|| ေ ဆ ာ င်း ဖြူ ||

ပါတီတွေ လှိုင်လှိုင်ပေါများလာတဲ့ ခေတ်မှာ ကိုရင်စာကလေးလည်း
"ပြည်သူ့သဘောထားပါတီ" ရဲ့ အမာခံ ပါတီဝင်တစ်ဦး ဖြစ်လာတယ် ။
နေ့တိုင်းနေ့တိုင်း ပါတီရုံးသွားလိုက်၊ ပါတီလူကြီးတွေခိုင်းတဲ့ လက်တိုလက်တောင်း
အလုပ်ကလေးတွေ လုပ်လိုက်၊ ပါတီက ကျွေးတာလေး စားလိုက်၊ သူတို့ပြောတဲ့
အောင်နိုင်ရေး ပလန်ကြီးတွေကို သရေကျလိုက်နဲ့ အတော်ကို ဟုတ်လို့ ။

အဲဒီလို ဟုတ်နေရင်းနဲ့ ကိုရင်စာကလေးမှာလည်း အိပ်မက်တစ်ခု ထုနဲ့ထည်နဲ့
ဖြစ်လာတယ် ။ အဲဒါက သူလည်း အမတ်လုပ်ချင်လာတာ ဖြစ်တယ် ။
ပြောမယ့်သာ ပြောရတယ် ၊ သူတို့ပါတီက ကိုယ်စားလှယ်လောင်းတွေ
ရွေးကောက်ပွဲ နှစ်ကြိမ် ၀င်ဖူးပေမယ့် တစ်ယောက်မှ ရွေးချယ်ခံရတာမျိုး မရှိဘူး ။
ဒါပေမဲ့ ခပ်တည်တည်ပဲလေ ။ နီးစပ်ရာကို ဆွဲဆောင်သိမ်းသွင်းရင်း
ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်လို့ အာဘောင်အာရင်း သန်သန်
တော်ကီလွှတ်လို့ပေါ့ ။ လောင်းကစားသမားနဲ့တွေ့ရင် ကာစီနိုကြီးတွေ တရားဝင်
ဖွင့်ခွင့်ရအောင် လုပ်ပေးမယ် ၊ အပျော်အပါး လိုက်စားသူနဲ့တွေ့ရင် ခွက်ပုန်းရော
ပက်ပုန်းလိုပါ ဖြစ်အောင် အဆိုတင်သွင်းပေးမယ် ဘာညာသာရကာ အစုံပါပဲ ။

အဲဒီလို အနေအထားမှာ ကိုရင်စာကလေးက သူ့ကိုလည်း
ကိုယ်စားလှယ်လောင်းစာရင်း လျာထားပါလို့ ဆိုလာတော့ သူတို့တောင်
ဖင်ထိုင်ခုံ မရသေးဘူး ၊ ခုံလုမယ့် တစ်ကောင်တော့ နောက်ဖေးချောင်က
ပေါ်လာပြီဆိုပြီး လူကြီးတွေ မျက်လုံးပြူးကုန်ကြတယ် ။ ကိုရင်စာကလေးက
သူ့ကိုယ်ရေး အကျဉ်းတောင် ကြိုလုပ်ထားလိုက်သေးရဲ့ ။

