ဖရဲသီးဖြစ်လာလေမလား Drug Slave // ဒေါက်တာခင်မောင်ညို //

မူးယစ်ဆေးဝါး စေခိုင်းခံရသူ (Drug Slave) ဆိုပြီး အခေါ်ခံရသူတွေကို ရည်ရွယ်ပါသည်။ အရက်သေစာ အလွန်အကျွံ သောက်စားသူများ၊ မူးယစ်ဆေးဝါး သုံးစွဲသူ အများသည် ထိုမူးယစ်စေတတ်သော ပစ္စည်းများ၏ စေခိုင်းသည့် အတိုင်း လုပ်ဆောင်နေရသည့် ကျွန်သဖွယ် ဖြစ်နေတော့သည်။ ဒါကို တစ်ဖက်က မိမိတို့အပေါ် အနိုင်ယူသွားသည်။ လူငယ်များ သတိထားစေဖို့ တင်ပြခြင်းဖြစ်သည်။
 
တောသား ကျွန်တော် ရန်ကုန်ရောက်လာကြပါပြီ။ နှစ်ပေါင်း ၂၀ ကျော် နေတာကြာလာတော့ ရန်ကုန်သားလို ဖြစ်နေသည်။ နံနက်ဆို မလိုင်နံပြားစား၊ မုန့်ဟင်းခါးနဲ့ တစ်ခါတစ်ခါ ထမင်းကြော်စားပါသည်။ ဘာကို စားစား လက်ဖက်ရည်နဲ့ တွဲစားပါသည်။ လက်ဖက်ရည် ကြမ်း မဟုတ်ပါ။ အချို ဖြစ်သည်။ လက်ဖက်ခြောက်အကျရည် နို့ဆီ၊ သကြား နှင့် သောက်တတ်သည်။ မြန်မာပြည် အနှံ့ လက်ဖက်ရည်ဆိုင်များ ရှိသည်။ ဘီယာဆိုင်များ မပေါ်ခင်က လက်ဖက်ရည်ဆိုင်သည် မြန်မာပြည်တွင် အပေါအများဆုံးသော ဆိုင်တစ်ခု ဖြစ်သည်။ တောသားများပင် Tea Shop ဟူသော ဝေါဟာရကို သိနေကြပါသည်။
 
ကျွန်တော်တို့ သောက်နေသည့် လက်ဖက်ရည်ကို English Tea ခေါ်ကြသည်။ ဗြိတိသျှတို့၏ ကိုလိုနီ လက်အောက် ကျခံရဖူးသော နိုင်ငံအများ လက်ဖက်ရည် (အချို့) ကို စွဲစွဲလန်းလန်း သောက်ကြသည်။ ပြင်သစ် ကုလိုနီ အလုပ်ခံရသော ဗီယက်နမ်၊ ကမ္ဘောဒီးယား စသော နိုင်ငံများကတော့ ကော်ဖီကို အဓိကသောက်သုံးကြသည်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား တို့တွင် လက်ဖက်ရည်ဆိုင်ကို အရှာရခက်သည်။
 
ကျွန်တော်တို့က ဗြိတိသျှတို့ ကျွန်ပြုခဲ့သော ကျွန်သက်ရှည်သည့် မွန်ပြည်နယ်သား ဖြစ်သည်။ ထို့ကြောင့် လက်ဖက်ရည်ကို စွဲစွဲလန်းလန်း သောက်သည်။ ကျွန်တော် ငယ်စဉ်က အဖိုးနဲ့နေရတော့ လက်ဖက်ရည် သည် ကျွန်တော့်အတွက် ယဉ်ပါးနေသည့် အစားအစာ ဖြစ်နေပါသည်။ အင်္ဂလိပ်တွေက လက်ဖက်ရည် အင်မတန်ကြိုက်သည်။ သူတို့ဆီမှာ Tea Time ဟူ၍ လက်ဖက်ရည်ချိန်ဟူ၍ ရှိသည်။ အင်္ဂလိပ်စစ်တွေ နေထိုင်သော အချို့အရပ်တွင် ညစာကို လက်ဖက်ရည်၊ ဘီစကွတ် များဖြင့်သာ ကျေနပ်ကြသည်။ သူတို့က ဒါကို High Tea ဟု ခေါ်သည်။
 
