ကျော်သိန်း ဆရာကြီး ဒေါက်တာ ပိုက်တင်တို့ အမှူးပြုသော ဆရာ ဆရာမကြီးများ ကြွရောက်လာကြပြီးနောက် အခမ်းအနား အစီအစဉ်များကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပကြလေ၏။
 
ဤအခမ်းအနားကို သာမန်မျှကြည့်လျှင် ကျောင်းသားဟောင်းများ၏ ဆရာကန်တော့ပွဲဟုသာ မြင်ရသော်လည်း အခြား တစ်ဖက်မှ ထွက်ကြည့်လိုက်လျှင် ရင်သပ်ရှုမောဖွယ် မြင်ကွင်း တရပ်လည်း ရှိနေသည်ကို ကျနော့် စိတ်မျက်စိထဲတွင် မြင်ယောင် နေမိသည်။
 
အဘယ်သို့ မြင်သနည်းဟူမူကား ကန်တော့ခံ ဆရာသမားများထဲတွင် ကျနော်တယောက်မှ လွဲပြီး ကျန် ဆရာ ဆရာမ အားလုံးသည် အိုင်တီ ပညာရှင်များနှင့် သိပ္ပံပညာရပ်များကို သင်ပေးကြသူများချည်း ဖြစ်ကြသလို တပည့်များ အားလုံးကလည်း အိုင်တီ ပညာရှင်များ ဖြစ်နေကြသည် မဟုတ်ပါလော။ ကန်တော့ ခံနေသော ဆရာသမားများသည် များပြားလှစွာသော ကျောင်းသား လူငယ်များကို အိုင်တီနည်းပညာများကို သင်ပေးကြပြီး ဖြစ်သလို ထိုတပည့်များကလည်း မိမိတို့ဘ၀ အတွက်ရော နိုင်ငံနှင့် လူမျိုးအတွက်ပါ သူတို့ တတ်ကျွမ်းသော နည်းပညာ များဖြင့် အလုပ်အကျွေး ပြုနေကြသည်လေ။ သို့ဆိုလျှင် ဤဘောလုံး ခန်းမကြီးထဲ၌ ယခု စုဝေး ရောက်ရှိနေကြသော ထိုလူစုသည် ဤတိုင်းဤပြည်အတွက် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန် လူ့အရင်းအမြစ်များပင် မဟုတ်ပါလားဟု တင်စား နေမိလေသည်တည်း။
 
ထို့ပြင် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြသည့် ဆရာနှင့်တပည့်များ။ သူတို့ သူငယ်ချင်းများသည် ဤအခိုက်အတန့် ကလေးတွင် အလွန်တရာ ဖြူစင်သော မေတ္တာ အအေးဓာတ်များကို အချင်းချင်း ပို့လွှတ်နိုင်ကြသဖြင့် ခမ်းနားကြီးကျယ်လှသည့် ထိုဘောလုံး ခန်းမကြီးထက် သူတို့၏ အတွင်းမနောက ပိုမို ခမ်းနားထည်ဝါလျက် ရှိချေသည်။
 
ဆရာကန်တော့ပွဲ အစီအစဉ်၏ နောက်ဆုံး နံပါတ်ဖြစ်သော ကျေးဇူးတင်စကားကို မသက်သက်အောင်က ပြောဆိုနေစဉ် ကျနော့်စိတ်အစဉ်သည် ယခုပွဲသို့ တက်ရောက်ရန် ဖိတ်ကြားစာ ပေးပို့လာသည့် တပည့်တယောက်နှင့် ပြောခဲ့ကြသည့် စကားများကို ပြန်လည် ကြားယောင်လာမိနေတော့သည်။
 
(ခ)
ကျနော့် ဖေ့စ်ဘုတ် မက်ဆင်ဂျာထဲကို ဖိတ်စာတစောင် ၀င်နေတာ အတန်ကြာနေပြီ။ ကိုယ်နှင့် ဆိုင်မည် မထင်သော ကြောင့် ဖွင့်မကြည့်မိ။ စာက မြတ်ဆရာ ပူဇော်ပွဲ လို့ ဆိုတာကိုး။ သို့သော်လည်း ဤကျောင်းတွင် တချိန်က အလုပ် လုပ်ခဲ့ဖူးသဖြင့် ဖွင့်ကြည့်လိုက်ဦးမှ ဆိုပြီး ဖွင့်ဖတ်ကြည့်လိုက်သည့်အခါ ခုလိုတွေ့ရ၏။
 
ဆရာခင်ဗျား ၊ ကျနော် ကျော်မောင်မောင်ဝင်းပါ။ ကျနော်က ကွန်ပျူတာတက္ကသိုလ် (လှိုင်)မှာ Diploma in Computer Maintenance 1st batch ကပါ ဆရာ။ ဆရာခင်ဗျာ … ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ဂါရ၀ထားလျက် Diploma in Computer Maintenance (1st Batch) 1998 ကျောင်းသူ/ကျောင်းသားဟောင်းများ UCSY (Hlaing Campus)
ယင်းကဲ့သို့ ဖတ်ကြည့်လိုက်တော့မှ ဟာ ငါ့ကို ဖိတ်ထားတဲ့စာပါလား ဆိုပြီး ၀မ်းနည်းဝမ်းသာ ဖြစ်ရမိသည်။ အဲသည် နောက် သူနှင့် ဖေ့စ်ဘုတ်မှာ မိတ်ဆွေဖွဲ့ပြီး ဆရာတပည့်နှစ်ယောက် ရှေ့ဟောင်းနှောင်းဖြစ် များစွာကို ပြောဖြစ်ကြသည်။ ကျနော့ကို သူရှာတွေ့ပုံကို ခုလို ပြောပြခဲ့သည်။
 
