အားကျ အတုယူဖွယ်ရာ ဗဟုသုတများနှင့် ပြည့်စုံခဲ့သည့် လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် // သတင်းဆောင်းပါး //

ဝန်ကြီးဌာန ၅ ခုနှင့် ရန်ကုန်တိုင်းအစိုးရတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ဒီဇင်ဘာလ(၁) ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ နယ်ပယ်ပေါင်းစုံမှ ကျောင်းသားလူငယ်များ လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး လူငယ်များအတွက် အသိပညာ ဗဟုသုတိုးပွားရာ လေ့လာသင် ယူစရာများကို ဖန်တီးပေးလိုက်သည့် ပွဲတစ်ခုဖြစ်ခဲ့သည်ဟု လာရောက်ကြည့်ရှုသူ ကျောင်းသားလူငယ်များက ဆိုကြသည်။
 
`ကျွန်တော်တို့အတွက် သိစရာမှတ်စရာ ဗဟုသုတတွေ အစုံအလင်ပါပဲ ၊ ကျွန်တော်ဒီပွဲမှာ သိပံပြခန်းတွေ ဘက်ကို သဘောကျပါတယ်။ ကျွန်တော် အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တယ်။ အင်ဂျင်နီယာ တစ်ယောက်က ဘာတွေ သင်ယူရမယ်၊ ဘယ်ဘာသာရပ်တွေကို လေ့လာရမယ် ဆိုတာတွေကို ပြခန်းက အစ်ကိုတွေက သေချာရှင်းပြပါတယ်။ နောက် သူတို့ ဖန်တီးထားတဲ့ စမတ်ကတ်တွေ အကြောင်း၊ လျှပ်စစ်ချွေတာနိုင်အောင် ဆင်ဆာနဲ့ လျှပ်စစ်မီး သုံးစွဲမှုအကြောင်း၊ သူတို့ တီထွင်ထားတဲ့ စက်ပစ္စည်းသေချာ ရှင်းပြတယ်။ ကျွန်တော် အရမ်းအားကျမိပါတယ်´ ဟု ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာ အဋ္ဌမတန်း ကျောင်းသားက ပြောသည်။
 
`သားက ဥပဒေ ပညာရှင်လုပ်ရင် ကောင်းမလားဆိုတော့လည်း ဥပဒေနဲ့ဆိုင်တာတွေ၊ လေ့လာ ကျက်မှတ်ရမယ့် စာအုပ်တွေ အကြောင်း ပြောပြတယ်။ သားလည်း စိတ်ဝင်စားတယ်´ ဟု စမ်းချောင်း အထက ၄ စမ်းချောင်းက ကျောင်းသားလူငယ်က ပြောသည်။
 
`ယင်းပြပွဲတွင် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယသိပံ္ပဌာနမှ ဦးစီးကျင်းပသည့် အားကစား လှုပ်ရှားမှု အစီအစဉ်များသည်လည်း လူငယ်တို့ အကြိုက်ဖြစ်ခဲ့သည်။ အားကစားမယ်လေးများသည် မောပန်းသည်မထင်၊ ကြီးကြပ်သူများက ၀ီစီမှုတ်လိုက်သည်နှင့် အသင့်အနေအထားဖြင့် ပျော်ရွှင်သွက်လက် လျက်ရှိကြသည်။ ကျွန်မတို့ မမြင်ဖူးတဲ့ အားကစားနည်း တွေလည်း တွေ့ရပါတယ်။ ကိုယ့်ရွယ်တူ ကလေးတွေ သန်သန်မာမာ အဲဒီလို ခုန်ပျံနိုင်တာ မြင်ရတာ ကျွန်မတို့လည်း အဲလို ဖြစ်ချင်လာပါတယ်။ ဂျွမ်းဘားအားကစားထဲ ၀င်တော့မယ်´ ဟု ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးက ပြောသည်။
 
အဓိပဓိလမ်းတစ်လျှောက် ခင်းကျင်းပြသထားသည့် ပြခန်းများအနက် ဆေးရောင်စုံ အရည်များနှင့် နိုင်ငံတော် အလံများ ဖန်တီးထားသည့် ပြခန်းကိုလည်း ကျောင်းသားလူငယ်များ စိတ်ဝင်စားကြသည်။
 
