အနောက်တိုင်း သက်ကြီးရွယ်အိုတို့၏ ဟာသများ // ထွန်းအောင်ကျော် (၇၄ မျိုးဆက်) //

စာဖတ်သူတို့ စိတ်ညစ်စရာတွေ ပျောက်ကွယ်ပြီး ရယ်မောပျော်ရွှင်စေ ဖို့ မြန်မာဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်။ တချို့ဟာသတွေက နည်းနည်းတော့ တွေးယူရပါတယ်။ အင်္ဂလိပ်စာ အားနည်းသူများအတွက် ခံစားနိုင်အောင် မျှဝေ ပေးလိုက်ပါတယ်။ အားလုံး ပျော်ရွှင်ကြပါစေ။
 
ပြန်လည်မွေးဖွားလာခြင်း
.
ပင်စင်ယူတဲ့ဌာနနားက သစ်ပင်တစ်ပင်အောက်မှာ သက်ကြီးရွယ်အို လူကြီးနှစ်ယောက်က ထိုင်နေကြတယ်။ တစ်ယောက်က သူဘေးက တစ်ယောက်ကိုလှည့်ပြီး -
 
“စလင်း ငါအခု ၈၃ နှစ်ရှိပြီ။ ငါ့မှာ အခုနာကျင်ကိုက်ခဲ မှုတွေနဲ့ ပြည့်နေ တယ်။ မင်းလည်း ငါ့အသက်အရွယ်လောက်ပဲ ရှိမယ်ဆိုတာ ငါသိပါ တယ်။ မင်းကော ဘယ်လိုခံစားရလဲ?”
 
လို့ မေးလိုက်တော့ စလင်းကပြန်ဖြေတယ် “ငါကတော့ အသစ်မွေးဖွား လာတဲ့ ကလေးတစ်ယောက်လိုပဲ” တဲ့။
 
“တကယ်! အသစ်မွေးဖွားလာတဲ့ ကလေးလို?” လို့ တစ်ယောက် က ပြန်မေးတယ်။ အဲဒီအခါ စလင်းက -
 
“အေးဟုတ်တယ် သွားလည်းမရှိဘူး၊ ဆံပင်လည်းမရှိဘူး၊ အခုတောင် ဘောင်းဘီထဲ သေးပေါက်ချလိုက်မိပြီလို့ ငါထင်တယ်။
*** *** ***
 
နှင်းဆီ
.
သက်ကြီးရွယ်အို စုံတွဲတစ်တွဲသည် အခြားအိမ်တစ်အိမ်က ညစာ ဖိတ်ကြားသဖြင့် သွားရောက် စားသောက်ကြသည်။ စားသောက်ကြ ပြီး နောက် မယားဖြစ်သူတို့သည် ထမင်းစား စားပွဲမှထ၍ မီးဖိုချောင်သို့ ထွက်သွားကြပြီး ကျန်နေတဲ့ ယောက်ျား နှစ်ယောက်က စကားပြော ဆိုနေကြသည်။
 
တစ်ယောက်က “ကျွန်တော်တို့ မနေ့က စားသောက်ဆိုင်တစ်ခုမှာ သွားစားကြတယ်၊ သိပ်ကောင်းတဲ့ဆိုင်ပဲ။ ကျွန်တော် ခင်ဗျားတို့ကို သွားစားသင့်တယ်လို့ ညွှန်းတယ်ဗျာ” ဟု ပြောသည့်အခါ
 
နောက်လူကြီးက “အဲဒီစားသောက်ဆိုင် နာမည်က ဘာလဲဗျ” ဟု မေးလိုက်သည်။ ပထမလူကြီးက စဉ်းစားနေရင်း အတော်ကြာမှ -
 