“ဆရာ့ကို ကျနော် မိုးမခ(အွန်လိုင်း)မှာ ဆရာရေးတဲ့ ဆောင်းပါး တပုဒ်ကနေ ရှာတွေ့တာဆရာ။ စာရေးဆရာရဲ့ ပီတိဆိုတဲ့ ဆောင်းပါး ခင်ဗျ။ ဆရာကန်တော့ပွဲကို ဆရာ တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ဆရာ”
 
“လာခဲ့မယ်လေ။ ဒါနဲ့ မင်းကကော ငါ့ကို မှတ်မိပါ့ မလား”
 
“ဆောင်းပါးမှာတုန်းက ဆရာ့ဓာတ်ပုံ ပါတာတောင် သေသေချာချာ မမှတ်မိသေးဘူးဗျ”
 
“အင်းပေါ့.. မင်းတို့နဲ့ ငါ ဒီတသက် ပြန်ဆုံရလိမ်မယ်လို့ အိပ်မက်တောင် မမက်ရဲခဲ့ဘူး။ ဒီလို ဖိတ်ကြားခံရတော့ ဘယ်လို ၀မ်းသာမိတယ်ဆိုတာ စကားလုံးတောင် ရှာမရပါဘူး သားရယ်”
 
“အခုပဲ ကျနော်တို့ ဆရာကန်တော့ပွဲ စီစဉ်နေတဲ့ ဘော်ဒါတွေနဲ့ ဆရာပြောနေတာကို ကျနော် ပြန်ပြောပြနေတာ။ သူတို့တွေ တော်တော် ၀မ်းသာကြတယ်”
 
“အေး ငါလည်း မင်းတို့ထက် မလျော့ပါဘူး သားရယ်။ ငါ့ကို အမှတ်ရကြသေးတဲ့အတွက် ၀မ်းသာမိတယ်။ ငါ့ရင်ထဲမှာလည်း ပြောစရာတွေ အများကြီးပါပဲ”
 
ကျနော်နှင့် တပည့်ဖြစ်သူတို့ အပြန်အလှန် ပြောဆိုဖြစ်ခဲ့သည့် စကားများကို ပြန်လည်သတိရနေစဉ် အခမ်းအနားမှူးက အခမ်းအနား ပြီးဆုံးကြောင်း ကြေညာသံကို ကြားလိုက်ရသဖြင့် ထိုင်ရာမှ ထကာ မိမိအပေါ်တွင် အလွန်တရာ ကျေးဇူးရှိဖူးသော ဆရာသမားဖြစ်သည့် ဆရာကြီး ဒေါက်တာကျော်သိန်းထံသို့သွားကာ ဂါရ၀ ပြုခဲ့လေ၏။ ကျနော့ကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည့် ကာလများအတွက် ခွင့်လွှတ်ရန်လည်း တောင်းပန်ခဲ့သည်။ သည့်နောက်ပိုင်းမှာတော့ တပည့်ဖြစ်သူနှင့် ကျနော်သည် ညနေဘက်များတွင် မကြာခဏ စီဘောက်ကနေ စကား ပြောဖြစ်ကြသည်။ သူက စင်ကာပူမှာ ကိုယ်က ဘန်ကောက်မှာ။ သူပြောပြတာက
 
“ကျနော် ဆရာ့ ဆောင်းပါး ဖတ်ရတုန်းက ဖတ်တော့ ဖတ်လိုက်တာပဲ၊ ဒါပေမဲ့ ဆရာလို့ မထင်သေးဘူး။ ဒါတောင် ဓာတ်ပုံပါတယ်။ မမှတ်မိသေးဘူး။ နောက်မှ သေသေချာချာ ပြန်ကြည့်တယ်။ ဒါ ဆရာပဲ ဆိုပြီး။ ကျနော် ဆောင်းပါး ခေါင်းစဉ်ကနေ ဖဘမှာ လိုက်ရှာတာ။ မိုးမခကို ကျေးဇူးတင်တယ်။ ကျနော်အခု စာအုပ်ကို ပြောင်းပြန်ဖတ်တိုင်း ဆရာ့ကို အမှတ်ရတယ်။ ဦးနု ဘာသာပြန်တဲ့ မိတ္တဗလဋီကာ စာအုပ် ကျောင်းကားပေါ်မှာ ဆရာကိုင်ထားတုန်း ကျနော်က ကြည့်မယ်ဆိုတော့ မင်းကလည်း ငါဖတ်နေတဲ့ဟာကို မင်းအဲဒီကနေ ပြောင်းပြန်ဖြစ်လည်း ရအောင် လိုက်ဖတ်တဲ့”။
 
