ကယားပြည်နယ်မှ ကယန်း(ပဒေါင်)တိုင်းရင်းသားတို့၏ အပျိုလူပျို၊ စေ့စပ်ကြောင်းလမ်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း // လွင်လွင်မွန် (မနုသ၁ဗေဒ) //

ကယားပြည်နယ်တွင် နေထိုင်ကြသော ကယန်း(ပဒေါင်) တိုင်းရင်းသားတို့သည် အပျိုကို ကယန်းဘာသာဖြင့် ပရာမူဖလိုင်း (သို့မဟုတ်) ပရာမူဗလိန်းဟု ခေါ်လေ့ရှိကြပြီး လူပျိုကိုမူ ပခုန့်ဗလောက်ဟု ခေါ်ကြသည်။ သူတို့သည် များသောအားဖြင့် ငယ်စဉ်ကတည်းက လူကြီးချင်း ပြောဆို၍ စေ့စပ်ထားတတ်သော ဓလေ့ရှိကြသည်။ အချို့မှာမူ အပျိုရှိရာသို့ လူပျိုက သွားရောက်၍ လူပျိုလှည့်ကာ ပိုးပန်းကြသည်လည်း ရှိကြသည်။
 
ထိုသို့ လူပျိုလှည့်၍ ချစ်ရေးဆိုကြပုံမှာ မိမိနှစ်သက်သော အပျို၏နေအိမ်သို့ ညနေပိုင်း အလုပ်အားလပ်ချိန်တွင် တစ်ဦးချင်းဖြစ်စေ၊ လူပျိုအုပ်စုလိုက် ဖြစ်စေ မိသားဖသားပီပီ ယဉ်ကျေးစွာ လူပျိုလှည့်လေ့ရှိကြသည်။ မိန်းမပျို၏ မိခင်ဖခင်တို့ရှေ့မှာတင် ထိုင်၍ စကားစမြည် ပြောဆိုခြင်း၊ ကယန်းဘာသာ စကားဖြင့် အပြန်အလှန် စကားဝှက်ခြင်း၊ ပလွေမှုတ်ခြင်း၊ ဂစ်တာတီး၍ ကယန်းသီချင်းနှင့် ဗမာသီချင်းများ သီဆိုခြင်းတို့ကို ပြုလုပ်ကြပြီး တစ်ခါတစ်ရံ မိန်းမပျိုလေးဘက်က ခေါင်ရည် (ကယန်းအခေါ် သီစန်း)ဖြင့် ပြန်လည် ဧည့်ခံတတ်လေသည်။ တစ်ခါတစ်ရံ မိုးလင်း၍ ကြက်တွန်သံကြားသည်အထိ မီးဖိုခန်းတွင် မီးအလင်းရောင်ဖြင့် စကားထိုင်ပြောခြင်းမျိုး ရှိသည်။ များသောအားဖြင့် ည ၈ နာရီခန့်တွင် အပျိုအိမ်မှ ပြန်ရလေ့ရှိသည်။
 
ကယန်း (ပဒေါင်) အပျို၊ လူပျိုများသည် အချင်းချင်း တောင်ယာနှင့် လယ်ထဲတွင် လည်းကောင်း၊ အိမ်သစ်တက်ပွဲ၊ ထိမ်းမြားမင်္ဂလာပွဲ၊ အသုဘအခမ်းအနား၊ တံခွန်တိုင်ပွဲ၊ မျိုးဦးချပွဲ၊ မျိုးရိတ်သိမ်းပွဲ၊ ကျောင်းတက်ပွဲ၊ ခရစ္စမတ်ပွဲတော်၊ မယ်တော်ပွဲတော်၊ နှစ်ပတ်လည်း အစည်းအဝေး၊ နှစ်သစ်ကူးပွဲတော်၊ တောင်ယာမီးရှို့ပွဲ၊ သေသူ ဆုတောင်းပွဲ စသည့်ပွဲအမျိုးမျိုး များတွင် တွေ့ဆုံနိုင်လေသည်။
 