အဖိုးက လက်ဖက်ရည် တရုတ်တွေ ဘိန်းစားဖြစ်ရတာ လက်ဖက်ကြောင့်ဟု ပြောဖူးသည်။
 
ဘာကိုပြောတာလဲ။
 
အင်္ဂလိပ်တို့ အင်မတန်လိုအပ်သော လက်ဖက်ကို တရုတ်ပြည်က ၀ယ်ယူရရှိနိုင်သည်။ တရုတ်က လက်ဖက်ရည်ကို မြန်မာတို့ သောက်သလိုပင် ရေနွေးဖြင့် ရေနွေးကြမ်း သို့မဟုတ် လက်ဖက်ရည်ကြမ်းသာ သောက်သည်။ အင်္ဂလိပ်ကတော့ လက်ဖက်ကို အခြောက်လှမ်းပြီး မွနေအောင် ကြိတ်သည်။ ပြီးတော့ အရောင်အသွေး အနံ့တွေ ပြုပြင်ထည့်သွင်းပြီး လက်ဖက်ခြောက် (အချိုခြောက်) ကို ရသည်။ သူ့ကို နှပ်ကာသောက်သည်။ နို့ဆီ၊ သကြားတို့ဖြင့် နှပ်၍ သောက်သော လက်ဖက်ရည်သည် မြန်မာနှင့် အိန္ဒိယ (ပါကစ္စတန်) တို့တွင် ရိုးရာအစားအစာလို ဖြစ်လာသည်။
 
ကုန်သွယ်ရေးစောဦးပိုင်း (၁၇ ရာစု) အင်္ဂလိပ်တို့က လက်ဖက်ခြောက်များကို ၀ယ်ယူသည်။ တရုတ်တို့ လက်ဖက်ခြောက်အတွက် ငွေကြေးအဖြစ် ရွှေကိုသာ လက်ခံသည်။ အင်္ဂလိပ်တွေ အကျပ်ရိုက်ကုန်သည်။ ကုန်သည်များတွင် များပြားလှသော ရွှေတွေ မရှိကြပါ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ လိုလျှင်ကြံဆ နည်းလမ်းရလေသည်။ အင်္ဂလိပ်တို့သည် တရုတ်များကို ဘိန်းပေးကာ တစ်စတစ်စ စည်းရုံးသည်။ တရုတ်တွေ ဘိန်းစားဖြစ်ကုန်သည်။ ထိုဘိန်းစားများသည် ဘိန်းအတွက် လက်ဖက်ခြောက်ကို ပေးသည်။
 
အင်္ဂလိပ်တွေ ရွှေပေးဝယ်စရာ မလိုတော့ပါ။ သို့သော် တရုတ်တစ်ပြည်လုံး ဘိန်းစားတွေ ဖြစ်ကုန်တော့သည်။ အမြော်အမြင်ရှိသော သူတို့က ဒီအကြောင်းကို သိသည်။ တရုတ်နှင့် အင်္ဂလိပ်တို့ ဘိန်းစစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့လေသည်။ နောက်ဆုံး တရုတ်ပြည် တစ်ပြည်လုံးသည် ဂျပန် အင်္ဂလိပ် ပြင်သစ် ပေါ်တူဂီ စသော နိုင်ငံများ၏ ဖရဲသီးလို ခွဲထားခြင်းကို ခံလိုက်ရသည်။
 
အဖိုးသည် လက်ဖက်ရည် အင်မတန်ကြိုက်သည်။ မနက်ဆို လက်ဖက်ရည် ပန်းကန်မဟုတ်သော ဟင်းသောက်ပန်းကန် တစ်လုံးဖြင့် လက်ဖက်ရည် သောက်သည်။ လက်ဖက်ရည်တွင် မလိုင်တွေ အပေါ်မှာ ဝေ့နေသည်။ (သူကြီး လက်ဖက်ရည်တည်း) အဖိုးတို့က နံပြားကို နံပြားလို့မခေါ်ပါ။ ရွတ်တီ (Roti) ဟု ခေါ်သည်။ ထိုစကားသည်ကား ဟိန္ဒူစကား ဖြစ်သည်။ စင်စစ် ကုလားတွေက နံပြားကို နံရွတ်တီဟု ခေါ်သည်။
 
ရန်ကုန်ကလူတွေက နံကိုယူကာ အပြား (မုန့်ပြား) ဟူသော စကားကိုသုံးကာ ယနေ့တွင် မွေးစားစကားလုံး ဖြစ်နေလေပြီ။ တစ်ချိန်က အင်္ဂလန်သို့ရောက်စဉ် နံပြားစားချင်စိတ် ပေါက်လာသည်။ မန်ချက်စတာတွင် ဟိန္ဒူကုလားတွေ အများကြီးပဲ၊ သူတို့ကိုမေးမှ ဟူ၍ မေးကြည့်သည်။ ရွတ်တီ (Roti)ဟု ပြောလိုက်ရာ သူတို့သိသည်။
 