(ဂ)
ကွန်ပျူတာ တက္ကသိုလ်မှာ ကျနော်သည် လေးနှစ်ဝန်းကျင်ခန့် တာဝန် ထမ်းဆောင်ခဲ့ဖူး၏။ စာသင်ရသည့် အချိန်ထက် ကျောင်းပိတ်ထားရသည့် အချိန်က ပိုများသည်။ ထို့ကြောင့် သင်ခွင့်ရသည့် အချိန်တွင် မိမိ စွမ်းသရွေ့ အကောင်းဆုံး သင်ပေးခဲ့သည်ဟု ကိုယ့်ဘာသာ ယုံကြည်မိသည်။ တပည့်ဖြစ်သူက
 
“ဆရာ စစချင်း lecture အပြီးမှာ ကျနော် မေးခွန်းတခု ဆရာ့ကို လိုက်မေးခဲ့ဖူးတယ်။ ဆရာ ကျနော်တို့ ဘာကြောင့် အက္ခရာစဉ်သင်ရပါသလဲဆိုတာပဲ ဆရာ”
 
“အဲဒီတော့ ငါက ဘာပြန်ပြောခဲ့လဲ”
 
“ဆရာက ငါ့တပည့်ရ တို့တွေ အဘိဓာန် ကြည့်နိုင်အောင်လို့ဆိုတာ ပြန်မှတ်မိတယ်။ အခု ကျနော် စလုံး လာတော့ မြန်မာစာ အဖွဲ့ထုတ် ခရီးဆောင် အဘိဓာန်စာအုပ် ယူလာတယ်။ စာရေးတဲ့အခါ သုံးတော့မှ ဆရာပြောခဲ့တာကို ကောင်းကောင်း သတိရတယ်”
 
“ဟုတ်တာပေါ့။ အင်္ဂလိပ် အဘိဓာန်က သူ့ အေဘီ စီဒီ အတိုင်း သွားတာ။ ငါတို့ဟာက ဗျည်းစဉ် သရစဉ် အသတ်စဉ် ဗျည်းတွဲ စဉ်နဲ့ စီစဉ်ထားတာ ဆိုတော့ အဘိဓာန်စီတာ မသင်ဖူးတဲ့သူ မြန်မာ အဘိဓာန်ကို ဘယ်သုံး တတ်ပါ့မလဲကွာ”
 
“နောက် ကျနော်တို့ ပိုမှတ်မိတာက ဆရာ စာသင်တာရှင်းတယ်၊ နားလည်လွယ်တယ်”
 
“အင်း ခုလို ပြန်ကြားရတာ ၀မ်းသာတယ်”
 
“တချို့ကျောင်းသားတွေရဲ့ အတွေးမှာ မြန်မာစာကို သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ သင်တာကို သိပ် သဘောမကျတာ တွေ့ရတယ်”
 
“မိခင်ဘာသာရဲ့ တန်ဖိုးကို လေးလေးနက်နက် မသိကြလို့ ဒီလို ဖြစ်တာကွ တပည့်ရ။ သိအောင်လည်း ဆရာ ဆရာမ တွေက သင်တတ်ဖို့ လိုသေးတာကိုး ..ကွာ၊ တကယ်က မင်းတို့ ငါတို့တွေ သူများတိုင်းပြည်ကို ရောက်လာတဲ့အခါ ဘာသာစကားတိုင်းဟာ ပညာဆိုတာကို ကောင်းကောင်းကြီး သိလာကြပြီလေ။ အဲဒီ ဘာသာ စကားတွေနဲ့ အက္ခရာတွေနဲ့ ရေးခြစ်ထားတဲ့ စာတွေ အဖိုးတန်လေ ဘာသာစကား တန်ဖိုး မြင့်လေပဲ။ ဒါကို မသိကြတော့ ဘာသာစကားကို တန်ဖိုး မထားကြဘူးပေါ့။ ဒါဟာ အုပ်ချုပ်သူတွေက ညံ့ခဲ့လို့လည်း ပါတာပေါ့လေ။ သူတို့ ကိုယ်တိုင်က အရည်အသွေး ညံ့တော့.. မင်းစဉ်းစားကြည့်ပေါ့။ ကမ္ဘာမှာ စာပေ၊ ဥပဒေ၊ ဒဿနိက နဲ့ သမိုင်း ဘာသာရပ်ဆိုတာ တိုင်းပြည် အုပ်ချုပ်မယ့်လူတွေ၊ ထိပ်တန်းလူတွေ ကျားကုတ်ကျားခဲ သင်ကြရတာ။ ငါတို့ဆီမှာက လူညံ့တွေ မတော်တဲ့ ကောင်တွေ သင်ကြရတာ။ ၀ါသ နာ မပါ။ မသင်ချင်တဲ့လူတွေ လာသင်နေကြမှတော့ ဘာတွေ တတ်ကြမှာလဲ။ အဲဒီထဲက တချို့တွေက ကိုယ် အသုံးမကျ တာကို မကျတဲ့အတိုင်း မနေဘဲ ဆရာ ဆရာမတွေ ပြန်လုပ်ကြတယ်လေ”
 
“ဒီလိုနဲ့ ညံ့သထက် ညံ့ပြန်ရောပေါ့ ဆရာ”
 
“ခက်တာက ထူးချွန်ပြန်လည်း အင်းစိန် သွားမလား။ ကျူရှင်ဆရာ လုပ်မလား။ ဒီလောက်ပဲ အခွင့်အလမ်း ရှိတာလေ”
 