ကယန်း (ပဒေါင်) တိုင်းရင်းသားတို့၏ အပျိုလူပျိုဘ၀မှာ ရိုးသားသန့်ရှင်းကြပြီး မိမိတို့ ဆန္ဒအလျောက် လူပျိုလှည့် ပိုးပန်းခြင်းထက် မိဘ သဘောတူသူကိုသာ လက်ထပ်လိုက်ကြခြင်းက ပိုများပေသည်။ ကယန်း (ပဒေါင်) တိုင်းရင်းသား တို့သည် အရှက်အကြောက်ကြီးသူများ ဖြစ်ပြီးပြီး အပျိုများသည် မိမိတို့၏ အပျိုစင်ဘ၀ကို တန်ဖိုးထား၍ လက်မထပ်ခင် လွတ်လပ်စွာ နေထိုင်ခြင်းကို ခွင့်မပြုကြကြောင်း လေ့လာတွေ့ရှိရပါသည်။
 
ကယန်း (ပဒေါင်) တိုင်းရင်းသား တို့သည် လက်ထပ်မင်္ဂလာပွဲ မကျင်းပခင် အောင်သွယ်တော် (ပရာနပေါင်း) မှတစ်ဆင့် လက်ဆောင်များပေး၍ စေ့စပ်ကြောင်းလမ်းလေ့ ရှိသည်။ သတို့သား (ပရာခုန့်) ဘက်မှ အောင်သွယ်မှာ များသောအားဖြင့် ဆွေမျိုးထဲမှ အကြီးအကဲ အမျိုးသားတစ်ဦးဖြစ်ပြီး သတို့သမီး (ပရာမူ) ဘက်မှ အောင်သွယ်မှာ များသောအားဖြင့် ဆွေမျိုး (သို့မဟုတ်) သူစိမ်းထဲမှ အမျိုးသမီး ဖြစ်ရသည်။ ထိုအောင်သွယ်ကိုလည်း ဖျာတစ်ချပ်၊ ၀က်လည်ပင်သားတစ်ကွင်း (အချို့ ၀က်ကျောရိုး တစ်ချောင်း)၊ ခေါင်ရည်တစ်ဘူး (သို့မဟုတ်) တစ်အိုး၊ ဆားတစ်ပိသာ စသည်ဖြင့် လက်ဆောင်ပေးရသည်။ သတို့သားလောင်းသည် ထိုအောင်သွယ်မှတစ်ဆင့် ငွေဒင်္ဂါးဖြစ်စေ၊ ငွေစက္ကူဖြစ်စေ၊ ရွှေနားကပ် (သို့မဟုတ်) ရွှေလက်စွပ် စသည့် လက်ဝတ်လက်စားဖြစ်စေ၊ လက်ဆောင် အရင်ပေးကြည့်ကြသည်။ ထိုလက်ဆောင်ကို ၂ ရက်၊ ၃ ရက် ကြာသည်အထိ လက်ခံထားပါက စေ့စပ်ကြောင်းလမ်းရန် လက်ခံသည်ဟု ယူဆပြီး လူကြီးစုံရာရှေ့မှောက်တွင် တရားဝင် စေ့စပ်ကြောင်းလမ်းခြင်း ပြုလုပ်ကြသည်။
 