`သူက သိပ်သည်းဆနဲ့ လုပ်တာပါ။ ရေ၊ ရေနံဆီ၊ ဆီ၊ ဆပ်ပြာရည် စတာတွေကို တစ်ခုချင်းစီ အရောင်ဆိုး ပုလင်းထဲထည့်လိုက်ရင် သူ့ရဲ့သိပ်သည်းဆကြောင့် အရည်တစ်ခုနဲ့ တစ်ခုမရောဘဲ သပ်သပ်ဆီ တစ်ရစ်ချင်းဖြစ် သွားတာပါ´ ဟု ပြခန်း တာဝန်ကျသူ အထက ၂ စမ်းချောင်းမှ ကျောင်းသူကလေးက ရှင်းပြသည်။ ကျောင်းသား လူငယ်လေးများသည် သိလိုသည်များကို အသေးစိတ် မေးမြန်းကြပြီး ၄င်းတို့အိမ်တွင် ပြန်လည်စမ်းသပ် လုပ်ကြည့်မည်ဟု ပြောသူများလည်းရှိသည်။
 
တက္ကသိုလ်တောင်တက်အသင်း၏ လက်တွေ့တောင်တက် သရုပ်ပြကွက်သည်လည်း လူငယ်တို့အတွက် စွန့်စား လေ့လာစရာ ပြကွက်ဖြစ်ခဲ့သည်။ ထို့နောက် ၇ လသားအရွယ် သန္ဓေသားလောင်း၏ ဆေးစိမ်ပြသထားသည့် ပြခန်းကိုလည်း လူငယ်များက စိတ်ဝင်စားခဲ့သည်။ `အမေ့ဗိုက်ထဲမှာ ၇ လဆို အဲလောက်ရှိ နေပြီပေါ့နော်´ ဟု အသက် ၂၀ အရွယ် မိန်းကလေးငယ်က ပြောသည်။ မိချောင်းဥ၊ မိချောင်းသားလောင်းများ၊ လူအရိုးများပြခန်း သည်လည်း လူငယ်တို့အတွက် အမြင်ထူးသည့်ပြခန်းများ ဖြစ်ခဲ့သည်။
 
အခရာ အမျိုးသမီးအဖွဲ့၏ အသိပေးလှုံ့ဆော်မှု ပြခန်းတွင်လည်း သွားရောက် နားထောင်နေကြသူ လူငယ် အများအပြားကို တွေ့ရသည်။ အခရာအမျိုးသမီးအဖွဲ့၏ အမျိုးသမီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဖဲကြိုးဖြူ လှုပ်ရှားမှုနှင့် သက်ငယ် မုဒိမ်းမှုပပျောက်ရေး အသိပေး လှုံ့ဆော်သည့် အစီအစဉ်များကြောင့် လူငယ်တို့သည် လူ့ဘောင် အဖွဲ့အစည်းကို ကာကွယ်လိုစိတ်များ ဖြစ်စေခဲ့သည်။ `ခုနက အဲဒီပြခန်းက ကြေညာသွားတယ်။ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း ၂၀၁၇ မှာ အမှုပေါင်း ၆၀၀ ရှိတယ်တဲ့။ ကျွန်တော့် ညီမလေးကို သေချာ စောင့်ရှောက်ရမယ်။ သက်ငယ်မုဒိမ်းမှုတွေကို အပြစ်ပေးလား၊ မပေးလား ကျွန်တော် ရှာဖတ်ဦးမယ်။ အမျိုးသမီး အကြမ်းဖက်မှုကလည်း တစ်ထောင်ကျော် ရှိတယ်တဲ့။ ကြောက်စရာ ကောင်းနေပြီ´ ဟု အသက် ၁၆ နှစ် အရွယ် နိုင်ငံတကာ ကျောင်းတစ်ခုမှ ကျောင်းသား လူငယ်လေးက ပြောသည်။
 