(ဃ)
ဆရာကန်တော့ပွဲ ကျင်းပဖြစ်သောအခါ ကျနော့ကို ဖိတ်ကြားခဲ့သူ တပည့်က ရန်ကုန်ကို မလာရောက်နိုင်ခဲ့ပါ။ သူ့အစား လာတွေ့သူက မောင်မောင်ဆန်း။ ထိုစဉ်က သူလည်း စင်ကာပူက ပြန်ရောက်ခါစ။ ကတုံးကြီးနှင့်။ သူက တပည့်ဆိုတော့ ကျနော့်ကိုသိနေ၏။ ကျနော်က သူ့ကို သေချာမမှတ်မိ။ ကျနော်တည်းသည့် ဟိုတယ်ကို လာတွေ့ပြီး သည့်နောက်မှာ ရင်းနှီးစွာ ကိုယ်မြင်သလို ပြောဆိုဖြစ်ကြသည်။ ကျနော့်ကို ချစ်ခင်သည့် တပည့် အတော် များများသည် ကျနော့်လိုပင် နိုင်ငံရေးကို စိတ်ဝင်စားကြသည်ချည်း ဖြစ်နေကြလေရော့ သလားမသိ။ သူက
 
“ဆရာရေ ကျနော် မွန်းအောင် သီချင်းဆိုပွဲကို အွန်လိုင်းကနေ ကြည့်ဖြစ်တယ်ဗျာ။ ကြည့်ရင်းနဲ့ အဲဒီထဲက တချို့ သီချင်းတွေဆိုရင် အိမ်မှာ ခိုးခိုးနားထောင်ခဲ့ရတယ်။ အဲဒီ အခွေတွေကိုလည်း ဖွက်ဖွက်ထားခဲ့ဖူး ရပါတယ်။ ငယ်ငယ်တုန်းကဆိုရင် မွန်းအောင် ဆိုတာ တောခိုသွားတာ။ ဟိုဘက်နိုင်ငံ ရောက်သွားတာပေါ့ စသဖြင့်လို့ ကြားရ တာလေ။ ဒါပေမဲ့ အခုလို သက်ရှိထင်ရှား လူလုံးလိုက်ကြီး ရန်ကုန် မြန်မာပြည်မှာ အခုလို အဲဒီသီချင်းတွေကို ဆိုနေလိမ့်မယ်လို့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကျော်က ထင်ကိုမထင်ထားခဲ့တဲ့ အရာတွေပါ”
 
“ဒါတွေ ဒီလို အခြေအနေတွေ ဖြစ်လာဖို့ ပြောင်းလဲလာဖို့အတွက် ပေးဆပ် တိုက်ပွဲဝင်ခဲ့ရတာလည်း နည်းမှ မနည်းပဲကိုး တပည့်ရေ”
 
“အမှန်ပေါ့ ဆရာ။ ကျနော်တို့ရဲ့ အာသီသ ကိုယ့် စိတ်ကြိုက် အရသာ မပြောင်းရင် မပြောင်းမှာပါ။ တကယ်တော့ တချို့ကိစ္စတွေ တချို့စည်းတွေက ပြောင်းလဲနေပါတယ်။ လမ်းမထက်မှာ ကျခဲ့တဲ့ သွေးတွေရယ်..ပြန့်ကျဲခဲ့ရတဲ့ မိသားစု ဘဝတွေရယ်၊ ရင်းထားခဲ့တဲ့ အသက်တွေရဲ့ ပေးလှူမှုတွေကတော့ အချည်နှီး မဟုတ်သေးပါဘူး ဆိုတာ ပြောချင်တာပါ”
 
“ဟုတ်တာပေါ့။ ငါတို့ဆီမှာ အတော်လေး အခြေခိုင်နေတဲ့ စနစ်ဆိုး စရိုက်ဆိုးတွေကို ဖြိုဖျက်ဖို့ရယ်။ စနစ်ကောင်းတခု တည်တံ့ ခိုင်မြဲဖို့ရယ်ကတော့ အတော် ကြိုးစားရုန်းကန် တည်ဆောက်ရဦးမယ်ကွာ”
 
“အင်း ဟုတ်ပါတယ်။ ယန္တရားကြီးပါဖို့က ကြာပါလိမ့်မယ်။ အသက် ခပ်ကြီးကြီး ရာထူး ရာခံ အတော်အသင့် လောက်ဆိုကို မလိုက်ချင်ဘူး။ အခု ပြောင်းချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက စာရေးဆရာတွေ၊ လူငယ်တွေ၊ နိုင်ငံရေးသမားတွေ၊ ရာထူးရာခံ မရှိတဲ့အပြင်က ပုဂ္ဂိုလ်ကြီးတွေ။ တကယ့် စက်ခေါင်းကိုင်နေတဲ့ တိုက်ပုံဝတ် ဘိုးတော်ကြီးတွေက မလိုက်ကြသေးဘူး။ ဘာပဲပြောပြော Black list ဖျက်လိုက်တော့ သူတို့တွေ ပြန်ဝင်လာလို့ရပြီ။ Black list ဖျက်ဖို့တောင် တော်တော်ကြာတာကြည့်”
 