ဤသို့စေ့စပ်ရာတွင် သတို့သမီးလောင်း၏ အရည်အသွေးကိုကြည့်ပြီး သူမ၏ မိဘများက သတို့သမီးကြေး (ခေါ်) တင်တောင်ကြေး (ခေါ်) အမျိုးစောင့်ခ (ကယန်းအခေါ် အငုံပရေး (ခေါ်) ကွီးငုံ (ခေါ်) တွေးဆွေး (ခေါ်) တန်ငုန်) နှင့် ပတ်သက်၍ စကားဆိုကြရသည်။ သတို့သမီး၏ မိခင်ကို နို့ဖိုးအဖြစ် အနည်းဆုံး ငွေဒင်္ဂါး (၁၀) ကျပ်သား၊ ငွေစက္ကူကျပ် တစ်ထောင် စသည်ဖြင့် ပေးရပြီး သတို့သမီး၏ အစ်ကို၊ မောင်များ၊ အစ်မများ၊ ညီမများရှိပါက တစ်ဦးလျှင် အနည်းဆုံး ဖျာ (၁)ချပ်၊ ခေါင်ရည်တစ်အိုး၊ ငွေဒင်္ဂါး တစ်ကျပ်သား၊ ဆန်တစ်ပုံးစီ ပေးရတတ်သည်။ အချို့ ကယန်း (ပဒေါင်)နွယ်များတွင် သတို့သမီး၏ဖခင်ကို အထူးပေးရန်မလိုဘဲ တင်တောင်းသည့် ဒင်္ဂါးများမှ ဝေစုပေးလေ့ရှိကြသည်။ များသောအားဖြင့် တင်တောင်းကြေးဖြစ်သော ငွေဒင်္ဂါး ၁၀ ကျပ်သားမှ ၁၅၀ ကျပ်သား၊ ဖျာ ၅ ချပ်မှ ၂၀ ချပ်၊ ၀က်ပိသာ ( ၅၀ မှ ၁၀၀ ခန့်)၊ အမဲပိသာ ( ၅၀ မှ ၁၀၀ ခန့်)၊ အချို့ ကြက် (၁၀) ပိသာ၊ ခေါင်ရည်အိုး ( ၄ အိုးမှ ၂၀ အိုးခန့် )၊ ဆန်( ၅ တင်းမှ ၁၀ တင်းခန့်) ကို သတို့သားမှ သတို့သမီး၏မိဘများကို ပေးရပြီး ထိုတင်တောင်းသော ပစ္စည်းများဖြင့် သတို့သမီးဘက်မှ မင်္ဂလာပွဲတွင် ပြန်လည်ကျွေးမွေး ဧည့်ခံလေ့ရှိကြသည်။ အချို့ကလည်း ထိုပစ္စည်းများအပြင် ဆား၊ ငြုပ်သီး၊ အချိုမှုန့်၊ ဆေးလိပ်၊ ကွမ်းသီး စသည့် ပစ္စည်းများကိုပါ တင်တောင်းတတ်ကြသည်။
 
ထိုတင်တောင်းကြေး သတ်မှတ်ထားသည့် ပစ္စည်းများကို မင်္ဂလာပွဲမကျင်းပခင် တစ်ရက်အလိုရောက်မှ ပေးရတတ်သည်။ မင်္ဂလာပွဲ၏ ကုန်ကျစရိတ်အားလုံးကို များသောအားဖြင့် အစမှအဆုံးတိုင် သတို့သားဘက်မှ တာဝန်ယူကြရသည်။
 
စေ့စမ်းကြောင်းလမ်းပြီး များသောအားဖြင့် နှစ်ပတ်မှ တစ်လခန့်ကွာ၍ မင်္ဂလာပွဲကို ကျင်းပပြုလုပ်လေ့ ရှိကြသည်။ အချို့ကလည်း စီးပွားရေးပေါ် မူတည်၍ ချက်ချင်းပြုလုပ်ခြင်းမျိုးလည်း ရှိတတ်သည်။
 
ထိုသို့ စေ့စပ်ကြောင်းလမ်းပြီးချိန်မှစ၍ သတို့သားလောင်းသည် သတို့သမီးလောင်း၏ အိမ်သို့ လွတ်လပ်စွာ သွားလာ လည်ပတ်နိုင်ပြီး တွေ့ဆုံစကားပြောနိုင်သည်။ ထို့အတူ သတို့သမီးလောင်းကလည်း သတို့သားလောင်း၏ မိဘအိမ်သို့ သွားရောက်၍ အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးလေ့ ရှိကြသည်။ သို့ရာတွင် လက်မထပ်ခင် တစ်ဦးနှင့်တစ်ဦး ကျူးလွန်ခြင်းကား မရှိရပေ။ အကယ်၍ ကျူးလွန်မိလျှင် သတို့သားလောင်းက လျော်ကြေးငွေ အနည်းဆုံး ငွေကျပ် တစ်ထောင်ခန့်မှ အများဆုံး နွားတစ်ကောင်၊ ၀က်တစ်ကောင်ကိုသတ်၍ တစ်ရွာလုံးကို နည်းနည်းစီဝေ၍ တောင်းပန်ရပြီး အားလုံးကျေနပ်ပါမှ ပြန်လည် လက်ထပ်ခွင့်ပေးလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
 