“ခင်ဗျားချစ်တဲ့သူ တစ်ယောက်ယောက်ကို ပေးတဲ့ ပန်းနာမည်ဗျာ ၊ ဘယ်လိုခေါ်လဲဗျာ။ ခင်ဗျားသိတယ် မဟုတ်လား ….. အဲဒီပန်းက အနီရောင်လေဗျာ၊ ပြီးတော့ ဆူးတွေလည်း ရှိတယ်” ဟု သူက ဆက်ပြောလိုက်တဲ့အခါ
 
နောက်လူကြီးက “ခင်ဗျားဆိုလိုတာ နှင်းဆီပန်းလား” ဟု ပြန်မေးလိုက်သည်။
 
“ဟုတ်တယ် အဲဒီပန်းကိုပြောတာ” ဟု ပထမလူကြီးက အားရဝမ်းသာနှင့် ပြန်ဖြေလိုက်ပြီးနောက် သူက မီးဖိုချောင်ဘက်သို့ လှည့်ပြီး
 
“နှင်းဆီရေ ငါတို့မနေ့ညက သွားစားတဲ့ စားသောက်ဆိုင်နာမည် ဘယ်လိုခေါ်လဲဟေ့” ဟု အော်မေးလိုက်သည်။
*** *** ***
 
ဆေးရုံဆင်းချိန်
.
ဆေးရုံဆင်းမည့် လူနာများကို ဆေးရုံ၏ စည်းကမ်းသတ်မှတ်ချက်အရ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်စေပြီး တွန်းခေါ်သွားရမည်ဟု သတ်မှတ်ထားသည်။ ကျောင်းသား သူနာပြုအဖြစ် အလုပ်လုပ်နေသော သူတစ်ယောက်သည် သက်ကြီးရွယ်အို အဖိုးကြီး တစ်ယောက် ကောင်းမွန်စွာ ဝတ်စားပြီး ကုတင်ပေါ်တွင် ထိုင်နေသည်ကို တွေ့ရသည်၊ အဖိုးကြီး၏ ခြေရင်းတွင်လည်း လက်ဆွဲသေတ္တာ တစ်လုံး ချထားသည်ကို တွေ့ရသည်။ အဖိုးကြီးက ဆေးရုံမှဆင်းရန်အတွက် ထိုသူငယ်၏ အကူအညီ မလိုအပ်ကြောင်း ငြင်းဆိုလိုက်သည်။ ထိုအခါ သူနာပြုလူငယ်က ဆေးရုံစည်းကမ်းများကို ပြောဆိုရှင်းပြခဲ့ရာ အဖိုးကြီးက သူနာပြုလူငယ်၏ ကူညီမှုကို ခွင့်ပြုလိုက်ပြီး ဘီးတပ်ကုလားထိုင်ပေါ်တွင် လိုက်ပါလာကာ ဓါတ်လှေကားဆီသို့ ထွက်လာခဲ့ကြသည်။ ဓါတ်လှေကားမှ ဆင်းလာကြသည့်အခါ သူနာပြုလူငယ်က အဖိုးကြီးကို “အဘမိန်းမက လာကြိုနေမှာလား” ဟု မေးလိုက်သည်။
 
အဖိုးကြီးက “ငါမသိဘူး၊ သူက အခုထိ အပေါ်ထပ်အိမ်သာခန်းထဲမှာ သူ့ဆေးရုံ အဝတ်အစားတွေကို လဲနေတယ်” ဟု ပြန်ပြောလိုက်သည်။
*** *** ***
 
မမေ့ရန် စာချရေးထားပါ
.
အသက် ၉၀ ကျော်အရွယ် လင်မယားစုံတွဲသည် သတိမေ့လျော့သည့် ပြသ၁နာကို နှစ်ယောက်လုံး ကြုံတွေ့နေရသည်။ ဆရာဝန်နှင့် ဆေးကျန်းမာရေး စစ်ဆေးပြီးနောက် သူတို့နှစ်ယောက်လုံး ကျန်းမာရေး ကောင်းကြောင်း၊ သို့ရာတွင် သတိမေ့လျော့ တတ်ခြင်းအတွက် ပြုလုပ်ရမည်များကို စတင်၍ စာချပြီး ရေးသားခြင်းဖြင့် သတိရစေမည် ဖြစ်ကြောင်း အကြံပြုလိုက်သည်။
 
