Protocol နှင့် အဖြေရှာခြင်း // မောင်ဟစ် //

** ၁ **

အဖြေဆိုတာ Solution လို့ မောင်ဟစ်တို့ သင်္ချာဆရာက ပြောတယ်။ ဓာတုဗေဒဆရာကတော့ Solution ဆိုတာ ဖျော်ရည်တဲ့။ ဒါပေမဲ့ ဓာတုဗေဒဆရာပြောတာ သိပ်ပြီးအသုံးမ၀င်ပါဘူး။ မောင်ဟစ်တို့ လူမှုရေးနယ်ပယ်မှာတော့ Solution ဆိုတာ အဖြေလို့ သဘောပေါက်တဲ့သူတွေ များတယ်။

လူမှုရေးနယ်ပယ်ဆိုတာ ကျယ်ပြန့်တယ် မဟုတ်လား။ ပြသ၁နာ ( problems ) တွေ အများကြီးရှိတယ်။ ဒီအတွက် အဖြေ (solution) တွေ လိုတယ်။

** ၂ **

မောင်ပိန်တို့ သူငယ်ချင်းအချို့ ကျောင်းကားစီးကြတယ်။ ကျောင်းကားဆိုတာ တစ်ယောက်က မတည်ပြီး သူငယ်ချင်းတွေ စုပေါင်းကျောင်းကိုသွားကြတာ မျိုးပါ။ ကားတာယာပွန်းတာတွေ၊ ဓာတ်ဆီဖိုးတွေကို မျှဝေကြတာပါ။ ဒါပေမဲ့ တစ်ခါတစ်ခါတော့လည်း ကားရှိတဲ့ သူငယ်ချင်း တစ်နေရာသွားစရာရှိတော့ ကျန်တဲ့ သူတို့တစ်တွေ ကျောင်းမသွားတာ မျိုးလည်း ရှိတယ်။

ဒီနေ့တော့ မောင်ပိန် ထူးထူးဆန်းဆန်း ကျောင်းသွားတက်ဖြစ်တယ်။ အသွားက လမ်းကြုံကားတစ်စီးနဲ့ လိုက်သွားတယ်။ ကျောင်းဆင်းတော့ ဘတ်စ်ကားစီးတာပေါ့

YBS ဆိုပါတော့။ YBS ဆိုပါတော့ ကားတိုက်တယ်။ ရွှေညောင်ပင်အနီး ထောက်ကြန့်၊ ပြည်လမ်းပေါ်မှာ ကားတိုက်တယ်။ လူ ၁၀ ယောက်သေတယ်။ ၃၀ ကျော် အပြင်းအထန် ဒဏ်ရာရတယ်။ တယ်ဆိုးပါလား။ မောင်ပိန် အပြန်လမ်း။ YBS ကြီးစီးလို့။ မောင်ပိန့်ကို ကျောင်းကားဆွဲသူ သူငယ်ချင်းဘခက်က တယ်လီဖုန်းဆက်တယ်။ မောင်ပိန်က လက်ကိုင်ဖုန်းက နားထောင်တယ်။

`သူငယ်ချင်းရာ ဆောရီးပဲ။ ငါ စုထွေးနဲ့ သံလျင်သွားနေလို့´

`အေးပါကွာ။ ငါ ဘတ်စ်ကားစီးရတာလည်း အဆင်ပြေပါတယ်´

`အေးပါကွာ သူငယ်ချင်း၊ ဒီနေ့ညနေ မင်းကို ဘီယာတိုက်မယ်ကွာ´

`တိုက်တိုက် တိုက် …´

ဖုန်းသံတိတ်သွားသည်။ သူငယ်ချင်းက မောင်ပိန့်ဆီက ဒီအသံကို နောက်ဆုံးကြားသတဲ့။ ဒီကောင် ဘီယာတိုက်မယ်ဆိုတာကို တိုက် တိုက် တိုက် ဘာလို့ပြောသွားလဲ ဆိုတာ ယနေ့အထိ စဉ်းစားလို့မရဘူးတဲ့။