အချို့ရွာများတွင် စေ့စပ်ကြောင်းလမ်းပွဲသို့ လာရောက်သော ဆွေမျိုးအုပ်စုအား သတို့သမီးဘက်မှ များသောအားဖြင့် ခေါင်ရည်နှင့် ဧည့်ခံတတ်ကြပြီး ငွေကြေးတတ်နိုင်သူများက ခေါင်ရည်အပြင် ထမင်း၊ ဟင်းများကိုပါ ကျွေးမွေးဧည့်ခံတတ်ကြပေသည်။
 
လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်၍ များသောအားဖြင့် မိဘပေးစား၍ လက်ထပ်ခြင်း၊ အချင်းချင်းနှစ်သက်၍ လက်ထပ်ခြင်း၊ ခိုးရာလိုက်ပြေးခြင်း ဟူ၍ သုံးမျိုးရှိကြောင်း တွေ့ရပါသည်။ မိဘပေးစား၍ ဖြစ်စေ၊ မိမိတို့အချင်းချင်း နှစ်သက်၍ ဖြစ်စေ၊ လက်ထပ်ထိမ်းမြားခြင်း ပြုတော့မည်ဆိုလျှင် လက်ထပ်ခွင့်ကို မိဘများက အဓိကအဆုံးအဖြတ် ပေးသည်။ မိဘက ခွင့်ပြုပြီး ဦးစီးလုပ်ပေးမှသာ ထိုမင်္ဂလာပွဲသည်လည်း ထမြောက်အောင်မြင်ပေသည်။
 
ကယန်း (ပဒေါင်) တိုင်းရင်းသား အများစုသည် မိမိတို့နှင့် မျိုးနွယ်တူသူခြင်း လက်ထပ်ခြင်းကို ကြိုက်နှစ်သက်တတ်ကြသည်။
 
လက်ထပ်ထိမ်းမြားရန် ရက်ကောင်း ရက်မြတ်ရွေးရာတွင် ရှေးခေတ်အခါက ကြက်ရိုးထိုးခြင်း၊ ၀က်သား ခြေရည်ကြည့်ခြင်း၊ သက်ကယ်ချိုးခြင်းများ ပြုလုပ်လေ့ရှိကြပြီး ယခုခေတ်တွင်မူ ပြက္ခဒိန်ကြည့်ပြီး ရက်ကောင်းရက်မြတ် ရွေးလေ့ရှိကြသည်။ များသောအားဖြင့် စီးပွားရေးအဆင့်ပြေချိန်တွင် လက်ထပ်ကြသည်။
 
ကယန်း(ပဒေါင်) တိုင်းရင်းသားများ၏ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပပုံမှာ ပထမဦးစွာ သတိုပသမီး၏ မိဘများနေသော နေအိမ်တွင် မင်္ဂလာပွဲကြီး မကျင်းပခင် တစ်ရက်ကြိုတင်၍ ဆွေမျိုးများ၊ မိတ်ဆွေများကို အနည်းငယ်ဖိတ်၍ ညအချိန် ကျွေးမွေးဧည့်ခံကြသည်။ ထို့နောက် သတို့သားနှင့် သတို့သမီးက မိဘများကို လက်အုပ်ချီ၍ ကန်တော့ကြသည်။ ငွေကြေးတတ်နိုင်သူများက ငွေဒင်္ဂါး ( ၂၀ မှ ၃၀ ကျပ်သားခန့် )၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေနားကပ်၊ ရွှေလက်စွပ်များကို သတို့သမီး၏ မိဘများကို ထပ်ပြီး ပေးတတ်သည့်အပြင် အချို့က ကျွဲ၊ နွား (၃) ကောင်၊ (၄) ကောင်ခန့်ကိုပါ ပေးတတ်သည်။
 