ယင်းပြပွဲတွင် ရန်ကုန်မြို့တော် အမှိုက်စွန့်ပစ် ထိန်းသိမ်းသည့် လုပ်ဆောင်မှုများကို သရုပ်ပြထားသည့် မော်တော်ယာဉ်ကို တွေ့ရပြီး မြို့တော်စည်ပင် သာယာဌာနမှ ၀န်ထမ်းများက အမှိုက်စနစ်တကျ ပစ်နိုင်ရေး လက်ကမ်း စာစောင်များ ဝေငှခြင်း၊ အမှိုက်ထိန်းသိမ်းသည့် စနစ်များကို ပညာပေးခြင်းများကို လုပ်ဆောင် ပေးနေသည်ကို တွေ့ရသည်။ ရန်ကုန်မြို့သည် နေ့စဉ် အမှိုက်တန်ချိန် ၁၅၀၀ ခန့် သိမ်းဆည်း နေရသည့်အတွက် နေရာလွတ်မရှိတော့ဘဲ အခက်အခဲဖြစ်နေကြောင်း၊ ထို့ကြောင့် အမှိုက်လျှော့ချနိုင်ရန်၊ အမှိုက် အစို၊အခြောက် ခွဲခြားနည်း၊ ပြန်လည် အသုံးပြုနိုင်သည့် အမှိုက်များ ခွဲခြားခြင်းတို့ကိုလည်း တာဝန်ကျ ၀န်ထမ်းများက ရှင်းပြပေးကြသည်။
 
ကျန်းမာရေးဝန်ကြီးဌာနက ပြသထားသည့် အများပြည်သူ ကျန်းမာရေး အသိပညာပေး ပြခန်းလည်း ပါဝင်ပြသသည်။ လူငယ်တို့သည် ကျန်းမာရေး ဗဟုသုများကို စိတ်ဝင်စားမှု အားနည်းနေသည့်အတွက် ပြခန်းတာဝန် ကျသူများက `လာပါ လာပါ ၀င်ကြပါ၊ ဆေးလိပ်ဆိုးကျိုးတွေ၊ အရက်ဆိုးကျိုးတွေ လာလေ့လာကြပါ။ သိသင့်သိထိုက်တာတွေ ရှင်းပြပေးပါမည်´ ဟု ပြခန်းသို့ ၀င်ရောက်လေ့လာရန် ဖိတ်ခေါ်ကြသည်။ ပြခန်းတာဝန်ကျသူတို့သည် လာရောက် လေ့လာသူများနှင့် မမောနိုင် မပန်းနိုင် ဆွေးနွေးတိုင်ပင်ပေးကြသည်။ သားဆက်ခြား ပညာပေးရေး အစီအစဉ်များကို ထိရောက် ရှင်းလင်းသည့် အသုံးအနှုန်းများဖြင့် လူငယ်များ နားလည်လွယ်အောင် လမ်းမှား မရောက်အောင် ရှင်းလင်းပြောပြကြသည်။ `အားလုံး နားထောင်ကြပါ ၊ အခုယောက်ျား ၊ မိန်းမ မယူသေးလည်း နောက်ဆိုရင် ဖြစ်လာတော့မှာမို့ သေချာ လေ့လာထားပါ။ ဒါက လမ်းမှားရောက်အောင် သင်ကြားပေးနေတာ မဟုတ်ပါဘူး။ မဖြစ်သင့်တာ မဖြစ်ရအောင် လမ်းညွန်ပေးတာပါ။ သန္ဓေတားတယ် ဆိုတာ လူသတ်တာ မဟုတ်ပါဘူး၊ ဖြစ်မလာ သေးတာကို တားဆီးပြီး ဘ၀တစ်ခုကို ကယ်တင်ပေးတာပါ၊ သားတို့သမီးတို့ နားလည်အောင် နားထောင်ပါ´ ဟု ပြခန်းတာဝန်ကျသူ ဆရာဝန် အမျိုးသမီးက နူးညံညင်သာသော စကားလုံး အသုံးအနှုံန်းများဖြင့် ပညာပေး ရှင်းလင်းပြသည်။
 
ယင်းပြခန်းတွင် ဆေးလိပ်နှင့်ကျန်းမာရေး၊ ကွမ်းစားခြင်း၏ အန္တရာယ်များ၊ ခြင်းအန္တရယ် ဂျပန်တုတ်ကွေးရောဂါ၊ မိခင်လောင်းတို့ နေထိုင်နည်းများ၊ ကူးစက်ရောဂါများ အကြောင်း အစရှိသည့် များပြားလှသည့် ပြည့်သူ့ကျန်းမာရေး ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကို ခင်းကျင်းပြသ ရှင်လင်းပြောကြားပေးကြသည်။ အရေးပေါ် သန္ဓေတားဆေးသည် မျှော်လင့်မထားသည့် အခြေအနေကြော့င့် ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးသည့် ဆေးဖြစ်ပြီး ပုံမှန်သောက်သုံးရန် မသင့်သည့် ဆေးဖြစ်ကြောင်းကို အထူးအလေးထား ပညာပေး ပြောဆိုသွားသည်ကို တွေ့ရသည်။
 