“Black list ကလည်း အပြည့်အ၀ မဖျက်ရသေးဘူး ကောင်လေး။ ပေါက္ကရ၀ဿမိုးလို ဖြစ်နေတယ်။ ဒါပေမဲ့ အမှောင်ခေတ် မိုးကောင်းကင်ကတော့ အဖုံး ကွာကျခဲ့ပြီဆိုတာ သေချာတယ်။ အရေးအကြီးဆုံး လုပ်စရာက နိုင်ငံရေးအရ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို မကြေညာနိုင်လေတော့ တ၀က်တပျက် ဒီမိုကရေစီနဲ့ ဘယ်လောက်ကြာအောင် ငါတို့သွားနေရဦးမလဲ။ ငါတို့မြေးတွေ မင်းတို့ သားသမီးတွေခေတ် ရောက်ရင်တော့ အပြည့်အ၀ ပြောင်းလဲသွားကောင်း လောက်ပါရဲ့လို့ ဆရာ မျှော်လင့်တယ်တပည့်ရေ”
 
“ဟုတ်ပါတယ် ဆရာ ဒီတဝက်တပျက်နဲ့ပဲ ကျနော်တို့ ဆက်ချီတက်ရပါ့မယ်”
 
“မင်းတို့လက်ထဲကို ငါတို့ သစ်ခုတ်သမားတွေက ယုံကြည်စွာ အပ်နှံထားခဲ့ပြီလေ။ မင်း ခုနင်က ပြောခဲ့တဲ့ စွန့်လွှတ်သူတွေရဲ့ သွေးတွေက စနစ်ဆိုးကို တော်လှန်ပေးခဲ့ကြတယ်။ ခေတ်ကောင်း စနစ်ကောင်း ရောက်အောင် ချီတက် ထုဆစ်ရမှာက မင်းတို့ ကိုယ်တိုင်ပဲသား။ ဒါကြောင့် မင်းတို့ ကိုယ်တိုင်ဟာ ဒီတိုင်းပြည်ကို ပိုကောင်းလာအောင် ထုဆစ်ကြရမယ့်ပန်းပု ဆရာ အစစ်ပဲမဟုတ်လား”
 
(င)
ဒီပွဲမှာ ကျနော့ကို ထူးထူးခြားခြား အသိအမှတ်ပြု ပြောဆိုသူကတော့ ကိုအောင် ဆိုသည့် တပည့် ဖြစ်သည်။
 
“ဆရာရယ် ဆရာနဲ့ ခုလို ပြန်ဆုံရတာ ကျနော်ဖြင့် သိပ်ဝမ်းသာတယ်။ ဘယ်သူတွေ ဘာပြောပြော ဆရာဟာ ကျနော့် အတွက်တော့ တကယ့် ဟီးရိုးပါ။ ကျနော့်ကျောင်းအတွက်လည်း ဆရာဟာ တကယ့် ဟီးရိုးပါပဲ”
 
“ဟ.. မင်းကတော့ လုပ်ပြီ။ ငါက ဘာများ သောက်သုံးကျလို့လဲ ကောင်လေးရဲ့။ ငါမစွံတာ ငါ့ဘာသာ အသိဆုံးပါကွာ”
 
“အာ.. ဘယ်ဟုတ်ပါ့မလဲဗျာ။ ကျနော်တို့ ရဲဝံ့လာအောင် သတ္တိတွေ ရှိလာအောင် ရှေ့ဆောင် သင်ပြခဲ့တာ ဘယ်သူလဲ ဆရာပဲမဟုတ်လား။ အပြောနဲ့တင် သင်တာ မဟုတ်ဘဲ လက်တွေ့ ကိုယ်တိုင် ဘ၀ကို စတေးပြီး သင်ပြခဲ့တာ။ ဒီဆရာ မှ ကျနော့ဘ၀ရဲ့ ဟီးရိုး မဟုတ်ရင် ဘယ်သူ ဟီးရိုးဖြစ်ရဦးမလဲဗျာ”
 
“ထားပါတော့လေ၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ အသိအမှတ်ပြုမှုအတွက် ငါ ၀မ်းသာတယ်။ ကျေးဇူးလည်း တင်ပါတယ်”
 
“ဒါနဲ့ ဆရာ့ကို ဖမ်းသွားတာ ၂၀၀၀ ပြည့်နှစ်နော်.. ဘယ်လိုတွေ ဖြစ်တာလဲဆိုတာ ပြောပြလို့ ရမလား”
 
“မင်းမေးတာကို မဖြေခင်.. မင်းတို့ ဘယ်လို ကြားထားလဲ အရင်ပြောပြပါလား”
 
“တချို့က ပြောတော့လည်း ၀န်ကြီးကို ပမာမခန့် လုပ်လို့တဲ့။ တချို့က ကျတော့လည်း ဆရာက အစိုးရကို မထိတထိ ကလိပြီး စာသင်လို့တဲ့။ ကြားတာတော့ စုံနေတာပဲလေ.. ဆရာ့တပည့်က ဆရာ ကိုယ်တိုင် ပြောပြတာကို သိချင်တာ”
 
“၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့ သောကြာနေ့ နေ့လယ်ပိုင်းက ငါ့အတန်းကို တက်ခဲ့တဲ့ တပည့်တိုင်း သိကြ တဲ့ အကြောင်းအရာပါ တပည့်ရာ။ မင်းသိချင်သပဆိုလည်း ပြန်နှူးရသေးတာပေါ့လေ။ အဲဒီနေ့က ငါပြောခဲ့တာတွေထဲက ထောင်တန်သော စကားများကို မင်းကို ပြန်ပြောရသေးတာပ”
 
ထိုစဉ်က millennium ထောင်စုနှစ် ဆိုသော စကားလုံး အလွန် ခေတ်စားခဲ့၏။ သည်နှစ်ကုန်လျှင် နှစ်ဆယ်ရာစုသည် လည်း ကုန်ပေတော့မည်။ ထို့ကြောင့် ကမ္ဘာကျော် Times မဂ္ဂဇင်းက အနှစ်တရာအတွင်း အတော်ဆုံး လူ အယောက် တ ရာကို စစ်တမ်းကောက် ရွေးချယ်ပေးခဲ့သည်။ ထိုအထဲတွင် အိုင်စတိုင်းက ပထမ၊ ဒုတိယက မဟတ္တမ ဂန္ဒီ၊ တတိယက နယ်လ်ဆင် မင်ဒဲလား စသဖြင့် နိုင်ငံတကာမှ နယ်ပယ် အသီးသီးတွင် ထူးချွန်ပြောင်မြောက်ခဲ့ကြသည့် ပုဂ္ဂိုလ်ကျော် တ ရာကို ရွေးချယ် ဖော်ပြထားခဲ့သည်။ သို့သော် ထိုအထဲတွင် မြန်မာပြည်က တယောက်မှ ပါဝင်ခြင်း မရှိချေ။ ထို့ကြောင့် ကျနော်က တပည့်များကို
 
“ကဲ ငါတို့ မြန်မာပြည်အတွက်လည်း ရွေးချယ်ပေးကြရင် မကောင်းဘူးလား။ မင်းတို့ ရွေးချယ်ပေးကြပါ”
 
ဟု ဆိုလိုက်သောအခါ တပည့်များက ရယ်ကြသည်။ ကျနော့်အတန်းကာ အမြဲတမ်း စည်ကားနေတတ်၏။ ထုံးစံအားဖြင့် မေဂျာ ဘာသာမဟုတ်သော မြန်မာစာတန်းများသည် ကျောင်းသားများ စိတ်ဝင်စားမှု နည်းပါးပြီး သိပ် မတက်တတ်ကြချေ။ သို့သော် ကျနော့် အတန်းတွင်မူ မိမိအတန်းကသာ မဟုတ်ဘဲ အခြားသော အတန်းများမှပါ လာရောက် တက်လေ့ရှိကြသဖြင့် အမြဲတမ်း ရုံပြည့်ရုံလျှံ ဖြစ်ကာ စည်နေတတ်ကြသည်။ ကျောင်းသားများထံမှ ရွေးချယ်ပေးမည်ဟု ဖြေသံကို မကြားရသည့်အခါ ကျနော်က တဖန်
 
“ဒါဖြင့် မင်းတို့ ရွေးချယ်မပေးဘူးဆိုရင် မင်းတို့ ကိုယ်စား ငါပဲအဆိုပြုပေးပါ့မယ်။ သဘောတူတာ မတူတာ မင်းတို့ အပိုင်းပေါ့။ ဒီတော့ လူပုဂ္ဂိုလ် တယောက်ယောက်ကို အကောင်းဆုံး အထူးချွန်ဆုံးလို့ ရွေးချယ်ရာမယ် အဆိုပါ ပုဂ္ဂိုလ်ဟာ သက်ဆိုင်ရာ နယ်ပယ်မှာ သူတပါး မစွမ်းဆောင်နိုင်တဲ့ အရာကို သူများထက် ပိုမို ထူးခြားစွာ လုပ်နိုင်သူရင်လည်း ဖြစ်မယ်။ ဒါမှမဟုတ် ပထမဆုံး စတင် လုပ်ဆောင်နိုင်သူလည်း ဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့် ဒီမြန်မာ့သမိုင်းမှာ ဒို့တွေ သင်ခဲ့ရတာက နှစ်ဆယ်ရာစု ခေတ်ဦးမှာ ဗြိတိသျှ နယ်ချဲ့ အုပ်ချုပ်သူတွေကို ပထမဆုံး ဆန့်ကျင် တော်လှန်ဖို့ ကြိုးစားခဲ့သူဟာ ဆရာ တော် ဦးဥတ္တမ ဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ ဒါကြောင့် ဆရာတော်ကို လွတ်လပ်ရေး မျိုးစေ့ချပေးခဲ့သူ နိုင်ငံရေး မျက် စိဖွင့်ပေးခဲ့သူ အဖြစ် သမိုင်းမှာ မှတ်တမ်းတင် ထားပြီးသား ရှိတယ်။ ဆရာတော်ရဲ့´ဂရက်ဒေါက် ဂက် ဒေါက်´ ဆိုတဲ့ စကားဟာ အလွန်တရာ ကျော်ကြားတယ်။ ဒါကြောင့် သူ့ကို ရှေ့ဦးစွာ အဆိုပြုတယ်။ နောက်တယောက်ကတော့ မြန်မာ ပြည်သား တရာမှာ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် သဘောတူနိုင်တဲ့သူပါ။ လူ့သဘာဝအရ သဘောမတူသူလည်း ရှိပေမပေါ့။ သူကတော့ အားလုံး ချစ်ခင် လေးစား ကြည်ညိုကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းပေါ့။ နောက်တယောက်ကတော့ နှစ်ဆယ်ရာစု နှောင်းပိုင်းမှာ မြန်မာပြည်အတွက် ဦးဆောင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပေါ့။
 