ထိုသို့ သတို့သမီးအိမ်တွင် ဧည့်ခံကျွေးမွေးပြီးချိန်တွင် သတို့သားဘက်မှ မိဘဆွေမျိုးများက ဦးဆောင်ပြီး သတို့သမီးကို သတို့သား၏ အိမ်သို့ လာရောက်ခေါ်လေ့ရှိပြီး သတို့သမီး၏ သူငယ်များ၊ မိဘဆွေမျိုးများနှင့် ညီအစ်ကို မောင်နှမများက လိုက်ပို့ကြလေ့ရှိသည်။ ထိုသို့ ခေါ်ဆောင်လာရာ လမ်းတစ်လျှောက်တွင် နွားခလောက်များ၊ မြူများ၊ မောင်းများ၊ ပလွေများ၊ ခေါင်းလော်ငး (အဖို၊ အမ) နှစ်လုံးတီးခြင်း စသည်ဖြင့် တီးမှုတ်၍ သွားကြသည်။ အချို့ကလည်း စထွက်ချိန်နှင့် ရောက်ခါနီးအချန်မှသာ တီးမှုတ်ကြသည်။ ထိုသို့ တီးမှုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ “မွေးလာမည့် ကလေး အကြားအာရုံ ပိုကောင်းစေရန်၊ လိမ္မာပြီး ပြောစကားနားထောင်စေရန် ဖြစ်ပြီး မတီးမိပါက ကလေးရလာသောအခါ နားမကြား (ပင်း) တတ်သည် ဟူ၍ အယူရှိကြကြောင်း တွေ့ရပါသည်။ ထို့အပြင် သတို့သားအိမ်ရှေ့ ရောက်သောအခါ လာခေါ်သူရော လိုက်ပို့သူပါ အိမ်ရှေ့လှေခါးရင်း၌ ချထားသော ပေါက်ပြားကိုနင်းပြီးမှ အိမ်ပေါ်သို့တက်လေ့ရှိကြသည်။ ပေါက်ပြားနင်းလျှင် နိမိတ်ကောင်းသည်ဟု ယူဆတတ်ကြသည်။ ထိုဓလေ့မှာ ယခုခေတ်တွင် သိပ်မကျင့်သုံးကြတော့ပေ။
 
ထူးခြားသော အခြားဓလေ့တစ်ခုမှာ သတို့သမီးသည် သတို့သားအိမ်သို့ လိုက်သွားချိန်တွင် ဆန်၊ ရေ၊ ခေါင်ရည် စသည်တို့ကို ယူဆောင်သွားနိုင်သော်လည်း ထင်းကိုမူ မယူရပေ။ ထင်းကိုယူသွားမိပါက ဆင်းရဲတတ်သည်ဟု အယူရှိသောကြောင့် ဖြစ်သည်။ အချို့ ကယန်း(ပဒေါင်) သတို့သားနှင့် သတို့သမီးတို့သည် မင်္ဂလာမဆောင်ခင် တစ်ရက်ကြိုတင်၍ အိမ်တွင်းနတ်၊ အသက်ကြီးသူ အဘိုးအဘွားများ၊ မိဘနှင့် ရွာလူကြီးသူမများကို ကန်တော့တတ်ကြပြီး လူကြီးများကလည်း ပြန်လည်၍ လက်ဖွဲ့ချည်မျှင်စွတ်ပြီး ငွေပြန်ပေးတတ်ကြသည်။
 
နောက်တစ်နေ့သို့ ရောက်သောအခါ သတို့သား၏နေအိမ်တွင် ထပ်မံ၍ ထိမ်းမြားမင်္ဂလာပွဲကို ကျင်းပကြပြန်သည်။ ဆွေမျိုးများ၊ မိတ်ဆွေများကိုပါ ဖိတ်ကြား ကျွေးမွေးတတ်ကြသည်။ ကျွေးမွေးသောအ ချိန်မှာ များသောအားဖြင့် မနက် ၉ နာရီမှ ၁၂ နာရီထိဖြစ်ပြီး အချို့လည်း တစ်နေ့လုံး ကျွေးမွေးလေ့ရှိကြသည်။
 