** ၃ **

ဒီယာဉ်တိုက်မှုက ဒီနှစ်အတွင်း အဆိုးရွားဆုံးပဲတဲ့။ တကယ်တော့ ပြောတဲ့သူတွေက ပြောတာပါ။ သိတော်မူကြတဲ့အတိုင်း မြန်မာပြည်မှာ ဒေတာအတိအကျ ဘာမှမရှိတာပဲ။ ဘယ်ဟာက ပိုဆိုးလဲ။ မသိကြပါဘူး။ တလောက ဇူလိုင် ၁၁ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူဦးရေနေ့ ကျင်းပပြုလုပ်တယ်။ ကမ္ဘာ့လူဦးရေ တိတိကျကျ (သန်းပေါင်း ၇၄၀၀) ဆိုတာကို သိပေမယ့် မြန်မာလူဦးရေ သန်း ၅၀ လား၊ သန်း ၆၀ လား တိတိကျကျ မသိဘူးဗျ။ ဒါဟာလည်း မောင်ဟစ်တို့ မြန်မာတွေ၊ တို့မြန်မာတွေ တော်တဲ့အချက်ကို ပြတာပဲ။ ဒေတာအတိအကျ ဘာမှမရှိတာတောင် တိုင်းပြည်ကို အုပ်ချုပ်နိုင်တယ်။ ထားပါတော့ ဒီလိုတော်တဲ့ မြန်မာတွေ ယာဉ်တိုက်မှုကို ဘယ်လိုဖြေရှင်းမလဲ။

လွယ်လွယ်လေးပါပဲ။ အမှတ် ၅၅ လိုင်းကို ဖယ်လိုက်တာပဲပေါ့။ ၅၅ လိုင်းဆိုတာ ရာဇ၀င်ထဲမှာ နေရစ်ခဲ့ပေတော့။ Remove the cause တဲ့။ ဖြစ်တဲ့အကြောင်းကို ဖယ်လိုက်တာပဲ။ လောဂျစ်အရ ပြောရရင်

၅၅ လိုင်း ဆုတာရှိတယ်။

ဒါကြောင့် ကားတိုက်တယ်။

၅၅ လိုင်းကားတွေ မတိုက်ဖို့ ၅၅ လိုင်းကိုဖယ်တယ်။

ကောင်းလိုက်တဲ့အကြံ။

၅၅ လိုင်းမရှိသ၍ ကမ္ဘာတည်သ၍ ၅၅ ကားလိုင်း ယာဉ်တိုက်မှုမဖြစ်တော့ပါ။

ဘယ်လောက် ကောင်းထားလဲ။ မောင်ဟစ်သည် အတော်လေး သဘောကျသွားတာပေါ့။

** ၄ **

ဒီလိုဖယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ သတိရတုန်း မောင်ဟစ်ဖတ်ဖူးတဲ့ ဟာသတစ်ခုကို ပြောပြမယ်။ ပီတာလေးဟာ ရုန့်ရင်းတဲ့စကားတွေကို အမေ့ရှေ့မှာ ပြောသတဲ့။

ဒီတော့ မိခင်က `သားရယ် ဒီလိုမပြောရဘူး။ ဒါတွေဟာ မကောင်းတဲ့စကား (bad words) တွေလို့ ဆုံးမတယ်´

ပီတာလေးက `အမေရယ်၊ ဒီစကားဟာ သိပ်ကြီးတော့လည်း မဆိုးပါဘူး။ ရှိတ်စပီးယားတောင် ဒီလိုသုံးတာပဲ´

`ဟင်၊ ဟုတ်လား။ သားရယ် နောက်ဆိုရင် ရှိတ်စပီးယားနဲ့ သွားမကစားနဲ့တော့´ တဲ့။

ဟုတ်သားပဲ။

နောက်ဖယ်နိုင်တဲ့ နည်းကျတော့ အမည်တွေ နံပါတ်တွေ ပြောင်းလိုက်တာပါပဲ။ ဥပမာ ရန်ကုန်မြစ်ထဲမှာ တိုးအေးသင်္ဘော မြုပ်တယ်။ အတိအကျပြောရင်တော့ တွံတေး တူးမြောင်းမှာ မြုပ်တာပေါ့။ ဒီသင်္ဘောဟာ ဂျပန်စစ်လျော်ကြေးနဲ့ ရထားတဲ့သင်္ဘော။ မန်ချက်စတာက ထုတ်တယ်။ တကယ်တော့ မန်ချက်စတာမှာ သင်္ဘောရှိပေမယ့် မြစ်ကျဉ်းလေးပဲ ရှိတယ်။ ပေ ၅၀ လောက်ရှိတဲ့ မြစ်လေးပါ။ ဒါပေမဲ့ ဒီမြစ်ကို အမှီပြုပြီး သင်္ဘောတွေ ဆောက်တယ်။ ဆောက်တဲ့ သင်္ဘောဟာလည်း တစ်ခါတစ်ခါ မှောက်တာပေါ့။