စတုတ္ထတယောက်ကတော့ လူကောင်းမဟုတ်ဘူ။ မြန်မာ့သမိုင်းကို ဇောက်ထိုးမိုးမျှော် လုပ်ခဲ့သူပဲ။ ငါတခု ပြောမယ်။ အခု မင်းတို့လက်ထဲမှာ မြန်မာငွေ ခြောက်ကျပ်ရှိရင် တဒေါ်လာရမယ်ဆိုရင် မင်းတို့ ယုံမလား။ ကျောင်းသားတွေက ၀ါးခနဲ ရယ်ကြပြီး. မယုံဘူးတဲ့။ ဟုတ်တာပေါ့၊ ဘယ်ယုံမလဲ အဲဒီတုန်းကပဲ တဒေါ်လာကို သုံးလေးရာ ဖြစ်နေပြီ ထင်တယ်။ ဒါနဲ့ ငါ ငွေ စက္ကူသမိုင်းကို ဓာတ်ပုံတွေနဲ့ ရှင်းပြခဲ့တယ်။ နောက်ပြီး တချိန်က ရန်ကုန်တက္ကသိုလ်က ဘွဲ့ရလာတဲ့ လူတယောက်ဟာ ဘယ်နိုင်ငံကို သွားသွား တင့်တောင့် တင့်တယ် အလုပ်တခုကို ကောင်းကောင်း ရနိုင်တယ်။ ဟိုတုန်းကပေါ့။ ငါတို့ ခေတ်မှာတော့ သိတဲ့အတိုင်းပဲ၊ နိုင်ငံခြားကိုလည်း ရောက်ရော ငါတို့ ဘွဲ့လက်မှတ်တွေက ဘာမှ သုံးစားမရတော့ဘူး။ ဒါတွေအပြင် တချိန်က စင်ကာပူက လီကွမ်းယူ အတုယူ အားကျခဲ့တဲ့ မြန်မာနိုင်ငံဟာ သူ့လက်ထက်မှာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဖြစ် ကြေညာခဲ့ရတယ်။ အဲဒီလူကတော့ ဦးနေ၀င်းပဲလို့ ငါပြောခဲ့တယ် တပည့်ရေ”
 
“ဟာ.. ဆရာက တကယ့် နတ်နေကိုင်းကိုမှ သွားချိုင်တာကိုး”
 
ဟု ကိုအောင်က ဆိုသည်။ ပြီးတော့သူက
 
“ဒါနဲ့တင် ဆရာ့ကို ဖမ်းဆီးထောင်ချဖို့ လုံလောက်သွားပြီပေါ့”
 
“အင်း ဟုတ်မယ် ထင်တယ်။ ဒါပေမဲ့ မင်းရဲ့ဆရာက သိတဲ့အတိုင်း အဲဒီမှာ အဆုံးမသတ်သေးဘဲ ပါးစပ် ဦးတည့်ရာ ဆက်ပြောမိတာက အာဏာရှင်တွေရဲ့ ဒေါသကို ပိုတောက်လောင်စေသေးတယ် တပည့်ရေ”
 
“လုပ်ပါဦး ဆရာ။ တပည့် အရမ်းစိတ်ဝင်စားတယ်”
 
“အေး. ဒီစကား အဆုံးမှာတော့ စာသင်ခန်းတခုလုံး အော်ဟစ် အားပေးကြတာလား ဘာလား မသိဘူး။ ဆူညံ ပွက်သွား တာတော့ မှတ်မိနေတယ်။ ငါပြောခဲ့တာက ဒီလိုကွ။ တပည့်တို့ရေ ဆရာတို့ မြန်မာစာမှာ ကဗျာရယ် စကားပြေရယ် နဲ့ အ ထွေထွေ မြန်မာစာ ဆိုပြီး သုံးမျိုး ခွဲပြီး မင်းတို့ကို သင်ဖို့ ပြဋ္ဌာန်းပေးထားတာ ရှိတယ်။ ကဗျာ ဆိုတာကတော့ မည်သည့် ဘာသာစကား စာပေမှာမဆို အဆင့်အမြင့်ဆုံး ထိပ်တန်းပေါ။ ဒါကို ဌာနမှူး ဖြစ်တဲ့ ဆရာမကြီး ဒေါ်ခင်ဖြူဗျင်က သင် တယ်။ နောက် စကားပြေဆိုတာလည်း စာပေမှာ အရေးကြီးတဲ့ အရာပေါ့။ သုတရသ ကိုပေးတယ်။ ဒါကို ဆရာမကြီး ဒေါ်မြင့်မြင့်ကြည်က သင်တယ်။ အေး နောက်ဆုံး အထွေထွေ မြန်မာစာကိုတော့ ငါ သင်ရတယ်။ အထွေထွေမှာ ဘာတွေ ပါသလဲ။ အနှစ်ချုပ်၊ အက္ခရာစဉ်နဲ့ စာစီစာကုံး ပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်ပေါ့။ ဒါနဲ့ ငါ တခု မေးမယ် အဲဒီ အထွေထွေ ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်လို ဘာသာပြန်ရင် ဘယ်လိုရမလဲ လို့ ငါမေးတယ်”
 