ပြည်သူ့သဘောထားပါတီ
……………………………..
ကိုယ်စားလှယ်လောင်းအမည် - ဦးသန်းစိန် ( ခ ) ကိုရင်စာကလေး
အသက် - ၃၅ နှစ်
ပညာအရည်အချင်း - B . E . H . S ( 1 ) ကျောင်းထွက်
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ - ၈၈ အရေးတော်ပုံကို မျက်ဝါးထင်ထင်မြင်ဖူးခဲ့ ။
၉၆ အရေးအခင်း ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလများတွင်လည်း
ရှေ့ဆုံးနားမှ လမ်းလျှောက်ခဲ့ ။ ကိုယ်တိုင် လက်သီးလက်မောင်းတန်းခဲ့ ။
လက်ရှိအလုပ်အကိုင် - အရင်းနည်း ၊ အမြတ်များမည့် လုပ်ငန်းကို တီထွင်ကြံဆနေ ။
စံပြပုဂ္ဂိုလ် - ပါတီဥက္ကဋ္ဌ
နေရပ်လိပ်စာ - လက်ရှိနေသည့်အိမ်
ဖုန်း - ၀၉ ၂၆ ……….. ( မိဘဖုန်း )
၀၉ ၉၇ ……….. ( ကိုယ်ပိုင်ဖုန်း )
၀၉ ၇၉ ………… ( ညီဖုန်း )
ကိုရင်စာကလေး စိတ်ထဲရှိသလို လျှောက်ရေးထားတာတွေကို ဖတ်ကြည့်ပြီး
လူကြီးတွေ ဘာပြောရမှန်းမသိ ဖြစ်ကုန်ကြတယ် ။ တစ်ယောက်က " မင်းနာမည်က
ငါတို့သိတာ မွေးကတည်းက စာကလေး မဟုတ်ဘူးလား ၊ ဘယ်လိုကြောင့်
ဦးသန်းစိန် ဖြစ်နေရတာလဲ " ဆိုတော့ သူကြိုက်တဲ့ နာမည်နှစ်ခုကို ပေါင်းထားတာ ၊
နောက်မှ မုန့်ကျွေးပြီး တရားဝင်ပြောင်းမယ်ဆိုပဲ ။ လူကြီးတွေ ခေါင်းကုတ်ဖင်ကုတ်
ဖြစ်နေကြပေမယ့် ပါတီဥက္ကဋ္ဌကတော့ ကျိတ်ကျေနပ်နေတယ် ။ ကျေနပ်ဆို
စံပြပုဂ္ဂိုလ်နေရာမှာ သူ့ ထည့်ထားတာကိုး ။ ကိုရင်စာကလေးတို့က အဲ့သလို ။ ဒါပေမဲ့
ဥက္ကဋ္ဌကိုယ်တိုင် ဒီကိစ္စကို ဘယ်လိုရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ် ။

ဒီမှာတင် သူတို့ထဲက ပြောတတ်ဆိုတတ် နှစ်သိမ့်တတ် ၊ မျှော်လင့်ချက်ကို
ကြိုးရှည်ရှည်နဲ့ လှန်ထားတတ်တဲ့ စည်းရုံးရေးမှူးကြီးက -

"စာကလေး ၊ မြင့်မားတဲ့ မောင်ရင့် ရည်ရွယ်ချက်ကိုတော့ သဘောကျသွားပြီ ။
လူဆိုတာ ရပ်မနေရဘူး ။ ဒီလိုပဲ အမြင့်ကိုလှမ်းနေရမှာပေါ့ ။ ကောင်းတယ် ။
ငါတို့ပါတီမှာ မင်းလို ကိုယ်စားလှယ်လောင်းတွေ လိုအပ်တယ် ။ ဒါပေမဲ့
စာကလေးရေ ၊ ခုရေတွင်းတူး ခုရေကြည် သောက်ချင်လို့တော့ မရဘူးကွဲ့ ။ မင်းမှာ
ဝမ်းစာတွေ ဖြည့်တင်းရဦးမယ် ။ မင်း ဒီငါးနှစ်မှာ အသင့်ပြင်ဆင်ထားရမယ် ။ ဒါမှ
နောက်ငါးနှစ်ဆို ပြည်သူဆီမှာ မှတ်ကျောက် အတင်ခံနိုင်ဖို့ ရယ်ဒီ ဖြစ်နေမှာပေါ့ကွာ"
လို့ ဆိုတော့ ကိုရင်စာကလေးက မျက်လုံး ကလယ်ကလယ်နဲ့ လက်ခံကြောင်း
ခေါင်းညိတ်တယ် ။