ယင်းပြခန်း တာဝန်ကျသူများသည် အခြားပြခန်းက သူများထက် ပိုမိုပင်ပန်းသည်ဟု ဆိုနိုင်သည်။ လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်တွင် လူငယ်များအတွက် သုတကိုသာမက အနုပညာရသများကိုပါ ပေးစွမ်းနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ လူငယ်များအတွက် ကျပန်းစကားပြောပြိုင်ပွဲများ၊ ပုံတူပန်းချီကား ရေးဆွဲခြင်း၊ ပို့စကတ်များ ရေးဆွဲခြင်း၊ တိုင်းရင်းသား ရိုးရာအကအလှ ဖျော်ဖြေမှု တင်ဆက်မှုများလည်း ပါဝင်ကြသည်။ ငြိမ်းချမ်းရေး ဂီတပွဲတော်မှ ဆန်ခါတင် စာရင်းဝင် ၅ ဦး၏ ဖျော်ဖြေမှုကလည်း စနစ်ကျ သပ်ရပ်မှုရှိသည်။ စာအုပ်တန်းအတွင်း မြန်မာ့စာပေလောက၏ အထွတ်အမြတ်ထားရာ စာရေးဆရာကြီးများ၏ စာအုပ်များကိုလည်း တွေ့ရသည်။ ဦးသန့် အရေးအခင်း စာအုပ်ကို ယခင်ဈေးနှုန်း ထက် ဈေးလျှော့ရောင်းသည်ကို တွေ့ရသည်။ လူငယ်များသည် စာအုပ်တန်း ၊ အားကစားတန်း၊ ၀ိဇ္ဇာသိပ္ပံ နည်းပညာပြခန်းများ၊ အနုပညာပြခန်းများ၊ စကားပြော ပြိုင်ပွဲများပါမကျန် လေ့လာသူများ ပြည့်နှက်နေခဲ့သည်။
 
ထူးခြားချက်မှာ ပြခန်းတာဝန်ကျသူများသည် ၀တ်ကျေတန်းကျေ ပြသနေခြင်း မဟုတ်ဘဲ မိမိတို့ဖန်တီး လေ့လာထားသမျှကို အိပ်သွန်ဖာမှောက် မမောမပန်းနိုင်အောင် စိတ်အားထက်သန်စွာ ရှင်းပြနေခဲ့ကြသည်ကို တွေ့ရသည်။ မိမိတို့ အနှစ်နှစ် အလလက စုဆောင်း ဆည်းပူးခဲ့သည့် ပညာရပ်များကို ပြသခွင့်ရသဖြင့် ပျော်ရွှင် အားတက်နေကြပြီး လေ့လာသူ လူငယ်များက စိတ်ဝင်တစား ကြိုက်နှစ်သက်မှု ရှိနေကြသည်ကိုလည်း ကျေနပ်အားရ ဖြစ်နေကြသည်။
 
ပြပွဲသို့ အသက် ၁၀ နှစ်အရွယ်မှစကာ အသက် ၂၀ ကျော်များအထိ လူငယ်များ လာရောက် လေ့လာကြပြီး လေ့လာသူများနှင့် ပါဝင်ပြသသူများ အားရကျေနပ်ဖွယ်ရာ ဖြစ်ခဲ့သည့် ပွဲဖြစ်သည်။ `ကျွန်တော်တို့က ဒီနေ့မှ ကျောင်းအားလို့ လာတာ ၁ ရက်တည်းလာတော့ သိပ်မစုံလိုက်ဘူး။ IQ နဲ့ EQ ဖြေတာ ၀င်မဖြေလိုက်ရဘူး၊ နောက်နှစ်တွေ ၃ ရက်လုပ်ရင် ၃ ရက်လုံး လာလေ့လာရမယ်´ ဟု အဝေးသင်တက္ကသိုလ်က မြန်မာစာပထမနှစ် ကျောင်းသားက ပြောသည်။
 
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.