မင်္ဂလာပွဲသို့ မလာနိုင်သူ အခြားရွာမှ ဆွေမျိုးများကို ခေါင်ရည်နှင့် ၀က်သားအနည်းငယ်စီ ပို့ပေးသော ဓလေ့ရှိသည်။ မင်္ဂလာဆောင် ကုန်ကျစရိတ်အတွက် သတို့သားဘက်မှ ဆွေမျိုးများက ၀က်၊ အမဲမှစ၍ ငွေကြေးအထိ တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြသည်။ အတိုးမဲ့ သဘော ချေးငှားကြပြီး ငွေကြေးတတ်နိုင်ချိန်ကျမှ ပြန်လည် ဆပ်ကြရသည်။ အချို့လည်း သားသမီး လက်ထက်အထိ ထိုအကြွေးကို ဆပ်နေရဆဲပင် ဖြစ်သည်။
 
သတို့သား၏ နေအိမ်တွင် မဏ္ဍပ်စင်အမြင့်ထိုးထားပြီး သတို့သား၊ သတို့သမီးအပြင် ဆင်တူဝတ်ထားသော သတို့သားအရံတစ်ဦးနှင့် သတို့သမီးအရံတစ်ဦး တို့က အတူတူယှဉ်တွဲထိုင်၍ ဧည့်ခံလေ့ရှိကြသည်။ လာရောက်သော ဧည့်သည်များကို ထမင်း၊ ဟင်း၊ ခေါင်ရည်များဖြင့် ဧည့်ခံကြသည်။ ယခုခေတ်တွင်မူ ကယန်း (ပဒေါင်) တိုင်းရင်းသား အပျိုလူပျိုများ စုစည်းထားသော ခေတ်ပေါ်တီးဝိုင်းဖြင့် ဂီတာများတီးကာ သီဆိုဧည့်ခံကြကြောင်း တွေ့ရသည်။
 
ထို့အပြင် မင်္ဂလာပွဲ ကျင်းပနေချိန်တွင် သတို့သားနှင့် သတို့သမီးတို့အား မိဘဆွေမျိုး အကြီးအကဲ ဖြစ်စေ၊ ရွာလူကြီး တစ်ဦးမှဖြစ်စေ ဆုတောင်းမင်္ဂလာပြုသည့် သဘောဖြင့် ချည်မျှင်စွပ်ပေးလေ့ရှိသည်။ အချို့က ရေခွက်တစ်ခုထဲတွင် ရွှေ၊ ငွေ၊ ပစ္စည်းအချို့နှင့် ဗိုင်းငင်၍ ယက်လုပ်ထားသော ချည်မျှင်ကြိုးများကို ရောနှောထည့်ထားပြီး ရေကို လက်နှင့်ယူ၍ သတို့သားနှင့် သတို့သမီး၏ ခေါင်းပေါ်သို့ ဆွတ်ဖျန်းပေးကြသည်။ ချည်မျှင်ကိုမူ ၇ ပတ် (သို့မဟုတ်) ၅ ပတ် (သို့မဟုတ်) ၃ ပတ် ရစ်ပတ်ပြီး သတို့သမီးနှင့် သတို့သားတို့၏ ညာဘက်လက်ကောက်ဝတ်တွင် ရစ်ပတ်ပြီး ဆုတောင်းပေးကြသည်။ ထိုသို့ ဆုတောင်းပေးရာတွင် “တောင်ထက်မာ၍ ကျောက်ထက် ခိုင်ပါစေ၊ သေတပန်သက်တဆုံး ခိုင်မြဲပါစေ၊ ကောင်းကောင်းမွန်မွန် တစ်သက်လုံး ပေါင်းရပါစေ၊ အသက်ရာကျော် ရှည်ပါစေ” စသည့် အဓိပ္ပာယ်များပါသည့် ကယန်းဘာသာစကားဖြင့် လင်္ကာများသဖွယ် ရွတ်ဖတ်၍ ဆုတောင်းပေးလေ့ရှိကြသည်။ အချို့ကလည်း သတို့သမီးကို ဘယ်ဘက် လက်ကောက်ဝတ်၊ သတို့သားကို ညာဘက် လက်ကောက်ဝတ်တွင် ချည်မျှင် ပတ်ပေးလေ့ရှိကြသည်။ ထိုသို့ ချည်မျှင်ပတ်ခြင်းကို ကယန်းဘာသာဖြင့် “ကျိုင်းလု (ခေါ်) ကျန်းလု” ဟု ခေါ်ကြသည်။
 