“ဘယ်လို ဖြေကြလဲ ဆရာ”
 
“General လို့ ဖြေကြတယ်။ ဒါများ လွယ်လွယ်လေးဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့။ ဒါနဲ့ ငါက နောက်ထပ် ဘာအဓိပ္ပာယ် ရသေးလဲဆိုတော့ အားလုံးက ဗိုလ်ချုပ်ကြီးလို့ ဟီးခနဲ သံပြိုင်ဖြေကြတယ်။ မင်းသိတဲ့အတိုင်း ငါ့အတန်းက ကြွတက်နေတာ ဆိုတော့ မြူးနေတာပေါ။ ငါလည်း အဲဒီ ကြွတက်မှု လှိုင်းနဲ့ ဆက်စီးမျောပါသွားပြီး အေး ဟုတ်တယ် ဒါဖြင့် အထွေထွေဆိုတဲ့ ဟိုစပ်စပ် ဒီစပ်စပ် စကားကို အညာသားတွေ ပြောတာက ဗြုတ်စ ဗြင်းတောင်းတဲ့။ ဒါကြောင့် မင်းတို့ ဆရာဌေးဝင်းဟာ အထွေထွေ ဌေးဝင်း ဗိုလ်ချုပ်ကြီး ဌေးဝင်း ဗြုတ်စ ဗြင်းတောင်း ဌေးဝင်းလို့လည်း ခေါ်လို့ရတာပေါ့ ဆိုတော့ကွာ တတန်းလုံး အုံးအုံးထပြီး အားပေးကြတာပေါ့။ အဲဒီနောက်မှာတော့ ငါ့ကို ထောက်လှမ်းရေးက မြေလှန်လိုက်ရှာတော့တာပဲ။ သူတို့ မအိပ်မနေ လိုက်ရှာတော့ နောက်ဆုံး လှိုင်ကျောင်းထဲက မြန်မာစာဌာန ရုံးခန်းထဲမှာ ငါ့ကို လာဖမ်းသွားတယ် တပည့်ရေ”
 
“ဟုတ်ကဲ့ပါ ဆရာ။ ခုလို သိရတော့ ဆရာ့ကို ကျနော် အရင်ကထက်တောင် ပိုလေးစားသွားပြီဗျာ။ ကျနော့်ဘ၀မှာ ဆရာ့လို ဆရာမျိုးကို ဆရာတော်ခွင့်ရတာ ဂုဏ်ယူမဆုံးပါဘူး”
 
ထိုသို့ တပည့်ဖြစ်သူက ပြောလာသော စကားကို ကြားရသည့်အခါ ကျနော်သည် ငယ်စဉ်က ရခဲ့ဖူးသည့် ကဗျာ တပုဒ်ကို သတိရလာမိသည်။ ယခု အခမ်းအနားတွင် ကျနော့်ဘ၀နှင့် အလိုက်ဖက်ဆုံးသော ကဗျာလေး ဖြစ်သည်ဟု ထင်မိ၏။ ကဗျာက…
 
“တပည့်မရှား
တပြားမရှိ
ပီတိကိုစား
အားရှိပါ၏” တဲ့။
 
ထိုကဗျာကလေးသည် ဤဘောလုံးခန်းမကြီးထဲတွင် ရောက်ရှိနေကြသော အခြားအခြားသော ဆရာ ဆရာမများအတွက် တ၀က်တပျက်သာ မှန်ပြီး တ၀က်က မမှန်ချေ။ သူတို့တွင် တပည့်လည်း ပေါသလို သူတို့သည် တပြားမှ မရှိကြသူများ မဟုတ်ကြပါ။ ငွေကြေး ဥစ္စာဓနလည်း ကုံလုံကြွယ်ဝကြသလို ရားထူး ဂုဏ်သိန်နှင့်လည်း ပြည့်စုံကြသည် မဟုတ်ပါလား။ ကျနော် တယောက်တည်းသာ တပည့်လည်း တကယ်ပင် မရှားသလို ဘာတပြားမှ လည်း အမှန်တကယ် မရှိသော သူဆင်း ရဲ အမှန်စင်စစ် ဖြစ်ချေသည်တည်း။
 
သို့သော် ယခု အခိုက်အတန့်ကလေး၌ ဆရာသမား အားလုံးနှင့် ကျောင်းသူ ကျောင်းသားဟောင်း အားလုံး၏ ရင်ထဲတွင် ပီတိဖြာနေကြသည်မှာလည်း အမှန်အကန် ဖြစ်ချေသည်လေ။ ကျနော့အတွက်မူ ထိုနေ့သည် စပါယ်ရှယ် နေ့ တနေ့ပင် ဖြစ်သောကြောင့် ကြည်နူးရိပ်၌ ခေတ္တခဏ ခိုလှုံခွင့်ရခဲ့သည့် အချိန်ဟုပင် တင်စား ပြောဆိုချင်မိပါသတည်း။
 
ဌေးဝင်း
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.