အဖိုးက လက်ဖက်ရည်သောက်ရင်း မြန်မာတွေ ကံကောင်းသွားတာကို ပြောပြသည်။ အိန္ဒိယကို အင်္ဂလိပ်က နှစ် ၁၀၀ ကျော် ကျွန်ပြုသည်။ အိန္ဒိယတွင် ငွေကြေးစနစ်များ ပေါ်နေသည်။ ထို့ကြောင့် မြန်မာပြည်တွင် အရောင်းအ၀ယ်အတွက် သူခေါင်းမခဲတော့ပါ။ ကျွန်တော်တို့ဆီက ကျွန်းသစ်တွေကို သူတို့က သူတို့ရိုက်ထုတ်ထားသော ပိုက်ဆံဖြင့် ခပ်တည်တည် ၀ယ်ယူသွားသည်။ တကယ်တော့ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ကျွန်းများသည် အင်္ဂလိပ် လက်ထက်က ကုန်မသွားပေ။ သို့သော် နောက်ပိုင်း အနှစ် ၇၀ ပြည်တွင်းစစ်တွင်မှ ပြုတ်ပြုတ်ပြုန်းကုန်တော့သည်။
 
`မြန်မာတွေ ကံကောင်းသွားတယ်လို့ အဖိုးထင်လား´
 
`ထင်တာ မဟုတ်ဘူး။ တကယ် မြင်ရတာ´
 
အဖိုးသည် ငွေဓားလွယ်ရသူကြီး ဖြစ်သည်။ သူက စောစောကပြောသည့် သူကြီး လက်ဖက်ရည် ချိုခါးခါး မလိုင်များများကို သောက်ရင်း အားပါးတရ ပြောသည်။
 
`တို့ မြန်မာတွေက ဆေးလိပ် အရမ်းသောက်တယ်ကွ´
 
`ဘာလို့လဲ အဖိုး´
 
`ဆေးလိပ်ဟာ ရိုးရာဓလေ့ကွ၊ ဆေးလိပ်နဲ့ အလှူတွေ ဖိတ်တယ်။ ယောက်ျား၊ မိန်းမ ဆေးလိပ်သောက်ကြတယ်။ ကလေးတွေကိုလည်း မီးဖိုထဲ မီးတို့ခိုင်းတယ်´
 
`အဖိုးလည်း ဆေးပြင်းလိပ်သောက်တာပဲ မဟုတ်လား´
 
`မင်းအဖေလည်း ဆေးလိပ်သောက်တယ်။ မင်းလည်း သောက်မှာပဲ မဟုတ်လား´
 
အဖိုးက ကျွန်တော့်ကို ဆေးလိပ်သောက်မည်ဟု တထစ်ချ ပြောပါသည်။
 
အဖိုးခန့်မှန်းချက်မှာ မှန်ပါသည်။ ကျွန်တော် ဆေးလိပ်စွဲခဲ့ဖူးသည်။ သို့သော် နောက်မျိုးဆက်တွေကို အမွေပေးမထားချင်သည့် အတွက် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပါသည်။
 
`တကယ်လို့ အင်္ဂလိပ်တွေက တစ်ခုခုလုပ်လို့ မရရင် ဘိန်းစွဲအောင် လုပ်မှာကွ´
 
`လွတ်လပ်ရေးမရခင် ဘိန်းခန်းတွေ တရားဝင်ဖွင့်တယ် မဟုတ်လား အဖိုး´
 
`ဟုတ်တယ်။ ဒါပေမဲ့ မြန်မာတွေက ငါးပါးသီလမြဲကြတယ်´
 
`ဒါဆို မြန်မာတွေကို ဘိန်းနဲ့ဖျက်ဆီးလို့ မရနိုင်ဘူးပေါ့´
 
`မရဘူးဆိုတာ မရှိဘူး။ အထူးသဖြင့် မူးယစ်ဆေးဆိုတာ အင်မတန် စွဲလွယ်တယ်။ တစ်ခါလောက်ငြိလိုက်ရင် တစ်သက်လုံး ဖြတ်မနိုင်တော့ဘူး´
*** *** ***
 
အဖိုးကျေးဇူးကြောင့် ကျွန်တော်သည် မူးယစ်ဆေးကို အထူးရှောင်ပါသည်။
 
ယနေ့တွင် တရုတ်တို့သည် ထိပ်တန်းကို ရောက်နေပါသည်။ သူတို့ တိုးတက်မှုသည် ကြောက်ခမန်းလိလိ ဖြစ်သည်။
 
သူတို့ ဘာကိုအဓိကထားပြီး တိုးတက်အောင် လုပ်သလဲ။
 
ဒီအကြောင်းနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတစ်ဦးကို မေးဖူးသည်။
 
`အဓိကကတော့ မူးယစ်ဆေးပါပဲ´
 
`ဘယ်လို´
 
`ရောင်းဝယ်တာတွေ့ရင် သေဒဏ်၊ သုံးစွဲတာတွေ့ရင် သေဒဏ်၊ ဆေးစွဲသူတွေအားလုံးကို သတ်ပစ်တယ်´
 