ဒီတော့မှ စည်းရုံးရေးမှူးကြီးလည်း ငါးနှစ်စာ နားပူသက်သာလည်း မနည်းဘူးဆိုပြီး
ရင်ဝက အလုံးကြီး ဖလွတ်ခနဲ ကျသွားတော့တယ် ။ ဒါနဲ့ပဲ ကိုရင်စာကလေး
တစ်ယောက် ဟိုသူညွှန်း ဒီသူညွှန်းတဲ့ စာအုပ်တွေ လျှောက်ဖတ် ( ဖတ်တာမှအစုံပဲ၊
နိုင်ငံရေး စာပေတွေအပြင် သမိန်ပေါသွပ်ကအစ အခြေခံဥပဒေ စာအုပ်အထိ
ကုန်ရော ။ ဘာအမြင် ညာအမြင်တွေလည်း ရှိသင့်တယ် ကြားမိတော့
ပြန်ကြားရေးက စစ်ပြန်မဂ္ဂဇင်း အဟောင်းတွေ မွှေနှောက်ပြီး ဖတ်လိုက်သေးတယ် ။
ဒါတောင် လူရွှင်တော် ဇာဂနာညွှန်းထားတဲ့ How to win an election ?
စာအုပ်ကော ရနိုင်မလားလို့ ပါတီက လူကြီးတွေကိုတွေ့တိုင်း မေးနေတော့ သူ့ကို
ဘာပြန်ဖြေရမှန်းမသိ ဖြစ်ကုန်ကြတယ် ။ စည်းရုံးရေးမှူးကြီးက ဒီစာအုပ်
ဒိတ်အောက်သွားပြီကွလို့ ခပ်တည်တည် ဖိန့်လိုက်တော့မှ ထပ်မမေးတော့ဘူး ) ၊
ဟိုတုန်းက ဆိုရှယ်လစ် ၊ ကွန်မြူနစ် ၀ါဒအစုံ ဘိုးအေကြီးတွေဆီမှာ နည်းနာခံ ၊
ပြီးတော့ ပါတီကဖွင့်တဲ့ မြို့နယ်သင်တန်းလေးတွေကို လိုက်တက်နဲ့ ယားနာတောင်
သူ့ဆီ မပေါက်ရဲတော့ပါဘူး ( ပေါက်လည်း သူက ကုတ်မှ မကုတ်နိုင်တော့တာကိုး )

အချိန်ကလေး နည်းနည်းကြာလာတော့ ကိုရင်စာကလေးလည်း ရပ်ထဲရွာထဲမှာ
နိုင်ငံရေး အသုံးအနှုန်းကလေးတွေ ၊ စကားလေးတွေ သုံးတတ် ပြောတတ်လာပြီ ။
ပြိုင်ဘက် ပါတီတွေကိုလည်း ဝေဖန်တတ်လာပြီ ။ ရပ်ကွက်ထဲ သာရေးနာရေးရှိလို့
လူနည်းနည်းစုမိရင် "ကျွန်တော်က ပြည်သူတောင်းဆိုလာတဲ့ တစ်နေ့ကျရင်
အမတ်ဝင်ရွေးခံမလား စဉ်းစားနေတယ် ။ ဒီခေတ်မှာ ပြည်သူ့အတွက် အလုပ်လုပ်တဲ့
အမတ်တွေ လိုအပ်နေပြီဗျ။ အိပ်ချင်ရင် အိမ်မှာပဲအိပ်နေ ၊ လွှတ်တော်ထဲတော့
ဝင်မလာနဲ့ " ဆိုတဲ့ စကားမျိုးတွေကို ဂျာနယ်တွေ စာစောင်တွေထဲက
အလွတ်ကျက်ပြီး ပြောစပြုလာပြီ ။