မြန်မာကတော့ မှောက်တဲ့သင်္ဘော ပြန်ဆယ်၊ သံချေးခေါက်၊ ဆေးပြန်သုတ်တယ်။ ပြီးတော့ တိုးအေးဆို လူတွေကြောင်မှာစိုးလို့ တိုင်းအောင်တို့၊ တိုးလူတို့၊ တိုင်းအေး၊ တက်တိုး စတဲ့ နာမည်တစ်ခုခုကိုပြောင်းလိုက်တာပေါ့။

ဒါလည်း ကောင်းတယ်။

ခုလည်း ၅၅ လိုင်းကို ဖျက်တာပေါ့။ နောက်လိုင်းတစ်လိုင်း တိုးပေါ့။

ဘာခက်တာမှတ်လို့။ ဆိုင်းဘုတ်မှာ ထုံးစံအတိုင်း ၀ိုင်ဘီအက်စ်ကို အလယ်မှာထားပြီး ဘေးနှစ်ဖက် နံပါတ်လေးတွေ ရေးတာပဲ။ တယ် ဟုတ်ပါလား။ မြန်မာတွေသာ စီးတဲ့ကားဆိုတော့ နံပါတ်ကို မြန်မာလိုပဲ ထိုးတာပေါ့။ လိုင်းနံပါတ် ၁၅၅ ဒါမှမဟုတ် ၅၅၁ လုပ်ရင် ရှေ့/နောက်က ဂဏန်းတစ်ခု ထည့်လိုက်ရုံပဲ။ ကြိုက်တာထည့်ပါ။ မကြိုက်ဘူးလား။ ၅ ရဲ့အပေါ်ပိုင်းကို ဖျက်ရင် ၂ ဖြစ်သွားတယ်။ အောက်ပိုင်းဖျက် အမြီးလေးဆွဲထည့် ၇ ဖြစ်သွားတာပဲ။ လူတွေက စွဲလန်းတတ်တယ်။ ဒါကို တာဝန်ရှိသူက ကူညီတာပေါ့။

** ၅ **

ဤသို့သော ဖြေရှင်းနည်း အမျိုးမျိုးကို မောင်ဟစ် မှတ်တမ်းတင်ထားပါတယ်။ Remove the cause ဆိုတာက ဆေးပညာ အသုံးအနှုန်းပါပဲ။ ဆေးလိပ်သောက်တယ်၊ သွေးကြော ပိတ်တယ်။ ခြေထောက် ပုတ်သွားတော့မယ်။ ဆေးလိပ်ဖြတ်မလား၊ ခြေထောက် ဖြတ်မလား။

ဆေးလိပ်နဲ့ ကျန်းမာရေး သင်ကြိုက်တာ ရွေးဆိုတဲ့ စကားရှိပါတယ်။ ခြေထောက်ကိုဖြတ်တာကို ရွေးချယ်တဲ့သူတွေ တကယ်ရှိတယ်။

လက်နက်နဲ့ ငြိမ်းချမ်းရေးကော။

သူတို့ကြိုက်တာ သူတို့ရွေးခဲ့ကြတယ်။ အကြောင်းတွေတော့ ရှိတယ်။ cause ဆိုတဲ့ အကြောင်းကိုဖယ်မှ အကျိုးရှိမယ်။ ရွေးချယ်စရာတွေ ရှိတာကိုလည်း သတိထားကြဖို့ လိုတယ်။ မြန်မာပြည်မှာ ရွေးချယ်စရာအတွက် များများတော့ မရှိပါဘူး။ လယ်မလုပ်ဘဲ နိုင်ငံခြား အလုပ်သွားလုပ်သူတွေလည်း အများကြီးပါပဲ။

ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မအတွေးဟာလည်း ဒီအတိုင်းပါပဲ။ သူသေ၊ သူနာ၊ သူအို၊ ရဟန်း တို့ကိုမြင်တယ်။ အိုနာသေ ဆိုတာ လောကမှာရှိတယ်။ ဒါဆိုရင် အိုခြင်းကင်းရာ၊ နာခြင်းကင်းရာ၊ သေခြင်းကင်းရာလည်း ရှိရမယ်။ အဲဒီလို ကင်းရာကိုသွားတဲ့ လမ်းလည်းရှိမယ်လို့ တရားဓမ္မကို ရှာခဲ့တာပါပဲ။ ဒီလိုရှာတဲ့အခါ ကျင့်ကြံနေထိုင်နည်းကို တွေ့တယ်။ ပြီးတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းရာ နိဗ္ဗာန်ကိုလည်း တွေ့ခဲ့တယ်။ မောင်ဟစ်တို့ မသေ၊ မနာ၊ မပျက်စီးဘူးလို့ ယူဆတာကိုး။

** ၆ **

ဒါနဲ့ပတ်သက်ပြီး ဒစ်ပလိုမက် (Diplomat) တွေ လိုက်နာရမယ့် တာဝန်လေးတွေကို သတိရလို့ မျှဝေတာပါ။

Protocol ကို ပြောတယ်မထင်ကြပါနဲ့။

သံတမန်တစ်ယောက်ဟာ ဖြစ်နိုင်ပါတယ်လို့ ပြောရင် သူသဘောတူတာကို ပြောတာ။ May be ဆိုတာနဲ့ Perhaps ဆိုတာတောင် မတူဘူး။

`ကျွန်တော် စဉ်းစားပါဦးမယ်´ ဆိုရင် သူ လောလောဆယ် လက်မခံသေးတာကို ပြောတာ။

`ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့´ ဆိုရင် အဖြေကနီးစပ်လာပြီ။

`ဟင့်အင်း သို့မဟုတ် ဟုတ်ကဲ့´ ပြောရင် သူဟာ ဒစ်ပလိုမက် (Diplomat) မဟုတ်တော့ဘူး။ သံတမန် မဟုတ်တော့ဘူးပေါ့။ ဒီအတိုင်းပဲ။

အမျိုးကောင်းသမီးပျို တစ်ယောက်ဟာ `ကျွန်မ မချစ်နိုင်ဘူးဆိုရင် အလားအလာတော့ ရှိသေးတယ်´

`ရှင့်ကိုမစဉ်းစားဘူး ဆိုရင်တော့ နောက်ဆုတ်သင့်တယ်´

`အဖြေပေးဖို့ သိပ်ကိုစောလွန်းတယ်လို့ မထင်ဘူးလား´

ဒါဆို အလားအလာ ကောင်းနေပြီ။

`ရှင် ကျွန်မကို ဘာထင်လို့လဲ´

`ကျွန်မလက်ခံပါတယ်´

ဒါမျိုးပြောရင်တော့ အမျိုးကောင်းသမီးပျို မဟုတ်တော့ဘူးတဲ့။

အင်း၊ တကယ်တော့ ဒါတွေက Protocol တော့ မဟုတ်ပါဘူး။ မောင်ဟစ်တို့ မင်းပရိယာယ်တွေလို့ သိထားတာတွေကို ဆွေးနွေးကြည့်တယ်။

ပန်းပဲမောင်တင့်တယ် အကြောင်း သတိရတယ်။

တကောင်းဘုရင်ကြီးဟာ မောင်တင့်တယ်ကို ဖမ်းခိုင်းတယ်။ ဖမ်းလို့မရဘူး။ ဒါနဲ့ မောင်တင့်တယ်ရဲ့ နှမ စုမြတ်လှ (အမည်ကိုတော့ သည်းခံပါ။ မောင်ဟစ်မေ့နေလို့ ဖတ်ကောင်းအောင် ထည့်လိုက်တာပါ) ကို တော်ကောက်ကာ လက်ထပ်တယ်။ ပြီးတော့ မောင်တင့်တယ်ကို စစ်သူကြီး ရာထူးပေးမယ်ဆိုပြီး ခေါ်ခိုင်းတယ်။

မောင်တင့်တယ် ရောက်လာတော့ ဖမ်းပြီး ဖိုကျင်ထိုးလို့ သတ်တယ်။

ဒါကို ပညာရှင်တွေက စာရေးတယ်။ `မင်းပရိယာယ် ငတင့်တယ်၊ နားဝယ်မလယ်ရှာ´ တဲ့။

ပရိယာယ်ပေါ့။ Protocol တော့ မဟုတ်ပါဘူး။

ဒီအပတ်တော့ မောင်ဟစ်သတိရတာလေး စိတ်ထဲရှိတာကို ရေးပြတာပါပဲ။

မောင်ဟစ်
The Ladies News

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.