`ဘိန်းကြောင့် တရုတ်တွေ နစ်နာတာကို စိတ်နာလို့လား´
 
`စိတ်နာစရာ မရှိပါဘူး။ ကိုယ်ခံအားမကောင်းလို့ ဖြစ်ရတာပါ´
 
`ဒါဆို ကိုယ်ခံအား ကောင်းအောင် သူတို့ကို ပညာပေးပါ´
 
`ပညာလည်း ပေးတယ်၊ မဆင်ခြင်ဘူး။ ဆေးဝါးသုံးစွဲတယ် ဆိုတာမျိုး လုပ်ကြတဲ့သူတွေကိုလည်း သတ်ပါတယ်´
 
ယနေ့ ဖိလစ်ပိုင် သမ္မတ မူးယစ်ဆေးဝါးစွဲနေသူများကို သတ်ပစ်သည်မှာ တရုတ်လောက်များဟန် မတူသေးပါ။ တရုတ်မှာ မျိုးဆက်တစ်ခုလုံး မကျန်အောင် ဖြိုဖျက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း တရုတ်သည် ကမ္ဘာတွင် စီးပွားရေးမှာ ဒုတိယအဆင့်သို့ပင် ရောက်နေပြီ ဖြစ်သည်။
 
ထိုအတွက် ထိုအရာရှိကို မေးရသည်။
 
`ဒါပေမဲ့ တရုတ်တွေက မူးယစ်ဆေးဝါး မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနေတယ်လို့ ကြားတယ်´
 
`ဟုတ်မှာပေါ့´
 
သူမငြင်းပါ။
 
`ခင်ဗျားတို့ အရေးယူပေးလို့ မရဘူးလား´
 
`ဒီကိစ္စဟာ အင်မတန် သိမ်မွေ့တယ်။ ကိုယ့်အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်။ နောက်ပြီး တစ်ဖက်က ကိုယ်ခံအားကောင်းအောင် ပညာပေးတာတွေ လုပ်ရမယ်´
 
`တရုတ်လိုမျိုး လုပ်ရမှာလား´
 
`ဒါကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ ဆိုင်တယ်။ အရေးကြီးတာက ပညာရေးပဲ´
 
`ပညာရေးက ကျွန်တော်တို့ရဲ့ ဘတ်ဂျက်ရဲ့ ၅ ရာခိုင်နှုန်းလောက်ကိုပဲ သုံးနေတယ်´
 
`အမှန်တော့ ပညာရေးဆိုတာ ပြည်သူတွေ အားလုံး အသိတရားပြည့်အောင် လုပ်နိုင်အောင် လုပ်ပေးနိုင်တဲ့ ပညာရေးက အရေးကြီးတယ်။ တစ်နှစ်မှာ ခြောက်လလောက် သင်လည်းရတယ်။ ဒါပေမဲ့ အားလုံး ပညာသင်ယူရမယ်။ နားလည်တဲ့ ဘာသာစကားနဲ့ သင်ပေးရမယ်´
 
`ကျွန်တော်တို့ဆီ အင်္ဂလိပ်လိုသင်တယ်´
 
`ဟုတ်လား၊ ကျုပ်တို့ဆီတော့ တရုတ်လိုပဲ သင်တာပဲ´
 
`အင်း၊ ဂျပန်လည်း ဂျပန်လိုပဲသင်တယ်´
 
`ကျွန်တော်က ခင်ဗျားတို့ ပညာရေး မဝေဖန်ချင်ပါဘူး။ ဒါပေမဲ့ အလုပ်ထဲခိုင်းလို့ရတဲ့သူတွေ နည်းတယ်´
 
`ဘွဲ့ရပေမယ့် ပညာမှမတတ်ကြတာကိုး´
 
**** **** ****
 
ယနေ့ပြည်တွင်းတွင် မူးယစ်ဆေးဝါးတန်ပေါင်းများစွာကို ဖြန့်ဖြူးနေပါသည်။ မူးယစ်ဆေးဝါးသည် ငွေရလွယ်သောကြောင့် လုပ်ကိုင်သူတွေ များလှသည်။ ဆေးပြားဟု အမည်ရသည့် ဆေးဝါးများကို အလျှံအပယ်ရနိုင်သည်ဟု သိရသည်။
 
ဆိုးပါသည်။
 
ယနေ့တွင် ဘိန်းစားမြန်မာများ တွေ့လာရသည်။ သူတို့ကို ကူညီကြပါ။ မူးယစ်ဆေးကို အမြစ်ပြတ်အောင် တစ်ခုခုတော့ လုပ်ကြပါ။ မြန်မာပြည် ဖရဲသီးလိုခွဲကာ အစားခံရမှာကို စိုးရိမ်တကြီးဖြစ်၍ ဒီစာကို ရေးရပါသည်။
 
ဒေါက်တာခင်မောင်ညို
The Ladies News
 

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.