လူရင်း ဘော်ဒါတစ်ယောက်ကတော့ "စာကလေး မင်း ပြည်မြို့သူကို
ရအောင်ရှာယူကွ ။ ဒါမှ မင်းမိန်းမ ပြည်သူက ကိုစာကလေး ၊ တော်
လွှတ်တော်အမတ် လုပ်ပါလား ၊ တစ်လ ဆယ်သိန်းကြီးများတောင် ရမှာဆိုပြီး
မင်းကို တောင်းဆိုမှာပေါ့ကွ၊ ဟီးဟီး စတာဘာ စတာဘာ " လို့
ပြောင်ပြောင်နောက်နောက် ပြောဖူးတယ် ။ သူ့မှာ စိတ်ဆိုးရအခက် ၊ ရယ်ရအခက် ။

တချို့ကတော့ သူ့ကို စာတွေ့တွေနဲ့ပဲ ပြီးမနေနဲ့ ၊ စာတွေ့ကို လက်တွေ့
အသုံးချဖို့လည်း လိုသေးတယ် ၊ လွှတ်တော် အမတ်လောင်းဆိုတာ
အများသဘောပေါက်အောင် ပြောတတ်ဆိုတတ် ၊ စည်းရုံးတတ်ဖို့ လိုတယ် ။
အမတ်ဖြစ်သွားရင်လည်း ပြည်သူ့အကျိုးကို သယ်ပိုးတတ်ဖို့လိုတယ် ဆိုပြီး
စေတနာလား ၊ ကျပ်တာလားမသိတဲ့ အကြံတွေ ပေးပြန်တော့ သူ့မှာ
ကောင်းနိုးရာရာတွေကို လိုက်လုပ်ရပြန်တယ် ။

ဒါပေမဲ့ လက်တွေ့လုပ်ကြည့်တော့ အခက်သားပါလားဆိုတာ ကိုရင်စာကလေး
သိလာတယ် ။ ရပ်ထဲရွာထဲ လူထူတုန်းသာ တစ်ခွန်းစ နှစ်ခွန်းစ ၀င်ပြောလို့ရတာ ၊
လက်ဖက်ရည်ဆိုင်တို့ ၊ ရပ်ရွာပွဲတို့မှာ သူ သီးသန့်ပြောဖို့ဆိုတာ
မလွယ်ရေးချ မလွယ်။ သူ့လို လူတစ်ယောက် အတွက်ကလည်း ရပ်ရွာပွဲတွေမှာ
စင်မြင့်ပေါ် တက်ဖူးတာဆိုလို့ ဆောင်းဘောက်သယ် ၊ ခုံသယ်ရင်းနဲ့သာ
တက်ဖူးရှာတာ ။ မိုက်ရှေ့သွားပြီး ဟယ်လို ..တက်စတင် .. ၀မ်းတူးသရီးတောင်
လုပ်ဖူးတာမဟုတ်ဘူး ။

ဒါပေမဲ့ ကိုရင်စာကလေး အားမလျှော့ပါဘူး ။ အနီးအနားက ကလေးတစ်အုပ်ကို
မုန့်ဖိုးပေးပြီး ရပ်ကွက် ကလေးဘောလုံးကွင်းထဲမှာ ဟောပြောစည်းရုံးရေး
ပထမအဆင့်ကို စလိုက်တယ် ။ ဒါပေမဲ့ ဒီကောင်တွေအပေါ် သူသြဇာညောင်းရင်
တကယ် အရွေးခံမယ့်နှစ်တွေဆို အကျိုးထူးနိုင်တယ်ဆိုတဲ့ အတွေးနဲ့ စလိုက်တဲ့
ဇာတ်လမ်းဟာ မုန့်ဖိုးငါးသောင်း ထွက်သွားတဲ့အချိန်မှာပဲ အဆုံးသတ်
သွားတော့တယ် ။ ဒီကြားထဲ ငထိန်ဆိုတဲ့ ငတိလေးတစ်ကောင်က သူပေးတဲ့
ငါးရာတန်တစ်ရွက် ပြဲနေတယ်ဆိုလို့ အောင့်သက်သက်နဲ့
ပြန်လဲ ပေးလိုက်ရသေးတယ် ။