မင်္ဂလာဆောင်ပြီးသည့် ညတွင် ကယန်း (ပဒေါင်) သတို့သားနှင့် သတို့သမီးတို့သည် များသောအားဖြင့် အတူတူ ပေါင်းသင့်လေ့မရှိဘဲ တစ်နှစ်မှ သုံးလေးနှစ်အထိ ခွဲနေလေ့ရှိကြသည်။ သတို့သမီးဖြစ်သူက မိဘများ၏ အိမ်သို့ ပြန်နေတတ်ကြသည်။ သတို့သမီးက အသက် ၁၈ နှစ်ပြည်မှ စပေါင်းခြင်းမျိုးလည်း ရှိသည်။ စ၍ ပေါင်းသင်းသောနေ့မှာ သတိုပသားနှင့် သူငယ်ချင်းများက သွားရောက်ခေါ်ဆောင်ပြီး သတို့သမီး၏ မိဘများက လိုက်ပို့ပေးတတ်သည်။ ထိုအချန်တွင် သံ၊ ကြေး တို့ဖြင့် ပြုလုပ်ထားသည့် နွားခလောက်အလုံးကို တီးတတ်ကြသည်။ အကြောင်းမှာ သတို့သားဘက်က ကြားရစေရန် အချက်ပြသည့်သဘောသာ ဖြစ်သည်။ နောက်ထပ် ကျွေးမွေးဧည့်ခံခြင်း၊ ပွဲကျင်းပခြင်း မရှိတော့ပါ။ အချို့ ကယန်း (ပဒေါင်) တိုင်းရင်းသားတို့က ထိုဓလေ့ကို လိုက်နာကြဆဲပင် ဖြစ်ကြောင်း တွေ့ရပါသည်။
 
သတို့သမီးသည် သတို့သား၏ မိဘအိမ်တွင် အိမ်သားအဖြစ် အတူနေပြီး စီးပွားရေးအရ အဆင်ပြေလျှင် ပြေသကဲ့သို့ အစောဆုံး တစ်နှစ်ခန့်အကြာတွင် မိမိတို့ဘာသာ အိုးအိမ်သစ်ခွဲ၍ ထူထောင်ကြလေ့ရှိသည်။ ထိုသို့ အိုးအိမ်သစ် ထူထောင်သောအခါ သတို့သားဘက်မှ မိဘများ၊ ဆွေမျိုးများက ၀ိုင်းဝန်း၍ ငွေကြေးအရ ထောက်ပံ့ ကူညီပေးကြလေ့ရှိသည်။ ထို့အပြင် လယ်၊ ကျွဲ၊ နွား စသည်တို့ကိုပါ အမွေခွဲပေးတတ်ကြသည်။
 
ထိုသို့ ကယားပြည်နယ်မှ ကယန်း (ပဒေါင်) တိုင်းရင်းသားတို့၏ အပျိုလူပျိုဘ၀၊ စေ့စပ်ကြောင်းလမ်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းတို့ကို လေ့လာကြည့်သောအခါ စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် ထူးခြားသော ဓလေ့များရှိကြောင်း တွေ့ရပါသည်။ ထိုဓလေ့များကို အခြားတိုင်းရင်းသားများ ဖတ်ရှုလေ့လာပြီး တစ်ဦး၏ဓလေ့ထုံးစံကို တစ်ဦးက နားလည်သဘောပေါက်ကာ တိုင်းရင်းသား ချည်ကြည်ရင်းနှီးမှုကို တိုးပွားစေရန်ရည်ရွယ်၍ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
 
လွင်လွင်မွန် (မနုသ၁ဗေဒ)
The Ladies News
 

 

Vote: 
Average: 5 (2 votes)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.