ထိုညတွင် နှစ်ယောက်သား တီဗီကြည့်နေကြစဉ် အဖိုးကြီးက သူ့ထိုင်ခုံမှ ထလိုက်ပြီး
 
“မင်းဘာလိုသေးလဲ၊ ငါမီးဖိုချောင်ထဲကို သွားမလို့” ဟု အဖွားကြီးကို မေးလိုက်သည်။
 
“ကျွန်မအတွက် အိုက်စကရင် တစ်ခွက်လောက် ယူခဲ့ပါလား” ဟု အဖွားကြီးက ပြန်ပြောလိုက်သည်။
 
“အေးအေး၊ ရတာပေါ့ ငါယူလာခဲ့မယ်” ဟု အဖိုးကြီးက ပြန်ပြောလိုက်သည်။
 
“ရှင့်အနေနဲ့ ချရေးရင် ကောင်းမယ်ထင်တယ်၊ ဒါမှရှင်မှတ်မိမှာ” ဟု သူမက ပြောလိုက်သည်။
 
“မလိုပါဘူးကွာ ငါမှတ်မိပါတယ်” ဟု အဖိုးကြီးက ပြန်ပြောသည်။
 
“ကဲ၊ ဒါဖြင့် အိုက်စကရင်ပေါ်မှာ စတော်ဘယ်ရီတွေပါ ထည့်လာခဲ့ပါတော်၊ ရှင်မမေ့အောင် ချရေးပြီးမှ သွားပါလားတော့၊ ဒါမှသတိမမေ့မှာ” ဟု ထပ်မံသတိပေးသည့်အခါ
 
အဖိုးကြီးက “ငါမှတ်မိပါတယ်။ မင်းက အိုက်စကရင်ပေါ်ကနေ စတော်ဘယ်ရီ ဖြူးမယ်ဟုတ်လား” ဟု ပြန်ပြောသည့်အခါ
 
အဖွားကြီးက “ဒါဖြင့်လည်း အပေါ်ကမွှေထားတဲ့ ကရင်မ်ပါ ထပ်ပုံပြီး ထည့်လာခဲ့ပါ။ ကျွန်မထင်တယ် ရှင်မေ့သွားလိမ့်မယ်၊ ဒါကြောင့် ချရေးသွားပါ” ဟု ဆိုပြီး ထပ်မံသတိပေးသည့်အခါ
 
အဖိုးကြီးက စိတ်ဆိုးမာန်ဆိုးနှင့် “ငါသတိရပါတယ်၊ ငါချရေးစရာမလိုဘူး၊ မင်း အိုက်စကရင်ကို စတော်ဘယ်ရီဖြူးပြီး ကရင်မ်ကို အပေါ်ကထည့်မယ် ဟုတ်တယ် မဟုတ်လား” ဟု ပြန်ပြောပြီး မီးဖိုထဲသို့ တုံချိတုံချိနှင့် ဝင်သွားပါသည်။ မိနစ် ၂၀ ခန့်ကြာသည့်အခါ အဖိုးကြီးက မီးဖိုထဲမှ ပြန်လာပြီး သူ့မိန်းမကို ကြက်ဥကြော်နှင့် ဝက်ပေါင်ခြောက်ကြော် ထည့်ထားသည့် ပန်းကန်ပြားကို လှမ်းပေးလိုက်သည့်အခါ အဖွားကြီးက ပန်းကန်ပြားကို အတော်ကြာကြည့်နေပြီးမှ “ကျွန်မအတွက် ပေါင်မုန့်မီးကင် ဘယ်မှာလဲ” ဟု အဖိုးကြီးကို လှမ်းမေးလိုက်ပါသည်။
 
// ထွန်းအောင်ကျော် (၇၄ မျိုးဆက်) //
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.