ကိုရင်စာကလေးတစ်ယောက် ဒီလို အလွဲလွဲအချော်ချော်တွေ ၊ စာတွေ့လက်တွေ့
ကွာဟမှုတွေနဲ့ နပန်းသတ်နေတုန်းမှာပဲ ဒီငါးနှစ်သက်တမ်းရဲ့ အထွေထွေ
ရွေးကောက်ပွဲ ကျင်းပရက် နီးကပ်လာတော့ သူတို့ " ပြည်သူ့သဘောထားပါတီ " ရဲ့
ကိုယ်စားလှယ်လောင်းတွေလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်ပယ်တွေမှာ
ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွေနွှဲဖို့ အချိန်ကျရောက်လာခဲ့တယ် ။

ဒီလို ကျရောက်လာတဲ့အခါ သူတို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းကြီးတွေက
"ငါတို့ကို ၀န်းရံကြပါဦး ဒုံး ဒုံး" ဆိုတော့ ကိုရင်စာကလေးလည်း သူဖတ်နေတဲ့
ဘုတ်အုပ်ကြီးတွေ ပစ်ချပြီး သူတို့ကို ၀ိုင်းရ၀န်းရတာ လက်တွေ့ပိုကျပါတယ်
တွေးရင်း တဒုံးဒုံးနဲ့ ၀န်းရံဖို့ ပြင်ဆင်ရပါတော့တယ် ။

ဒီအခါမှာ ပါတီက အရစ်ကျနဲ့ ရောင်းပေးထားတဲ့ ၀တ်စုံလေးကို အရေးတကြီး
သတိရပြီး ဘီရိုထဲလိုက်ရှာတော့ သူတို့ပါတီရဲ့ ( အစိမ်းရောင်မဟုတ် ၊ အနီရောင်
မဟုတ် ပြည်သူ့ဘ၀ကို ကိုယ်စားပြုတယ်ဆိုပြီး ပါတီလူကြီးရွေးထားတဲ့ )
မှိန်မှိန်ဖျော့ဖျော့ ၀တ်စုံလေးက ပျောက်ချက်သား ကောင်းနေတော့ ကိုရင်စာကလေး
ခေါင်းနားပန်း ကြီးရပါလေရော ။ သူခိုးများခိုးသလား စဉ်းစားကြည့်တော့လည်း
သူ့ထက်ကောင်းပေ့ ၊ လှပေ့ အ၀တ်အစားတွေတောင် မပျောက်တော့ ဒါလည်း
မဖြစ်နိုင်ဘူးလို့ သူတွေးမိရဲ့ ။

ညနေရောက်တော့ ပါတီဝတ်စုံကို ခပ်တည်တည်ဝတ်ပြီး ပြန်လာတဲ့ သူ့ညီ
စာခေါင်းကြီးကို တွေ့ရတော့မှ ၀တ်စုံပျောက်ရတဲ့ အဖြေ ပေါ်တော့တယ် ။ မင်းနဲ့
ဘာဆိုင်လို့ ဒါကိုဝတ်သွားတာလဲ၊ ဘယ်သွားတာလဲ မေးလိုက်တော့
ကောင်မလေးနဲ့ သွားချိန်းတွေ့တာတဲ့ ။ သေရော ။ မင်းတော့ကွာ လို့
လက်သီးထောင်ပြပြီး ၀တ်စုံကို ကြည့်လိုက်တော့ တော်တော်ပေပွနေပြီ ။
နှုတ်ခမ်းနီနံ့လိုလို ၊ ပေါင်ဒါနံ့လိုလိုကလည်း ရနေသေး ။

ဖတ်ထားဖူးတဲ့ ' ခေါင်းဆောင်လုပ်ချင်သူဟာ သည်းခံခြင်းတရား ရင်ဝယ်ထားရမယ်'
ဆိုတာလေး တွေးမိလိုက်တော့ ဒီကောင့် အမှုန့်ကျိတ်ချင်စိတ်ကို မျိုသိပ်ပြီး
လမ်းထိပ်က ဒေါ်အိန္ဒိယ ဒိုဘီဆီ ပြေးရတော့တယ် ။ ဒေါ်အိန္ဒိယက အထည်တွေ
များနေတယ် ၊ နှစ်ရက်ကြာမှလာခဲ့ လုပ်နေသေးလို့ ၀န်းရံတာတွေရော ၊
ဒုံးဒုံးတွေရော ပြောလိုက်မှ နားညီးလို့လား ၊ နားလည်သွားလို့လား မသိဘူး ၊
မနက်ဖြန်ရအောင် လုပ်ပေးမယ်တဲ့ ။ ကိုရင်စာကလေးကတော့ ငါ့စည်းရုံးရေး
မဆိုးဘူး ၊ လူမျိုးခြားတစ်ယောက် နားပေါက်အောင်တောင် ပြောနိုင်သားပဲဆိုပြီး
ပီတိတွေ ကျိတ်ဖြာလို့ ။ ပြီးတော့ မီးပူတိုက်နေတဲ့ ဒေါ်အိန္ဒိယကြီးကို -
"ဒီဝတ်စုံကို လုပ်ရမှာ နှစ်ပိုင်းရှိတာ ခင်ဗျား သဘောပေါက်တယ်နော် ။ ကျွန်တော်တို့
မဟာဗျူဟာ ၊ နည်းဗျူဟာ နှစ်ပိုင်းကွဲပြားသလို တစ်ပိုင်းက ဒီဝတ်စုံကို လျှော်ရမယ် ၊
နောက်တစ်ပိုင်းက ဒီဝတ်စုံကို မီးပူတိုက်ရမယ် ။ ဒါဆိုရင် အိုကေပြီ ။ ဟုတ်ပြီနော် ။
သဘောတရားက ဒါပဲ …" လို့ အနှစ်ချုပ် အလုပ်သဘောကို ပြောလိုက်တော့
ဒေါ်အိန္ဒိယကြီးက မျက်လုံးညိုညိုကြီးတွေနဲ့ ကိုရင်စာကလေးကို ပြူးပြီးကြည့်တယ် ။
ကိုရင်စာကလေးကတော့ သူ့အပြောကို သူ့ဘာသာ သဘောကျပြီး မြောက်ကြွ
မြောက်ကြွနဲ့ အိမ်ပြန်လာခဲ့တော့တယ် ။

အဲဒီလို မဟာဗျူဟာ ၊ နည်းဗျူဟာ သဘောတရားရေးရာတွေ မိန့်ခြွေခဲ့တဲ့
ကိုရင်စာကလေး တစ်ယောက် သူ့ဆရာတွေကို ၀န်းရံရမယ့် နောက်တစ်နေ့မှာ
ပြဿနာတက်ပါလေရော ။

ပါတီရုံးကိုမသွားခင် ဒေါ်အိန္ဒိယကြီးဆီ ရောက်တော့ ဒေါ်အိန္ဒိယကြီးက
သူ့ပြောစကားကို တစ်သဝေမတိမ်း နားထောင်ပြီး လုပ်ပေးထားရှာသား ။
ကိုစာကလေးရဲ့ ပါတီဝတ်စုံမှာ တစ်ပိုင်းက ရေစက်လက်နဲ့ ။ တစ်ပိုင်းကတော့
မီးပူတိုက်ထားတာ ကော့လို့ ပျံလို့ ။

++++++++++++
" ပြည်သူ့သဘောထားပါတီ " ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ဝင်တွေကြားမှာ
ဦးသန်းစိန် ( ခ ) ကိုရင်စာကလေး တစ်ယောက်ကတော့ တစ်မူထူးစွာ တစ်ပိုင်းစို
တစ်ပိုင်းခြောက် ပါတီဝတ်စုံကြီးနဲ့၊ ငိုမလို ရယ်မလို မျက်နှာကြီးနဲ့ တ ဒုံး ဒုံး ၀န်းရံ လို့။

ဆောင်းဖြူ
The Ladies News Journal
Vote: 
No votes yet
Reader Choice: 
Reader Choice

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.